Switch Mode

Chapter – 654

အခန်း (၆၅၄) ကွမ်းပုပိုင်
ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်းက သူလျှိုတွေကို ဒီလောက်ကြောက်နေရင် လီတောက်ခုံးနဲ့ လီရွှမ်အောက်ကို ဘာဖြစ်လို့ လက်ခံတာလဲ”
“အဲဒါက မတူဘူးလေ၊ လီမုယဲ့က သူတို့နောက်ကို လိုက်နေတာလေ”
“ဟီးဟီး…”
ကောင်းကင်အရှင်ရွှမ်တုဟာ ဒီအကြောင်းကို ဆက်မပြောချင်တော့ပါဘူး။ လီမုယဲ့က သူ့ကို မပျော်ရွှင်စေဘူးဆိုပေမဲ့ ဒီကိစ္စမှာ ရွမ်လိန့်ကျောင်းတော်ကလည်း မျက်နှာပျက်ခဲ့ရပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်နဲ့ သူရဲ့ ဆက်ဆံရေးကို ထိခိုက်မှာစိုးတဲ့အတွက် ဒီအကြောင်းကို ဆက်မပြောချင်တော့ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ အလေးအနက် ပြောလိုက်ပါတယ် “ဒီကလေးက မရိုးရှင်းဘူး၊ သူက ပြီးခဲ့တဲ့ဘဝမှာ လွတ်လပ် တာအိုပညာရှိပဲ၊ ပဋိပက္ခမှာ မဟာတာအိုအဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားရင်း အသက်ဆုံးခဲ့တာ၊ သူက အရည်အချင်း အမြင့်ဆုံးရှိတဲ့ ရှန်တျန်သက်ရှိပဲ၊ သူက နောက်ကျရင် ပဋိပက္ခ နတ်ဘီလူးတောင် ဖြစ်လာနိုင်တယ်”
ဟန်ကျွယ်က တအံ့တဩ မေးလိုက်ပါတယ် “သူက အဲဒီလောက်တောင် စွမ်းအားကြီးတာလား၊ ဒါဆို ဘာဖြစ်လို့ သူ့ကို ငါ့ဆီ ပေးတာလား”
“ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်က ငါ့ကို အညံ့မခံလို့ပဲ၊ ကောင်းကင်တာအိုထဲမှာ မင်းပဲ သူ့ကို အညံ့ခံအောင် လုပ်နိုင်လိမ့်မယ်”
“ဘာဖြစ်လို့ ငါတို့က သူ့ကို အညံ့ခံလာအောင် လုပ်ရတာလဲ”
“အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ ဒီကောင်ရဲ့ ရန်သူတွေ အများကြီးပဲ၊ ငါက ဒီကောင်ကို ကောင်းကင်တာအိုထဲ ဆွဲသွင်းချင်တယ်၊ ဒါပေမဲ့ ဒီကောင်က ကောင်းကင်တာအိုကို အထင်သေးနေတယ်၊ တာအိုရောင်းရင်းဟန်… ဒီကလေးက ဆက်ဆံ‌ရေးကို တန်ဖိုးထားတယ်၊ သူသာ တာအိုရောင်းရင်းဟန်ကို အသိအမှတ်ပြုလိုက်ပြီဆိုရင် ကောင်းကင်တာအိုထဲကနေ သေချာပေါက် ထွက်သွားတော့မှာ မဟုတ်ဘူး”
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ လက်ရှိ ကောင်းကင်တာအိုက အားနည်းပါတယ်။ အပြင်ကမ္ဘာက ပါရမီရှင်တွေကို မသိမ်းသွင်းဘူးဆိုရင် ကောင်းကင်တာအိုရဲ့ တိုးတက်မှုက အရမ်းကို နှေးကွေးမှာပါ။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ကောင်းပြီလေ၊ သူ ဘယ်မှာလဲ”
“သူရောက်လာရင် တာအိုရောင်းရင်းဟန်ကို လာရှာဖို့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လွှတ်လိုက်မယ်”
“ကောင်းပြီလေ”
အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ လွမ်ဟွေအာကာသ အကြောင်း ထပ်ပြီးတော့ ဆွေးနွေးကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ မြေအင်မော်တယ်ကမ္ဘာကို လက်ထဲမှာ အောင်မြင်စွာ ဆုပ်ကိုင်နိုင်ခဲ့ပြီဆိုပေမဲ့ လွမ်ဟွေအာကာသကို လက်လွှတ်လိုက်ဖို့ အစီအစဉ် မရှိပါဘူး။ လွမ်ဟွေအာကာသကို ထိန်းချုပ်တဲ့ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်နဲ့ ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို အသုံးပြုပြီး တာအိုကို ရယူနိုင်ပါတယ်။ မြေအင်မော်တယ်ကမ္ဘာမှာ ကောင်းကင်တာအိုပညာရှိနေရာက နှစ်နေရာပဲ ရှိပါတယ်။ ဒါကလည်း ကောင်းကင်အရှင်ရွှမ်တုရဲ့ အာမခံချက်ပါ။
ဒါတင် မကသေးပါဘူး။ တခြား တာအိုပညာရှိဂိုဏ်းတွေကိုလည်း မြေအင်မော်တယ်ကမ္ဘာထဲ ဝင်ခွင့် မပြုထားပါဘူး။ မြေအင်မော်တယ်ကမ္ဘာကို ကောင်းကင်အရှင်ရွှမ်တုနဲ့ ဟန်ကျွယ်ပဲ ပိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကို ကျေနပ်ပါတယ်။ တကယ်လို့ ကောင်းကင်အရှင်ရွှမ်တုသာ မျက်နှာမလိုက်ဘူး လုံးဝ သမာသမတ်ကျတယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို သံသယဝင်မိမှာပါ။
ဘယ်လောက်ပဲ စွမ်းအားကြီးတဲ့ တည်ရှိမှုဖြစ်ပါစေ အကျိုးအမြတ်တော့ လိုချင်ပါသေးတယ်။ ကျင့်ကြံမှုအဆင့် ကွာခြားလွန်းလို့ မမြင်ရင်သာ မမြင်ပါလိမ့်မယ်။ စကားပြောပြီးတာနဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
ဟန်ကျွယ်ဟာ သူ့သိစိတ်ကို သူ့ခန္ဓာကိုယ်ထဲက လောကဦးကမ္ဘာထဲ စေလွှတ်လိုက်ပါတယ်။ တစုန်ကောင်းကင်ရဲ့ အသွင်ပြောင်းလဲတဲ့ ဖြစ်စဉ်က ပြီးခါနီးနေပါပြီ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုက အတိဒုက္ခတွေကို လျှော့ချပြီး သူအင်အားကြီးလာအောင် အချိန်ပေးနိုင်ဖို့ မျှော်လင့်လိုက်ပါတယ်။
နှစ်ခြောက်ရာ ကြာတဲ့အခါမှာတော့…
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ လူတစ်ယောက် ပေါ်လာပါတယ်။ ဒီလူဟာ ဝတ်ရုံပြာကို ဝတ်ဆင်ထားပြီး ခန့်ညားတဲ့ ရုပ်သွင် ရှိပါတယ်။ ရိုးတွင်းခြင်ဆီထဲကနေ ထုတ်လွှတ်နေတဲ့ မာနကြီးမှုကလည်း တစ်ချက်ကြည့်ရုံနဲ့ သိလောက်တဲ့အထိကို ထင်ရှားလွန်းပါတယ်။
“ငါက ကွမ်းပုပိုင်ပဲ၊ ကောင်းကင်အရှင်ရွှမ်တုရဲ့ ထောက်ခံချက်နဲ့ တိတ်ဆိတ်ဂိုဏ်းချုပ်ဆီ လာလည်တာပါ” ဝတ်ရုံပြာနဲ့လူက ပြောလိုက်ပါတယ်။ သူ့အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး တပည့်အားလုံးကို နိုးထသွားစေပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံရင်း အလုပ်ရှုပ်နေတာမလို့ ကွမ်းပုပိုင်ကို ချက်ချင်းကြီး အာရုံမစိုက်အားပါဘူး။
တစ်ရက်စောင့်လို့ ဘာမှမထူးခြားတဲ့အခါ ကွမ်းပုပိုင်ဟာ ဒေါသထွက်သွားပြီး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမဆီ ချက်ချင်း ပြန်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုကို တွေ့တာနဲ့ ကွမ်းပုပိုင်က မေးလိုက်ပါတယ် “အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိက ဘာဖြစ်လို့ ကျွန်တော့်ကို လျစ်လျူရှုနေတာလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းကိုက်သွားပါတယ် “သူက တစ်ခါ ဂူအောင်း ကျင့်ကြံရင် နှစ်တစ်ထောင်ကြာတယ်၊ အရင်တစ်ခေါက် ငါ သူ့ကို ရှာတုန်းကတောင် သူ ဂူအောင်းကျင့်ကြံမှု ပြီးတဲ့အထိ စောင့်လိုက်ရတယ်”
ကွမ်းပုပိုင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီလူက ဘာဖြစ်လို့ ဒီလောက်တောင် ဟိတ်ဟန်များရတာလဲ”
“ဟန်ဆောင်တာ မဟုတ်ဘူး၊ သူက ကျင့်ကြံမှုကို ဦးစားပေးတာ၊ မင်းလည်း သူ့လိုပဲ ကျင့်ကြံမှုကို ဦးစားပေးတာ မဟုတ်ဘူးလား”
ကွမ်းပုပိုင်ဟာ တိတ်ဆိတ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက လေးလေးနက်နက် ဆက်ပြောပါတယ် “အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တာအိုကောင်းကင်မိစ္ဆာနဲ့ အမှောင်ဘုရင် တာအိုပညာရှိကို သတ်ခဲ့တာ၊ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူ့ကို အမှုန့်ကြိတ်ပစ်ချင်နေကြတာ၊ ဒါပေမဲ့ သူတို့တွေ ဘာမှမလုပ်နိုင်သေးဘူး၊ မင်း သူ့နောက်ကိုလိုက်ရင် မင်းဘဝဟောင်းကို ကျော်လွန်ဖို့ အခွင့်အရေး ရလာလိမ့်မယ်၊ ငါမင်းကို သူ့ရဲ့ ကြီးထွားမှုအလျင် အကြောင်း ပြောထားပြီးပြီလေ၊ မင်း နားလည်သင့်တယ်”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် ကွမ်းပုပိုင်ဟာ လှည့်ထွက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံး ပြန်မှိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံပါတယ်။ မသိမသာနဲ့ ဟန်ကျွယ်တောင် အသက် ၁၇၀,၀၀၀ ပြည့်ခဲ့ပါပြီ။ အချိန်က တကယ်ကို ဘယ်သူ့ကိုမှ ချမ်းသာမပေးတာပါ။ မျက်တောင်တစ်ခတ်အတွင်း ကြယ်တွေတောင် ပြောင်းလဲကုန်ပါပြီ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ ဆယ်နှစ်ကျော် စောင့်ဆိုင်းနေတဲ့ ကွမ်းပုပိုင်ကို တာအိုစက်ကွင်းထဲ ရွှေ့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော် ကွမ်းပုပိုင် ရောက်လာတုန်းက စနစ်ရဲ့ အသိပေးချက်ကို ထွက်ပေါ်လာစေခဲ့ပါတယ်။
[မွေးရာပါ ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ တွေ့ရှိထားသည်။ မူလဇာစ်မြစ်ကို စုံစမ်း စစ်ဆေးနေသည်။]
ဒီအသိပေးချက်ကို မြင်ရတဲ့အခါမှာ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဒီလိုအသိပေးချက်ကို ဟန်ကျွယ် မမြင်ရတာ ‌အတော်ကို ကြာခဲ့ပါပြီ။ ဟန်ကျွယ်ဟာ အချက်အလက်ကို ထပ်ပြီး စစ်ဆေးလိုက်ပါတယ်။
[ကွမ်းပုပိုင်: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်၊ လွတ်လပ် တာအိုပညာရှိ လူဝင်စား၊ ရှန်တျန်သက်ရှိ၊ ပြိုင်ဘက်ကင်း နှလုံးသး၊ သိမ်မွေ့ညင်သာ ပဋိပက္ခ ကျင့်စဉ်။ ဘဝဟောင်း၌ မဟာတာအိုအသီးကို ထိုးဖောက်ရန် ကြိုးစားနေစဉ် တိုက်ခိုက်ခံရသောကြောင့် ရွေးချယ်စရာမရှိဘဲ ဝိညာဉ်ကျန်ဖြင့် ပြန်လည်မွေးဖွားခဲ့ရသည်။]
ဟန်ကျွယ်ဟာ ကွမ်းပုပိုင်ကို သိပ်စိတ်မဝင်စားတဲ့အတွက် သူ့ကျင့်ကြံမှုစည်းကမ်းကို ဖျက်ပြီး ခေါ်မတွေ့ပါဘူး။ ဒါကလည်း ကွမ်းပုပိုင်ကို ဖိနှိပ်ဖို့ အခွင့်ကောင်းပါ။ ကွမ်းပုပိုင် ပထမဆုံး လာလာချင်း ပြောခဲ့တဲ့ စကားတွေက တော်တော် ဘဝင်မြင့်ပါတယ်။ ဒီလိုစရိုက်မျိုးနဲ့ ဟန်ကျွယ်ကို ဆရာသခင်အဖြစ် အသိအမှတ် ပြုခဲ့ရင်တောင် နောက်ကျရင် ပြဿနာတွေ ပိုဖြစ်စေမှာပါ။
ကွမ်းပုပိုင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ တာအိုဘုံကျောင်းထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ကွမ်းပုပိုင်ရဲ့ အကြည့်ဟာ နတ်အလင်းရောင် ဖုံးကာပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပုံပေါ်တဲ့ ဟန်ကျွယ်ဆီ ရောက်သွားပါတယ်။ ကွမ်းပုပိုင်ဟာ မဆိုစလောက် နှုတ်ခမ်းတွန့်သွားပါတယ်။
‘တော်တော် ဟိတ်ဟန်များတာပဲ… ဒီလူက ဟိတ်ဟန်များတဲ့နေရာမှာ ငါ့ထက် သာတယ်’
ကွမ်းပုပိုင်ဟာ ဒီနှစ်တွေမှာ အင်မော်တယ်ကမ္ဘာကို လှည့်လည်နေတာပါ။ ဒီလိုလှည့်လည်နေတာတောင် ပြန်လာပြီး နောက်ထပ် ၁၀ နှစ် ထပ်စောင့်လိုက်ရပါသေးတယ်။ ဒီအတွက် ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ကို နည်းနည်း မကျေနပ်ပါဘူး။
ကွမ်းပုပိုင်က ဘာမှမပြောတဲ့အတွက် ဟန်ကျွယ်ကလည်း ဘာမှမပြောပါဘူး။ နှစ်ယောက်စလုံး တိတ်ဆိတ်နေတဲ့အတွက် တာအိုဘုံကျောင်းဟာ အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပြီး လေထုက ကသိကအောက် ဖြစ်လာပါတယ်။
နောက်ဆုံးမှာတော့ ကွမ်းပုပိုင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခင်ဗျား ဘာကိုဆိုလိုတာလဲ၊ ရွှမ်တုက ရှင်းရှင်းလင်းလင်း မပြောထားဘူးလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက သူ့ကို သူ့နာမည်အတိုင်း ခေါ်တယ်ဆိုတော့ ကောင်းကင်အရှင်ရွှမ်တုကို ဂရုမစိုက်ပုံပဲ၊ ဒီလိုဆိုမှတော့ မင်းက ဘာဖြစ်လို့ ငါ့တပည့် ဖြစ်ချင်ရတာလဲ”
“ကောင်းကင်အရှင်ရွှမ်တုက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး လွတ်လပ် တာအိုပညာရှိ အဆင့်မှာပဲ ရှိတာ၊ ဒီအဆင့်ကို ကျွန်တော်လည်း ဘဝဟောင်းမှာ ရောက်ခဲ့ဖူးတယ်၊ နောက်ပြီး သူနဲ့ ကျွန်တော်က တစ်မျိုးဆက်တည်းပဲ၊ ကျွန်တော် ဘာဖြစ်လို့ ခင်ဗျားကို ဆရာတင်ချင်တာလဲဆိုတော့ ခင်ဗျားက ပဋိပက္ခနတ်ဘီလူး ဖြစ်နေလို့ပဲ၊ မဟာတာအိုအဆင့်က ခင်ဗျားအတွက် ဘာမှမခက်ဘူးလေ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ကွမ်းပုပိုင်ရဲ့ လေသံအရ ပဋိပက္ခ နတ်ဘီလူးတွေ မဟာတာအို ပညာရှိ ဖြစ်လာဖို့က အလွန်လွယ်ကူနေသလိုပါပဲ။ အနည်းဆုံးတော့ ဒီသတင်းက ပျံ့နှံ့နေပါပြီ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ငါ့ကို ဆရာတင်လို့ရတယ်၊ ဒါပေမဲ့ အခုအချိန်ကစပြီး ငါ့တာအိုစက်ကွင်းထဲမှာပဲ နေရမယ်၊ ငါ့အမိန့်မရှိဘဲ အပြင်ထွက်ခွင့် မရှိဘူး”
“ရတယ်၊ ဒါပေမဲ့ ကျွန်တော် ခုကတည်းက ရှင်းအောင် ပြောထားတယ်၊ ကျွန်တော် လွတ်လပ်မှုအဆင့်ကို ရောက်ရင် မဟာတာအိုကို လိုက်စားဖို့အတွက် ဒီကနေ ထွက်သွားရလိမ့်မယ်၊ အနာဂတ်မှာ ကျွန်တော် မဟာတာအိုကို အရယူနိုင်ခဲ့ရင်တောင် ခင်ဗျားကို ဆရာသခင်အဖြစ် အသိအမှတ်ပြုဦးမှာပဲ၊ ကျွန်တော်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ဘူးဆိုရင် ကျွန်တော်ကို ဘာခိုင်းခိုင်း ရတယ်”
ကွမ်းပုပိုင်ရဲ့ လေသံဟာ နှိမ့်ချခြင်းလည်း မရှိသလို ဘဝင်မြင့်ခြင်းလည်း မရှိပါဘူး။ ဟန်ကျွယ်နဲ့ ပူးပေါင်းဖို့ ဆွေးနွေးနေသလိုပါပဲ။ ဟန်ကျွယ်ဟာ သူ့ရှေ့မှာရှိတဲ့ ကွမ်းပုပိုင်ကို ဆွဲစုပ်ယူလိုက်ပြီး အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်လိုက်ပါတယ်။
“ခင်ဗျား ဘာလုပ်တာလဲ” ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားကို မထိုးဖောက်နိုင်တာကြောင့် မလှုပ်ရှားနိုင်ပါဘူး။ ဒါကြောင့် နည်းနည်း ပျာယာခတ်သွားပါတယ်။ အခုအချိန်မှာ သူက ကောင်းကင်ဘဝဂ်အဆင့်ပဲ ရှိတာ မဟုတ်ပါလား။
ဟန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “မင်း အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ ထွက်ပြေးလာတာ၊ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက မင်းခန္ဓာကိုယ်ကို တစ်ခုခုလုပ်ထားမှာစိုးလို့ ငါက ကူပြီး ရှင်းပေးတာ၊ ကြောက်မနေနဲ့၊ ငါသာ မင်းကို သတ်ချင်ရင် ဒီလောက်ထိ ကရိကထ များမနေဘူး”
ကွမ်းပုပိုင်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပြီးတဲ့အခါ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကိုခေါ်ပြီး ကွမ်းပုပိုင်အတွက် နေရာစီစဉ်ခိုင်းပါတယ်။ တစ်ချိန်တည်းမှာပဲ ကွမ်းပုပိုင်အတွက် အသွင်တူ လက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို ဖွင့်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ နောက်ထပ်တပည့်တစ်ယောက် ထပ်ရသွားပါတယ်။ တပည့်ရင်းတွေက ဒီအကြောင်းကို ကြားတဲ့အခါ ကွမ်းပုပိုင်ဆီ လာလည်ကြပါတယ်။ ဒါပေမဲ့ ကွမ်းပုပိုင်ဟာ တစ်ခါတည်း ဂူအောင်းကျင့်ကြံပြီး ဘယ်သူကိုမှ လက်ခံတွေ့ဆုံခြင်း မရှိပါဘူး။ ဒီကိစ္စက တပည့်ရင်းတွေကို တော်တော်လေး မပျော်မရွှင် ဖြစ်သွားစေပါတယ်။
လီရွှမ်အောက်ကတော့ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဒီတပည့်သစ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset