Switch Mode

Chapter – 141

ထွက်တော်မူနန်းကခွာ

Chapter – 141
“ထွက်တော်မူနန်းကခွာ”

ဝမ်အာ၏ မျက်နှာလေး နီရဲသွားပြီး ခေါင်းငုံ့လျက်သာ ရှိနေ၏။
(ဆရာက တကယ်ကိုပဲ အရမ်းပြောင်းလဲသွားခဲ့တာပါလား . . .)
ဝမ်အာ သူမစိတ်ထဲ စဉ်းစားနေမိသည်။
“ကောင်းကင်ကြီးက အဆုံးအစ မရှိဘူး။ ကြည့်တော့သာ နီးနီးလေး ထင်ရပေမဲ့ တကယ်တမ်းတော့ အကျယ်ကြီးပါ။ အခုတော့ ငါကောင်းကောင်းသိပြီ။ အကယ်၍ ကောင်းကင် လျို့ဝှက် ရတနာကို ငါမရခဲ့ရင် ငါတို့ ၃ ယောက်လုံးက ဒီလိုပဲ ထာဝရ နေသွားရတော့မှာလား . . .”
သခင်ကြီးဘိုင် နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
“ငါတို့ ဒီတိုင်းပဲ နေသွားမယ် ဆိုရင် ဘဝဆုံးတဲ့ အချိန်ထိ ငါလည်း နောင်တတွေ တပွေ့တပိုက် ရနေမိမှာပဲ။ ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်ခဲ့တာ မဟုတ်လား . . .”
ထို့နောက် သက်ပြင်းချလိုက်ပြန်ရင်း –
“ငါ့မှာ မင်းတို့ နှစ်ယောက် ရှိနေတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံးက ငါ့ကို မနာလို ဖြစ်နေကြတယ် ဆိုတာကို ငါသိပါတယ်။ ငါ့အတွက်ကတော့ သူများမနာလိုစရာ ဖြစ်ခံနေရတာပေါ့ ဟားဟား . . .”
ဝမ်အာ နှုတ်ခမ်းကို ကိုက်လျက် ပြုံးနေမိသည်။
သခင်ကြီးဘိုင်မှ –
“ဒီည ရဲရှောင် မင်းကို စားတော့ဝါးတော့မတတ် ကြည့်နေတဲ့ အချိန်မှာတုန်းက ငါဘယ်လို ခံစားရလဲဆိုတော့ ဟား ဟား . . .”
ထိုကဲ့သို့ ပြောပြီးသည်နှင့် ရယ်မောလိုက်လေ၏။ ဝမ်အာလည်း သခင်ကြီးဘိုင်၏ ခါးအား ဖွဖွလေး ဆိတ်လိုက်ရင်း –
“ဆရာက ဒီရဲရှောင်ကို ရှောင်ဧကရာဇ်လို့ ထင်နေတုန်းပဲလား . . .”
ဝမ်အာ မေးလိုက်သည်။
“ငါက သံသယ ဖြစ်နေတာပါ . . .”
သခင်ကြီးဘိုင် ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ငါမဖြေရှင်းနိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်။ အချိန်ကိုပဲ စောင့်ကြတာပေါ့”
“ဆရာမဖြေရှင်းနိုင်တဲ့ အရာတွေ ဟုတ်လား . . .”
ဝမ်အာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ် . . . ပထမအချက် ရှောင်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ တုန်းက အထွတ်အမြတ် နယ်မြေလေးခုကို သွားခဲ့တယ်။ တကယ်လို့ သူသာ အဲဒီတုန်းက ကောင်းကင်လျို့ဝှက် ရတနာကို ရခဲ့ရင် နှစ်တစ်ရာအတွင်း အဲဒါကို ထုတ်မှာပဲ။ နောက်ပြီး အခုလို အသတ်ခံရစရာလည်း အကြောင်းမရှိဘူး . . . သူသာ ကောင်းကင်ရတနာကို လေ့လာမိခဲ့ရင် ချင်းယန်နယ်ပယ် တစ်ခုလုံးနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင်မှ အလွယ်တကူ အနိုင်ရခဲ့မှာပဲ။ အခုတော့ သူဟာ ဖျက်ဆီးခံခဲ့ရပြီ . . .”
“ဒုတိယအချက်က သူရတာကို မရခဲ့ဘဲ အခုလို ရဲရှောင်အဖြစ် ပြန်လည် မွေးဖွားလာမယ် ထားပါဦး။ သူကျင့်ကြံတဲ့ ကျင့်စဉ်က မီးဓာတ်အထူးပြု ကျင့်စဉ်ပဲ ဖြစ်ရမယ်လေ။ အအေးစွမ်းအင်မျိုး ဘယ်လိုမှ မဖြစ်နိုင်တာပဲ . . .”
“တတိယအချက် . . . ရှောင်ဧကရာဇ်ဟာ တကယ့် သူရဲကောင်းတစ်ယောက်။ မိန်းကလေးတွေကို နောက်လိုတဲ့၊ စော်ကားလိုတဲ့စိတ်မျိုး ရှိမှာ မဟုတ်ဘူး။ တကယ်လို့ လုပ်ခဲ့မယ် ဆိုရင်လည်း အဲဒီလို နာမည်ကျော်တစ်ယောက် ဖြစ်လာစရာ အကြောင်း မရှိဘူး . . .”
တခဏမျှ ရပ်လိုက်ပြန်ရင်းမှ –
“ဒါပေမဲ့ ငါ့ရဲ့ သံသယကို ဖယ်ထားလိုက်လို့တော့ မဖြစ်ဘူး။ ဝမ်အာ . . . မင်းငါပြောသလို သေချာပေါက် ဂရုတစိုက် လုပ်မှဖြစ်မယ်။ အသေးစိတ် အချက်အလက်လေး ကိုတောင် မလွဲမှားပါစေနဲ့။ ပြီးပြည့်စုံအောင် လုပ်ပါ . . .”
“နောက်ပြီး ရဲရှောင်ဆိုတာ ရှောင်ဧကရာဇ် မဟုတ်ဘူး ဆိုရင်တောင်မှ အလားအလာရှိတဲ့ ပညာရှင် တစ်ယောက်ပဲ။ ဒီလိုလူမျိုးကို အထင်သေးလို့ မရဘူး။ မျိုးဆက်သစ်တွေကိုဆို ပိုလို့တောင် အထင်သေးလို့ မရသေးတယ် . . .”
ဝမ်အာလည်း ခေါင်းညိတ်ပြလိုက်လေ၏။
ထိုအချိန်တွင် သူမသည် ကြည်နူးစရာများကို မစဉ်းစားနေနိုင်တော့ချေ။
သခင်ကြီးဘိုင် ပြောသမျှသည် အမှန်တွေချည်းသာ ဖြစ်ပေသည်။
“ဆရာ . . . အမှန်တရားကို သက်သေပြဖို့အတွက် ပိုပြီး ကောင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ် . . .”
ဝမ်အာ ပြောလိုက်သည်။
“ဟုတ်လား . . . ဘာများလဲ . . .”
သခင်ကြီးဘိုင် ပြုံးလျက် မေးလိုက်သည်။ သူမပြောမည့် အရာကို ကြိုတင်၍ သိနေသလိုပါပင်။
“ဒီရဲရှောင်ကို ကျွန်မကိုယ်တိုင် သတ်လိုက်မယ်လေ။ အဲဒါအမှန်တရားပဲ၊ ဘယ်လိုတွေပဲ ဖြစ်နေပါစေ အရာအားလုံး အဆုံးသတ်သွားမှာပဲ မဟုတ်လား။ နောက်ဆုံး ဒီရဲရှောင်ဆိုတာ ရှောင်ဧကရာဇ် ဖြစ်နေမယ် ဆိုရင်တောင်မှ အခုချိန်မှာ အရမ်းအားနည်းနေသေးတယ်။ ဘယ်လောက်ပဲ စွမ်းတယ်ပြောပြော ကျွန်မလက်ထဲ သေချာပေါက် သေရမှာ သေချာတယ် . . .”
“မဟုတ်တာ . . . ငါတို့ ဒီလိုလုပ်လို့ မရဘူး . . .”
သခင်ကြီးဘိုင် ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍ –
“တကယ်လို့ ကောင်းကင်လျို့ဝှက်ရတနာကို သူကပဲ ထိန်းချုပ်လို့ ရတယ်ဆိုရင် သူသေသွားတာနဲ့ အဲဒါလည်း ပျောက်ကွယ်သွားမှာပဲ။ ငါတို့ရဲ့ မမေ့နိုင်စရာ ဒုက္ခတွေကို အစကပြန်ပြီး ခံစားကြရဦးမယ်။ မင်းတို့အနေနဲ့ ဘာမှ သိပ်မဖြစ်ပေမဲ့ ငါ့အတွက်ကတော့ အဆင်မပြေနိုင်ဘူးလေ . . .”
“အဲဒါကြောင့် ရဲရှောင်ဟာ အနည်းဆုံးတော့ အခုထိ အသက်ရှင်နေဖို့ လိုအပ်သေးတယ်။ တကယ်တော့ ငါက သူရှောင်ဧကရာဇ် ဖြစ်နေပါစေလို့သာ ဆုတောင်းမိတယ်။ သူ့လက်ထဲ ရတနာ ရှိနေတယ် ဆိုရင်တောင်မှ မင်းပြောခဲ့သလိုပဲ သူက အခုချိန်မှာ အားနည်းနေတုန်း ဖြစ်တဲ့အတွက် ငါတို့ လုပ်ချင်သလို ရသွားမှာ သေချာတယ်။ အဲဒီအခါ ရတနာကိုလည်း ငါတို့ရပြီပေါ့။ ဒီလို ဆိုရင်တော့ ငါတို့အတွက် အချိန်ကုန်လူပင်ပန်း သက်သာသွားမှာပဲ . . .”
ဝမ်အာ ကြောင်ငေးသွားမိ၏။
အခြေအနေများသည် သူမထင်ထားသည်ထက် ပို၍ နက်နဲသိမ်မွေ့လှသည်ကိုလည်း သဘောပေါက်သွားမိသည်။
ရဲရှောင်သည် ရှောင်ဧကရာဇ် ဟုတ်လား မဟုတ်ဘူးလားဆိုတာ သူတို့အတွက် မသေချာချေ။ အကယ်၍ ဟုတ်ခဲ့သည် ဆိုလျှင်တောင် ရတနာကို ယူနိုင်မည့် နည်းလမ်းအား စဉ်းစားရမည် ဖြစ်ပေသည်။
လက်ရှိအချိန်တွင် သခင်ကြီးဘိုင်သည် အများကြီး ထပ်၍ မပြောလိုတော့သဖြင့် သူတို့၏ စကားဝိုင်းသည် ထိုနေရာတွင်ပင် အဆုံးသတ်ခဲ့ရ၏။
ဘီးတပ်ကုလားထိုင်သည်လည်း အိမ်လေး ရှိရာသို့ တဖြည်းဖြည်းချင်း ရွေ့သွားပါတော့သည်။
“ဆရာ မနက်ဖြန်ကစပြီး ဆရာပြောသမျှတွေကို ကျွန်မ စလုပ်ပါတော့မယ်။ တောင်ပိုင်းကို သွားရလိမ့်မယ်။ ဒီအတောအတွင်း ကျွန်မနဲ့ ချူးအာ ဆရာ့ပေးမှာ ရှိနေပေးနိုင်မှာ မဟုတ်ဘူး။ ဂရုစိုက်ပါ”
“ငါသိပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့။ ငါ့ရဲ့ ကျင့်ကြံမှုကို အကုန်မထုတ်နိုင်ပေမဲ့ ငါမသေချင်သေးသ၍ ချင်းယန်နယ်ပယ်က လူတောင်မှ ငါ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး . . .”
“ကောင်းပါပြီ။ ကျွန်မတို့ကို စိတ်ပူအောင် မလုပ်ပါနဲ့ . . .”
“မင်းကတော့လေ . . . ငါဂရုစိုက်ပါ့မယ်။ မြန်မြန်သာ ပြန်လာခဲ့ . . .”
“ဟုတ်ကဲ့ပါ . . .”
ဝမ်အာလည်း သခင်ကြီးဘိုင်တွက် အိပ်ယာပြင်ဆင်ပေးပြီးနောက် တွဲ၍ အိပ်ယာပေါ်သို့ ကူညီတင်ပေးလိုက်၏။ ထို့နောက် အခန်းတွင်းမှ ပျော်ရွှင်သော မျက်နှာထားဖြင့် ထွက်လာခဲ့ပြီး သူမ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလျက် ရှိနေလေသည်။
သူမ၏ လက်ကျန်ဘဝတလျှောက်လုံး သူမ၏ ဆရာဖြစ်သူနှင့် အတူရှိသွားရတော့မည့် အဖြစ်ကို တွေးမိရင်း ကျေနပ်နေမိ၏။
“နတ်ဘုရားများထံမှာ ဆုတောင်းပါတယ် . . . ကျွန်မရဲ့ဆရာ သူ့အိပ်မက်တွေ မကြာခင် အကောင်အထည် ဖော်နိုင်ပါစေ။ ကျွန်မကိုလည်း သူနဲ့အတူ ရှိနေနိုင်အောင် အခွင့်အရေး ပေးသနားတော် မူပါ . . .”
“အဲဒီလိုသာ အတူရှိနေခွင့် ရမယ်ဆိုရင် ဒီဘဝပြီးနောက်ဘဝဆက်တိုင်း ဘာပဲ ဖြစ်ရဖြစ်ရပါ။ လက်ရှိဘဝအတွက် ဆန္ဒကိုသာ ဖြည့်ဆည်းပေးတော်မူပါ . . .”
သူမသည် ဒူးထောက်၍ ဆုတောင်းနေမိသည်။ နောက်ဆုံးတွင် ဦးချလိုက်တော့၏။
သူမ၏ ဆံပင်များသည်လည်း ကြမ်းပြင်ပေါ်တွင် ပုံကျလျက် ရှိနေပါသည်။
“နတ်ဘုရားများ ကယ်တင်ပေးတော်မူပါ . . .”
. . .
လရောင်သည် နေရာအနှံ့ကို ဖြန့်ကျက်ထားလျက် ရှိပြီး ဝါးရုံတောအတွင်းတွင် လေတိုးသံများမှ အပ မည်သည့်အသံကိုမျှ ကြားရမည် မဟုတ်ချေ။ ဝါးပင်များ ယိမ်းထိုးလျက် တိတ်ဆိတ်သော ညတစ်ညပင်ဖြစ်၏။
သခင်ကြီးဘိုင်သည် အခန်းတွင်းရှိ အိပ်ယာထက်တွင် လှဲလျောင်းလျက် ရှိနေသည်။
မော်တယ်ကမ္ဘာ၏ ကံကြမ္မာကို ရာစုနှစ်များစွာ ပြောင်းလဲခဲ့သည့် သခင်ကြီးဘိုင်သည် လက်ရှိအချိန်တွင် မျက်မှောင်ကြုတ်လျက်ပင် မျက်စိများကို ပိတ်ထား၏။ သူ၏ ခန့်ညားသော ရုပ်သွင်တွင် စိုးရိမ်ပူပန်မှုများကို မြင်တွေ့နိုင်လေသည်။
တခဏအကြာတွင် လေသံတီးတိုးဖြင့် –
“ရဲရှောင် . . . ရဲရှောင် . . . မင်းက ဘယ်သူများလဲကွာ . . .”
. . .
နောက်တစ်နေ့မနက်တွင် ဖြစ်သည်။
ရဲရှောင်သည် စောင့်ကြည့်မျှော်စင်ထက်မှ စောစောစီးစီး ဆင်းလာခဲ့ပြီးနောက် မြို့ထဲမှ လျင်မြန်စွာ ထွက်ခွာလာခဲ့၏။ ယခုအခေါက်တွင် သူနှင့်အတူ အိမ်တော်ထိန်းကြီးလည်း ပါလာလေ၏။ သူတို့သည် မြင်းကိုယ်စီစီး၍ ခပ်သုတ်သုတ်ပင် ထွက်လာကြခြင်း ဖြစ်သည်။
ယနေ့သည် မင်းသားဟွာရန်း စစ်တိုက်ထွက်မည့်နေ့ပင် ဖြစ်လေ၏။
သူတို့အနေဖြင့် မည်မျှအထိ အလုပ်များနေသည် ဖြစ်စေ မင်းသားတို့ ထွက်ခွာသွားသည်ကို သွားကြည့်ကြမည်ပင် ဖြစ်သည်။
မနက်အစောကြီး ဖြစ်သဖြင့် ကောင်းကင်ကြီးပင် လင်းလင်းချင်းချင်း မရှိသေးချေ။ မနက်ခင်း လေပြည်လေးများက ညင်သာစွာ တိုက်ခတ်လျက် ရှိနေ၏။ ကောင်းကင်တစ်ခွင်လုံးသည်လည်း တိမ်ဟူ၍ လုံးလုံးမရှိဘဲ ကြည်လင်လျက် ရှိနေပါတော့သည်။
မြို့ပြင်ဘက်တွင် စစ်ချီသံများ ပီပီသသ ထွက်ပေါ်လျက် ရှိ၏။
သတ်ဖြတ်လိုသော အငွေ့အသက်များသည်လည်း ကောင်းကင်ယံထက်တွင် လွှမ်းခြုံနေသလိုပါပင်။
ရဲရှောင်နှင့် အိမ်တော်ထိန်းကြီး ဆောင်ဂျုတို့သည် မြင်ကိုယ်စီဖြင့် အသံထွက်ပေါ်လာရာသို့ အလျင်အမြန် လာနေကြ၏။ မြင်းခွာသံများသည် တိတ်ဆိတ်နေသည့် မြို့လေးအတွင်း ကျယ်လောင်စွာ ထွက်ပေါ်နေပါတော့သည်။
ယနေ့တွင် မြို့တံခါးအား အစောကြီးကတည်းက ဖွင့်ထားခဲ့ပြီး လမ်းပေါ်တွင်လည်း မည်သူမျှ ရှိမနေကြချေ။
ရဲရှောင်တို့လည်း မြင်းကို အမြန်ဆုံးစီး၍ လာနေကြခြင်း ဖြစ်ပေသည်။
လမ်းမများပေါ်တွင် လူမရှိသော်လည်း မြို့ပြင်အထွက်တွင် လူအပြည့် ရှိနေကြ၏။
ကောင်းကင်ယံတွင် အလံတော်များ တလူလူ လွင့်လျက် ရှိနေပြီး လေတိုက်ခတ်မှုသည်လည်း အလံများ လေထဲ လွင့်မျောနေစေရန် တမင်လုပ်ယူထားသလိုပင် အဆက်မပြတ် တိုက်ခတ်နေပါတော့ သည်။
စစ်သည်အုပ်စု ငါးစုသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ်တွင် နေရာယူထားကြပြီး တိတ်ဆိတ်စွာပင် ရပ်နေကြသည်။
ပထမဆုံး နေရောင်ခြည် မြေပြင်ပေါ်သို့ ကျရောက်သည့် အချိန်တွင် အားလုံးသော လူတို့သည် မျက်လုံးများ လောင်ကျွမ်းသွားမလိုပင် ခံစားလိုက်ကြရ၏။
စစ်သည်တော် ၃ သိန်းသည် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး လက်နက်တိုင်းမှာလည်း ချွန်ထက်၍ တောက်ပလျက် ရှိသည်။ အဆိုပါ လက်နက်များအား မြဲမြံစွာ ကိုင်ဆောင်ထားခြင်း မရှိကြဘဲ အဆိုပါ လက်နက် ထိပ်စွန်းများသည် နေရောင်ခြည်နှင့် ထိတွေသောအခါ စူးရှသော အလင်းတန်းများ ရောင်ပြန်ဟပ်လာခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် လူတိုင်းသည် သူတို့၏ လည်ပင်များအား လက်နက်များဖြင့် အထောက်ခံနေရသလို ခံစားနေကြရ ပါတော့သည်။
အေးစက်မှုနှင့်အတူ လူတိုင်း၏ သွေးများသည် ဆူပွက်လာသလို ခံစားနေကြရသည်။
သိန်းနှင့်ချီသော ပြည်သူများသည် ပတ်ပတ်လည်တွင် ရှိနေကြပြီး အားလုံးမှ စစ်ထွက်မည့် မြင်ကွင်းကို လာရောက် ကြည့်ရှုကြခြင်းပင် ဖြစ်ပါသည်။ ဆံပင်ဖြူဖွေးနေသည့် အသက်ကြီးကြီး အဘိုးကြီး၊ အဘွားကြီးများလည်း ပါသည်။ အသက်ငယ်ငယ်နှင့် မိန်းမများ၊ လက်ထပ်ပြီးတာ မကြာသေးသော မိန်းကလေးများ၊ လည်တဆန့်ဆန့်ဖြင့် အဖေကိုလိုက်ရှာနေကြသည့် ကလေးငယ်များပင် ပါဝင်ကြလေ၏။
သူတို့အားလုံးသည် သူတို့နှင့် ရင်းနှီးပြီးသား လူများအား ကြည့်ရှုနေကြရခြင်း ဖြစ်ပြီး သို့သော်လည်း စစ်သည်သိန်းချီကြားထဲမှ သူတို့ ချစ်ခင်ရသောသူကို မရှာနိုင်ကြပုံပင်။ ဆက်တော့ ရှာနေကြတုန်းပင် ဖြစ်၏။
ထိုအချိန်မှာပင် ရဲရှောင်တို့သည် စစ်သည်အုပ်ကြီးဘေးသို့ ရောက်ရှိလာကြသည်။
ရဲရှောင်သည် စစ်သည်များကိုကြည့်ရင်း အခြေအနေများကို နားလည်လိုက်သည်။
မင်းသားဟွာရန်းသည် မည်သည့် အခမ်းအနားမျှ ပြုလုပ်ထားခြင်း မရှိချေ။
ယခင်ညတုန်းက ပျော်စရာရှိသည်ကို အားရအောင် ပျော်ပါးခဲ့ကြပြီး ဖြစ်သည်။
ယခုအခါတွင်မူ ထွက်ခွာဖို့အတွက်သာ ကျန်ပါတော့သည်။
ကျယ်လောင်၍ ဇာတိသွေး ဇာတိမာန် တက်ကြွစေသော စစ်ချီတေးသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာပြန်၏။
ထို့နောက်တွင် သိန်းချီသော စစ်သည်များသည် အတူတကွ သံပြိုင် အော်ဟစ်ကြပါတော့သည်။
လက်နက်များကိုလည်း ရှေ့သို့ အနည်းငယ် တိုးလိုက်ကြပြန်၏။
လက်နက်များမှ ရောင်ပြန်ထွက်သော အလင်းရောင်များသည် မျက်စိကျိန်းလောက် စရာပါပင်။
ထိုအခိုက် မင်းသားဟွာရန်း၏ ရဲရင့်ပြတ်သား၍ ကျယ်လောင်သောအသံ ထွက်ပေါ်လာလေ၏။
“ချစ်ခင်ရတဲ့ မိဘပြည်သူတို့ . . . ဒီနေ့ ကျုပ် ခင်ဗျားတို့ သားတွေကို တိုက်ပွဲဆီ ခေါ်သွားတော့ မယ် . . .”
“အားလုံး ပြန်ရောက်ရမယ်လို့ ကျုပ်အနေနဲ့ အာမမခံနိုင်ဘူး . . .”
“ဒါပေမဲ့ သေသေရှင်ရှင် ကျုပ်တို့နိုင်ငံတော်အတွက် နောင်တရမှာ မဟုတ်ဘူးဆိုတာတော့ ရဲရဲကြီး ပြောရဲတယ် . . .”
“ကျုပ်တို့ရဲ့ မွေးရပ်မြေ တိုင်းပြည်နဲ့ ပတ်သက်ပြီး နောက်ဆံ မတင်းချင်ဘူး . . .”
“ကျုပ်တို့ရဲ့ အသက်ကို ကျုပ်အနေနဲ့ အာမမခံနိုင်ပေမဲ့ စုဒင်ဂူ ဆိုတဲ့ကျုပ်က ရှေ့ကနေ မားမားမတ်မတ် တိုက်ခိုက်မယ်လို့တော့ အာမခံပါတယ်။ နောက်ကို ပြန်ဆုတ်ခွာတဲ့ အချိန်မျိုးမှာလည်း ကျုပ်ဘက်ကလူတွေ အကုန်လုံး ဆုတ်ပြီး နောက်ဆုံးမှသာ ကျုပ်က ဆုတ်မှာပါ . . .”
“ကျုပ်လူတွေအားလုံး ရာထူးတွေတိုးပြီး ချမ်းသာရမယ်လို့ အာမမခံနိုင်ပေမဲ့ ခင်ဗျားတို့ တစ်သက်လုံး ဂုဏ်သိက္ခာရှိရှိ ဖြစ်စေရမယ်လို့ အာမခံနိုင်ပါတယ် . . .”
“ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးကို အာမမခံနိုင်ပေမဲ့ နိုင်နိုင်ရှုံးရှုံး ဒီတိုက်ပွဲပြီးရင် ရန်သူတွေ ထပ်ပြီးတော့ ကျူးကျော်စိန်ခေါ်လာမှုတွေ မရှိစေရဘူးလို့တော့ အာမခံနိုင်ပါတယ် . . .”
“ကျုပ်တို့အတွက် ဆုတောင်းပေးကြပါ . . .”
“အောင်မြင်မှုအတွက် ဆုတောင်းပေးကြပါ . . .”

Comment

Leave a Reply

Options

not work with dark mode
Reset