Chapter – 143
“ပမာမခန့်ပြုလုပ်ခြင်း”
“ကြည့်ရတာ သူတို့က တစ်ခုခု ပြဿနာ လာလုပ်တာတော့ သေချာတယ် . . .”
လန်လန့်လန့် ခနဲ့တဲ့ ပြောလိုက်သည်။
“အရင်တုန်းက ငါတို့ စစ်အင်အားဘက်က အားသာတယ်။ သူတို့ဆိုတာ ငါတို့ရှေ့မှာ ခေါင်းတောင် မထောင်ရဲဘူး။ ဒါပေမဲ့ အခု ငါတို့ရဲ့ အကြီးဆုံး အထောက်အပံဖြစ်တဲ့ စစ်သည်တွေက ထွက်သွားကြပြီ။ အဲဒါနဲ့ပဲ ပမာမခန့် လုပ်ချင်နေကြတာလေ။ သူတို့ရဲ့ အသုံးမဝင်တဲ့ အဖေတွေ အားလုံးက မြို့ထဲမှာပဲ အေးအေးဆေးဆေး နေနေနိုင်ကြတယ်။ အခုလည်း ဘာမှ မဟုတ်ဘဲ ဟိတ်ဟန်တခွဲသား လာလုပ်နေကြ ပြန်ပြီ . . .”
ဇူဝူကျီ ချောင်းဆိုးလိုက်ပြီးနောက် –
“လန် . . . မင်းနည်းနည်းပါးပါး ဆင်ခြင်စမ်းပါဦး။ ငါရှိသေးတယ်လေကွာ . . .”
လန်လန့်လန့်လည်း ဇူဝူကျီဟာ စစ်သည်အင်အားစုဘက်မှ မဟုတ်သည်ကို သတိရမိသွားသော အခါ ပြုံးပြလိုက်ရင်း –
“ဇူဇူ . . . မင်းကတော့ မတူဘူးလေ။ အမှောင်လောကထဲကတွေ ငါတို့ရှိတဲ့ အလင်းဘက်ကို ရောက်နေတဲ့ လူပဲဟာ . . .”
ဇူဝူကျီ ဆွံ့အသွားမိသည်။
(ငါက ဒီလူရှုပ်လူပွေ အဖွဲ့ထဲကနေ ထွက်ပြီး လူရှုပ်လူပွေ သခင်လေးသုံးယောက်ထဲ ရောက်သွားတာ ငါ့အတွက် တော်တော်ကြီး ကောင်းသွားတယ်ပေါ့လေ။ နှစ်ဖက်လုံးက လူရှုပ်လူပွေ လူဆိုးတွေချည်းပဲဟာ ဘာများ အလင်းအမှောင် ကွာခြားနေလို့လဲ။ လူရှုပ်လူပွေ သခင်လေး သုံးယောက်ဆိုတဲ့ ဘွဲ့ထူးကြီးကကို ပိုပြီး ကြီးကျယ်မြင့်မြတ်နေလို့လား။ ပိုတောင် ဆိုးနေနိုင်ပါသေးတယ်။ အဲဒါများ မင်းက ငါ့ကို အလင်းဘက် ရောက်နေပြီ လုပ်နေတယ်။ ထားလိုက်ပါတော့ . . .)
ဇူဝူကျီ ထိုကဲ့သို့ တွေးနေသည့် အချိန်တွင် ရဲရှောင်မှာမူ ထိုလူငယ်များအား ငေးကြည့်နေမိ၏။
သူသည် မျက်လုံးကို တဝက်လောက်သာ ဖွင့်ထားခြင်း ဖြစ်ပြီး စိတ်ထဲမှာတော့ အလွန် ဒေါသထွက်နေလေသည်။
ထိုအုပ်စုထဲတွင် သူမြင်ဖူးသည့် မျက်နှာတစ်ခုကိုလည်း တွေ့လိုက်ရ၏။
မင်းသား ကိုယ်ရံတော်တပ်ဖွဲ့ ခေါင်းဆောင်၏ သားဖြစ်သူ ဝမ်ရှောင်နန်ပင် ဖြစ်ပါသည်။
ထိုအချိန်တွင် သူသည်လည်း ရဲရှောင်အား ဒေါသထွက်နေသည့် မျက်လုံးမျိုးဖြင့် ကြည့်နေလေ၏။
သို့သော် သူသည် လူရှုပ်လူပွေ သခင်လေးများ၏ အနောက်ဘက်တွင်သာ ရှိနေသည်ကို ကြည့်ခြင်း အားဖြင့် ထိုအုပ်စုတွင် ရှေ့မှ အမတ်မင်းများ၏ သားများသာ သြဇာရှိပုံပါပင်။ ရဲရှောင်မှာမူ ထူးဆန်းသော အပြုံးမျိုးဖြင့် ကြည့်နေလေ၏။
ရဲရှောင်၏ စိတ်ထဲတွင် မြို့ရိုးထက်၌ သူမြင်တွေ့ခဲ့ရသည့် ဘုရင်မင်းမြတ်၏ ဟန်ပန်နှင့် ယခုမြင်တွေ့နေရသည့် ဆန်ကုန်မြေလေးများ၏ ပုံစံကို နှိုင်းယှဉ်ကြည့်မိလိုက်သောအခါ အထင်သေးဟန် ဖြင့် ပြုံးရုံသာ ပြုံးလိုက်မိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သတိထားရမယ်။ တစ်ခုခု ဖြစ်လာခဲ့ရင် ဘယ်သူ့အတွက်မှ ကောင်းမှာ မဟုတ်ဘူး . . .”
ဇူဝူကျီ ပြောလိုက်သည်။
“စစ်သည်တွေက ထွက်သွားကြပြီ။ ငါတို့သာ သူတို့နဲ့ ပြဿနာ ဖြစ်လိုက်မယ် ဆိုရင် လူတိုင်းက ငါတို့ကို ဖိနှိပ်ကြမှပြဲ။ သူတို့ အဖေတွေ အားလုံးက တရားစီရင်ရေးမှာ သြဇာအာဏာ ရှိကြတယ်။ အခု လောလောဆယ် အခြေအနေအရ သူတို့ကို ယှဉ်လို့ရမှာ မဟုတ်ဘူး။ အခုခဏသည်းခံပြီး နောက်ဆုတ် လိုက်တာက နောက်ပိုင်းအတွက် ပိုကောင်းလိမ့်မယ် . . .”
ရဲရှောင်သည် ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလေ၏။
တစ်ခါတုန်းက အိမ်တော်ထိန်းကြီး ပြောခဲ့သည့် စကားကိုလည်း ပြန်ကြားယောင်နေမိ၏။
“မင်းသားဟွာရန်းက စစ်သည်ရဲမက်တွေ အားလုံးရဲ့ မိသားစုဝင်တွေဘက်ကပဲ အမြဲတမ်း ရပ်တည်ပေးတယ် . . .”
ထိုစကားကို သူသည် မမေ့သေးချေ။
မင်းသားဟွာရန်း ယခုကဲ့သို့ စစ်ထွက်သွားသည့် အချိန်မှာပင် အဆိုပါ ဆန်ကုန်မြေလေးများသည် ပြဿနာရှာရန် အလို့ငှာ ရောက်ရှိလာကြလေသည်။
စစ်ဖက်နှင့်အရပ်ဘက် အုပ်ချုပ်ရေးဟူသည် အမြဲတမ်းလိုလို ဆန့်ကျင်ဘက်ပင် ဖြစ်၏။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယှဉ်ပြိုင်နေကြပြီး တစ်ဖက်မှ အားနည်းသည့် အချိန်တွင် တစ်ဖက်မှ အားသာလာစမြဲပင် ဖြစ်၏။ သို့သော် ယခုအရပ်ဘက်မှ ဖြစ်သော အမတ်များ၏ သားများသည် တကယ့်ရက်ကောင်းရက်မြတ်ကိုမှ ပြဿာရှာရန် ရွေးချယ်လိုက်မိကြပြီး ဖြစ်၏။ ထိုကဲ့သို့ ရွေးချယ်မိသည့် ဦးနှောက်များအား ရွှေချထားရန်ပင် ကောင်းလှလေ၏။
ထိုအချက်ကို စဉ်းစားမိပြီးနောက် ရဲရှောင်လည်း အိမ်တော်ထိန်းကြီး ရှိရာဘက်သို့ လှမ်းကြည့် လိုက်မိသည်။
အိမ်တော်ထိန်းကြီး ဆောင်ဂျုသည် လက်ပိုက်လျက် ရထားလုံးတစ်ခုပေါ်တွင် ထိုင်နေပြီး လူရှုပ်လူပွေလေးများအား အေးစက်စက် မျက်နှာထားဖြင့် ကြည့်နေလေ၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင် များသည်လည်း အပြည့်ပါပင်။
ဆောင်ဂျုမှာ ရဲရှောင်ထက်ပင် ဒေါသထွက်နေသည့် ပုံစံ ပေါက်နေသည်မှာ သိသာလှသည်။ ယခုအခါ သတ်ဖြတ်ရန်အထိပင် တွေးနေပြီ ဖြစ်၏။
တစ်ခုခုသာ ဖြစ်လာပါက ဆောင်ဂျုသည် အကုန်လုံးကို သနားညှာတာမှု မရှိဘဲ တိုက်ခိုက်မည်ဟု ရဲရှောင် ယုံကြည်နေမိပါတော့သည်။
သူစဉ်းစားခန်း ဖွင့်နေသည့် အချိန်မှာပင် အဆိုပါ လူဆိုးလေးများသည် သူတို့အနားသို့ ရောက်လာ နေကြပြီ ဖြစ်၏။ စုစုပေါင်းအားဖြင့် လူ နှစ်ဆယ် သုံးဆယ်ခန့် ရှိမည်ဖြစ်ပြီး အားလုံးသည် မြင်းကိုယ်စီ စီးနှင်းလျက် ရဲရှောင်တို့အား ဝိုင်းထားကြ၏။ ရဲရှောင်အား အုပ်စုဖွဲ့၍ ခြိမ်းခြောက်ချင်သည့် ဟန်မျိုးပါပင်။
မြင်းများသည် တဟီဟီ အသံများ ပြုလုပ်နေကြပြီး မြင်းခွာသံများသည်လည်း စိတ်ရှုပ်ဖွယ် ကောင်းလှစွာ ထွက်ပေါ်နေလေ၏။
“ဇူဝူကျီ . . .”
လက်ယာအမတ်မင်း၏ မြေးဖြစ်သူ လိချန်ဇီ လက်များကို ဝေ့ယမ်းရင်း ခေါ်လိုက်သည်။
“မင်းဘေးထွက်နေရင် ကောင်းလိမ့်မယ်။ မင်းနဲ့ အခုကိစ္စနဲ့ မဆိုင်ဘူး။ ပြောတာကို နားထောင်ပြီး လိမ်လိမ်မာမာ ဘေးထွက်နေလိုက်။ မင်းကိုပါ ငါတို့ မရိုက်ချင်ဘူး . . .”
ဇူဝူကျီမှ ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ငါ့ကို ရိုက်မယ် ဟုတ်လား . . .”
လိချန်ဇီသည် ဒေါသထွက်သွားသည့် လေသံဖြင့် –
“ဇူဝူကျီ . . . ငါမင်းကို ကောင်းကောင်းမွန်မွန် ပြောနေတယ်နော်။ မင်းရဲ့အဖိုးက အမတ်ကြီးဇူ ဖြစ်တာနဲ့ မင်းကိုငါ မထိရဲဘူးများ ထင်နေလား။ မင်းသာငါ့ကို မခန့်လေးစား လုပ်နေမယ်ဆို ငါရိုက်ရလိမ့်မယ်။ မင်းတို့အဖွဲ့ထဲ မင်းအရင်ဆုံး ခံသွားရလိမ့်မယ် . . .”
ဇူဝူကျီသည် ကြောက်ရွံ့သည့်ဟန်ပန်မျိုး မရှိချေ။ ခေါင်းကို မော့ကာ ဂုဏ်ယူသည့် ဟန်မျိုးဖြင့် –
“မင်းက ငါ့ကို ရိုက်ချင်တယ်ပေါ့ . . . မင်းမှာ သတ္တိရော ရှိလို့လားကွာ။ ငါမင်းကို သတ္တိနည်းနည်း ငှားပေးလို့ ရတယ်နော် . . .”
လိချန်ဇီသည် မျက်လုံးများ မှိတ်လိုက်ပြီး ခေါင်းညိတ်၍ –
“ဇူဝူကျီ . . . မင်းပြောတာတွေကို မင်းမှတ်ထားပါ။ အခု စောင့်ကြည့်နေ၊ ပြီးမှ မငိုနဲ့ပေါ့ . . .”
ထို့နောက် သူသည် ရဲရှောင်ရှိရာသို့ မြင်းကျာပွတ်ကို ဝေ့ယမ်းရင်း ချိန်ရွယ်လျက် –
“ရဲရှောင် . . . အခု ငါတို့ စာရှင်းရှင်းရမဲ့ အချိန်ရောက်ပြီ . . .”
သူ့နောက်မှ လူစုသည် ရယ်မောလိုက်ကြ၏။ ထိုအထဲမှ အချို့က –
“အစ်ကိုကြီးလိက သူနဲ့ ဘယ်လို စာရင်းရှင်းမလဲ သိချင်လိုက်တာ။ ညလယ်စာ စားချင်နေတာ ထင်တယ်။ အခုက ညလည်း မဟုတ်သေးပါဘူး ဟားဟား . . .”
“ညမရောက်ခင် စားတာလည်း ကောင်းတာပဲ။ ဗိုက်ဆာတိုင်း စားရတာပေါ့ကွာ . . .”
“ဟုတ်တယ် . . . အချိန်များရရင် အတူတူတောင် စားချင်မိသေး ဟားဟား . . .”
ထိုအသံများသည် လှောင်ပြောင်သရော်သည့် အမူအယာများဖြင့် ပြောလိုက်ခြင်း ဖြစ်ပေသည်။
အချို့မှာလည်း ပြောနေကြရင်း စုယဲ့ယွဲ့အား တပ်မက်သည့် မျက်လုံးများဖြင့် ကြည့်နေကြလေ၏။
အကယ်၍ မင်းသားဟွာရန်းသာ ရှိနေမည် ဆိုလျှင် ထိုလူဆိုးများသည် စုယဲ့ယွဲ့အား လုံးဝ ကြည့်ရဲမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မင်းသားသည် ထိုလူဆိုးလေးများ၏ အိမ်ထိအောင် သွားရောက် ရိုက်နှက်ဆုံးမမည်မှာ သေချာနေသောကြောင့်ပင် ဖြစ်ပါသည်။
မင်းသားဟွာရန်းသည် ယခုအခါ တိုက်ပွဲထွက်သွားပြီ ဖြစ်သည့်အတွက် လတ်တလောတွင် ပြန်လာနိုင်ဦးမည် မဟုတ်ချေ။
ထိုလူငယ်များသည် တောင်ပိုင်း၏ အခြေအနေ ဆိုးရွားနေပုံကိုလည်း ကြားသိထားကြပြီး ဖြစ်၏။ မင်းသားဟွာရန်းပင် အခြေအနေ မကောင်းဘဲ သေဆုံးနိုင်သည်ဟု တွေးနေကြခြင်း ဖြစ်ပေ၏။
သူတို့သည် အများကြီး စဉ်းစားမိကြခြင်း မရှိချေ။ အကယ်၍ မင်းသားဟွာရန်း မအောင်မြင်ဘူး ဆိုပါက တောင်ပိုင်းတစ်ခုလုံး ကျဆုံးမည် ဖြစ်ကာ ဘုရင့်နိုင်ငံတော်သည်လည်း အန္တရာယ်တွင်းထဲသို့ ကျရောက်လာမည် ဖြစ်၏။ မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ချေ။
သူတို့သည် စဉ်းစားဆင်ခြင်ဉာဏ် မရှိသည့် လူရှုပ်လူပွေလေးများသာ ဖြစ်သဖြင့် ထိုမျှလောက်ထိ ရှည်ရှည်ဝေးဝေး မစဉ်းစားမိကြခြင်းပင် ဖြစ်၏။ မင်းသားဟွာရန်း မရှိသည်နှင့် သူတို့ လုပ်ချင်တာ လုပ်၍ ရပြီဟုပင် မှတ်ယူနေကြခြင်း ဖြစ်လေသည်။
စုယဲ့ယွဲ့သည် ငယ်ရွယ်၍ တစ်နိုင်ငံလုံးတွင် အလှဆုံးဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် လူဆိုးလေးများသည် စုယဲ့ယွဲ့အား အပိုင်စီးချင်နေကြ၏။
ယခင် ရဲရှောင်နှင့် ရန်ငြိုးရန်စ ရှိခဲ့ဖူးသည် ဆိုတာဟာလည်း စုယဲ့ယွဲ့ကို သဘောကျသောကြောင့် မကျေနပ်သဖြင့် ရန်ဖြစ်ခဲ့ဖူးခြင်း ဖြစ်သည်။ ရဲရှောင်သည် စုယဲ့ယွဲ့နှင့် စေ့စပ်ထားသော သတို့သား အလောင်းအလျာ ဖြစ်နေသည့် အချက်ကို သူတို့ မကျေနပ်ဆုံးပင် ဖြစ်၏။
သူတို့သည် ရဲရှောင်တစ်ယောက် ကျိုးကန်း၍ ဒုက္ခိတ ဖြစ်သွားမည်ကို အလွန်မြင်ချင်နေကြ၏။
စုယဲ့ယွဲ့၏ မျက်နှာသည်လည်း ရှက်ရွံ့မှုကြောင့် ရဲလာသည်။ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း ရဲရှောင်၏ အရှေ့သို့ ရောက်သွားကာ ဒေါသတကြီးဖြင့် –
“နင်တုိ့က ဘာဖြစ်ချင်တာလဲ . . .”
လူဆိုးလေးများထဲမှ တစ်ယောက်က ပြုံးလိုက်ရင်း –
“မင်သမီးလေး . . . မကြောက်ပါနဲ့။ ငါတို့က ဒီမှာ ရဲရှောင်ဆီက အကြွေးဟောင်းကို လာပြန်တောင်း နေတာပါ။ အဲဒီကိစ္စ ပြီးတာနဲ့ ထွက်သွားမှာ။ မင်းသမီးလေးကိုလည်း ဘာမှ မလုပ်သေး ပါဘူး ဟားဟားဟား . . .”
သူသည် စုယဲ့ယွဲ့အား ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ရယ်မော၍ ပြောလိုက်၏။ သူ၏ မျက်လုံးများထဲ တွင် ရမ္မက်ခိုးများ ဝေနေလေသည်။
“ဂျန်တိုင်စု . . . မင်းနည်းနည်းပါးပါး သိက္ခာလေးတော့ ရှိပါဦး . . .”
ဇူဝူကျီ ဒေါသတကြီး အော်ပြောလိုက်သည်။
အဆိုပါ ဂျန်တိုင်စု ဆိုသည်မှာ ဘဏ္ဍာရေး အမတ်မင်း၏ သားပင် ဖြစ်၏။ သူမွေးဖွားစဉ်တုန်းက တရုတ်နက္ခတ်ပညာအရ ကြယ်များနှင့် ဂျူပီတာဂြိုလ်တို့ ဆန့်ကျင်ဘက် ဖြစ်နေသည့် အချိန်တွင် ဖြစ်သည်။ ထိုဖြစ်စဉ်ကို နက္ခဗေဒ ပညာအရ တရုတ်လို တိုင်စု ဟု ခေါ်သဖြင့် ယခုကဲ့သို့ ဂျန်တိုင်စုဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
နိမိတ်အရ မည်သည့် မကောင်းမှုမျှ မဖြစ်နိုင်ဟု သတ်မှတ်ရမည် ဖြစ်၏။
တကယ်လည်း ထိုကဲ့သို့ပါပင်။ ဂျန်တိုင်စုသည် မွေးကတည်းက မည်သည့် အခက်အခဲကိုမျှ မကြုံတွေ့ခဲ့ရပေ။ တဏှာစိတ်လည်း အလွန်ပြင်းထန်သူ တစ်ဦးဖြစ်ပြီး ယောကျာ်းလေးများကို ဖိနှိပ်၍ မိန်းကလေးများအား စော်ကားတတ်သည့် လူယုတ်မာ တစ်ဦးပင် ဖြစ်ပေသည်။
ဂျန်တိုင်စုလည်း ရယ်မောလိုက်ရင်း အပြစ်ကင်းစင်သော ဟန်ပန်ဖြင့် –
“ငါ့ကို ပြောတဲ့ကောင်ကိုလည်း ကြည့်ပါဦးး။ အားပါးပါး . . . ကြောက်တောင် ကြောက်လာပြီကွာ။ ငါ့ကိုပြောတာက လိင်တံ အလုပ်မလုပ်ဘဲ ပန်းသေနေတဲ့ သခင်လေးဇူ ပြောနေတာပါလား။ အသံလေးဘာလေး တိုးပါဦးကွာ . . .”
ဇူဝူကျီသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ရဲရဲနီသွားပြီး အလွန်အမင်း ဒေါသထွက်သွားလေ၏။
သူ၏ မွေးရာပါ ရောဂါသည် လျို့ဝှက်ထားသော အရာဖြစ်ပြီး ယခုအခါ လူတိုင်း၏ အရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် အပြောခံ အစော်ကားခံလိုက်ရခြင်းပင် ဖြစ်သည်။
သူသည် ဂျန်တိုင်စုအား အရိုးများထဲထိတိုင်အောင် မုန်းတီးသွားမိပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ရီနေပေသည်။
လန်လန့်လန့်မှ ရယ်မောလိုက်ရင်း –
“အံ့သြစရာ ကောင်းလိုက်တာ . . . ဘဏ္ဍာရေးအမတ်မင်းရဲ့ သားက တစ်နိုင်ငံလုံးမှာ အရှက်အမဲ့ဆုံး လူပါလား . . . မင်းက မင်းအဖေလိုပဲ တော်တော် အရှက်မရှိ ပြောတတ်တယ်နော်။ လေးစားပါတယ်ကွာ . . .”
ဘဏ္ဍာရေးအမတ်မင်းဖြစ်သူ ဂျန်ယုမင်သည် ချန်နိုင်ငံတော် တစ်ခုလုံးတွင် အချမ်းသာဆုံး အမတ်တစ်ဦး ဖြစ်၏။ အချို့ဆိုလျှင် သူ့အား ဥစ္စာရူးဟုပင် ခေါ်ဆိုကြ၏။ နိုင်ငံတော်၏ ဘဏ္ဍာကို စောင့်ရှောက်ရမည့် တာဝန်ယူထားသည်ဟု ဆိုနိုင်မည် မဟုတ်ဘဲ သူ့ဥစ္စာများကိုပင်သူ စောင့်ရှောက်၍ အချိန်ကုန်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။
ကြွက်တစ်ကောင်လိုပင် အရှာအဖွေ တော်လှပြီး သူ၏ ချမ်းသာမှုသည် သူ၏ အထင်ကြီးစရာ အကောင်းဆုံးဟု ဆိုနိုင်မည် မဟုတ်ဘဲ သူ၏ အထင်ကြီးစရာ အကောင်းဆုံး စွမ်းရည်မှာ သူ၏ ငွေကြေးဆိုင်ရာ ကိုင်တွယ်တတ်မှု စွမ်းရည်ပင် ဖြစ်သည်။
သူသည် ဘုရင်ငယ်စဉ် အရွယ်ကတည်းက အမှုတော် ထမ်းခဲ့သူ တစ်ဦးဖြစ်ပြီး ထို့ကြောင့်ပင် ဘုရင်ဟာလည်း သူ့ကို သိပ်ပြီး မရေးမယူဖြစ်ပေ။
ဂျန်ယုမင်သည်လည်း တရားစီရင်ရေးတွင် အရေးပါသည့် လူတစ်ဦးဟု ဆိုနိုင်ပါသည်။ သူ့နေရာကို မည်သူမျှ အစားဝင်နိုင်မည် မဟုတ်ပေ။ ဘုရင်အတွက် ရတနာတစ်ပါးဟုလည်း ဆိုနိုင်၏။ နိုင်ငံတော်တွင်း ငွေကြေးဆိုင်ရာ အရှုပ်အရှင်း တစ်ခုခု ဖြစ်ပေါ်တိုင်း ဂျန်ယုမင်သာ ဖြေရှင်းနိုင်မည် ဆိုတာကို အားလုံး သိထားကြပြီး ဖြစ်၏။
ဂျန်ယုမင်သည် တကယ်တော်သော လူတစ်ဦးပါပင်။ သူ၏ စွမ်းရည်ကြောင့် ဂုဏ်သတင်း ပိုပို ကျော်ဇောလာသလို သူ၏ ပိုင်ဆိုင်မှုများသည်လည်း တိုးတိုးလာသည် ဖြစ်ပေ၏။ သူသည် တရားသော ငွေသာမက မတရားသော ငွေများကိုလည်း မက်မောလာခဲ့သည်။
ဤသည်မှာ ချန်နိုင်ငံတော်၏ တရားစီရင်ရေးတွင် ရှိနေသော ထူးခြားမှု တစ်ခုဟုပင် ဆိုနိုင်ပါတော့သည် . . .။