Chapter – 139
“မုန်တိုင်းအိမ်တော်၏လျို့ဝှက်ချက်”
သခင်ကြီးဘိုင်သည် အနည်းငယ် ကြောင်ငေးသွားမိသည်။ ခေါင်းကို မော့၍ ဝမ်အာအား ကြည့်လိုက်ရင်း လေးနက်သည့်ဟန်ဖြင့် –
“တကယ်လား . . . ဒီပြဿနာက နောက်စရာ မဟုတ်ဘူးဆိုတာ မင်းသိတယ် မဟုတ်လား . . .”
ဝမ်အာလည်း ထိုစဉ်က ခံစားရသည့် ခံစားချက်အား ပြန်လည် ပုံဖော်နေမိသည်။ သူမ၏ မျက်ဝန်းထဲတွင် ရဲရှောင်၏ ရမ္မက်ထန်သော အကြည့်ကို မြင်တွေ့လိုက်ရပြန်၏။ ထို့နောက် သေချာသည့် ပုံစံဖြင့် –
“ကျွန်မ သေချာပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မခန္ဓာကိုယ် တစ်ခုလုံးမှာ ဘာအဝတ်မှ မရှိတော့သလိုကို ခံစားခဲ့ရတယ်။ အဲဒီလို ခံစားရတာကနေ သက်သာရာ ရအောင်လို့ ကျွန်မရဲ့ ကျင့်စဉ် တွေကိုတောင်မှ လည်ပတ်ခဲ့ရသေးတယ်။ တော်တော် ခံရခက်တဲ့ ခံစားမှုပါ . . .”
သခင်ကြီးဘိုင်သည် စိတ်ပျက်သွားဟန်ပါပင်။
ရှောင်ဧကရာဇ်သည် ထိုကဲ့သို့သော အကြည့်မျိုး ရှိမနေဘူး ဆိုတာကို သူသိနေသည်။
တကယ်တမ်းတွင် စစ်သူကြီးရဲ အိမ်တော်၌ ရဲရှောင်ဟူသော အမည်နှင့် လူငယ်တစ်ဦး ရှိနေသည်ဟု ကြားသိရကတည်းက သူသည် ထိုကဲ့သို့ သံသယ ဖြစ်ခဲ့မိခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ဖြစ်နိုင်ချေရှိသည့် အခြေအနေအရပ်ရပ်ကို မှန်းဆကာ တိကျသည့် အဖြေထုတ်နိုင် ရန်အတွက် ကြိုးစားခဲ့သည်။
ထိုချန်ရှင်းမြို့ထဲရှိ ရဲရှောင်သည် ရှောင်ဧကရာဇ် ပြန်လည်ဝင်စားခြင်းပင် ဖြစ်မည်ဟု ထင်မြင်နေမိ ခြင်းပင် ဖြစ်သည်။
သို့သော် ယခုရဲရှောင်သည် အသက် ၁၆ နှစ်ရှိနေပြီ ဖြစ်ပြီး ရှောင်ဧကရာဇ် သေဆုံးခဲ့သည်မှာ လေးလခန့်သာ ရှိပါသေးသည်။
အချိန်အားဖြင့် ကိုက်ညီမှု ရှိမနေချေ။ ကွင်းစက် ပျောက်နေသလိုလည်း ခံစားရ၏။ စစ်သူကြီးသား ရဲရှောင် သေဆုံးခဲ့မှသာ ရှောင်ဧကရာဇ် ဝင်စားနိုင်မည် ဖြစ်၏။ ထို့ကြောင့်ပင် ဝမ်အာအား ရဲရှောင် အမူးလွန်၍ မှောက်ခဲ့သည့် ညတုန်းက အဖြစ်အပျက်များအား အသေးစိတ် စုံစမ်းစေခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကိုက်ညီမှုများ မရှိသော်လည်း သခင်ကြီးဘိုင်သည် သူ၏ သံသယကို မဖျောက်နိုင်သေးပေ။
ထိုကဲ့သို့ သခင်ကြီးဘိုင်မှ ရဲရှောင်အား စိုးရိမ်နေသလို တစ်ဖက်မှ ရဲရှောင်သည်လည်း သခင်ကြီးဘိုင်အား အပြန်အလှန်အားဖြင့် စိုးရိမ်နေမိ၏။
ကောင်းကင်လျို့ဝှက် ရတနာနှင့် ပတ်သက်၍ လုံးဝအတိမ်းအစောင်း မခံနိုင်ချေ။
(ယင်နဲ့ယန် နောက်ပြန်လည်မှသာ ကောင်းကင်လျို့ဝှက်ရတနာရဲ့ စွမ်းအား အစစ်အမှန်ကို အသက်သွင်းနိုင်မယ် . . . ယင်နဲ့ယန်ကို ဘယ်လိုနောက်ပြန်လည်အောင် လုပ်မလဲ။ ပြောရရင် သဘာဝကို ဆန့်ကျင်ရမှာပေါ့။ မီးနဲ့ရေကို ဖလှယ်မယ်။ ကောင်းကင်နဲ့ မြေကြီးကို နေရာလဲမယ်၊ အပူအအေးကို အလဲအလှယ် လုပ်ရမှာလား . . .)
ထိုအဖြေများကို မည်သူမျှ မသိနိုင်ချေ။
(သေခြင်းနဲ့ ရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်ရမှာပဲပေါ့ . . .)
သခင်ကြီးဘိုင် တွေးနေမိခြင်း ဖြစ်၏။
“ကောင်းပါပြီ . . . ရှောင်ဧကရာဇ်ရဲ့ အကြောင်းကို ပြောပြရတော့မလား . . .”
ဝမ်အာ မေးလိုက်သည်။
“ဖတ်ပြစမ်းပါဦး . . .”
သခင်ကြီးဘိုင် သက်ပြင်းချ၍ ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင်လည်း ယုံကြည်မှု ရှိသည့် အရိပ်အယောင်များ နေရာယူလာပါတော့သည်။
“ရှောင်ဧကရာဇ်ရဲ့ နာမည်ဟာ ရဲရှောင် ဖြစ်ပါတယ်။ သူက သန့်စင်သော ယန်ကျင့်စဉ်ကို အထူးပြု လေ့ကျင့်ခဲ့တဲ့သူပါ။ သူ့တစ်ဘဝလုံးကို လူပျိုစစ်စစ်နဲ့ ဖြတ်သန်းသွားရတာ ဖြစ်ပြီးတော့ အဲဒီလို လူပျိုဘဝက ကျွတ်သွားတာနဲ့ ကျင့်ကြံမှုတွေလည်း ပျောက်ဆုံးကုန်မှာပါ . . .”
ဝမ်အာလည်း ဆက်ပြောရန် ပြင်လိုက်သည်။ သခင်ကြီးဘိုင်မှာမူ မျက်လုံးများ မှိတ်သွားပြန်လေ၏။
“ရှောင်ဧကရာဇ်ရဲ့ ဆရာက မူလအိပ်မက်အဆင့်ပဲ ရှိတဲ့လူပါ။ သန့်စင်သော ယန်ကျင့်စဉ်ကို ရအောင် ကျင့်တဲ့အချိန်မှာတော့ သူဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ နောက်ဆုံးတော့လည်း အခက်အခဲ တွေကို ကျော်ဖြတ်သွားနိုင်ခဲ့တယ်။ နောက်တော့ အဲဒီကျင့်စဉ်ကို သူတောင်းစားလေး တစ်ယောက်ဖြစ်တဲ့ ရဲရှောင်ကို လွှဲပေးခဲ့တယ်။ လအနည်းငယ်လောက် ကြာတော့ ဒဏ်ရာဟောင်းကြောင့်ပဲ သေသွားခဲ့ရတယ်”
“ရှောင်ဧကရာဇ်ဟာလည်း သူ့ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပဲ။ စားသောက်ဆိုင်မှာ အကူလည်းလုပ်ဖူးတယ်။ သူခိုးလည်း လုပ်ဖူးတယ်။ ဓားမြလည်း လုပ်ဖူးတယ်။ ဆိုးပေ့သွမ်းပေ့ ဆိုတဲ့ အရာတွေ အားလုံးကို လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူဟာ အသက် ၂၅ နှစ် မပြည့်ခင်မှာပဲ သာမန်လူဘဝကနေ မူလဝိညာဉ်တော်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ပါရမီရှိတဲ့ လူတစ်ယောက်လို့ ပြောရမှာပဲ”
“မူလဝိညာဉ်တော်အဆင့်ကို ရောက်ပြီးတဲ့နောက် သူလည်း ချင်းယန်နယ်ပယ်ထဲမှာ လျှောက်သွားတော့တာပဲ။ အဲဒီဆယ်ဆုနှစ်တွေ အတွင်းမှာ သူဟာ မူလအိပ်မက်အဆင့် ရောက်အောင် အရှိန်တင်နိုင်ခဲ့တယ်။ လောကကြီးကို စပြီးတော့ စိုးမိုးခြယ်လှယ်လာတယ်။ ပြောရမယ်ဆိုရင် ဒဏ္ဍာရီထဲက ရှောင်ဧကရာဇ်ဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာဖို့ အဲဒီအချိန်က စခဲ့တယ် ဆိုရမှာပဲ . . .”
“သူမူလအိပ်မက်အဆင့်မှာပဲ ကောင်းကင်ဝံပုလွေ အုပ်စုနဲ့ ရန်ငြိုးဖွဲ့ခဲ့တယ်။ ၁၀ နှစ်လောက်ပဲ ကြာလိုက်တယ်။ အဲဒီလို မူလအိပ်မက် အဆင်နဲ့ ကောင်းကင်ဝံပုလွေ တစ်ဖွဲ့လုံးကို ဖျက်ဆီး ပစ်လိုက်တာပဲ။ အဲဒီ ကောင်းကင်ဝံပုလွေ အဖွဲ့တစ်ဖွဲ့လုံးကို ဖျက်ဆီးလိုက်တယ် ဆိုတာ ကျွန်မတို့ အမြင်မှာ ဘာမှ မဟုတ်ပေမဲ့ မူလအိပ်မက်အဆင့်ကို ရောက်ခါစ လူတစ်ယောက်အတွက်တော့ တကယ်ကို ပြောင်မြောက်တဲ့ လုပ်ရပ် တစ်ခုပဲ . . .”
“အဲဒီ ၁၀ နှစ်အတွင်း ရဲရှောင်ဟာ ပိုပိုပြီး အစွမ်းထက်လာခဲ့တယ်။ မူလအိပ်မက်အဆင့်ရဲ့ အဆင့် ၉ ကို ရောက်လာခဲ့တာပဲ . . .”
ဝမ်အာ မနားတမ်း ပြောနေသည်။
“ကျွန်မသိသလောက်တော့ နောက်ပိုင်း နှစ် ၁၀၀၀ အတွင်း တစ်ကိုယ်တည်း ကျင့်ကြံသူတွေ အားလုံးထဲမှာ သူက အမြန်ဆုံး အဆင့်တက်နိုင်တဲ့လူ ဖြစ်မှာပဲ . . .”
သခင်ကြီးဘိုင်လည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
ရှောင်ဧကရာဇ်၏ ကျင့်ကြံမှုများသည် အလွန်ကို မြန်ဆန်လှပြီး နောက်ခံအင်အား တောင့်တင်းသည့် ထိပ်တန်းမျိုးနွယ်စုများ၊ ဂိုဏ်းများမှ လူများပင် ပေါကြွယ်ဝသည့် သယံဇာတများ ရှိသည့်တိုင် ထိုကဲ့သို့ မရောက်နိုင်ချေ။
“နောက်ပိုင်းတော့ ရှောင်ဧကရာဇ်ဟာ ချင်းယန်နယ်ပယ်မှာ ရှိတဲ့ အင်အားစုတိုင်းရဲ့ ပြဿနာ တစ်ခုလို ဖြစ်လာခဲ့တယ်။ ကျင့်ကြံမှု အရင်းအမြစ်တွေကို လုယူတယ်။ ပြီးရင် ဘာခြေရာလက်ရာမှတောင် မချန်ခဲ့ဘူး။ အင်အားစုတွေ အားလုံးကလည်း စိတ်တိုကြတာပေါ့။ ဒါပေမဲ့လည်း သူတို့ ဘာမှ မလုပ်နိုင်ကြဘူးလေ။ ရှောင်ဧကရာဇ်ရယ်လို့ အကြီးမားဆုံး နာမည်ကျော်ခဲ့ရတဲ့ အဖြစ်ကတော့ ကောင်းကင်အိပ်မက်ရတနာသိုက် ဇာတ်လမ်းမှာပဲ။ ထိပ်တန်း ပညာရှင်တွေ အားလုံးဟာ အဲဒီက ရတနာတွေအတွက် တိုက်ခိုက်ပြီး ရအောင်ယူဖို့ ကြိုးစားကြတယ်။ ပြောရရင် မူလတာအိုအဆင့်ရဲ့ ထိပ်သီး ပညာရှင်တွေ တိုက်ပွဲပေါ့။ ဒါပေမဲ့ မူလအိပ်မက်အဆင့်ပဲ ရှိသေးတဲ့ ရှောင်ဧကရာဇ်ဟာ အဲဒီအကြိမ်မှာ အကျိုးအမြတ် အများဆုံး ရခဲ့တယ် . . .”
“နောက်သုံးနှစ်ကြာတော့ သူ့ကို ဂိုဏ်းကြီးဂိုဏ်းငယ် အမျိုးမျိုးက လိုက်လံ ဖမ်းဆီးကြတော့တာပဲ။ လူတွေရှေ့ကို သူပြန်ပေါ်လာတဲ့ အချိန်မှာ သူဟာ မူလတာအိုအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီလေ . . .”
“မူလတာအိုအဆင့် ၇ ကို ရောက်တဲ့အချိန်မှာ ရှောင်ဧကရာဇ်ဆိုတဲ့ ဘွဲ့ကိုလည်း ရလာခဲ့တယ်။ နောက်ပြီး သံမဏိပြား ဆိုတဲ့ နာမည်ပြောင်ကိုလည်း ချင်းယန်နယ်ပယ်မှာ ရလာခဲ့တယ် . . .”
“တကယ်တော့ ရှောင်ဧကရာဇ်ဟာ အမြဲတမ်းလိုလို အသက်လုပြီး နေနေရတဲ့ လူတစ်ယောက်ပဲ”
ဝမ်အာ သက်ပြင်းချလိုက်သည်။
“သူက တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ လုပ်ဖို့အတွက် ဝန်မလေးတဲ့သူ၊ စည်းမျဉ်းတွေ ဥပဒေတွေကို မျက်ကွယ်ပြုထားပြီး သူလုပ်ချင်ရာကို မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့ လူတစ်ယောက်ပဲ . . .”
“အင်း . . . ဒါက အံ့ဖွယ်အတွေးတော့ မဟုတ်ပါဘူး . . . သူ့အတွက် သေချာနေသလိုကို ဖြစ်နေလို့ပဲ။ လူတစ်ယောက်ရဲ့ အစွမ်းအစကလည်း ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန်မှာဆို ပိုပြီး ထူးချွန်လာနိုင်တယ် မဟုတ်လား။ သူက အမြဲတမ်း ဒုက္ခတွေ ဝိုင်းနေတော့ အခုလို မြန်မြန်ဆန်ဆန် အဆင့်တက်လာရတာပဲ . . .”
“မူလတာအိုအဆင့်ရဲ့ အဆင့် ၉ ရှိတဲ့ လူနှစ်ယောက်ကို နှိုင်းယှဉ်မယ် ဆိုပါစို့။ တစ်ယောက်က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေ အတွေ့အကြုံတွေကို ဖြတ်သန်းထားပြီး တစ်ယောက်ကတော့ ဂိုဏ်းကြီးတစ်ခုက အထောက်အပံ့ကောင်းကောင်း ရထားတဲ့လူဆိုရင် တိုက်ပွဲအတွေ့အကြုံ ဖြတ်သန်းထားတဲ့လူက ဟိုလူကို အေးအေးဆေးဆေး အနိုင်ယူနိုင်မှာ သေချာသလောက်ပဲ . . .”
“အဲဒါကြောင့် အသက်လုတိုက်ပွဲတွေ ရင်ဆိုင်ကြုံတွေ့ ထားရခြင်းက ဘဝမှာ အလွန် အထောက်အကူ ဖြစ်စေတယ် . . .”
သခင်ကြီးဘိုင် မျက်လုံးများကို ပြန်မှိတ်လိုက်ပြန်သည်။ ထို့နောက် သက်ပြင်းချ၍ ဆက်လက်ပြီး –
“နောက်ပြီး ရှောင်ဧကရာဇ်က အထွတ်အမြတ်နယ်မြေတွေထဲကို သွားခဲ့သေးလား ဆိုတာကို ရှာကြည့်စမ်းပါ . . .”
ဝမ်အာလည်း –
“ဟုတ်ကဲ့ ဘယ်နယ်မြေတွေလဲ ဆိုတာကို နာမည်ပြောပါ . . .”
“သေခြင်းတရားနယ်မြေ၊ သွေးနယ်မြေ၊ မကောင်းမှုနယ်မြေနဲ့ ကျဆုံးနယ်မြေတို့ပဲ . . .”
သခင်ကြီးဘိုင် ပြောလိုက်သည်။
(ကောင်းကင်ရဲ့ စွမ်းအားတွေကို သုံးပြီး ကောင်းကင်လျို့ဝှက်ရတနာကို ပေါ်အောင် လုပ်ခဲ့တုန်းက ရတနာဟာ အဲဒီအထွတ်အမြတ်နယ်မြေ လေးခုထဲက တစ်ခုခုထဲမှာ သေချာပေါက် ရှိနေလိမ့်မယ် . . . ဒါပေမဲ့ အဲဒီ နယ်မြေလေးခုလုံးကို ငါသွားရှာခဲ့ပြီးတာတောင် ဘာမှ မတွေ့ခဲ့ပါဘူး။ တော်တော် ထူးဆန်းတာပဲ . . .)
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ က ရှောင်ဧကရာဇ်ဟာ သွေးနယ်မြေထဲကို ဝင်ရောက်ခဲ့ပါတယ်။ နောက်တော့ သူ့ကို လိုက်နေကြတာနဲ့ အဲဒီကနေ ကျဆုံးနယ်မြေထဲကို ရောက်လာတယ်။ အဲဒီမှာ ဒဏ်ရာ ရသွားပြီးတော့ သေခြင်းတရားနယ်မြေထဲကို ဝင်လာခဲ့ပြန်တယ်။ နောက်ဆုံးမှာမှ မကောင်းမှု နယ်မြေထဲက ရှေးဟောင်းဝိညာဉ်တော်နို့ရည်ကို တွေ့သွားပြီး အဲဒီနို့ရည် အစွမ်းကြောင့် သူလည်း ပြန်သက်သာလာခဲ့တယ်။ အဲဒီနို့ရည်ဟာ သူ့ရဲ့ ကျင့်ကြံမှုတွေကို အများကြီး အကျိုးကျေးဇူး ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီအထွတ်အမြတ် နယ်မြေတွေကနေ ပြန်လာတော့ သူလည်း စပြီးတော့ ကလဲ့စား ချေတော့တာပဲ။ သူ့နောက်ကို လိုက်တဲ့ လူတွေကို ပြန်ပြီး လိုက်တယ်။ အားလုံးကို သတ်ဖြတ်ပြီးတာတောင် သူ့မှာ မရပ်တန့်နိုင်သေးဘူး။ အထွတ်အမြတ်နယ်မြေတွေထိ လိုက်ပြီးရှာသေးတယ်။ နယ်မြေလေးခုလုံးကို သွားတာ နှစ်နှစ်သာကြာခဲ့တယ် . . .”
ဝမ်အာသည် ရဲရှောင်၏ အကြောင်းကို ဖတ်နေသည့် အချိန်တွင် အံ့သြတုန်လှုပ်၍ ဆွံ့အနေမိသည်။
(ဘယ်လိုတောင် စွမ်းလိုက်တဲ့လူလဲ။ အမြဲတမ်း တိုက်ခိုက်နေပြီးတော့ သူမတိုက်ဖူးတဲ့ နေရာဆိုတာ မရှိသလောက်ပဲ။ တကယ့် စွမ်းအားရှင်တစ်ယောက်ပါလား။ ကံလည်း တော်တော်ကောင်း တယ် ပြောရမယ် . . .)
သခင်ကြီးဘိုင်လည်း ဆွံ့အနေမိ၏။
အဆိုပါ နယ်မြေ လေးခုသည် ချင်းယန်နယ်ပယ်၏ အစွန်ဖျားများတွင် တည်ရှိခြင်း ဖြစ်ပြီး ရဲရှောင်ကတော့ နယ်မြေ ၄ ခုလုံးကို နှစ်နှစ်ဖြင့် ရောက်အောင်သွားနိုင်ခဲ့သည် မဟုတ်ပါလား။ အတော်ကို ထူးခြားသည့် စွမ်းရည်ပါပင်။
သူ၏ ခြေထောက်များအား ငုံ့ကြည့်လိုက်မိပြီးနောက် ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လေသံတီးတိုးဖြင့် –
“ရှောင်ဧကရာဇ်က တကယ်ပဲ သေသွားခဲ့တာလား . . .”
ဝမ်အာသည်လည်း သခင်ကြီးဘိုင်၏ ခြေထောက်များကို ကြည့်ရင်း မည်သို့ ပြောရမည်ကို မသိ ဖြစ်နေသည်။
(ရှောင်ဧကရာဇ် သေသွားတာ အမှန်ပဲဟာကို ဆရာက သင်္ကာမကင်း ဖြစ်နေသေးတာလား . . .)
ဝမ်အာသည် သူ့ဆရာ စဉ်းစားနေသည်ကို သိနေ၏။
ကောင်းကင်လျို့ဝှက်ရတနာအတွက် မည်မျှထိ ပေးဆပ်မှုများ ပြုလုပ်ထားရသလဲ ဆိုတာကို သူမအသိဆုံး ဖြစ်၏။
မျက်ရည်များ၊ သွေးများဖြင့်ပင် ဖြစ်သည်။
အကယ်၍ သခင်ကြီးဘိုင်၏ ကြိုးစားအားထုတ်မှု အားလုံးသည် တခြားတစ်ယောက်ယောက် အတွက် ဖြစ်သွားမည် ဆိုပါက သူမဆရာ ခံနိုင်လျှင်တောင်မှ သူမအနေဖြင့် မခံချင်လွန်း၍ ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေမိနိုင်ပါသည်။
ကိုးကြိမ်တိုင်တိုင် ပြုပြင်မှု၊ ကိုးကြိမ်တိုင်တိုင် ကြိုးပမ်းမှု၊ ကိုးကြိမ်တိုင်တိုင် မုန်တိုင်းအိမ်တော် ဖြစ်တည်မှု၊ ကိုးကြိမ်တိုင်တိုင် သေဘေးမှ လွတ်မြောက်မှု၊ လူပေါင်း ကိုးဘီလီယံရဲ ဝိညာဉ်တော်တွေကို စတေးမှု . . .
ထိုစကားစုသည် သာမန်စကားစု တစ်စု မဟုတ်ချေ။
ထိုစကားစု၏ ကြောက်စရာ ကောင်းပုံကို ဝမ်အာ အသိဆုံးပင် ဖြစ်၏။
သူမနှင့် ချူးအာသည် သခင်ကြီးဘိုင်နောက်သို့ ခြောက်ကြိမ်မြောက် ပြီးသည့် အချိန်တွင် ရောက်လာခဲ့ကြသည်။ သို့သော်လည်း ထိုအကြိမ်ရေနှင့်ပင် သူမတို့အတွက် အရာအားလုံးကို နားလည်ပြီး ဖြစ်သည်။
ကိုးကြိမ်ကိုးခါတိုင်တိုင် ဖြစ်ပေါ်စေရန်အတွက် အချိန်များစွာ ပေးခဲ့ရပြီး သူတို့ နိုင်ငံတော် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည့် အချိန်တိုင်း သူတို့ကိုယ်သူတို့လည်း ကျိန်စာတိုက်ခံရသလို ခံစားခဲ့ကြရ၏။
အသက်ပေါင်း ဘီလီယံနှင့်ချီ၍ ယူခဲ့ကြတိုင်း သူတို့လည်း သေမလို ဖြစ်ခဲ့ရသည်။
သူတို့သည် လူများစွာကို သတ်ဖြတ်၍ နိုင်ငံတော်ကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့ခြင်းသည် မိုးကောင်းကင်၏ ဥပဒေကို ချိုးဖောက်ကြခြင်းပင် ဖြစ်၏။
သူတို့အတွက် ဒဏ်ခတ်ခြင်းသည် ကြိမ်းသေကို ရောက်ရှိလာစမြဲပင် ဖြစ်၏။
နိုင်ငံတော်အား စတေးတိုင်း သူတို့လည်း ဒဏ်ခတ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး ဘီလီယံနှင့်ချီသော အသက်များကို နှုတ်ယူခဲ့တိုင်း ကောင်းကင်ဘုံ၏ ဒဏ်ခတ်မှုကို ခံရခြင်းပင် ဖြစ်၏။
အဆိုပါ ဒဏ်ခတ်ခြင်းကို သခင်ကြီးဘိုင်မှ အများဆုံ ခံစားရ၏။
ထိုကဲ့သို့ ခံရသည့်တိုင် ဆက်လက်၍ လုပ်ဆောင်နေမိတုန်းပင် ဖြစ်သည်။ တစ်ခေါက်ထက် တစ်ခေါက်လည်း ပိုမို ပြင်းထန်လာပါတော့သည် . . .။