Chapter- 142
“ပြဿနာလာရှာကြခြင်း”
မင်းသားဟွာရန်းသည် ကျယ်လောင်သော လေသံဖြင့် –
“ဘင်ခရာအဖွဲ့ ဗုံတွေတီးကြ . . .”
ကမ္ဘာမြေတစ်ခုလုံး တုန်လှုပ်ဖွယ်ရာ ဗုံသံများသည် အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ၍ သွားပါတော့သည်။
“ဒုန်း ဒုန်း ဒုန်း ဒုန်း . . .”
“ငါတို့ စစ်ထွက်ဖို့အတွက် ဘာအခမ်းအနားမှ မလိုအပ်ဘူး။ ငါတို့ လိုအပ်နေတာ အောင်မြင်မှု တပွေ့တပိုက်နဲ့ ပြန်လာနိုင်ဖို့ပဲ။ ခမ်းခမ်းနားနား လုပ်စေချင်ရင်တော့ ငါတို့ ပြန်လာတာကို စောင့်နေကြပါ”
မင်းသားဟွာရန်း၏ အသံသည် ကျယ်လောင်လှသော ဗုံသံများ အကြားမှာပင် ပြတ်သားစွာ ထွက်ပေါ်လျက် ရှိသည်။
လူတိုင်း မင်းသား၏ အသံကို ကောင်းစွာ ကြားနိုင်ကြလေ၏။
“င့ါရဲ့ ရဲမက်တွေ တစ်ဖက်ကို လှည့်ပြီး မင်းတို့ရဲ့ အမိမြေကို အရိုအသေ ပေးလိုက်ကြ . . .”
မင်းသား၏ အသံသည် လည်ချောင်းကွဲထွက်မတတ် အော်ဟစ်လိုက်သလို ကျယ်လောင်လှ၏။
ရဲမက်များသည်လည်း ချက်ချင်း ဆိုသလို တစ်ဖက်သို့ ပြိုင်တူ လှည့်လိုက်ကြပြီး ချန်ရှန်းမြို့ရိုးအား မျက်နှာမူလိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် တည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှု၊ သစ္စာရှိမှုတို့ကို အထင်းသား မြင်တွေ့နိုင်ပေသည်။
သူတို့၏ လက်နက်များအား မြောက်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ကြသည်။
“ဘုန်း . . .”
မြေပြင်တစ်ခုလုံး တုန်ခါသွားသလိုပါပင်။
“ချစ်စွာသော အမိမြေနဲ့ ပြည်သူပြည်သားတွေကို နှုတ်ဆက်ပါတယ် . . .”
“ဘုန်း . . .”
“ချစ်စွာသော မိသားစုဝင်တွေ အားလုံးကို နှုတ်ဆက်ပါတယ် . . .”
“ဘုန်း . . .”
“ဘုရင်မင်းမြတ်ကိုလည်း နှုတ်ဆက်ပါတယ် . . .”
မြို့ရိုးနံရံပေါ်တွင် ဘုရင်သည် အဝါရောင်ဝတ်ရုံကို ဝတ်ဆင်လျက် စင်မြင့်တစ်ခုထက်တွင် ရပ်နေလေသည်။ သူသည် လက်များကို နောက်ပစ်ထားပြီး သိန်းချီသော စစ်သည်ရဲမက်များအား ကြည့်နေလေ၏။
ဘုရင်ရပ်နေသော နေရာသည် စစ်တိုက်ထွက်မည့် စစ်သည်များအား ရှေးကတည်းက နှုတ်ဆက်ရန် သတ်မှတ်ထားသော နေရာပင် ဖြစ်လေသည်။
“ဘုန်း . . .”
လက်နက်များ မြောက်လိုက်ချလိုက်ဖြင့် မြေပြင်တစ်ခုလုံး တုန်လှုပ်နေ၏။
ထို့နောက် အားလုံးသော စစ်သည်တော်များသည် လက်သီးကိုဆုပ်၍ ထိုဆုပ်ထားသော လက်သီးကို ရင်ဘတ်နေရာတွင် အရိုအသေ ပြုလိုက်ကြလေ၏။
ဘုရင်သည်လည်း သူ့လက်များကို မြောက်လိုက်ရင်း ထိုကဲ့သို့ မြောက်လိုက်ပုံမှာ ကမ္ဘာကြီး တစ်ခုလုံးအား ကိုင်မထားသည်နှင့်ပင် တူနေပါသေးသည်။
ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် စစ်သူကြီး တစ်ဦးသည် ကျယ်လောင်သော အသံဖြင့် –
“ဘုရင့်အမိန့်တော်ကို ကြေညာပါ့မယ် . . . ကျုပ်တို့အားလုံး အောင်မြင်မှုတွေနဲ့ ပြန်လာရမယ်လို့ ယုံကြည်တယ်။ ကျုပ်တို့ဟာ စစ်သည်ရဲမက်တွေ ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကို ကာကွယ်ကြရမှာပဲ။ ဘုရင့်နိုင်ငံတော် ဘယ်တော့မှ မကျဆုံးစေရဘူး။ ချန်နိုင်ငံတော် ထာဝရ ရပ်တည်နေစေရမယ်။ ကျုပ်ရဲ့ စစ်သည်ရဲမက်တွေအားလုံး စစ်ထွက်မဲ့အချိန်မှာ ကျုပ်ဒီနေရာမှာ ရပ်နေတယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ ပြန်လာတဲ့ အချိန်ကျရင် ဒီကနေ မိုင်ပေါင်း ၁၀၀ ဝေးတဲ့ နေရာထိ သွားပြီး အားလုံးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုပေးမယ် . . .”
ထိုအချိန် စစ်သည်များသည် ဘုရင်အား အရိုအသေ ပြုလိုက်ကြပြန်ပါသည်။
ဘုရင်ကြီးမှ လက်များအား ဝေ့ယမ်းပြလိုက်ပြန်၏။
“သွားစို့ . . .”
မင်းသားဟွာရန်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထို့နောက်တွင်မူ ကမ္ဘာမြေပြင် တစ်ခုလုံး တုန်ခါလာပြန်ပါတော့သည်။
အလံကြီးတစ်ခုကို တလူလူ လွင့်စေလျက် ရှေ့ဆုံးမှ ချီတက်သွားပြီး နောက်မှ မြင်းသည်တော်များ သည်လည်း လျင်မြန်စွာ လိုက်ပါသွားကြ၏။ စစ်ဦးစီး သေနာပတိများသည်လည်း စတင်ထွက်ခွာကုန်ပြီ ဖြစ်၏။
မြင်းများသည် အလွန်လျင်မြန်စွာ ပြေးလွှားသွားခဲ့ပြီး သဲမုန်တိုင်းများကဲ့သို့ ဖုန်မှုန့်များသည် နေရာအနှံ့သို့ ပျံ့လွင့်ကုန်၏။
ထိုကဲ့သို့ ထွက်ခွာသွားသော စစ်သည်တော်များ အားလုံးသည် နောက်သို့ မည်သူမျှ လှည့်မကြည့် ကြချေ။
ထိုစစ်သည်ရဲမက်များထဲတွင် မျက်ရည်များကျနေသည့် စစ်သည်ရဲမက် အချို့လည်း ရှိနေကြ၏။ သို့သော် သူတို့သည် မျက်ရည်ကို သတ်မပစ်ကြချေ။ ရှေ့မှသွားသော သူများ၏ နောက်သို့သာ တစ်လှမ်းချင်း လိုက်ပါသွားကြလေ၏။ မျက်ရည်များကမူ မျက်နှာထက်တွင် စီးကျနေကြဆဲပင်။
“အောင်မြင်ပါစေ . . .”
ပြည်သူပြည်သား အားလုံးသည် တစ်ချိန်တည်းလိုလို တိုင်ပင်ထားကြသည့်အလား အော်ဟစ် အားပေးလိုက်ကြ၏။
အစပိုင်းတွင် ညီညာသော်လည်း နောက်ပိုင်းတွင် တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြလေ၏။
“အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့ကြပါ . . .”
“အောင်မြင်ပါစေ . . .”
“မြန်မြန် ပြန်လာကြပါ . . .”
စစ်သည်တော်များသည်လည်း တောင်ပိုင်းသို့ ထွက်ခွာသွားကြပြီ ဖြစ်၏။
မင်းသားဟွာရန်းသည် မြို့ရိုးအား ကြည့်နေရင်း သူ၏ လှံကြီးကို ကောင်းကင်ထက်သို့ မြောက်ကာ ကျယ်လောင်သော အသံဖြင့် –
“နှုတ်ဆက်ခဲ့ပါတယ် . . .”
ထို့နောက် မြင်းအား ချာကနဲလှည့်ထွက်ကာ လေးမှ လွှတ်လိုက်သည့် မြားတစ်စင်းအလား လျင်မြန်စွာ ပြေးထွက်သွားလေ၏။
မင်းသားဟွာရန်း သွားပြီးနောက် ကျန်ရှိနေသည့် စစ်သည်တော်များလည်း နောက်မှလိုက်သွားကြပြီး ထိုအခိုက် မြည်ဟည်းသော အသံများသည် ကမ္ဘာတုန်လှုပ် ဖွယ်ရာပါပင်။
မြို့ရိုးထက်မှ ဘုရင်သည် သူ၏ စစ်သည်တော်များ ထွက်ခွာသွားသည်ကို ကြည့်နေ၏။ စစ်သည်တော်တိုင်း နောက်သို့ တစ်ချက် လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်ကို မြင်သောအခါ သူ၏ မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်သွားလေ၏။
သူ၏ မျက်ဝန်းများမှာမူ အနည်းငယ် ရဲနေပေသည်။
ထို့နောက် နူးညံ့သော လေသံဖြင့် –
“ဘယ်လောက်တောင် ခမ်းနားလှတဲ့ မြင်ကွင်းလဲ . . . ဒါမှ ငါ့နိုင်ငံတော်ရဲ့ သစ္စာရှိ စစ်သည်တော် အစစ်အမှန်တွေ . . .”
. . .
ယခုအခါ မနက်ခင်း နေမြင့်နေပြီဖြစ်ပြီး စစ်သည်တော်များ ထွက်ခွာသွားကြသဖြင့် ထိုနေရာ တစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်သွားလေ၏။
မြေပြင်ထက်တွင် စက္ကူအပိုင်းအစ တစ်ခုပင် မကျန်ရစ်ခဲ့ချေ။
အရာအားလုံးသည် သန့်ရှင်းလျက်ပါပင်။
ယခုနေရာတွင် ယာယီသန့်စင်ခန်း အနည်းငယ်ကိုလည်း ဆောက်လုပ်ထားပြီး ထို့ကြောင့်ပင် လူတိုင်း၏ စည်းစနစ် ရှိမှုကို မြင်တွေ့နိုင်ပေသည်။
ယခုမနက်ခင်းသည် သာမန်မနက်ခင်းများကဲ့သို့ မဟုတ်ချေ။ စစ်သည်ပေါင်း ၃ သိန်းတို့ စစ်ထွက်သွားရသည့် ခမ်းနားဖွယ် မြင်ကွင်းတစ်ခုကို ပေးစွမ်းခဲ့သော မနက်ခင်းပင် ဖြစ်၏။
ယခုနေရာတွင် ရပ်၍ ကြည့်နေကြသည့် ပြည်သူအများအပြား ရှိနေသေးသည်။
သူတို့သည် စစ်သည်တော်များအားလုံး ထွက်ခွာသွားသည်ကို ကြာမြင့်စွာ ရပ်၍ ကြည့်နေကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိ ရပ်ကြည့်နေကြ၏။ ထိုကဲ့သို့ ပျောက်ကွယ်သွားသည်တိုင် သူတို့သည် စစ်သည်များ ထွက်ခွာသွားရာဘက်သို့ မျှော်လင့်ချက်များ၊ စိတ်ပူပန်မှုများဖြင့် ကြည့်နေကြမိ သေး၏။
ထိုစစ်သည်များသည် တိုက်ပွဲမြေပြင်သို့ မရောက်သေးဘဲ လမ်းခရီးမှာတင် ဖြစ်သည့်တိုင် လူများ၏ စိုးရိမ်ပူပန်မှုများသည် ယခုအချိန်ကစ၍ပင် ဖြစ်ပေါ်နေမိကြပြီ ဖြစ်သည်။
ရဲရှောင်သည်လည်း မြင်းပေါ်တွင် ရှိနေပြီး မြေကွက်လပ်ကြီးအား ငေးနေမိ၏။ သူ၏ စိတ်ထဲတွင်လည်း သွေးများ ပွက်ပွက်ဆူနေသလို ခံစားရလေသည်။
(နောက်ဆုံးတော့ သူတို့စစ်တိုက်ထွက် သွားကြပြီပေါ့ . . . အောင်မြင်မှုတွေနဲ့အတူ ပြန်လာနိုင်ကြ ပါစေလို့ ငါဆုတောင်းပါတယ် . . .)
သူနှင့် မလှမ်းမကမ်းသို့ ရထားလုံးတစ်စီး ဆိုက်ရောက်လာပြီး ရထားလုံးထဲတွင် စုယဲ့ယွဲ့၏ ဝမ်းနည်းနေသည့် မျက်နှာလေးကို မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများသည် နီရဲနေပြီး မျက်ရည်စများလည်း ရှိနေတုန်းပါပင်။
“ရှောင်ရှောင် . . .”
သူမ တုန်ရီသော အသံလေးဖြင့် ခေါ်လိုက်၏။
ရဲရှောင်ကို တွေ့သည့်အခါ သူမသည် မထိန်းထားနိုင်တော့ဘဲ မျက်ရည်များ ထပ်မံ၍ ကျဆင်းလာပြန်ပါသည်။ ကလေးတစ်ဦး အမှားလုပ်မိသဖြင် ငိုယိုနေသလို ဖြစ်နေ၏။ သူမသည် စိတ်ဓာတ်ကို တင်းတင်းထား၍ မငိုအောင် ကြိုးစားနေမိသော်လည်း သူမနှင့် အနီးကပ်ရင်းနှီးသည့် တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရသည့်အခါ မျက်ရည်များကို ထိန်းထားနိုင်စွမ်း မရှိတော့ချေ။
“အားလုံး အဆင်ပြေသွားမှာပါ . . .”
ရဲရှောင်လည်း ညင်သာသော လေသံဖြင့် ပြောလိုက်၏။
“အားလုံး အေးအေးဆေးဆေး ဖြစ်မှာ၊ မင်းသားဟွာရန်း အောင်အောင်မြင်မြင် ပြန်လာလိမ့်မယ် မယုံစောင့်ကြည့်နေ . . .”
“အင်းပါ . . .”
စုယဲ့ယွဲ့ လေးကန်စွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် သူမသည် အသည်းမာသောသူ တစ်ဦးအဖြစ် ရှိမနေတော့ဘဲ ပျော့ညံ့သည့် မိန်းကလေးတစ်ဦးလို ဖြစ်နေလေ၏။
“ငါ့အမေက ငါနဲ့အတူ လိုက်မလာဘူး။ အဖေက သူ့ကို မလိုက်ခိုင်းဘူးလေ။ တကယ်တော့ ငါလည်း ခိုးထွက်လာတာပါပဲ။ ငါ့အဖေငါ့ကို မြင်သွားမှာ ငါမလိုလားဘူး . . .”
ရဲရှောင် သက်ပြင်းသာ ချမိသည်။
မင်းသားဟွာရန်းသည် သူ၏ စိတ်ဓာတ်မာကြောမှုကို ပြသသွားခြင်းပင် ဖြစ်၏။ အကယ်၍ သူ့မိသားစုသာ ယခုနေရာတွင် ရှိနေပါက သံယောဇဉ်မပြတ်နိုင် ဖြစ်နေမိမည် ဖြစ်သည်။ စိတ်ဓာတ်မာကြောလှသော မင်းသားသည် သူ့ဇနီးကို တွေ့ရမည်ကို အလွန်ကြောက်နေမိ၏။ ဝမ်းနည်းမှု ကြောင့် သူ၏ စိတ်ဓာတ်များ ယိုင်နဲ့သွားမည်ကို စိုးရိမ်နေခြင်းပင် ဖြစ်၏။
ထိုကဲ့သို့ သူကိုယ်တိုင်က ပျော့ညံ့နေပါက သူ့လူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက် စေနိုင်မည် ဖြစ်ပေသည်။ သူ၏ ဝမ်းနည်းမှုကို မည်သူမျှ မမြင်စေချင်ပါပေ။
တဖြည်းဖြည်းဖြင့် လူများသည်လည်း သူ့ဆိုင်ရာ နေရာများ အသီးသီးသို့ ပြန်ထွက်ခွာ ကုန်ကြပြီ ဖြစ်သည်။
ဝမ်းနည်းသည့် မျက်နှာထားများဖြင့် လူတို့သည် လေးကန်သော ခြေလှမ်းများဖြင့် မြို့ထဲ ဝင်သွားကြခြင်းပင် ဖြစ်၏။
အချို့သော မိန်းမများဆိုလျှင် နောက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြန်သွားကြခြင်း ဖြစ်သည်။
သူမတို့သည် သူမတို့၏ ယောကျာ်းများ မြင်းများစီးကာ သူမတို့ရှေ့ အံ့သြဖွယ်ကောင်းစွာ ပြန်လည်ပေါ်လာလေမလားဟု ထင်နေကြခြင်းပင် ဖြစ်၏။ သို့သော်လည်း သူမတို့၏ မျှော်လင့်ချက်များမှာ မျက်ရည်များဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။
ရဲရှောင်နှင့် စုယဲ့ယွဲ့တို့သည် ဂိတ်ဝတွင် အကြာရှိ ရပ်နေမိကြပြီး ထွက်ခွာလိုစိတ်လည်း မရှိကြချေ။
ထိုအချိန် မြို့ရိုးပေါ်မှ ဘုရင်လည်း သက်ပြင်းချလိုက်ရင်း –
“ဒင်ဂူ . . . မင်းကံကောင်းပါစေလို့ ငါဆုတောင်းပါတယ်။ ငါ့စကားတွေကိုလည်း မမေ့ပါနဲ့ . . .”
ထို့နောက် ချာခနဲ လှည့်ထွက်ကာ သူ၏ နန်းတော်သို့ ပြန်လည် ထွက်ခွာ သွားလေ၏။
တစ်နာရီခန့် ကြာသောအခါ အားလုံး အလုပ်ကိုယ်စီ ဖြစ်ကုန်ကြပြီ ဖြစ်သည်။
ကမ္ဘာကြီးတစ်ခုလုံး နဂိုမူလ ပုံစံအတိုင်း လည်ပတ်နေပြီ ဖြစ်၏။ ဝမ်းနည်းမှုများသည်လည်း လေနှင့်အတူ လွင့်ပါသွားပြီဟု ဆိုနိုင်ပါသည်။
ဇူဝူကျီနှင့် လန်လန့်လန့်တို့သည်လည်း ရဲရှောင်နှင့်အတူ ရှိနေကြသည်။ သူတို့သည် သူတို့၏ မျိုးနွယ်စုဝင်များနှင့်အတူ ရဲရှောင်တို့အတွဲအား ငေးကြည့်နေကြ၏။ ချက်ချင်း အနားသို့ သွားရောက်ခြင်း မရှိကြချေ။
(အတွဲလေးပါလား . . . စုယဲ့ယွဲ့က သူ့အဖေ ထွက်သွားတာကို မြင်ပြီး ဝမ်းနည်းနေတာ ဖြစ်မယ်။ အဲဒါကို ရဲရှောင်က နှစ်သိမ့်ပေးနေပုံပဲ။ ငါတို့တွေ အခုနေ ဝေးဝေးနေနေတာ ကောင်းမယ်။ ပြီးကျမှ စကားလေးဘာလေး သွားပြောတာပေါ့ . . .)
စုယဲ့ယွဲ့သည် ရဲရှောင်၏ မြင်း၏ဘေးတွင် ရပ်နေခြင်းဖြစ်ပြီး သူမအဖေ ထွက်ခွာသွားသည့်ဘက်သို့ လည်တဆန့်ဆန့်ဖြင့် ရှိနေလေ၏။
“အဖေ . . . အဖေက အမြဲတမ်း ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ပါ။ ဒီတစ်ခါမှာလည်း လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အောင်မြင်မှုနဲ့အတူ ပြန်လာခဲ့ပါ . . .”
သူမ တီးတိုး ရေရွတ်လိုက်မိသည်။ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမအဖေ အား တိတ်တဆိတ် အားပေးနေမိ၏။ တစ်ချိန်တည်းမှာပင် သူမကိုယ်သူမလည်း ဖြေသိမ့်နိုင်အောင် ကြိုးစားနေလေသည်။
မွန်းတည့်ချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထိုအချိန်ထိတိုင်အောင် သူမသည် မပြန်သေးဘဲ ရှိနေသဖြင့် ရဲရှောင်လည်း သူမကို နှစ်သိမ့်နေပေးပြန်၏။ ထိုအချိန်မှာပင် ဇူဝူကျီနှင့် လန်လန့်လန့် တို့သည်လည်း အနားသို့ လျှောက်လာကြပါတော့သည်။
ထိုအခိုက် ကြမ်းတမ်းလှသော မြင်းခွာသံများကို အားလုံး ကြားလိုက်ကြရသည်။
မြို့ပြင်ဘက်တွင် မြင်းများ ဒုန်းစိုင်းစီးနေသည့် လူအချို့ ပေါ်လာပါသည်။ အားလုံးသည် လူငယ်များ ဖြစ်ကြပြီး သားနားသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။ မထေမဲ့မြင် မျက်နှာထားများဖြင့် သူရဲကောင်းကြီးများသဖွယ် ဟန်ပါပါ ရှိနေကြသည်။ ကျယ်လောင်စွာ စကားပြောဆို ရယ်မောကာဖြင့် နေ့တစ်နေ့ကို အရုပ်ဆိုး အကျည်းတန်နေစေ ပါတော့သည်။
ကြီးမြတ်လှသည့် စစ်သည်ရဲမက်များ ထွက်သွားပြီးနောက် ရုတ်တရက် ဆိုသလို လူငယ်အဖွဲ့ ရောက်ရှိလာခြင်း ဖြစ်သည်။
ဂိတ်တွင် ရှိနေကြသည့် အရာရှိအချို့နှင့် အစောင့်များသည်လည်း ထိုလူငယ်များအား ကြည့်ရင်း ဒေါသထွက်နေမိကြလေ၏။
(လေးစားဖွယ် စစ်သည်တွေက တိုက်ပွဲအတွက် ထွက်ခွာသွားကြပြီ။ ဒီမျိုးမစစ် လူရှုပ်လူပွေလေး တွေကတော့ ထွက်သွားတဲ့ လူတွေကိုတောင် လာနှုတ်ဆက်ခဲ့ပုံ မပေါ်ဘူး။ ဒါကထားပါတော့ လူတိုင်း လုပ်ရမယ်လို့မှ မဟုတ်တာ။ ဒါပေမဲ့ သူတို့ထွက်သွားတာနဲ့ အခုလို အချိုးချိုးတာတော့ လွန်လွန်းပါတယ်။ ဘယ်လိုကောင်တွေမှန်းကို မသိဘူး . . .)
ထွက်ခွာသွားသည့် ရဲမက်များအား စော်ကားလိုက်သကဲ့သို့ အားလုံး ခံစားမိလိုက်ကြ၏။
ဇူဝူကျီ၏ မျက်လုံးများ ဒေါသကြောင့် အရောင်တောက်သွားသည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“ရဲရှောင် . . . ဒုက္ခတော့ ရောက်ပြီ . . .”
ရဲရှောငလြည်း ခေါင်းမော့ကြည့်ရင်း –
“ဒုက္ခရောက်ပြီ ဟုတ်လား . . .”
ရဲရှောင်အဖို့ ရဲရှောင်ဟူ၍ ဖြစ်လာသည့် အချိန်ကတည်းက ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်လာခဲ့ရသူ တစ်ဦး ဖြစ်သည်။ သို့သော် ယခုလိုနေ့မျိုးတွင် မည်သည့်ပြဿနာမျှ မဖြစ်ချင်ပေ။ အဘယ်ကြောင့်ဆို သော် ယနေ့သည် နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သောကြောင့်ပင်။ ပြဿနာ ဖြစ်ရမည် ဆိုပါက ရှက်စရာပင် မဟုတ်ပါလား။
သို့သော် မည်သည့် ဒုက္ခမျိုး ဖြစ်နိုင်ပါမည်နည်း။
ရဲရှောင်၏ စိတ်ထဲတွင် ရှောင်ဧကရာဇ်၏ ဘဝဖြစ်စဉ်များကိုသာ စွဲမြဲနေသလို ဖြစ်နေသည့်အတွက် မြို့တော်ရှိ လူများအားလုံးကို မှတ်မိနေခြင်း မရှိချေ။ ကံကောင်းသည့် အချက်မှာ ဇူဝူကျီ၏ ရှင်းပြမှုကြောင့်ပင် ဖြစ်သည်။
“သူတို့ရဲ့ ခေါင်းဆောင်က လိချန်ဇီတဲ့ . . . လက်ယာအမတ်မင်းရဲ့ မြေးပဲ။ သူ့နောက်က ဘဏ္ဍာရေးအမတ်မင်းရဲ့သား ဂျန်တိုင်စုတဲ့။ နောက်တစ်ယောက်ကတော့ ယဉ်ကျေးမှုအမတ်မင်းရဲ့ သား၊ နောက်တစ်ယောက် . . .”
ဇူဝူကျီသည် တစ်ယောက်ချင်း၏ နာမည်အား ရွတ်ပြနေသည်။
လန်လန့်လန့်ကမူ ပြုံးလျက် –
“ဒီခွေးကောင်တွေက ငါတို့နဲ့ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်ခဲ့ဖူးတယ် . . .”
ရဲရှောင် မျက်မှောင်ကြုတ်သွားမိသည်။
(ဒီမှာ ပြဿနာ လာရှာတယ်ဆိုတော့ တကယ့်ပြဿနာကြီး ဖြစ်ချင်လို့နေမှာပဲ . . .)
သူတို့သည် သူတို့၏ မြင်းရိုက်သည့် ကြာပွတ်များအား ဝေ့ယမ်းရင်း ကျယ်လောင်စွာ အော်ဟစ်လျက် လျှောက်လာနေကြပါတော့သည် . . .။