Switch Mode

Chapter – 145

ငါသူ့ကိုသတ်တော့ရောဘာဖြစ်လဲ

Chapter – 145
“ငါသူ့ကိုသတ်တော့ရောဘာဖြစ်လဲ”

ရဲရှောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး –
“သူ့ရဲ့ မွေးဖွားမှုက တကယ်ကို လျို့ဝှက်ဆန်းကြယ်မှု တစ်ခုပဲ။ သူ့အဖေ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ကြဘူး။ နောက်ပြီး သူ့အမေတောင် မသိဘူး မဟုတ်လား . . .”
“အဲဒါကြောင့် သူ့ရဲ့ မျိုးရိုးနာမည် ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ဘူးပေါ့၊ ဟုတ်လား . . .”
ဇူဝူကျီလည်း ကျယ်လောင်စွာ ရယ်မော၍ ဝင်မေးလိုက်သည်။
ရဲရှောင်သည် သူ့အတွက် စကားစစ်ထိုးပေးနေမှန်းကိုလည်း သိနေလေ၏။
ထို့ပြင် ရဲရှောင်ပြောသည့် စကားများသည်လည်း အမှန်ပင် ဖြစ်သောကြောင့် မည်သူမျှ မချေပဝံ့ချေ။
“ငါသိပါပြီ . . .”
လန်လန့်လန့် နောက်ဆုံးတွင် ပြဿနာ တစ်ခု၏ အဖြေကို ရရှိသွားသကဲ့သို့ သရုပ်ဆောင်လိုက်သည်။ ထို့နောက် –
“အခု ငါသိပြီ။ ကမ္ဘာမှာ တကယ် ထူးဆန်းတဲ့ အဖြစ်အပျက်တွေလည်း ရှိသေးတာပဲ . . .”
“သိပ်ဟုတ်တာပေါ့ . . . မင်းမသိသေးတာတွေ အများကြီး ရှိနေတယ်လေ . . .”
ရဲရှောင် ပြုံး၍ပင် ပြောလိုက်၏။
“နေဦး . . . တစ်ခုလောက် စဉ်းစားကြည့်ရအောင် . . .”
ဇူဝူကျီ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ငါတောင် အားလုံး နားလည်သွားပြီ၊ မင်းက ဘာလို့ စဉ်းစားစရာ ရှိနေသေးတာလဲ . . .”
လန်လန့်လန့် အံ့သြဟန်ဖြင့် ပြောလိုက်သည်။
“ဟိုကျောင်းက ကျောင်းသား ၁၀၀ ကျော်က ရုပ်ရည်ခန့်ညား ချောမောတဲ့ လူတွေချည်းပဲဆို ဒီကောင်က ဘာလို့ ဒီလောက်ထိ ရုပ်ဆိုးနေရတာလဲ . . .”
ဇူဝူကျီသည် အဖြေမရှာနိုင်ဟန်ဖြင့် မေးလိုက်သည်။
ရဲရှောင်မှ –
“ဝူကျီ . . . မင်းသေချာ စဉ်းစားဆင်ခြင်ဖို့ လိုတယ်။ သေချာကြည့်စမ်း . . . သခင်လေး ဂျန်တိုင်စုကို သေချာလေး ကြည့်ကြည့်စမ်းပါ။ သူ့မျက်နှာက အစိတ်အပိုင်း အားလုံးကိုကြည့်၊ သူ့မျက်နှာ၊ မျက်လုံးတွေ၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်နဲ့ မျက်ခုံးမွှေးတောင်မှ တော်တော်ကို ခန့်တာကွ။ ဒါပေမဲ့ အဲဒီလို အရမ်းကို လှပခန့်ညားတဲ့ အရာတွေ အကုန်စုသွားတိုင်း ကြည့်ကောင်းရမယ်လို့မှ မဟုတ်တာ။ အဲဒါကြောင့် သူက အစိတ်အပိုင်း တစ်ခုချင်းဆီမှာ အရမ်းကို လှပသလောက် ခြုံကြည့်လိုက်ရင်ကျ ရုပ်ဆိုးသလို ဖြစ်သွားတာ၊ မင်းနားလည်ပြီလား . . .”
ဇူဝူကျီမှ အဖြေရသွားဟန်ဖြင့် –
“ဪ . . . ငါသိပြီ၊ တော်တော်ကို နက်နဲတဲ့ အမှန်တရား တစ်ခုပါလား၊ ဒါပေမဲ့ နားလည်ဖို့တော့ လွယ်ပါတယ်။ နက်နဲတဲ့ အမှန်တရားဆိုတာ ဖုံးကွယ်နေတတ်တာ အမှန်ပဲ . . .”
“အဲဒါကြောင့် မင်းကို လေ့လာဆန်းစစ်ပါလို့ အမြဲပြောနေရတာပေါ့။ မင်းစဉ်းစားရင် စဉ်းစား သလောက် အဖြေက ထွက်မှာပဲကွ၊ လူတွေအများကြီးရဲ့ ကောင်းမှုနဲ့ ငါတို့ရဲ့ မျိုးမစစ်လေး ဂျန်တိုင်စုကို ရလာတာပေါ့ကွာ . . .”
ထိုကဲ့သို့ ရှည်လျားစွာ ရှင်းပြပြီးနောက် နိဂုံးချုပ်သော အားဖြင့် –
“အင်း . . . ဒီအမှန်တရားနဲ့ ပတ်သက်ပြီး သူကတော့ တော်တော် စိတ်ခုနေလောက်ပြီ။ သူ့ကိုယ်သူလည်း ပြန်ဆန်းစစ်မိသွားလောက်မယ်။ သူဟာ ဒီလိုပါလားပေါ့ . . . တကယ်ကို သနားစရာ ပါကွာ . . .”
“အခုတော့ သူ့အဖေ ဘယ်သူဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ငါအသေအချာကို နားလည်သွားပြီ”
လန်လန့်လန့် ပြောလိုက်သည်။
“ဟုတ်တယ် . . . ဒီပြဿနာက ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ စကြာဝဠာအဆင့် ပြဿနာ မေးခွန်း တစ်ခုလို့ ပြောရမယ်။ နတ်ဘုရားတွေတောင် မျက်မှောင်ကြုတ်သွားရမဲ့ ကိစ္စပဲကွ . . .”
“တကယ်လို့ သူ့မှာသာ မျိုးရိုးနာမည် တစ်ခု ရှိနေမယ်ဆိုရင် ငါတော့ ခေါ်ရတာ တော်တော် မောမယ်ထင်တယ်။ အရမ်းကို ရှည်လျားတဲ့ နာမည်ကြီး ဖြစ်နေမှာမို့လေ . . .”
ဇူဝူကျီ စပ်ဖြဲဖြဲဖြင့် ပြောလိုက်သည်။
“နာမည်ပေါင်း ၁၀၀ ကျော်ကို စုပြီး ခေါ်ရမယ်ဆို သီချင်းလို လုပ်ဆိုမှပဲ ရမယ်ထင်တယ် . . .”
“ဟားဟား ဟားဟား . . .”
ဇူဝူကျီ၊ လန်လန့်လန့်၊ ဆောင်ဂျုနှင့် ရဲရှောင်တို့ အားလုံးလည်း ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ကြလေ၏။
တခြားတစ်ဖက်ရှိ ဂျန်တိုင်စုနှင့် အပေါင်းအပါတို့အနက် အချို့မှာလည်း လိုက်လံ၍ ရယ်မောမိကြ လေသည်။
ရဲရှောင်ပြောသည့် စကားများသည် အမှန်တရားများသာ ဖြစ်ပြီး ထိုစဉ်က အဆိုပါ ကျောင်းသား ၁၀၀ ကျော်တို့သည် မြို့တော်အတွင်း ဟော့ဟော့ရမ်းရမ်း နေထိုင်ခဲ့ကြဖူးတာလည်း အမှန်ပါပင်။ အမတ်ကြီး၏ မိန်းမသည် အဆိုပါ ကျောင်းသားများနှင့် ရှုပ်ခဲ့ဖူးဟန်ရှိပြီး ထို့ကြောင့်ပင် အမတ်ကြီးမှ တစ်ညတည်းဖြင့် ကျောင်းသို့သွားကာ သတ်ပစ်လိုက်ခြင်းပင် ဖြစ်နိုင်လေ၏။
အမတ်ကြီး ဂျန်ယုမင်မှာ ထိုစဉ်တုန်းက ထိုကဲ့သို့သော ပြဿနာ ရပ်များကြောင့် မျိုးနွယ်တစ်စုလုံး သေဒဏ် ကျခံရမတတ်ပင် ဖြစ်ခဲ့ရသည်။ သို့သော်လည်း ယခင်ဘုရင်မင်းမြတ်နှင့် ရင်းနှီးသူပီပီ အသက်ချမ်းသာရာ ရခဲ့လေ၏။
ဂျန်ယုမင်သည် အဆိုပါ အနှောင့်အယှက်များကို ကွယ်ပျောက်အောင် တတ်နိုင်သ၍ ကြိုးစားခဲ့ပြီး သူ၏ ဂုဏ်သိက္ခာကို အဖတ်ဆည်နိုင်အောင် ကြိုးစားခဲ့သည်။ ငွေကြေးများစွာပင် အကုန်အကျခံကာ ဖြေရှင်းခဲ့ရသည်။
ထို့နောက်တွင် သူသည် သူ့ဘဝထက်ပင် အဆိုပါ ငွေကြေးများအပေါ်တွင် ပိုမိုခင်တွယ် သွားလေတော့၏။
သို့သော်လည်း သတင်းမှာ ပြန့်သွားခဲ့ပြီး ဖြစ်ပြီး မြို့ထဲသို့ လူများစွာ ဝင်ထွက်သွားလာမှုကြောင့် မည်သို့မျှ ဖုံးဖုံးဖိဖိ လုပ်၍ မရခဲ့ချေ။
ထို့ကြောင့် ဂျန်တိုင်စု မွေးဖွားလာခြင်းသည် ချန်နိုင်ငံတော်၏ အကြီးမားဆုံး နာမည်ပျက်မှု တစ်ခုနှင့်အတူ မွေးဖွားလာမှု တစ်ခုဟုပင် ဆိုနိုင်လေ၏။
သို့သော် ဂျန်ယုမင်သည် တဖြည်းဖြည်းဖြင့် နိုင်ငံရေးအပိုင်းတွင် နေရာရလာခဲ့ပြီး သူ့အောက်ရှိ လူများသည် ထိုကိစ္စကို စကားပင် မစဝံ့ကြတော့ချေ။ သူ့ထက် ရာထူးမြင့်သည့် လူများသည်လည်း ထိုကိစ္စကို အစဖော်ရန် မသင့်တော်ဟု ယူဆကြသည့်အလျောက် ထိုသတင်းသည် တဖြည်းဖြည်းဖြင့် လူပြောနည်းလာပါတော့သည်။
သို့သော်လည်း လူအများ၏ ရင်ထဲတွင် မေ့ပျောက်သွားမည့် ကိစ္စတစ်ခု မဟုတ်ချေ။
ရဲရှောင် ယခုကိစ္စကို သိနေသည်မှာ သူနှင့် အိမ်တော်ထိန်းကြီးတို့ စကားပြောတုန်း အိမ်တော်ထိန်းကြီးမှ ဖောက်သည်ချလိုက်ခြင်းကြောင့် ဖြစ်လေသည်။ အိမ်တော်ထိန်းကြီးက ဟာသအနေဖြင့် ပြောခဲ့ခြင်း ဖြစ်သော်လည်း ရဲရှောင်မှာမူ ထိုအကွက်ဖြင့် ယခုအခြေအနေကို အကောင်းဆုံး ချေပလိုက်နိုင်လေ၏။
သူသည် တစ်ဖက်သား၏ အားနည်းချက်ကို နင်းချတတ်သည့် လူမျိုးတော့ မဟုတ်ချေ။ သို့သော် ဂျန်တိုင်စုသည် စစ်သည်ရဲမက်များ ထွက်ခွာသွားပြီး မကြာမီမှာပင် ပြဿနာ လာရှာကြသည့်အပြင် ထိုလူဆိုးလူသွမ်းလေးများမှာ စုယဲ့ယွဲ့ကိုပင် ရိသဲ့သဲ့ လုပ်ချင်နေကြသည် မဟုတ်ပါလား။ ထို့ကြောင့် ရဲရှောင်လည်း ဒေါသထွက်လွန်းသဖြင့် ဇူဝူကျီ အပြောခံခဲ့ရသည်ကို ကုန်ကြမ်းသဖွယ် ပြုလုပ်ကာ ပညာသားပါပါဖြင့် ပြောလိုက်ခြင်း ဖြစ်ပေ၏။
ဇူဝူကျီသည်လည်း အလွန် သိက္ခာကျဆင်းခဲ့ရသည် မဟုတ်ပါလား။
ထိုကဲ့သို့ သူ့သူငယ်ချင်းဖြစ်သူ ဇူဝူကျီကိုပါ သိက္ခာချခဲ့သဖြင့် ရဲရှောင်လည်း တစ်ဖက်လူ၏ မျိုးနွယ်စုကို စော်ကားရန် ဝန်လေးနေမည် မဟုတ်တော့ချေ။
ငြိမ်ခံနေလျှင် ပိုဆိုးလာမည် မဟုတ်ပါလား။
ဇူဝူကျီသည် မွေးရာပါ အားနည်းချက်ကြောင့် မြုံနေရခြင်း ဖြစ်ပြီး ဂျန်မျိုးနွယ်မှာမူ သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့သည့် မကောင်းမှုများပင် မဟုတ်ပါလား။
ဂျန်တိုင်စု၏ မျက်နှာသည် အရောင်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလျက် ရှိနေ၏။ သို့သော် သူဘာမှ မပြောနိုင်ချေ။ သူ၏ တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေပြီး မျက်လုံးများသည်လည်း မီးဝင်းဝင်းတောက်လျက် ရှိနေပေသည်။
ရဲရှောင်သည် ယခုကဲ့သို့ ဂျန်တိုင်စု သူပြောနေတုန်း ဘာမှ မလုပ်နိုင်သည်မှာ အိမ်တော်ထိန်းကြီးမှ အဝေးက ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်မည်ဟု ထင်နေမိသည်။ အိမ်တော်ထိန်းကြီးသည် ဂျန်တိုင်စုအား စကားမပြောနိုင် သို့မဟုတ် မလှုပ်ရှားနိုင်စေရန် ပြုလုပ်ထားခြင်းပင် ဖြစ်ပေလိမ့်မည်။
သိုင်းလောကတွင် စကားတစ်ခွန်းရှိ၏။
“လူတစ်ယောက်ကို စော်ကားမယ်ဆိုရင်လည်း အဆုံးထိသာ စော်ကား . . .” ဟူသည့် စကားပင် ဖြစ်ပြီး ရဲရှောင်သည် အဆုံးစွန်သော အခြေအနေထိကို ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။ ရဲရှောင် ပြောပြီးသည့် အချိန်မှသာ အိမ်တော်ထိန်းကြီးလည်း ဂျန်တိုင်စုအား လွှတ်ပေးလိုက်၏။
ဂျန်တိုင်စုသည် သူလွတ်မြောက်သည်နှင့် “အား . . .” ဆိုပြီး တစ်ချက်အော်ကာ သွေးများ အန်ထွက်သွား၏။ ထို့နောက် ရဲရှောင် အနားသို့ လျှောက်သွား၇င်း –
“ရဲရှောင် . . . ခွေးသူတောင်း . . .”
သူ၏ စကားပင် မဆုံးလိုက်ချေ။ ရဲရှောင်သည် မြင်းရိုက်သည့် ကြာပွတ်အား မြောက်ကာဖြင့် ဖတ်ခနဲ ရိုက်ပစ်လိုက်သည်။
ကြာပွတ်၏ ရွေ့လျားမှုကို သေချာ မတွေ့လိုက်ကြရသော်လည်း ကြာပွတ်ထိမှန်သည့် အတွက် ထွက်ပေါ်လာသော အသံမှာမူ ကျယ်လောင်လှပေသည်။
“ရွှစ် . . .”
နောက်တစ်ချက် ရိုက်ပစ်လိုက်သည့် အခါမှာတော့ ဂျန်တိုင်စုသည် မြေပြင်ပေါ်သို့ လဲကျသွားရ လေ၏။ ပါးစပ်ကို လက်ဖြင့်အုပ်၍ အော်ဟစ်လျက်ရှိပြီး လူးလှိမ့်၍ နေနေလေသည်။ ရဲရှောင်၏ ရိုက်ချက်ကို ခံစားလိုက်ရပြီး သူသည်မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ရခြင်းပင် ဖြစ်၏။
အလွန်ပြင်းထန်သော ရိုက်ချက်ဟုပင် ဆိုနိုင်ပေသည်။
ဂျန်တိုင်စု၏ မျက်နှာတဝက်လောက်သည် ရဲရှောင်၏ ရိုက်ချက်ကြောင့် စုတ်ပြတ်သွားခဲ့ရ၏။ သွားများလည်း ကျွတ်ထွက်ကုန်ပါတော့သည်။
ရဲရှောင်လည်း အနားသို့ သွားလိုက်ရင်း ထပ်မံ၍ ရိုက်လိုက်ပြန်သည်။ ထို့နောက် အေးစက်စက် လေသံဖြင့် –
“မင်းက ဘာမှမဟုတ်ဘူး၊ ခွေးသူတောင်းစား မျိုးမစစ်ကောင်ပဲ။ င့ါကို စော်ကားဖို့ မင်းမှာ အခွင့်အရေး ရှိလို့လား၊ ငါမင်းကို ဘာမှ မလုပ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ မင်းအတွက် စိတ်မကောင်းလို့ပါ။ ဒါပေမဲ့ အဲဒီလိုလူက ပိုပိုပြီး အတင့်ရဲလာရင်တော့ သနားညှာတာမှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး . . .”
ရဲရှောင်သည် အလွန် မုန်းတီး မနှစ်မြို့ဟန်ဖြင့် ပြောလိုက်လေ၏။
သူ၏ မျက်နှာတွင် ခံစားချက်မဲ့သည့် ပုံစံ ရှိနေပြီး အသံမှာလည်း အေးစက်စက်ပါပင်။
သူသည် သတ်ဖြတ်ချင်သည့် ပုံစံမျိုးလည်း မရှိချေ။ ဒေါသထွက်နေသည့် ပုံစံလည်း မရှိပါချေ။ သာမန် လုပ်ရိုးလုပ်စဉ် တစ်ခုကို လုပ်နေရသကဲ့သို့ပါပင်။
ဂျန်တိုင်စု အော်ဟစ်နေတုန်းမှာပင် ရဲရှောင်သည် ထပ်မံ၍ ရိုက်လိုက်ပြန်လေ၏။
“မင်းပြောတာတွေကို ငါဂရုမစိုက်ခဲ့ဘူး ဆိုတာက မင်းကိုငါက လေးစားမှု ထားနေလို့ကွ . . .”
“ရွစ် . . .”
ကြာပွတ်တစ်ချက် ကျရောက်လာပြန်သည်။
“မင်းက ကိုယ့်နာမည်တောင်ကိုယ် သေချာ သိခွင့် မရှိတဲ့ မျိုးမစစ်ကောင်၊ အဲဒါနဲ့များ ငါ့ကို လာပြီး စော်ကားချင်သေးတယ်၊ မင်းရဲ့ မျက်ခွက်ကို မင်းပြန်ကြည့်စမ်း၊ မင်းတစ်ဘဝလုံး မင်းရဲ့ အသုံးမကျမှုကြောင့် ပုံပျက်ပန်းပျက် နေသွားရတော့မယ်။ မင်းကို ဒီနေ့ပဲ ငရဲကို ပို့ပေးရမလား ပြောစမ်း၊ ဟမ့် . . . ဒီလို ပြောနေရတာကို ပါးစပ်သနနေပြီ . . .”
“တမလွန်မှာပဲ မင်းအဖေကို မင်းသွားရှာနေလိုက်တော့ . . .”
ထို့နောက် ကြာပွတ်ဖြင့် ထပ်ခါတလဲလဲ ရိုက်ချနေလေ၏။
“ရွစ် . . . ရွှစ် . . . ရွှစ် . . .”
ရုတ်တရက် မြေပြင်တွင် အသားစများ သွေးများ ပြန့်ကျဲကုန်သည်။ သွေးပျက်ဖွယ်ရာ မြင်ကွင်း တစ်ခုပါပင်။
လူအားလုံးလည်း ကြောက်လန့်တကြားဖြင့် ကြည့်နေကြလေ၏။
မြောက်ပိုင်းစစ်သူကြီး၏ သားဖြစ်သူမှ ဘဏ္ဍာရေးအမတ်ကြီး၏ သားဖြစ်သူအား လူလယ်ခေါင်တွင် သေအောင် ရိုက်နှက်နေသည့် မြင်ကွင်းပင် မဟုတ်ပါလား။ အသေပင် သတ်မည့် အနေအထား ဖြစ်နေသဖြင့် သွေးပျက်စရာ ကောင်းလှပေသည်။
ရဲရှောင်သည် ရိုက်နှက်ဆုံးမနေခြင်းသာ ဖြစ်ပြီး တကယ်သတ်လိုသော ဆန္ဒ မရှိချေ။
ယခုနေရာသည် လူအားလုံး ကြည့်နေသည့် နေရာတွင် ဖြစ်နေသည် မဟုတ်ပါလား။
သူသာ သတ်လိုက်မည် ဆိုပါက လူသတ်မှုဖြင့် ပြစ်ဒဏ်ခံသွားရနိုင်ပါသည်။ အချုပ်ကျ အပြစ်ပေးခံရမည်ကို မကြောက်သော်လည်း ပြဿနာများ ထပ်မံ၍ မကြီးချင်တော့ပေ။
အသက်ရှင်လျက်ဖြင့် သေရသည့် ဘဝမျိုး ရောက်ရန်သာ လုပ်နေခြင်း ဖြစ်သည်။
“ရပ်လိုက်စမ်း . . .”
လိချန်ဇီသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထ၍ အော်လိုက်၏။ သူသည်လည်း ဒေါသထွက် လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေလေ၏။
“ရဲရှောင် . . . မင်းအခု မရပ်ရင် သူ့ကို သတ်မိသွားလိမ့်မယ်နော်။ မင်းက ဒီလို လုပ်ပိုင်ခွင့် ရှိတယ်လို့များ ထင်နေတာလား . . .”
ရဲရှောင်သည် ဂျန်တိုင်စုအား စကားလုံးများဖြင့် စော်ကားခဲ့စဉ်က လိချန်ဇီသည် မတားသည့်အပြင် လိုက်ပါ၍ပင် ရယ်မေနေမိ၏။
ယခုအခါတွင်မူ အခြေအနေများသည် ဆိုးရွားသထက် ဆိုးရွားလာပြီ ဖြစ်သဖြင့် ရပ်တန့်ရန် ကြိုးစားရတော့မည် မဟုတ်ပါလား။ ဂျန်တိုင်စု၏ အသက်ကို မကယ်ဘူးသာ ဆိုပါက သူနှင့် တစ်ဖွဲ့တည်း လည်း ဖြစ်သဖြင့် သူ့ကိုပါ အမှုပတ်လာနိုင်ပါသည်။
“ငါသူ့ကို သတ်တော့ရော ဘာဖြစ်လဲ . . .”
ရဲရှောင်သည် ကြာပွတ်အား ဝေ့ယမ်းရင်း ပြောလိုက်သည်။
“ဒီခွေးသူတောင်းစား မျိုးမစစ်ကောင်အတွက် ငါ့အသက်ကို အလျော်ပေးရမှာတဲ့လား . . .”
ထို့နောက် အေးစက်သော လေသံဖြင့် ဆက်လက်၍ –
“ကျောင်းသားတစ်ရာကျော် တစ်ညတည်းနဲ့ သေကုန်ကြတာ အတွက်ရော ဘယ်သူက ဘာပြန်လုပ်ပေးခဲ့လဲ . . .”
ထို့နောက် လိချန်ဇီအား အေးစက်စက် ကြည့်လိုက်ရင်း –
“သူ့အဖေ အဲဒီတုန်းက ဘဏ္ဍာရေးအမတ်တစ်ယောက် ဖြစ်ခါစ ဖြစ်ပြီးတော့ ပြစ်ဒဏ် အကြီးစားကြီးကနေ လွတ်မြောက်ခဲ့တယ်။ ငါ့အဖေကတော့ သန်းပေါင်းများစွာသော စစ်သည်ရဲမက်တွေကို တာဝန်ယူ အုပ်ချုပ်ရတဲ့ မြောက်ပိုင်း စစ်သူကြီးတစ်ယောက်ပဲ။ အကျင့်ပျက် လူသတ်သမား အမတ်ကြီးထက်တော့ ပိုပြီး သာတာ အမှန်ပဲ မဟုတ်လား . . . အဲဒါကြောင့်မို့ ဒီကောင့်ကို ငါသတ်တော့ရော ဘာဖြစ်မှာလဲ . . .”
“ဘယ်သူငါ့ကို ဘာပြောရဲမလဲ ပြောစမ်း . . .”
“ဒီလိုကောင်မျိုးက သေတာထက်တောင် ပိုပြီးဆိုးရွားတဲ့ အရာကို ခံစားသင့်သေးတယ် . . .”
ရဲရှောင်သည် ကျယ်လောင်၍ သြဇာပြည့်ဝသော အသံဖြင့် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset