Switch Mode

Chapter – 144

အဲ့ဒီကောင်ကမျိုးမစစ်

Chapter – 144
“အဲဒီကောင်ကမျိုးမစစ်”

“လန်လန့်လန့် . . . မင်းသေချင်နေပြီလား . . .”
ဂျန်တိုင်စုသည် ကျယ်လောင်သော အသံဖြင့် အော်ဟစ်ပြောလိုက်သည်။
“အခု မင်းရဲအဖေက ဘယ်နားမှာ သေနေသလဲတောင် မသိဘူး။ အဲဒါတောင်မှ မင်းက ငါ့ကို စော်ကားမော်ကား လုပ်ရဲသေးတယ်နော်။ မင်းအဖေ သေတဲ့ သတင်း ကြားတာနဲ့ မင်းလည်း သေဖို့သာ ပြင်ထား။ မင်းသေတာထက် ဆိုးတဲ့ ဒုက္ခကို ခံစားရပြီး ငါ့အရှေ့မှာ သေမတတ် ဒူးထောက်တောင်းပန် ရအောင် လုပ်ပြမယ် . . .”
လန်လန့်လန့်လည်း အလွန် စိတ်ဆိုးသွားလေသည်။ ချက်ချင်းပင် တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင် ရဲရှောင်မှ လန်လန့်လန့်အား အပြစ်တင်လိုဟန်ဖြင့် –
“လန်လန် . . . မင်းက ဘာလို့ ဒီလောက်ထိ ကပ်စီးနည်းနေရတာလဲ။ မင်းအခု ပြောနေတာက မှားနေတယ်ကွ။ ဒီလူကြီးလူကောင်းကို မပြစ်မတင်သင့်ဘူးနော် . . .”
လန်လန့်လန်န့သည် ကြောင်ငေးသွားမိ၏။
“ငါကမှားတယ် ဟုတ်လား . . . ဘာလို့လဲ . . .”
ဂျန်တိုင်စုသည်လည်း အံ့သြသွားရ၏။ ရဲရှောင်မှ သူတို့ဘက်တွင် အင်အားတောင့်သဖြင့် ဖားလိုက်ခြင်း ဖြစ်မည်ဟုပင် တွေးလိုက်မိ၏။ ရဲရှောင်နှင့် လန်လန့်လန့်တို့ အပြန်အလှန် ပြောသည့် စကားကိုသာ နားထောင်နေမိသည်။
ရဲရှောင်မှ လေးလေးနက်နက် ဟန်ဖြင့် –
“သူက ဂျန်တိုင်စု ဆိုတာကို မင်းမသိဘူးလား . . .”
လန်လန့်လန့်သည် ရဲရှောင်၏ သဘောထားကို အနည်းငယ် ရိပ်မိလာဟန်ပါပင်။ ထို့ကြောင့် သူလည်း ဟန်ပါပါ သရုပ်ဆောင်လိုက်ရင်း –
“ဘာဖြစ်လို့လဲ၊ ဘာများ ထူးခြားနေလို့လဲ . . .”
တဖက်မှ အုပ်စုထဲမှ လူအချို့မှာမူ ရဲရှောင် ဆိုလိုချင်သည်ကို ကြိုသိနေကြဟန်ပင်။ ထို့ကြောင့်ပင် ရယ်သံ အနည်းငယ် ထွက်လာကြ၏။
ရဲရှောင်မှ စဉ်းစားသည့် ပုံစံမျိုးဖြင့် –
“မင်းက သူ့အဖေကို ဂျန်လို့ ခေါ်တာက မင်းသဘော ခေါ်လို့ရတယ်။ ဒါပေမဲ့ သူ့ကို ဂျန် ဆိုပြီး တပ်ခေါ်တာကတော့ မှားနေပြီကွ။ သူ့ကို ဂျန်လို့ ခေါ်တာ စော်ကားလိုက်သလိုပဲ။ ဒါလေးတောင် မသိဘူးလား . . .”
လန်လန့်လန့်မှ –
“အာ . . . ဘာလို့လဲ ပြောပါဦး . . .”
ရဲရှောင်မှ –
“အရူး . . . မင်းဒီလောက်တောင် တုံးအရလား။ သူ့အဖေက မြုံနေတယ် ဆိုတာကို မသိဘူးလား။ နောက်ပြီး သူ့အဖေက ကုန်းကုန်း အဖြစ်လည်း ဘုရင်အနားမှာ ခစားနေတာလေ . . .”
လန်လန့်လန့် မျက်လုံးများ ပြူးသွားပြီး –
“ဘယ်လို . . . ဒါနဲ့ ဂျန်တိုင်စုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ . . .”
ရဲရှောင် စိတ်မရှည်ဟန်ဖြင့် –
“သောက်ရူးပဲကွာ . . . သခင်ကြီးဂျန်လို ကုန်းကုန်းမှာ သားတစ်ယောက် ဘယ်လို ရှိနေနိုင်မှာလဲ ဟ . . .”
လန်လန့်လန့်သည် သဘောပေါက်သွားသလို ဟန်ဆောင်လိုက်ပြီးနောက် ချက်ချင်းပင် နားမလည်ဟန်ဖြင့် –
“ဟုတ်သားပဲ . . . ဒါမှန်တယ်။ သခင်ကြီးဂျန်ကလည်း ကုန်းကုန်း တစ်ယောက်ပဲ။ သူ့မှာ ဘယ်လိုလုပ် သားဆိုတာ ရှိနေမှာလဲ။ အန် . . . ဒါဆို ဒီကောင့်ကို မွေးစားထားတာလား။ သူက သူ့အမေရဲ့ သားရော မဟုတ်ဘူးပေါ့။ ကလေးမွေးပေးတဲ့ ဝမ်းဆွဲသည်ကြီး ဆိုတာကလည်း အိမ်တော်ကြီးတွေမှာပဲ လိုက်မွေးပေးနေတာ အရမ်းလည်း ကျွမ်းကျင်တဲ့လူ။ ဒါက ဖြစ်နိုင်ပါ့မလား . . .”
ရဲရှောင်လည်း လက်ညှိုးငေါက်ငေါက် ထိုးလိုက်ရင်း –
“မင်းက တော်တော်တုံးတဲ့ အရူးပဲ။ ဘာလို့ အဲဒီလောက်တောင် ဉာဏ်နည်းနေရတာလဲ။ ငါပြောတဲ့ စကားထဲမှာ သူ့အမေကပါ သူ့ကို မွေးထားတာ မဟုတ်ဘူး ဆိုတာ ပါလား . . .”
လန်လန့်လန့် စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် –
“ငါတော်တော် ရှုပ်နေပြီ။ မင်းဘာကို ပြောချင်တာလဲ။ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ။ ငါက အရူးတစ်ယောက် ဆိုရင်တောင် အဲဒီလောက်တော့ မတုံးပါဘူးဟ . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ကောင်းပြီ။ ရှင်းရှင်းပဲ ပြောတော့မယ်။ ဂျန်တိုင်စုရဲ့ အမေကတော့ သူ့အမေအရင်းပဲ။ ဒါပေမဲ့ အဖေက သခင်ကြီးဂျန် ဆိုတာ ကုန်းကုန်းတစ်ယောက် မဟုတ်လား။ မင်းလည်း သိပြီးသားပဲ။ အဲဒါကြောင့် သူ့ကို ဂျန်တိုင်စုလို့ ခေါ်လို့ အဆင်မပြေဘူး။ သူ့ရဲ့ မျိုးရိုးနာမည်ကို ဘယ်သူမှလည်း သိနိုင်မှာ မဟုတ်ဘူး။ မင်းသူ့ကို ဂျန် လို့ ခေါ်လိုက်တိုင်း သူ့ကို စော်ကားနေသလို ဖြစ်နေတယ်လေ . . .”
လန်လန့်လန့်သည် ယခုအခါမှသာ လုံးဝ နားလည်သွားဟန် ဆောင်လိုက်၏။ ထို့နောက် –
“ဪ ဟုတ်ပြီ . . . ငါသဘောပေါက်ပြီ။ မင်းပြောချင်တာက သူ့အဖေကို နားလှည့်ပါးရိုက် လုပ်လိုက်တာ၊ အဲဒါကိုလည်း သူက သိတယ်။ ငါသူ့ကို ဂျန်တိုင်စုလို့ ခေါ်လိုက်ရင် သူ့ကို စော်ကားနေတယ်လို့ သူက တွေးနေမှာပဲ။ ဒါပေမဲ့ ငါကလည်း ဒီတိုင်းပဲ ခေါ်လိုက်တာပါ။ စော်ကားလိုတဲ့ စိတ် မရှိပါဘူး . . .”
ရဲရှောင် ချောင်းတစ်ချက် နှစ်ချက်ခန့် ဆိုးလိုက်ရင်း –
“ခွေးကောင် . . . ဘယ်လိုပဲ ဖြစ်ဖြစ် အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရဘူးကွ။ အမှန်တရား တစ်ခုကို အဲဒီလို ပြီးပြီးရော မပြောသင့်ဘူး။ ငါတို့က သူ့အဖေ အစစ်အကြောင်းကို ပြောနေတာ။ ဘဏ္ဍာရေးအမတ်မင်း ကုန်းကုန်းအကြောင်း ပြောနေတာ မဟုတ်ဘူး။ မင်းတို့က ခုနတုန်းက နားလည်မှု လွဲနေတယ် ထင်တယ်။ တစ်ခါတလေမှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြဘူး။ ဥပမာအားဖြင့် ငါတို့အတွက် ချေး ဆိုတာ ရွံစရာကောင်းပြီး နံစော်ပေမဲ့ ခွေးတွေ အတွက်တော့ သည်းခြေကြိုက်ပဲ မဟုတ်လား . . .”
“ဒါပေါ့။ တကယ်တော့ ငါ့အမှားပါပဲ။ ငါ့ကို စိတ်ဆိုးမယ် ဆိုလည်း ဆိုးချင်စရာ။ ငါ့အဖေကို စော်ကားနေတော့ ငါလည်း မခံနိုင် ဖြစ်သွားတာပါ။ သူ့ကို တစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ သနားစရာ ပါကွာ . . .”
လန်လန့်လန့် ခေါင်းညိတ်၍ ပြောလိုက်သည်။ ဂျန်တိုင်စု အတွက်ပင် စိတ်မကောင်း ဖြစ်နေသလို ဟန်ဆောင်နေ၏။
သူတို့သည် တစ်ယောက်က တုံးအသည့် ဟန်ဆောင်၍ နောက်တစ်ယောက်က ဉာဏ်ရှိရှိဖြင့် ရှင်းပြချင်ယောင်ဆောင်ကာ ဂျန်တိုင်စုအား အရူးလုပ်နေကြခြင်းပင် ဖြစ်သည်။ အတိုင်အပေါက်လည်း အလွန်ညီလှလေ၏။
လန်လန့်လန့်မှ အမှားလုပ်မိသဖြင့် စိတ်မကောင်းသည့် ပုံစံမျိုးဖြင့် ရှိနေလေသည်။
လူအတော်များများမှာလည်း ရယ်မောလျက် ရှိကြလေ၏။
ယခုလူရှုပ်လူပွေလေးများသည် လိချန်ဇီနှင့် ဂျန်တိုင်စုတို့အပေါ် မှီခို၍ နေနေကြရသူများ ဖြစ်ကြသည့်တိုင် ရယ်စရာ ကောင်းသည့် စကားများကို ကြားရသောအခါ မရယ်ဘဲ မနေနိုင်ကြတော့ချေ။
တကယ်တမ်းတွင် လိချန်ဇီပင် ရယ်မောမိလေ၏။ ရဲရှောင်လည်း ထိုအချိန်တွင် သက်ပြင်းချလိုက် မိသည်။ ထိုလူရှုပ်လူပွေလေးများသည် ပေါ့ပေါ့တန်တန် သဘောထား၍ စိတ်ထဲရှည်ရှည်ဝေးဝေး တွေးကြသည့် လူများပင် ဖြစ်ကြောင်း သိလိုက်ရလေ၏။
ဂျန်တိုင်စု၏ မျက်နှာသည်လည်းး ရဲနေရာမှ ဖြူဖွေးလာသည်။ ထိုနောက် ပြာနှမ်းလာပြန်သည်။ ထိုမှတဆင့် မည်းမှောင်သွားပြီး နှုတ်ခမ်းများမှာမူ ဖြူရော်ရော်ဖြင့် တုန်ခါလျက် ရှိနေ၏။
တခဏအကြာတွင် –
“ရဲရှောင် . . . လန်လန့်လန့် . . . မင်းတစ်မျိုးနွယ်လုံးကို ယီးပဲ . . .”
ဂျန်တိုင်စုသည် အလွန်အမင်း ဒေါသထွက်နေလေ၏။ ကျယ်လောင်စွာဖြင့် ကြုံးဝါး ဆဲဆိုပါ တော့သည်။
ထိုအချိန် ဆောင်ဂျု၏ မျက်လုံးများ အလွန်အမင်း အေးစက်သွား၏။
ဂျန်တိုင်စုအား အလောင်းကောင်အား ကြည့်သကဲ့သို့ အေးစက်စက် ကြည့်နေသည်။
(ငါဒီကောင့်ကို လူပုံအလယ်မှာ မသတ်နိုင်ဘူး ဆိုပေမဲ့ ငါသာ တကယ်လုပ်ချင်ရင် ငှက်ပျောသီး အခွံနွှာစားရတာ ထက်တောင်မှ လွယ်ဦးမယ် . . .)
ရဲရှောင်၏ မျက်လုံးများသည်လည်း အေးစက်သွားပြီး –
“လန်လန် . . . ဘယ်လို အရာက အခု အနေရခက်စေလဲ သိလား . . .”
လန်လန့်လန့်မှလည်း –
“ငါသိတယ်။ အခုကို မြင်နေရတာပဲလေ။ သူက တော်တော် ရိုင်းတာပဲ . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“တိုင်စုက ငါတို့ မျိုးနွယ်ကို ညစ်ညစ်ပတ်ပတ် ယုတ်ယုတ်မာမာ ပြောနေတယ်။ ဒါပေမဲ့ ငါတို့က တော့ အဲဒီလို ပြန်မပြောနိုင်တာ တကယ်ဝမ်းနည်းဖို့ ကောင်းတယ် . . .”
လန်လန့်လန့်မှ –
“ငါတို့က သူ့ကို သနားလို့ ရန်မဖြစ်ချင်တာ မဟုတ်လား . . .”
ရဲရှောင် ခေါင်းခါယမ်းလိုက်ရင်း –
“မင်းနားလည်မှု လွဲနေပြီ။ ငါပြောချင်တာ သူက ငါတို့ မျိုးနွယ်က ဘာဆိုတာကို သိနေတယ်ကွာ။ အဲဒီတော့ သူ့အနေနဲ့ ငါတို့ မျိုးနွယ်ကို စကားနဲ့ဖြစ်ဖြစ် အမူအယာနဲ့ဖြစ်ဖြစ် စော်ကားချင်သလို စော်ကား နိုင်တာပေါ့။ ဒါပေမဲ့ ငါတို့ကျတော့ သူ့မျိုးနွယ်ကို မသိဘူးလေ . . .”
လန်လန့်လန့် ခေါင်းရှုပ်သွားဟန်ဖြင့် –
“ဘယ်လို . . . ဘာလို့လဲ၊ ငါတို့သူ့ကို သိတယ်လေ။ သူက အမတ်မင်းဂျန်ရဲ့ အိမ်တော်က သားတစ်ယောက်ပဲဟာ . . .”
ရဲရှောင်လည်း ကလေးတစ်ဦးအား ရှင်းပြနေရသကဲ့သို့ –
“သောက်ရေးမပါတာကွာ . . . အမတ်ကြီးဂျန်က သူ့ရဲ့ ဟန်ဆောင်ဖအေကွ။ အဖေတု ပေါ့ကွာ။ ငါတို့က သူ့မျိုးနွယ်ကို ဆဲမယ်ဆိုရင် ဒီကိစ္စက အမတ်ကြီးဂျန်နဲ့ ဘာမှ မဆိုင်တော့ဘူး။ အဲဒီတော့ သူ့အဖေ အရင်းက ဘယ်သူလဲ ဆိုတာကို ငါတို့သိဖို့လိုတယ်။ သူ့ရဲ့ မျိုးရိုးနာမည်ကို မင်းသိလားပြော။ ဒါလေးတောင် မသိဘူး မဟုတ်လား . . .”
လန်လန့်လန့်မှ ရူးချင်သလိုလို ပုံစံမျိုးဖြင့် –
“ငါမသိဘူး၊ မင်းရော သိလို့လား . . .”
“ငါလည်း မသိဘူးလေ . . .”
ရဲရှောင် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။ ဆက်လက်၍ –
“အမတ်ကြီးဂျန်တောင်မှ သိမှာမဟုတ်တာ ငါက ဘယ်လို သိမလဲ။ အဲဒီတော့ သူ့မျိုးနွယ်ကို ဆဲချင်တယ်ဆိုရင် ဘယ်မျိုးနွယ်မှန်း မသိတဲ့အတွက် ငါတို့လေကုန်တာပဲ အဖတ်တင်မယ် . . .”
လန်လန့်လန့်သည် လေးလေးနက်နက် စဉ်းစားနေဟန်ဖြင့် –
“နေဦး . . . အမတ်မင်းဂျန်က မသိရင်တောင်မှ သူ့မိန်းမတော့ သေချာပေါက် သိမှာပဲလေ . . .”
“မှားတယ် . . .”
ရဲရှောင် လေးလေးနက်နက် ပြောလိုက်သည်။
“မင်းကိုယ်မင်း သိပ်ပြီး ဉာဏ်ပြေးလှပြီ ထင်နေတယ်ပေါ့။ ဒါပေမဲ့ မင်းက ငတုံးကွ။ ငါမင်းကို ပြောပြမယ်။ အမှန်တကယ်တော့ သူ့အမေကိုယ်တိုင်လည်း ဒီကိစ္စကို သေချာ မသိဘူး . . .”
“ဘာ . . . မဖြစ်နိုင်တာ . . .”
လန်လန့်လန့် ထိုစကား ကြားရသောအခါ လုံးဝ မယုံသင်္ကာ ပုံစံဖြင့် ထ၍ ခုန်လိုက်သည်။
“သူ့အမေတောင် မသိဘူးတဲ့လား . . . ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဖြစ်သွားတာလဲ။ ဒီကောင်က ကမ္ဘာပေါ်ကို ဘယ်လို ရောက်လာတာတုန်း . . .”
“အကြောင်းအရင်း တစ်ခုတော့ သေချာပေါက် ရှိမှာပေါ့ . . .”
ရဲရှောင်သည် ဂျန်တိုင်စုအား တစ်ချက် လှမ်းကြည့်လိုက်ရင်း မထူးခြားသည့် ဟန်ပန်မျိုးဖြင့် –
“ပြောရမယ်ဆိုရင် အဲဒီနှစ်က သခင်ကြီးဂျန်ဟာ ဟိုကိစ္စဖြစ်ပြီး ဘာမှ မလုပ်နိုင် မကိုင်နိုင် ဖြစ်ခဲ့တယ်။ မင်းလည်း သိတဲ့အတိုင်းပဲ သူက သူ့မျိုးဆက်သွေးသားကို ချန်ထားခဲ့ချင်တယ်လေ။ နာမည်မပျက်ချင် သိက္ခာမကျချင်ဘူးပေါ့။ အဲဒါကြောင့် မင်းမှုထမ်းစာမေးပွဲ ဖြေလို့ မအောင်တဲ့ကောင်တွေ ရှိတဲ့ ကျောင်းတစ်ခုကို သွားခဲ့တယ်၊ အဲဒီကျောင်းကလည်း သူ့အိမ်တော်ဝင်းထဲမှာပဲ ဆိုပါတော့ . . .”
ဟိုကိစ္စ ဆိုသည်မှာ ကုန်းကုန်းအဖြစ် စတင် အမှုထမ်းသည့်အတွက် သင်းကွပ်လိုက်ရခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
“သွားတာက ဘာကိစ္စကြောင့် သွားရတာလဲ . . .”
လန်လန့်လန့် နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ဟဲဟဲ . . . အဲဒီကောင်တွေဆိုတာ မင်းလည်း သိတဲ့အတိုင်း ရုပ်ရည် သန့်သန့်ပြန့်ပြန့်တွေလေ။ ပြောရရင် အဲဒီကျောင်းကလည်း ယောကျာ်းလေး သင်တန်းသားတွေကိုပဲ လက်ခံတာ။ ဘာလို့လဲ မင်းသိလား လန်လန် . . .”
ရဲရှောင် မေးလိုက်သည်။
လန်လန့်လန့်လည်း နားမရှင်းသည့် ဟန်မျိုးဖြင့် ရှိနေလေသည်။
“ရှောင်ရှောင် . . . တည့်သာ ပြောစမ်းပါကွ။ ငါ့ကို ဘာမှ မခန့်မှန်းခိုင်းနေပါနဲ့တော့ . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ရင်း –
“ငါလည်း ခေါင်းရှုပ်နေတာပဲကွ။ ဘာလို့လဲဆိုတော့ အဲဒီကျောင်းကလည်း နှစ်ဝက်လောက်နဲ့ ပိတ်သွားခဲ့တယ်လေ . . .”
လန်လန့်လန့်မှ –
“ပိတ်သွားတယ် ဟုတ်လား၊ ဟိုကောင်တွေ အကုန်လုံး စာမေးပွဲအောင်ပြီး အရာရှိတွေ ဖြစ်ကုန်လို့ လား . . .”
“ဘယ်ကသာ . . . မဟုတ်ပါဘူး . . .”
ရဲရှောင် ခေါင်းခါယမ်း၍ ပြောလိုက်လေ၏။
“ကျောင်းမှာ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါတစ်ခု ပြန့်သွားလို့ကွ။ တစ်ညတည်းနဲ့ ကျောင်းသားပေါင်း တစ်ရာကျော် သေခဲ့ရတယ်လေ။ အားလုံးနီးပါးပဲ . . .”
“ဘယ်လို . . . တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းတဲ့ ရောဂါ ရှိလို့လား . . .”
လန်လန့်လန့် အလန့်တကြား ပြောလိုက်သည်။
“ဘယ်လို ဆက်ဖြစ်လဲ ပြောပါဦး . . .”
ရဲရှောင်လည်း လေးနက်သည့် ဟန်ပန်ဖြင့် –
“တကယ်တော့ အမတ်မင်း ကိုယ်တိုင်လည်း ကံကောင်းသွားခဲ့တာ။ သူ့အိမ်တော်ဝန်းထဲက ကျောင်းမှာ ဒီလိုရောဂါကြီးက ကျောင်းသားတွေ အားလုံးကို သေစေခဲ့တာလေ။ သူ့မိသားစုကတော့ တစ်ယောက်မှ ဘာမှ မဖြစ်ခဲ့ဘူး . . .”
“ဝိုး . . . တော်တော်ကိုကောင်းတဲ့ ကာကွယ်မှု တစ်ခုခု လုပ်နိုင်ခဲ့တာနေမယ်။ အံ့သြစရာ ကောင်းလိုက်တာ . . .”
လန်လန့်လန့် အထင်ကြီးဟန်ဖြင့် လက်မထောင်ပြလိုက်ရင်း ရေရွတ်လိုက်သည်။
“ငါ့ကို စိတ်ရှုပ်ထွေးပြီး နားမလည်နိုင် ဖြစ်စေတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ် . . .”
ရဲရှောင်ဆက်ပြောလိုက်၏။
“အဲဒီလို ကြောက်စရာနေ့ကြီး လွန်မြောက်ပြီးတဲ့နောက် သတင်းကောင်း တစ်ခုလည်း ထွက်လာခဲ့တယ်။ အမတ်မင်းရဲ့ မိန်းမမှာ ကိုယ်ဝန်လွယ်ထားရပြီတဲ့ . . .”
လန်လန့်လန့် မျက်လုံးများ ပြူးထွက်ကျမတတ် ဖြစ်သွားပြီး –
“ငါလခွမ်း . . . သူ့မိန်းမကို ဘယ်သူကများ . . .”
“သေလိုက် . . . မင်းဆိုလိုချင်တဲ့ ဘယ်သူကများ ဆိုတာ ဘာသဘောလဲ။ မင်းလုပ်ခဲ့တယ်လို့ များ ထင်နေတာလား။ သက်သေပြနိုင်လား . . .”
လန်လန့်လန့် ခေါင်းငုံ့လိုက်ရင်း –
“တောင်းပန်ပါတယ်ကွာ။ ငါ့ကလေး မဟုတ်တာတော့ သေချာပါတယ်။ အဲဒီအချိန်တုန်းက ငါ တစ်လသားလောက်ပဲ ရှိဦးမှာကွ။ ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်နိုင်မှာလဲ . . .”
“ဟုတ်တယ် . . . ပေါက်ကရတွေ ထပ်ပြီး ပြောမနေနဲ့တော့။ မင်းလုပ်လိုက်ရင် တလွဲတွေချည်းပဲ။ လူတစ်ရာကျော် တစ်ညတည်းနဲ့ သေသွားခဲ့ရတာ မင်းသဘောမပေါက်ဘူးလား၊ မင်းပါ သေချင်လို့လား”
လန်လန့်လန့် ခေါင်းငုံ့ကာ ထိတ်လန့်သည့် အမူအယာမျိုးဖြင့် –
“ငါမသေချင်ပါဘူး။ မလုပ်ပါနဲ့၊ ငါနဲ့ ဘာမှ မဆိုင်ဘူးနော်။ ငါ့ကလေးလည်း မဟုတ်ဘူး . . .”
“အဓိက အကြောင်းအရာကို ပြန်သွားကြည့်ရအောင် . . . အခုထိ ဒီဂျန်တိုင်စု . . . အင်း . . . သူ့ကို လောလောဆယ်တော့ ဂျန်တိုင်စုလို့ပဲ ယာယီ ခေါ်ဦးမယ်။ သူ့မျိုးနွယ်နဲ့ ပတ်သက်ပြီး တကယ်ကို လျို့ဝှက်ဆန်းကြယ်နေတယ်ကွ . . .”
ရဲရှောင် ပြုံးလျက် ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset