အခန်း (၆၅၉) ရှန်ရှောင့်ကျန်းဝူ၊ ကောင်းကင်ကပ်ဘေး ဧကရာဇ်
“အဲဒီစီနီယာအကြောင်း မပြောနဲ့”
ဟန်ထော်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။ ယီတျန်က အမြဲတမ်း ရိုင်းပါတယ်။ တကယ်လို့ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ကိုသာ ရန်စမိရင် ဟန်ထော်ဟာ ယီတျန်ကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်တောင် အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး အပြစ်မပြုရဲပါဘူး။ ယီတျန်ဟာ နှုတ်ခမ်းမဲ့လိုက်ပြီး ဆက်မပြောပါဘူး။ ဒါပေမဲ့ သက်ပြင်းတစ်ချက်တော့ ချလိုက်ပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ စစ်တပ်ဟာ ရှေ့ကို ဆက်ပြီးတော့ ချီတက်ပါတယ်။
တစ်ချိန်တည်းမှာပဲ၊ ငရဲပြည် အပြင်ဘက်၊ ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့။
နတ်ဒေါင်းအရှင်ဟာ တိတ်ဆိတ်တဲ့ နန်းတော်ထဲမှာ ထိုင်နေပါတယ်။ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် နတ်ဒေါင်းအရှင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ လေပြင်းတစ်ခုဟာ နတ်ဒေါင်းအရှင်ဆီကို တိုက်ခတ်လာပါတယ်။ တံခါးတွေက ပိတ်ထားတာဖြစ်ပြီး ပြတင်းပေါက်တွေကလည်း လုံးဝမပွင့်ဘဲ လေတိုက်လာတာ ဖြစ်ပါတယ်။
နတ်ဒေါင်းအရှင်ရဲ့ မျက်လုံးဟာ ကျဉ်းမြောင်းသွားပြီး မမြင်နိုင်တဲ့ရောင်ဝါ ထွက်ပေါ်လာကာ သူ့ရှေ့ကလေပြင်းကို ဖယ်ရှားလိုက်ပါတယ် “ဘယ်သူများလဲလို့… ရှန်ရှောင့်ကျန်းဝူကိုး၊ ဘာလဲ… မင်းကလည်း ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ ရောက်လာတာလား…” နတ်ဒေါင်းအရှင်က သရော်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်ရဲ့ စကားဆုံးတဲ့အခါ သူ့ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ ခြေဆယ်လှမ်း အကွာအဝေးမှာ ရပ်နေကြပါတယ်။
ရှန်ရှောင့်ကျန်းဝူဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ့ဆံပင်တွေက ဂလက်ဆီ ရေတံခွန်လို သူ့ပခုံးပေါ် ကျဆင်းနေပါတယ်။ ရှန်ရှောင့်ကျန်းဝူဟာ ချောမောတဲ့မျက်နှာထားနဲ့ ကြော့မော့သန့်ရှင်းတဲ့ ကိုယ်ဟန် ရှိပါတယ်။ နတ်ဒေါင်းအရှင်နဲ့ ယှဉ်ရင် ရှန်ရှောင့်ကျန်းဝူဟာ မြင်တွေ့ရသူတိုင်းကို ဘာဖိအားမှ မခံစားရဘဲ စိတ်ရွှင်လန်းစေပါတယ်။ ရှန်ရှောင့်ကျန်းဝူဟာ ပြုံးလိုက်ပါတယ် “မဟုတ်ဘူး… ငါ မင်းကို တားဖို့ ရောက်လာတာ”
“မင်းက…”
နတ်ဒေါင်းအရှင် မတ်တတ်ရပ်လိုက်တယ်ဆိုရင်ပဲ သူ့နောက်မှာ ငါးရောင်ခြယ် နတ်စွမ်းအား တောက်ပလာပါတယ်။
“နတ်ဒေါင်းအရှင်… ဘာဖြစ်လို့လဲ၊ ငါတို့တွေ ဘာဖြစ်လို့ မဟာတာအိုပညာရှိတွေရဲ့ အကြံအစည်မှာ ဝင်ပါရမှာလဲ၊ ကစားပွဲက မဟာတာအိုပညာရှိတွေအတွက် လိုလည်း လိုသလို မလိုလည်း မလိုဘူး၊ မင်း နားလည်လား”
နတ်ဒေါင်းအရှင်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “အဲဒါဆို… မင်းက ဒီနေရာကို ဘယ်သူ့အတွက် ရောက်လာတာလဲ”
ရှန့်ရှောင်ကျန်းဝူဟာ ခေါင်းခါလိုက်ပါတယ် “ငါက မင်းအတွက် ရောက်လာတာ၊ ဒီပဋိပက္ခမှာ ငါ လေးစားအားကျတဲ့ ကျင့်ကြံသူက မင်းပဲ ရှိတယ်၊ ငါ မင်းကို ဒီအရှုပ်အရှင်းထဲ ဝင်မပါစေချင်ဘူး၊ မကြာသေးခင်က ကောင်းကင်ရုံးတော်ရဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်ထဲ ဝင်ဖို့ ငါ့ကို စည်းရုံးခဲ့တယ်၊ သူ့အစီအစဉ်က အရမ်းကောင်းတယ်လို့ ငါထင်တယ်၊ မင်းကိုလည်း ကောင်းကင်ရုံးတော်ထဲ ဝင်စေချင်တယ်”
‘ကောင်းကင်ရုံးတော်’ နတ်ဒေါင်းအရှင်ဟာ မျက်လုံးကျဉ်းသွားပါတယ်။
ရှန်ရှောင့်ကျန်းဝူဟာ ဆက်ပြောပါတယ် “မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်တွေနဲ့ မတူဘူး၊ သူက မဟာတာအိုပညာရှိတွေရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားပြီ၊ သူ့ ကောင်းကင်ရုံးတော်က အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီ၊ မကြာခင်မှာ သူက အမှောင်တားမြစ်နယ်မြေကို စုစည်းနိုင်လိမ့်မယ်….”
“ဟမ်… တိတ်စမ်း၊ မင်းက ငါ့ကို ဖျောင်းဖျနိုင်မယ်လို့ ထင်နေတာလား” နတ်ဒေါင်းအရှင်ဟာ အင်္ကျီလက်စကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါ ငါးရောင်ခြယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး ရှန်ရှောင့်ကျန်းဝူကို အဝေးလွင့်စင်သွားစေပါတယ်။
ချက်ချင်းဆိုသလိုပဲ နတ်ဒေါင်းအရှင်ဟာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်အတွင်း။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ အလွန်ပြင်းထန်တဲ့ တိုက်ပွဲရောင်ဝါကို အာရုံခံမိတာကြောင့် မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်က ဝတ်ရုံဖြူ အမျိုးသားတစ်ယောက်နဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။
နှစ်ယောက်စလုံးက လွတ်လပ် တာအိုပညာရှိတွေ ဖြစ်ကြပါတယ်။ ကပ်ဘေးမျိုးနွယ်စုကို သက်ရောက်မှာစိုးတဲ့အတွက် သူတို့နှစ်ယောက်ဟာ ပိုနက်ရှိုင်းတဲ့အာကာသကို သွားပြီး တိုက်ခိုက်ကြပါတယ်။ လွတ်လပ် တာအိုပညာရှိတွေပဲ သူတို့တိုက်ပွဲကို ချောင်းကြည့်နိုင်ပါတယ်။ အာကာသက မတည်ရှိဘူး ထင်ရပေမဲ့ တကယ် တည်ရှိပါတယ်။ အာကာသက အဆင့်များစွာ ကွဲပြားတည်ရှိတဲ့အတွက် တာအိုပညာရှိတွေတောင် အာကာသ နိယာမကို လုံးဝ သုံးသပ်နားလည်နိုင်ခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်နဲ့ ဝတ်ရုံဖြူက ရင်ပေါင်တန်း တိုက်ခိုက်နိုင်တာကို တွေ့ရတဲ့အတွက် ဝတ်ရုံဖြူက ဘယ်သူလဲဆိုတာကို သိချင်သွားပါတယ်။
‘ကောင်းကင်အရှင်ရွှမ်တု ဖိတ်ထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်များလား…’ ဟန်ကျွယ်ဟာ တိုက်ပွဲကို တစ်ခဏကြည့်ရှုပြီးနောက် တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ် ‘ဒီလူနှစ်ယောက်က တကယ် တိုက်ခိုက်နေတာလား… သူတို့တိုက်ပွဲက ညင်သာလွန်းတယ်’
ဟန်ကျွယ်ဟာ စိတ်ဝင်စားမှု လျော့သွားပြီး ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ခါးကြောဆန့်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် တာအိုအရှင်သခင်သည် ကပ်ဘေးမျိုးနွယ်စု သက်ရှိများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၉၃၂၀၀၅
[သင့်သား ဟန်ထော်သည် ကပ်ဘေးမျိုးနွယ်စု သက်ရှိများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၉၈၂၂၃၃
[သင့်တပည့် ရန်ထျန်တုန်းသည် လျှို့ဝှက်ဆန်းကြယ် အရံအတား အစီအမံတစ်ခု၏ တိုက်ခိုက်မှုဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် တာအိုနှလုံးသား ထိခိုက်သွား၏။]
[သင့်မိတ်ဆွေ တောင်ဘက်စွန်း ကောင်းကင်အရှင်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ပန်ကူး၏ စိတ်ဆန္ဒကို ရရှိပြီး သွေးစည်း အသွင်ပြောင်းလဲကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မျိုးဆက် ဟန်ယွီသည် ကပ်ဘေးမျိုးနွယ်စု သက်ရှိများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၉၂၁
[သင့်တပည့် ဂျိရှင်းရှန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘တော်တော်ကြေကွဲဖို့ ကောင်းတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပြီး ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်ကို သိမ်းပိုက်ထားတုန်းပါ။ ကောင်းကင်တာအို သက်ရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် လာတိုက်ပေမဲ့ ကပ်ဘေးမျိုးနွယ်စုကို ငရဲပြည်ထဲကနေ မောင်းမထုတ်နိုင်ပါဘူး။ အခုအချိန်မှာ ကျယ်ကျောင်းတော်၊ ချန်ကျောင်းတော်၊ ရွမ်လိန့်ကျောင်းတော်၊ ဗုဒ္ဓဂိုဏ်း၊ မယ်တော်ဂိုဏ်းနဲ့ တခြားအင်အားစုတွေဟာ တပည့်တွေကို ငရဲပြည်ဆီ ဆက်တိုက်စေလွှတ်ပြီး စစ်ကူပို့ကြပါတယ်။
တာအိုပညာရှိတွေဟာ တစ်ခါမှ မတိုက်ခိုက်ရသေးပါဘူး။ သူတို့တွေဟာ ကောင်းကင်တာအိုထဲမှာ မလှုပ်ရှားနိုင်ကြပါဘူး။ ကောင်းကင်တာအို အပြင်ဘက်ကျတော့လည်း နတ်ဒေါင်းအရှင် ရှိနေပါတယ်။ သူတို့တွေဟာ နတ်ဒေါင်းအရှင်ကို မယှဉ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပန်ရှင်းက ပန်ကူးရဲ့ စိတ်ဝိညာဉ်ကို ရသွားတာ သတိထားမိလိုက်ပါတယ် ‘ကျွတ်..ကျွတ်… ပန်မျိုးရိုးနာမည်က တကယ်ကို အသုံးဝင်တာပဲ’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ပန်ရှင်းရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ ဒီတိုးတက်မှုက အရမ်းကို မြန်လွန်းပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရဲ့ ရုပ်ပုံကို ထပ်စစ်ဆေးလိုက်ပါတယ်။ တာအိုအရှင်သခင်က ဟန်ကျွယ်ကို စိတ်မပျက်စေပါဘူး။ တာအိုပညာရှိအတု ကနဦးအဆင့်ကို ရောက်နေပါပြီ။ နောက်ဆုံးတော့ တာအိုအရှင်သခင်ဟာ အဆင့်ထိုးဖောက်နိုင်ခဲ့ပါပြီ။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ငရဲပြည် အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်နဲ့ ဝတ်ရုံဖြူက ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။
‘အင်း… ဒါ အခွင့်ကောင်းပဲ’
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံကို ဖြန့်ကြက်လိုက်တဲ့အခါမှာ ကပ်ဘေးမျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ပဲ ရှိတာကို တွေ့လိုက်ရပါတယ်။ ဒီအဆင့်က ကောင်းကင်တာအိုပညာရှိ ထိပ်ဆုံးအဆင့်နဲ့ အတူတူပါပဲ။
“ငါ ကပ်ဘေးမျိုးနွယ်စုရဲ့ တာအိုပညာရှိကို သွားဖမ်းပြီး ပြန်လာရင် ငါ့အသက် အန္တရာယ်ရှိနိုင်လား” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။ အခွင့်အရေးက လွယ်လွယ်ကူကူ ရောက်လာလေလေ ဟန်ကျွယ်ဟာ ပိုပြီးတော့ သတိထားလေလေပါပဲ။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဒီအဖြေကို တွေ့လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
ကပ်ဘေးမျိုးနွယ်စုရဲ့ ဦးစီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ နန်းတော်ထဲမှာ ထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်သွင်ရှိပြီး အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပါတယ်။ သူ့ဟန်ပန်အမူအရာကလည်း သာမန်မဟုတ်ပါဘူး။ ဒါပေမဲ့ တခြား ကပ်ဘေးမျိုးနွယ်စုဝင်တွေလိုပဲ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ အေးစက်ပြီး ရက်စက်တဲ့ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ သူ့နောက်မှာ နတ်အလင်းရောင် တောက်ပနေတဲ့ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ လက်တစ်ဖက်က သူ့ပခုံးပေါ် ရောက်လာတဲ့အတွက် ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ မလှုပ်ရှားနိုင်တော့ပါဘူး။
ချုပ်နှောင်မဟာတာအို။ ဒီရုပ်သွင်ကတော့ ဟန်ကျွယ်ပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဖမ်းဆုပ်ပြီး တာအိုဘုံကျောင်းထဲ ပြန်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ မျက်လုံးပြူးသွားပြီး ဟန်ကျွယ်ကို အလန့်တကြား ကြည့်လိုက်ပါတယ်။
‘မဖြစ်နိုင်တာ…’
ဟန်ကျွယ်ဟာ ခရီးနှင် မဟာတာအိုကို သုံးပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်နောက်ကို သွားတဲ့အတွက် ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ တုံ့ပြန်ချိန်မရလိုက်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ချုပ်နှောင် မဟာတာအိုကို အသုံးပြုပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဖိနှိပ်ကာ ဟင်းလင်းပြင် မဟာတာအိုကို အသုံးပြုပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားကို လွင့်ပါး ပျောက်ကွယ်စေပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ အထိတ်တလန့် ဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး “ရှင် ဘယ်သူလဲ” ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီး လွတ်လပ် တာအိုပညာရှိအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်က မေးလိုက်ပါတယ် “ရှင်က အမှောင်ဘုရင် တာအိုပညာရှိကို သတ်လိုက်တဲ့ လွတ်လပ် တာအိုပညာရှိလား”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။
“ဟမ်… ရှင်က ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားဘူး၊ ရှင်က နတ်ဒေါင်းအရှင်နဲ့ သိပ်မကွာဘူးထင်တယ်၊ ဘာလို့ စောစောက မတိုက်ခိုက်တာလဲ၊ နတ်ဒေါင်းအရှင် ပြန်လာရင် သူက ကျွန်မရဲ့ ရောင်ဝါကို နောက်ယောင်ခံ လိုက်လာလိမ့်မယ်”
“ရှင်က ဘာဖြစ်လို့ ကောင်းကင်တာအိုကို ဒီလောက် ကာကွယ်ချင်နေရတာလဲ၊ ရှင်ရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့က အရမ်းအားနည်းတယ်၊ တခြား ကောင်းကင်တာအိုပညာရှိတွေလောက် မရှိဘူးဆိုတာကို ကျွန်မ အာရုံခံမိတယ်”
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ မေးခွန်းတွေ ဆက်တိုက်မေးပါတယ်။
ဟန်ကျွယ်ဟာ စိတ်မရှည်တော့ဘဲ ဖြားယောင်း နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို အဆုံးမဲ့ပုံရိပ်ယောင်ထဲ ဆွဲထည့်လိုက်ပါတယ်။ ဒီတော့မှာပဲ တာအိုဘုံကျောင်းဟာ ချက်ချင်း တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်က ကျွန်ပြုပြီးတဲ့အချိန်ကို စောင့်ဆိုင်းပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်ကွယ်သွားတဲ့ သတင်းက ချက်ချင်း မပျံ့နှံ့ပါဘူး။ သူမက အမြဲတမ်းလိုလို ဂူအောင်း ကျင့်ကြံအားထုတ်တာကြောင့် ကပ်ဘေးမျိုးနွယ်စုထဲက သက်ရှိတွေဟာ သူမကို မနှောင့်ယှက်ရဲပါဘူး။
နှစ် ၃၀၀ ကြာတဲ့အခါမှာတော့ နတ်ဒေါင်းအရှင် ပြန်လာပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတဲ့အတွက် နတ်ဒေါင်းအရှင်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ် ကျင့်ကြံအားထုတ်တဲ့နေရာကို ချက်ချင်း သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 659
? Views, Released on December 12, 2024