Switch Mode

Chapter – 140

ဧကရာဇ်ဖြစ်တဲ့နေ့မှာ လက်ထက်မယ်

Chapter – 140
“ဧကရာဇ်ဖြစ်တဲ့နေ့မှာလက်ထပ်မယ်”

ထိုကဲ့သို့ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို သူ့စွမ်းအားများဖြင့်လည်း မတွန်းလှန်နိုင်ချေ။ ကောင်းကင်ဘုံ၏ ဥပဒေသပင် ဖြစ်သည့်အတွက် မည်သူမျှ လွတ်မြောက်ရိုး ထုံစံ မရှိပေ။
ပထမဆုံး ကောင်းကင် အပြစ်ပေးမှုကို ခံယူခဲ့စဉ်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သို့သော်လည်း သူ၏ ကျင့်ကြံမှု စွမ်းအင်များဖြင့် ပြန်လည် သက်သာလာစေခဲ့သည်။
သို့သော် နောက်ဆုံးအကြိမ်တွင်မူ သူ့အတွက် ကြောက်မခမ်းလိလိ ဖြစ်ခဲ့ရ၏။
အပြစ်ပေးမှုကို ခံယူခဲ့ပြီးနောက် မျက်လုံးများကန်းကာ ခြေလက်များ မလှုပ်ရှား နိုင်တော့ချေ။ ထိုအခြေအနေဖြင့် နှစ်ပေါင်း ၃၀ ခန့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီးနောက် လက်များ ပြန်လည် လှုပ်ရှား၍ ရလာပြီး မျက်လုံးများလည်း ပြန်မြင်လာခဲ့၏။
သို့သော် သူ့ခြေထောက်များမှာမူ ဒုက္ခိတကဲ့သို မလှုပ်ရှားနိုင်တော့ချေ။ မွေးရာပါ ဒုက္ခိတ တစ်ယောက်ကဲ့သို့ပင် ဖြစ်သွားလေ၏။
ထို့ကြောင့်ပင် သူ၏ ကမ္ဘာတုန်လှုပ်ဖွယ်ရာ ကျင့်ကြံမှု စွမ်းရည်များလည်း မကယ်တင်နိုင်တော့ချေ။
ဝမ်အာနှင့် ချူးအာတို့သည်လည်း သခင်ကြီးဘိုင်နှင့်အတူ ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခဲ့ကြပြီး ထိုကဲသို့ လုပ်သည့်အတွက် အပြစ်ပေးမှုများကိုလည်း ခံယူခဲ့ကြရပါသည်။ သို့သော် သူမတို့ အပြစ်ပေးခံရမှုသည် ထူးခြားသည်ဟု ဆိုနိုင်သည်။ ထိုကဲ့သို့ ခံယူပြီးတိုင်း သူမတို့သည် နာကျင်မှုများ ခံစားရသော်လည်း ပို၍ လှသထက်လှလာ ကြပါသည်။ မိန်းကလေးများအဖို့ ကျေနပ်စရာပင် ဖြစ်ပြီး မိန်းကလေးတိုင်း အလှကြိုက်ကြသည် မဟုတ်ပါလား။
ထို့အပြင် သူမတို့သည် ပြစ်မှုကျူးလွန်သည့် အဓိကတရားခံများ မဟုတ်ကြဘဲ နောက်လိုက်များသာ ဖြစ်သဖြင့် လျင်မြန်စွာပင် နာကျင်မှုများမှ သက်သာခဲ့သည်။ ထိုကဲ့သို့ နာကျင်ခံစား ရလိုက် ကျင့်ကြံမှုများကို ပိုမို အားထုတ်လိုက်ဖြင့် အဆိုပါ ကျင့်စဉ်များပေါ် ပို၍ နားလည်လာပြီး အခြေခံများ ခိုင်မာလာကြသည်လည်း ဖြစ်၏။
တကယ်တမ်း စဉ်းစားကြည့်မည် ဆိုလျှင် ကောင်းကင်ဘုံ အပြစ်ပေးမှုသည် သူမတို့အတွက် ဆိုးရွားသည့် သက်ရောက်မှုမျိုး မရှိပါချေ။
သို့သော် သခင်ကြီးဘိုင်အတွက်မူ စက္ကန့်တိုင်း နာကျင်စွာ ခံစားရပြီး ထိုကဲ့သို့ နှစ်ပေါင်းများစွာ အပြစ်ပေးမှုကို ခံယူခဲ့ရခြင်း ဖြစ်ပေသည်။
ကိုးကြိမ်တိုင်တိုင် . . .
ထပ်ခါတလဲလဲ ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသည်။ သူ့ကို စိတ်ဓာတ်မကျစေဘဲ ဆက်လက်၍ ကြိုးစားချင်စိတ် ဖြစ်ပေါ်စေသည်မှာ ကောင်းကင်လျို့ဝှက်ရတနာပင် ဖြစ်သည်။
သို့သော် သူအောင်မြင်ခါနီးတွင် မတော်တဆမှုကဲ့သို့ ကြုံတွေ့ခဲ့ရပြီး ပေါ်လာပြီဖြစ်သည့် ကောင်းကင်လျို့ဝှက်ရတနာသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ရသည်။
ထို့ကြောင့်ပင် မုန်တိုင်းအိမ်တော်သည် ယခုစစ်ဆင်ရေးအား အသက်သွင်းနေခြင်း ဖြစ်၏။
မုန်တိုင်းအိမ်တော် တည်ရှိမှုသည် ကြာမြင့်လှပြီဖြစ်ပြီး ထပ်ခါတလဲလဲ ပေါ်ပေါက်နေသည် ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ ပေါ်လာတိုင်း ဒုက္ခများ ပေးလေ့ရှိပြီး ကမ္ဘာကြီးတစ်ခုလုံးပင် ဇောက်ထိုးမိုးမျှော် ဖြစ်မတတ်ပင်။
ယခုကဲ့သို့ ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်း၏ တရားခံမှာ တစ်ယောက်တည်းသာ ဖြစ်ပြီး ထိုတစ်ယောက်တည်း၏ တစ်စုံတစ်ခုသော ပစ္စည်းအပေါ် လိုချင်တပ်မက်မှု တစ်ခုကြောင့်သာ ဖြစ်ပေတော့သည်။
“ဆရာ . . .”
ဝမ်အာသည် သခင်ကြီးဟုပင် မခေါ်တော့ဘဲ ရင်းရင်းနှီးနှီးဖြင့် ဆရာဟု ခေါ်လိုက်၏။ သခင်ကြီးဘိုင်အား စိုစွတ်သလို ဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရင်း –
“ဆရာ အများကြီး ခံစားခဲ့ရပြီးပါပြီ . . .”
သခင်ကြီးဘိုင်မှာမူ တည်တည်ငြိမ်ငြိမ်ပါပင်။ အတွေးနယ်ချဲ့နေရာမှ လေသံတီးတိုးဖြင့် –
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ တုန်းက ရှောင်ဧကရာဇ်က အထွတ်အမြတ် နယ်မြေ လေးခုကို ဝင်ခဲ့တယ်နော်။ ကောင်းကင်လျို့ဝှက်ရတနာ ပေါ်လာတာက လွန်ခဲ့တဲ့ ၁၆၈ နှစ်ကပဲ။ ရှောင်ဧကရာဇ် အဲဒီလို သွားလာနေတုန်းမှာပဲ ငါလည်း အဲဒီနယ်မြေတွေမှာ ရှာခဲ့တာပဲ။ ဒါပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး။ ဟုတ်တော့ မဟုတ်သေးဘူး။ နှစ်နှစ်ကွာနေတယ် . . .”
“နောက်တော့ ငါလည်း ကောင်းကင်ဘုံရဲ့ အပြင်းထန်ဆုံး အပြစ်ပေးမှုကို ခံစားခဲ့ရတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ ကပဲ။ ငါ့ရဲ့ သွေးကြောတွေ အားလုံး ပျက်ဆီးကုန်ပြီးတော့ တစ်ခုခုများ လွဲချော်ခဲ့တာ များလား . . .”
နဖူးကို ပွတ်ရင်း သခင်ကြီးဘိုင် ပြောလိုက်၏။
ဝမ်အာမှ နူးညံ့သော လေသံဖြင့် –
“ဆရာ . . . ဒီကောင်းကင်လျို့ဝှက် ရတနာဆိုတာ ဘယ်လိုပုံစံလဲလို့ ကျွန်မမေးရင် စိတ်ဆိုးမလား”
သခင်ကြီးဘိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်အာ၏ လှပသော မျက်နှာလေးအား ကြည့်လိုက်သည်။
ဝမ်အာလည်း လန့်သွားမိ၏။ ထို့ကြောင့်ပင် ခေါင်းငုံ့လိုက်ရင်း –
“ကျွန်မ . . . ကျွန်မက သိချင်ရုံ . . .”
သခင်ကြီးဘိုင် ပြုံးလိုက်သည်။
“ငါသိပါတယ်။ ဝမ်အာက ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ငါ့အတွက် အခွင့်အရေး ကောင်းတွေ ရအောင် ကူညီပေးမဲ့ လူတစ်ယောက်ပဲ .. .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“ဝမ်အာ . . . တကယ်တော့ ပုံမှန်အရွယ်အစားလောက်ပဲ ရှိမယ် ထင်တာပဲ။ ငါလည်း ဘယ်လိုပုံစံ ဆိုတာကို အတိအကျမသိသေးပါဘူး . . .”
ငါ စိမ်းပြာမိုးတိမ်ဂိုဏ်းမှာ ကောင်းကင်လျို့ဝှက်ရတနာနဲ့ ပတ်သက်တာ အားလုံး စစ်ဆေးခဲ့ပြီးပြီ။ ကောင်းကင်နန်းတော်ထဲက အရာအားလုံးကိုတောင် စစ်ဆေးခဲ့သေးတယ်။ ဘာမှ မတွေ့ခဲ့ရဘူးလေ”
ထို့နောက် လေးနက်သော လေသံဖြင့် –
“ဒဏ္ဍာရီလိုပဲ မှတ်တမ်းရှိနေတာ။ အဲဒါကလည်း ဒီစကြာဝဠာကို ဖန်တီးခဲ့တဲ့လူရဲ့ စကားပဲ . . .”
မျက်လုံးများကို မှိတ်လိုက်ပြန်ရင်း –
“စကြာဝဠာထဲက စွမ်းအင်တွေ အားလုံးကို ဖန်တီးနိုင်ပြီး အဆုံးမဲ့တဲ့ စွမ်းအားတွေကို ရလိမ့်မယ်။ အဲဒီပစ္စည်းကို ရတဲ့လူ ဘယ်သူပဲဖြစ်ဖြစ် မိုးကောင်းကင်တစ်ခွင်လုံးကို အုပ်စိုးနိုင်တဲ့လူ ဖြစ်လိမ့်မယ်။ စကြာဝဠာတစ်ခုလုံးရဲ့ဘုရင် စကြဝတေးမင်း ဖြစ်မှာ။ အတုမရှိတဲ့ လူတစ်ယောက်ပေါ့ . . .”
ဝမ်အာ ပါးစပ်အဟောင်းသားဖြင့် –
“ကောင်းကင်တစ်ခွင်ကို အုပ်စိုးမဲ့ဘုရင် စကြဝတေးမင်း ဖြစ်မယ် . . . တော်တော်ကို ကြီးကျယ် ခမ်းနားတဲ့ ဂုဏ်ပုဒ်ပဲ . . .”
“မဟုတ်ဘူး မင်းမှားနေသေးတယ် . . .”
သခင်ကြီးဘိုင် ပြောလိုက်သည်။
ထို့နောက် ပြုံးလိုက်ရင်း –
“ငါသာ အဲဒါကိုရပြီး အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် အစွမ်းထက်ဆုံးပါဆိုတဲ့ စိမ်းပြာမိုးတိမ်ဂိုဏ်း ကိုတောင် ကျော်သွားပြီးတော့ အားလုံးမယှဉ်နိုင်တဲ့ လူတစ်ယောက် ဖြစ်သွားမှာပဲ။ အဲဒီ စိမ်းပြာမိုးတိမ် ဆိုတာကလည်း သမုဒ္ဒရာကြီးထဲက ရေစက်လေး တစ်စက်လောက်ပဲ ဖြစ်သွားမှာလေ . . .”
သူ၏ အသံသည် အနည်းငယ် အားလျော့လာသလိုပင်။ စဉ်းစားရင်းဖြင့် ဒေါသများလည်း ထွက်လာပြန်၏။
(ဘာကြောင့်လဲ . . . ငါဒီလောက်ထိ အများကြီး စတေးခဲ့ပြီးပြီ။ ပေါ်လာပြီးမှ ဘာလို့ ပြန်ပျောက် သွား၇တာလဲကွာ။ ဒီလိုတွေ ခံစားနေရတာ နှစ်တစ်သောင်းလောက် ရှိနေပြီ။ ငါ့အချိန်တွေကို ဖြုန်းတီး နေတာလား . . . ငါ့ရဲ့ ကြိုးစားမှုတွေက တခြားလူတစ်ယောက်ကို ကူညီသလို ဖြစ်စေတော့မှာလား . . . ဒီလိုတော့ အဖြစ်မခံနိုင်ဘူး ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး . . .)
သခင်ကြီးဘိုင်အဖို့ နှစ်ပေါင်းများစွာ လိုချင်တောင့်တနေသည့်အရာကို ယခုထိအောင် မရရှိသေးချေ။
ကောင်းကင်ကြီးကို မော့ကြည့်ရင်း စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ပစ်ချင်နေမိသည်။ သို့သော်လည်း ထိုကဲ့သို့ မအော်ဟစ်နိုင်ဘဲ သူ၏ မခံချင်စိတ်၊ ဒေါသများအား ရင်ထဲမှာသာ ဖိနှိပ် သိမ်းထားရလေ၏။
ထိုကဲ့သို့ ဆန္ဒကို ချုပ်တည်းထားသဖြင့် သူ့မျက်နှာသည် နီလာလေ၏။
ထိုကဲ့သို့ ထိန်းချုပ်နိုင်လိုက်ခြင်းမှာ တခဏအတွင်းပင် ဖြစ်ပြီး ထို့နောက်မှာတော့ ပြန်လည် ငြိမ်သက် တည်ငြိမ်သွားလေတော့၏။
သူ့ဆံပင်များမှာမူ အနည်းငယ် မသပ်မရပ် ဖြစ်နေသည်။ ဆံပင်အချို့ မျက်နှာပေါ်သို့ ကျနေလျက် ရှိပြီး ဝါးရုံတောအတွင်း လေပြည်လေးများ တိုက်ခတ်မှုကြောင့် အဆိုပါ ဆံပင်စလေးများ လွင့်နေပုံမှာ သူ၏ ချောမောခန့်ညားသော ဥပဓိရုပ်ကို ပို၍ ပြည့်စုံသွားစေလေသည်။
ဝမ်အာလည်း သခင်ကြီးဘိုင်၏ မျက်နှာအား ဘေးမှ ငေးကြည့်နေမိ၏။ ရုတ်တရက် သူမ အကြည့်ကို မခွာနိုင်အောင် ဖြစ်သွားသည်။
ထိုအချိန်မှာပဲ သခင်ကြီးဘိုင်လည်း ဝါးရုံတောဘက်သို့ လှည့်လိုက်ရင်း –
“နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ . . . ဝမ်အာနဲ့ ချူးအာ ငါ့နောက်ကို လိုက်ရင်း ကောင်းကင်ဘုံ အပြစ်ပေးမှုတွေကိုလည်း ခဏခဏ ခံစားခဲ့ကြရတယ်။ အဲဒီအတွက် မင်းတို့ နောင်တရနေ ကြပြီမဟုတ်လား . . .”
ဝမ်အာမှ ဆွေးမြည့်သော လေသံဖြင့် –
“ကျွန်မနဲ့ ချူးအာတို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ဆရာ့ပေးမှာ နေနေရတာကိုက ကျွန်မတို့အတွက် ကံကောင်းမှုပါပဲ။ ဒီထက်မက ဆိုးရွားတာတွေကို ခံစားရမယ် ဆိုရင်တောင်မှ ဆရာနဲ့အတူ ပျော်ပျော်ကြီး ခံစားဦးမှာပါ။ ကျွန်မ ပျော်ပါတယ်။ ချူးအာလည်း ဒီလိုပဲဖြစ်မယ်လို့ ကျွန်မယုံတယ် . . .”
သခင်ကြီးဘိုင် သက်ပြင်းချလိုက်ရင်း –
“ငါ့မျိုးနွယ်ကနေ ထွက်လာခဲ့တုန်း ငါနဲ့အတူ ပါလာတဲ့ ဖီးနစ်ငှက်ဥနဲ့ ဇာမဏီငှက်ဥတို့က ငါ့ရဲ့ အယုံကြည်အားအကိုးရဆုံး လူတွေ ဖြစ်လာမယ်လို့ မထင်ထားခဲ့မိဘူး။ တန်ဖိုးအရှိဆုံးပဲ . . .”
ဝမ်အာ ခေါင်းကိုငုံ့ထားရင်း ရှက်သလိုဖြစ်နေပြီး သူမ၏ မျက်ဝန်းများသည်လည်း စိုစွတ်လျက် –
“ဆရာက ကျွန်မတို့ဘဝကို ပေးခဲ့တာပါ . . .”
“ညာလက်ရုံးချူးအာနဲ့ ဘယ်လက်ရုံးဝမ်အာ . . . တစ်ယောက်က ကောင်းကင်ကို ကိုယ်စားပြုပြီး နောက်တစ်ယောက်က တိမ်တိုက်ကို ကိုယ်စားပြုတယ်။ ဝမ်အာ . . . ဒီတစ်ကြိမ်မှာသာ ငါအောင်မြင်ခဲ့ရင် ကောင်းကင်လျို့ဝှက်ရတနာကို ရပြီး ကောင်းကင်ကို အုပ်စိုးနိုင်တဲ့လူ ဖြစ်သွားမှာပဲ။ အဲဒီအခါကျ မင်းနဲ့ချူးအာ ငါ့ကို လက်ထပ်နိုင်မလား . . .”
ဝမ်အာ တစ်ချက် တုန်သွားသည်။ သူမ၏ မျက်လုံးများမှ ရုတ်တရက် မျက်ရည်များ စီးကျလာလေ၏။
သခင်ကြီးဘိုင်အား အိပ်မက်မက်နေသူ တစ်ဦးကဲ့သို့ ရီဝေစွာ ငေးကြည့်ရင်း တစ်ချက် ငိုရှိုက်လိုက် မိလေသည်။
ထိုအရာသည် သူမတို့အဖို့ နှစ်ပေါင်းများစွာ တောင့်တခဲ့ရသည့် အရာပင် မဟုတ်ပါလား။
တစ်နေ့တွင် သခင်ကြီးဘိုင်၏ မိန်းမ ဖြစ်လာလိမ့်မည်ဟု သူမကိုယ်သူမ မထင်ထား ခဲ့မိချေ။ သူမအနေဖြင့် သခင်ကြီးဘိုင်အနားတွင် အနီးကပ် တစ်သက်လုံး နေချင်နေမိခြင်း ဖြစ်၏။ လက်မထပ်သည့်တိုင် အနားမှာ ရှိနေချင်တာပဲ ဖြစ်သည်။
သူမသည် အစွမ်းထက် ဂုဏ်ဒြပ်မျိုး မရှိသော်လည်း သခင်ကြီးဘေးနားတွင်သာ ရှိနေချင်မိပြီး ထိုဆန္ဒသည် သူမ၏ အဖြစ်ချင်ဆုံး ဆန္ဒဆိုလညိး မမှားချေ။
ယခုအခါ သခင်ကြီးဘိုင်မှ မိုးကြိုးပစ်လိုက်သကဲ့သို့ ရုတ်တရက် ပြောလိုက်ခြင်းကြောင့် သူမ လန့်သွားမိခြင်း ဖြစ်လေသည်။
သူမ၏ နှလုံးသားထဲ ချိုးနှိမ်ထားသည့် ဆန္ဒသည် ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်ပြီး ထိုဆန္ဒကို သူမဖွင့်ဟ မပြရဲသည့်အတွက် ချုပ်တည်းထားခဲ့တာ ကြာချေပြီ။
အကယ်၍ သူမ၏ လျို့ဝှက်ဆန္ဒကိုသာ ဖော်ပြမိလိုက်မည် ဆိုပါက သူမ၏ လက်ရှိအခြေအနေ လေးပင် ဆုံးရှုံးသွားမည်ဟု ခံစားမိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာနိုင်တော့မည် မဟုတ်ပါလား။
“ဆရာ . . . ဆရာရယ် . . .”
ဝမ်အာလည်း သူမကိုယ်သူမ ဟန်မဆောင်နိုင်တော့ဘဲ သခင်ကြီးဘိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားမိလေ၏။
“ကျွန်မ . . . ကျွန်မ အရမ်းပျော်တယ်။ ဆရာပြောတာကို ကြားလိုက်ရတာ ကျွန်မအတွက် အသက်ရှင်ရတာ အဓိပ္ပါယ်ရှိသွားပြီ။ သေဆိုရင်တောင် သေဝံ့ပါပြီ . . .”
သူမ၏ နွေးထွေးသော မျက်ရည်များသည် သခင်ကြီးဘိုင်၏ အဝတ်များသို့ စက္ကန့်ပိုင်းအတွင်း စိုစွတ်ကုန်၏။
“ဒါပေမဲ့ . . . ကျွန်မနဲ့ ချူးအာက ဆရာ့အတွက် မတန်ပါဘူး . . . ဆရာ့လို လူမျိုးက ကောင်းကင်နန်းတော်က မင်းသမီးတစ်ပါးပါးနဲ့သာ လက်ထပ်သင့်တာပါ။ ကျွန်မနဲ့ ချူးအာက ဘယ်လို အရှက်မရှိစွာနဲ့ သခင်ကြီးကို လက်ခံရဲပါ့မလဲ . . .”
ဝမ်အာသည် ရှိုက်ရင်း ပြောလိုက်ပြန်၏။
သခင်ကြီးဘိုင်လည်း သူမ၏ ခန္ဓာကိုယ်လေးအား ဖက်ထားရင်း –
“ကောင်းကင်နန်းတော်က မင်းသမီးတစ်ပါးပါးက ငါ့ရဲ့ ဝမ်အာနဲ့ ချူးအာကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ မင်းတို့က ငါနဲ့ အကြာကြီး အတူနေခဲ့ကြသူတွေလေ။ ငါကောင်းကင်လျို့ဝှက်ရတနာကို ရပြီး ဧကရာဇ် ဖြစ်လာတဲ့အခါ မင်းတို့ကို လက်ထပ်မယ် . . .”
“ဒါက မင်းတို့ကို ငါပေးနိုင်တဲ့ ကတိပဲ။ မင်းတို့ လူသားအဖြစ် ပြောင်းလဲလာပြီး နှစ်ပေါင်း ၇၀၀၀ အတွင်း မင်းတို့အတွက် ငါပေးတဲ့ ပထမဆုံး ကတိပေါ့ . . .”
သူ၏ မျက်ဝန်းများတွင်လည်း နူးညံ့မှုများကို အထင်းသား မြင်တွေ့နိုင်ပေသည်။
“ဝမ်အာ . . . မင်းသိလား . . . ငါဒီနှစ်တွေထဲမှာ အရမ်းအထီးကျန်ခဲ့ရတယ် . . .”
“သိပါတယ် . . . ကျွန်မသိပါတယ် . . .”
ဝမ်အာ ကမန်းကတမ်း ပြောလိုက်သည်။ သူမ၏ ရင်ထဲ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုကို ထိန်းချုပ်၍ မရနိုင်တော့ပေ။ သူမသည် သခင်ကြီးဘိုင်အား တင်းကြပ်စွာ ဖက်ထားပြီး သူမ၏ အသက်ရှူသံများနှင့် လေပူများသည် သခင်ကြီးဘိုင်အား သွေးများ အနည်းငယ် ဆူလာစေခဲ့သည်။ တခဏအကြာတွင် သူမသည် သခင်ကြီးဘိုင်၏ ပါးစပ်အား သူမ၏ နှုတ်ခမ်းဖူးဖူးလေးများဖြင့် အငမ်းမရ နမ်းရှိုက်လိုက်ပါတော့သည်။
အနမ်းမိုးရွာနေမှုသည် မစဲတော့ချေ။
“ငါ့ခြေထောက်တွေ ပြန်ကောင်းလာပြီး ကျင့်ကြံမှု နည်းနည်းလောက် လုပ်နိုင်လာရင် မင်းနဲ့ချူးအာ နဲ့ ငါ့အခန်းထဲမှာ အတူတူ လာအိပ်ပါလား။ လူ့လောကစည်းစိမ်နဲ့ တပ်မက်ဖွယ် အာရုံတွေကို ငါတို့ အတူတူ ဖြတ်သန်းကြည့်ကြတာပေါ့ . . .”
သခင်ကြီးဘိုင်သည် ဝမ်အာ၏ ဆံပင်များအား ပွတ်သပ်ပေးရင်း ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset