Switch Mode

Chapter – 138

ကောင်းကင်လျှို့ဝှက်ရတနာ

Chapter – 138
“ကောင်းကင်လျို့ဝှက်ရတနာ”

ဝမ်အာသည် အနည်းငယ် စိတ်ပျက်သလို ဖြစ်သွားပြီး ခေါင်းငုံ့လိုက်၏။
(သခင်ကြီးက လူတော်တစ်ယောက်ပါ။ အမြဲတမ်း စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံပေမဲ့ ဘာလို့ သူ့ဆီမှာ လူသားဆန်မှုဆိုတာ မရှိရတာလဲ။ နှစ်ပေါင်းများစွာ ကြာတာတောင်မှ သူက အခုထိ . . .)
သခင်ကြီးဘိုင်သည် တခဏမျှ တိတ်ဆိတ်နေပြီးနောက် –
“စုဒင်ဂူက စစ်တိုက်ထွက်တော့မယ်။ သူ့စစ်တပ်ကို ကြည့်ပါဦး တကယ်ကို တော်တဲ့ စစ်သူကြီး တစ်ယောက်ပါ . . .”
ဝမ်အာမှ –
“သူ့စစ်သည်တွေက တကယ်ကို ရဲရင့်ကြတယ်။ သူကလည်း တကယ်တော်တဲ့ စစ်နတ်ဘုရား တစ်ပါးပါပဲ။ ချန်နိုင်ငံတော်ရဲ့ ဘုရင်မင်းမြတ်ကလည်း ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ဘုရင်ပါ။ အခုက အရင်တစ်ခေါက်တုန်းကထက် ပိုပြီး ခက်ခဲမယ်လို့ ကျွန်မတော့ ထင်တာပဲ . . .”
သခင်ကြီးဘိုင်မှ ညင်သာသော လေသံဖြင့် –
“ဒီမတိုင်ခင် ငါ့ရဲ့ ပြိုင်ဘက်တွေ အားလုံးကလည်း အစွမ်းထက်ခဲ့ကြတာ ပါပဲ . . .”
ဝမ်အာမှ လေသံ တီးတိုးဖြင့် –
“ကျွန်မတို့သာ ဝင်မပါဘူးဆိုရင် စုဒင်ဂူ ဒီတိုက်ပွဲကို မျက်စိမှိတ်ပြီး တိုက်ရင်တောင် နိုင်မယ်ဆိုတာ သေချာပေါက်ပဲ . . .”
သခင်ကြီးဘိုင်မှ အေးစက်စက် ပြုံးလိုက်ရင်း –
“အကုန် စီစဉ်ထားပြီးပြီလား . . .”
“အားလုံး စီစဉ်ထားပြီးသားပါ။ မစိုးရိမ်ပါနဲ့ . . .”
ဝမ်အာ ခပ်တိုးတိုးပင် ဖြေလိုက်သည်။
သခင်ကြီးဘိုင်လည်း ခေါင်းညိတ်လိုက်ရင်း တိတ်ဆိတ်သွားပြန်၏။
“ဟိုကောင် ကောင်းကင်သွေးလည်း အခုထိ ပျောက်နေတုန်းမလား . . .”
သခင်ကြီးဘိုင် မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။
“သူ့အဆင့်နဲ့ မော်တယ်ကမ္ဘာမှာ သေဆုံးသွားတာတော့ မဖြစ်နိုင်လောက်ဘူး . . .”
ဝမ်အာလည်း ခေါင်းညိတ်လိုက်ရင်း –
“ကျွန်မလည်း သူ ကျွန်မတို့ကို ပုန်းနေတယ်လို့ ခံစားနေရတယ်။ ကျွန်မတို့နဲ့ ဝေးဝေးနေဆိုပြီး ဖိအားပေးခံထားရတာမျိုးများ ရှိနေမလား မသိဘူး။ ကျွန်မ စုံစမ်းကြည့်လိုက် ပါဦးမယ် . . .”
“သူသာရှိရင် ဒီကိစ္စတွေက လွယ်လွယ်ကူကူ ပြီးသွားမှာ . . .”
သခင်ကြီးဘိုင် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ငါ့ကို သစ္စာဖောက်နေသလိုမျိုး ခံစားမှုမျိုး ဖြစ်နေမိတယ် . . .”
ဝမ်အာ တုန်လှုပ်သွားမိသည်။
သူမ၏ ဆရာဖြစ်သူမှာ ဘယ်တော့မှ မှားယွင်းစွာ ကောက်ချက်ချလေ့ ရှိသူ မဟုတ်မှန်း သူမ သိနေလေ၏။
အဆိုပါ ကောင်းကင်သွေးသည် သူတို့အား သစ္စာဖောက်သွားခြင်းပင် ဖြစ်ပါမည်လော . . .။
“အင်း . . . ငါ့ကို ရဲရှောင်နဲ့ ပတ်သက်တာ မှန်သမျှ ပြောပြစမ်းပါဦး . . .”
သခင်ကြီးဘိုင် ပြောလိုက်သည်။
“ငါသေချာနားထောင်နေမယ်။ တစ်ခုမှ လွဲသွားလို့ မဖြစ်ဘူးနော် . . .”
“ရဲရှောင် ဟုတ်လား . . .”
ဝမ်အာ အံ့သြသွားမိသည်။
(ကျွန်မ အခုပဲ ရဲရှောင်နဲ့ ပတ်သက်တာ အကုန်ပြောပြပြီးပြီလေ။ ဘာလို့ ထပ်သိချင်နေရတာလဲ။ နောက်ပြီး တောင်ပိုင်းမှာလည်း တိုက်ပွဲတွေ၊ ကောင်းကင်သွေးကလည်း ပျောက်နေတယ်။ ဒီရဲရှောင်အပေါ် သူဘာလို့ ဒီလောက်ထိ အာရုံစိုက်နေရတာပါလိမ့် . . . ဒီရဲရှောင်က တောင်ပိုင်းက စစ်ပွဲထက်ရော ကောင်းကင်သွေးထက်ပါ ပိုပြီး အရေးကြီးနေတာလား . . .)
“ဪ . . . ငါပြောတဲ့ ရဲရှောင်ဆိုတာ ရှောင်ဧကရာဇ်ကို ပြောတာနော် . . .”
သခင်ကြီးဘိုင်သည် ထုံးစံအတိုင်း သူ့ဒူးခေါင်းများကို ပုတ်လိုက်ရင်း ပြောလိုက်သည်။
ဝမ်အာလည်း ချက်ချင်းပင် သတိဝင်သွားပြီး –
“ကောင်းပါပြီ . . .”
သူမ၏ ဆရာသည် မြို့ထဲရှိ ရဲရှောင်အကြောင်း စဉ်းစားနေရင်းမှသာ ယခုကဲ့သို့ ရှောင်ဧကရာဇ် အကြောင်း မေးမြန်းရန် သတိရသွားခြင်း ဖြစ်မည်ဟု သူမတွေးလိုက်မိသည်။
သူမထင်မြင်ချက်သည် မှန်ကန်နေပေသည်။
လူရှုပ်လူပွေ ရဲရှောင်သည် သခင်ကြီးဘိုင်၏ ခေါင်းထဲတွင် နေရာယူလျက် ရှိပြီ ဖြစ်၏။
သို့သော် အဘယ်ကြောင့် ထိုကဲ့သို့ စိတ်ဝင်စားနေပါသနည်း . . .။
ဝမ်အာ သခင်ကြီးဘိုင်အား စိတ်ရှုပ်ထွေးသည့် ဟန်ပန်မျိုးဖြင့် ကြည့်နေမိသည်။
သခင်ကြီးဘိုင်မှ ဒူးခေါင်းကို ပုတ်လိုက်ပြန်ရင်း –
“ဒီလူရှုပ်လူပွေ ရဲရှောင်က ထူးဆန်းနေတယ်လို့ ခံစားရတယ်။ ရှောင်ဧကရာဇ်ကလည်း ထူးဆန်းတဲ့ အနေအထားမျိုးနဲ့ သေသွားခဲ့ရတာ မဟုတ်လား။ တကယ်တော့ အဲဒီ ‘ရဲရှောင်’ ဆိုတဲ့ နှစ်ယောက် ဆက်စပ်နေသလို ခံစားနေရတယ်။ သူတို့က . . .”
ဝမ်အာမှ –
“သခင်ကြီးရဲ့ အတွေးကို ကျွန်မ မပြောတတ်ပါဘူး။ ဒါပေမဲ့ ရှောင်ဧကရာဇ်ဟာ အင်အားစု ဂိုဏ်းကြီး သုံးဂိုဏ်းရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ ဒီလို အခြေအနေမျိုးမှာ သူ့ရဲ့ ဝိညာဉ်တော် ကလည်း ဘယ်လိုမှ ရှင်သန်သွားနိုင်စရာ အကြောင်း မရှိလောက်ပါဘူး။ ဒီကိစ္စကို သခင်ကြီးလည်း ကောက်ချက်ချခဲ့ပြီးသားပဲ။ ကျွန်မတို့ ထပ်စဉ်းစားနေဖို့ မလိုဘူးထင်တယ် . . .”
သခင်ကြီးဘိုင်မှ ညင်သာသော လေသံဖြင့် –
“ဟဲဟဲ . . . ငါထပ်ပြီး စဉ်းစားရမှာပဲ။ ငါ့ကိုယ်ငါလည်း မသေချာဘူးလေ။ အထူးသဖြင့် အခုလို ရဲရှောင်နဲ့ တွေ့ခဲ့မိပြီးတဲ့ နောက်ပိုင်းမှာပေါ့ . . .”
သခင်ကြီးဘိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားရင်း –
“စစ်သူကြီးအိမ်က ရဲရှောင်က အအေးစွမ်းအင်ဓာတ် တစ်မျိုးကို လေ့ကျင့်တယ်။ ဒီအချက်ကတော့ ရှောင်ဧကရာဇ်နဲ့ မတူဘူး။ သူသာ ရှောင်ဧကရာဇ်ဆို အရင်ကျင့်ကြံမှု လမ်းစဉ်အတိုင်းပဲ လိုက်ရမယ် ဆိုတော့ သူ့ခန္ဓာကိုယ်က အနွေးဓာတ်စွမ်းအင်ပဲ ရသင့်တယ် မဟုတ်လား . . .”
ဝမ်အာ ခေါင်းညိတ်ပြလိုက်သည်။
တကယ်တမ်းတွင် သူလည်း စိတ်ရှုပ်ထွေးလျက် ရှိပေ၏။
(သခင်ကြီးက အမြဲတမ်း တိကျပြတ်သားတဲ့လူ။ ဒီကိစ္စကို သူဘာလို့ ချီတုံချတုံ ဖြစ်နေရတာလဲ။ လူရှုပ်လူပွေ ရဲရှောင်က ရှောင်ဧကရာဇ်နဲ့ လားလားမှ မတူပါဘူး။ လောကကြီးမှာ လူတူမရှား နာမည်တူမရှား အများကြီး ရှိနိုင်တာပဲဟာကို . . . ဒီလောက်ထိ စဉ်းစားနေစရာ မလိုဘူး ထင်တာပဲ . . .)
“ကောင်းကင်လျို့ဝှက်ရတနာ ပေါ်လာဖို့အတွက် ကိုးကြိမ်တိုင်တိုင် ပြုပြင်မှု၊ ကိုးကြိမ်တိုင်တိုင် ကြိုးပမ်းမှု၊ ကိုးကြိမ်တိုင်တိုင် မုန်တိုင်းအိမ်တော် ဖြစ်တည်မှု၊ ကိုးကြိမ်တိုင်တိုင် သေဘေးမှ လွတ်မြောက်မှု၊ လူပေါင်း ကိုးဘီလီယံရဲ ဝိညာဉ်တော်တွေကို စတေးမှုတွေ လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ပေါ်လာမဲ့ အချိန်မှာပဲ ပျောက်ကွယ်သွားခဲ့ရတယ် . . .”
သခင်ကြီးဘိုင် မျက်မှောင်ကြုတ်လျက် ရှိသည်။ ထို့နောက် မျက်နှာပျက်သွားရင်း –
“ငါဒီအတွက်နဲ့ အများကြီး အားစိုက်ခဲ့ရပြီးပြီ။ ဒါပေမဲ့ ငါဘာပြန်ရခဲ့လဲ။ ဒါကို ငါဘယ်လို လက်ခံနိုင် မလဲ . . .”
ဝမ်အာသည်လည်း လေးလေးနက်နက် စဉ်းစားနေမိသည်။
သူတို့သည် တစ်ယောက်ို တစ်ယောက် ကြည့်မိသည့်အခါ နှစ်ယောက်လုံး၏ မျက်ဝန်းထဲတွင် နောင်တရပြီး ပူဆွေးနေမှုများကို မြင်မိကြသည်။ သို့သော် တကယ်တမ်းတွင်မူ သခင်ကြီးဘိုင်သာ နောင်တရနေခြင်း ဖြစ်ပြီး ဝမ်အာမှာမူ ဝမ်းနည်းနေသည်ဟု ဆိုလျှင် ပိုမှန်မည် ဖြစ်သည်။
အဆိုပါ ဇာတ်လမ်းသည် လွန်ခဲ့သော နှစ်သောင်းသိန်းချီသော ကာလများကတည်းက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ဇာတ်လမ်းပင် ဖြစ်၏။ စကြာဝဠာကြီး၏ အပြင်ဘက်တွင် သိမ်မွေ့၍ လျို့ဝှက်ဆန်းကြယ်သော အရာတစ်ခု ရှိနေသည်ဟု ဆိုကြ၏။
ထိုအရာအား မည်သူမျှ မမြင်ဖူးသေးချေ။
အချိန်ကြာလာသည်နှင့်အမျှ ဒဏ္ဍာရီဇာတ်လမ်း တစ်ခုလိုပင် ဖြစ်လာ၏။ ထိုအရာကို “ကောင်းကင်လျို့ဝှက်ရတနာ” ဟု ခေါ်ကြလေသည်။
မည်သို့သောပစ္စည်းဖြစ်သည်၊ မည်သည့်နေရာတွင် ရှိနေသည်၊ မည်သို့ပုံစံ ရှိနေသည် ဆိုတာကိုလည်း မည်သူမျှ မသိကြချေ။
လူတိုင်းသိသည့် အချက်မှာ ထိုပစ္စည်းကို ရအောင်ယူနိုင်သူသည် မိုးကောင်းကင်တစ်ခွင်ကို အုပ်စိုးနိုင်သည့်လူ ဖြစ်လာနိုင်သည် ဆိုသည့် အချက်ကိုပင် ဖြစ်သည်။
ထိုအချက်ကပင် လူတိုင်းအဖို့ ဆွဲဆောင်လွန်းလှ၏။
သို့သော်လည်း ထိုအဖြစ်အပျက်သည် ဒဏ္ဍာရီ တစ်ခုသာ ဖြစ်သည်။ မည်သူမျှ ပုံဖော်နိုင်စွမ်း မရှိကြပါချေ။
သခင်ကြီးဘိုင်သည် ကံအားလျော်စွာဖြင့် ရှေးဟောင်းအမွေအနှစ်အပိုင်းအစ တစ်ခုကို ရရှိခဲ့ပြီး လျို့ဝှက်ဆန်းကြယ်သည့် ဟင်းလင်းပြင်တစ်ခု အတွင်းသို့ ဝင်ရောက်ခဲ့သည်။ အဆိုပါ နေရာသည် သူစွမ်းအင်ကျင့်ကြံမှုများကို သင်ယူခဲ့သည့် နေရာလည်း ဖြစ်ပေ၏။
ထိုနေရာတွင် ကောင်းကင်လျို့ဝှက်ရတနာနှင့် ပတ်သက်၍ အချက်အလက်အချို့ကို သိရှိခဲ့ရသည်။
ထို့နောက် ထိုအရာအား ကမ္ဘာပေါ်သို့ ဘယ်လို ရောက်အောင် လုပ်ရမလဲ ဆိုတာကိုလည်း သိရှိခဲ့သည်။
ထိုအချိန်ကတည်းက သူသည် ထိုကိစ္စနှင့် ပတ်သက်၍ လုပ်နိုင်သမျှ လုပ်ပါတော့သည်။ အဆင့်မြင့် နယ်ပယ်တစ်ခုမှ မော်တယ်ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။ ဒုက္ခသုက္ခပေါင်းများစွာကိုလည်း ရင်ဆိုင် ဖြတ်သန်းခဲ့ရ၏။ မုန်တိုင်းများ ထန်အောင်လည်း လုပ်ခဲ့ရသည်။ ယခုနေရာရှိ နိုင်ငံများအား ပြောင်းပြန်လှန်သွားအောင်ပင် အသက်များကို စတေးခဲ့သည်။ သဘာဝ၏ ဥပဒေသများကိုပင် ဖောက်ဖျက်၍ ရအောင်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အစစအရာရာ ကြိုးစားခဲ့မှုသည် တစ်ကြိမ် တစ်ခါတည်း မဟုတ်ပေ။ ကိုးကြိမ်ရှိပြီ ဖြစ်၏။ (မှတ်ချက် – ယခုမုန်တိုင်းအိမ်တော် ကိုးကြိမ်ကိုးခါ ပြန်၍ပြန်၍ ပေါ်ပေါက်လာမှုနှင့် ပတ်သက်၍ အခန်း ၆၇ တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ မမှတ်မိပါက ပြန်၍ သွားဖတ်ကြပါကုန်)
လွန်ခဲ့သော နှစ်တစ်ရာခန့်က သူနှစ်ထောင်ချီအတွင်း ကြိုးစားခဲ့သမျှသည် နောက်ဆုံးတွင် အနည်းငယ် လက္ခဏာပြလာခဲ့သည်။ ထိုနေ့က ကောင်းကင်ရှိ ကြယ်များ တုန်ခါနေကြပြီး အချိန်များလည်း ကမောက်ကမ ဖြစ်ခဲ့သည်။ ကမ္ဘာတစ်ခုလုံး မုန်တိုင်းထန်နေပြီး သွေးများသည်လည်း ကောင်းကင်ထက်သို့ လွင့်ပျံနေခဲ့၏။ ထိုအချိန်တုန်းက သူတောင့်တနေသည့်အရာ ကျလာတော့မလိုပါပင်။
သို့သော်လည်း ထိုအချိန်မှာပင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပြီး ပျောက်ကွယ်သွားခဲ့ပြန်၏။
သခင်ကြီးဘိုင်သည် ကောင်းကင်လျို့ဝှက်ရတနာ မည်သို့ ပုံစံရှိပြီး မည်သို့သော ပစ္စည်း ဖြစ်တယ် ဆိုတာကို မသိခဲ့ချေ။ ကမ္ဘာမြေပြင်ပေါ်သို့ ယူဆောင်နိုင်မည်ဟုသာ တွေးထင်ထားခြင်း ဖြစ်၏။ ထိုထက်ပို၍ သူဘာမှ မသိပါချေ။
ယခုအကြိမ်တွင်လည်း ဘုရင့်နိုင်ငံတော်ရှိ လူသားများ၏ အသက်များကို စတေးကာ ထပ်မံ၍ ဆင့်ခေါ်ဦးမည် ဖြစ်၏။
တကယ်တမ်းတွင် ယခုအကြိမ် အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကိုလည်း သူသေချာ မပြောနိုင်ချေ။ မည်သို့ ဖြစ်လာမည် ဆိုသည်ကိုလည်း မမှန်းဆနိုင်ပါချေ။ မည်သို့ပင် ဖြစ်ပါစေ သူကတော့ ဖြစ်နိုင်တာ မှန်သမျှ လုပ်မည်သာ ဖြစ်၏။ အလုပ်ဖြစ်သွားလျှင် ပျော်ရွှင်မိမည် ဖြစ်ပြီး ထိုအခါမှသာ ရှေ့ဆက်သွားရမည့် အစီအစဉ်ကို စီစဉ်နိုင်မည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် သူ၏ အကြံအစည်များအား ဖျက်ဆီးမည့် တစ်စုံတစ်ယောက် သို့မဟုတ် လုယူသွားမည့် လူတစ်ယောက် ပေါ်လာမည် ကိုလည်း စိုးရိမ်နေမိသည်။
“ဒီစတေးမှုတွေကို ဘယ်လောက်ကြာအောင် ငါလုပ်ခဲ့ရလဲ . . . တခြားလူအတွက်တော့ ငါကူညီပေးလိုက်သလို မဖြစ်ချင်ဘူး . . .”
သခင်ကြီးဘိုင် ဝါးရုံတောအတွင်း စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။
ရုတ်တရက် သူ၏ မျက်လုံးများတွင် ရက်စက်မှုများ ဝင်ရောက်လာသလိုပါပင်။
(ဒီလိုအဖြစ်မျိုးတွေကို ငါဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး . . .)
“ဒီမှာ ရှောင်ဧကရာဇ်နဲ့ ပတ်သက်သမျှ မှတ်တမ်းတွေပါ . . .”
ဝမ်အာ ပြောလိုက်သည်။
“အင်း ဖတ်ပြစမ်းပါဦး . . . မဟုတ်ဘူး ခဏနေဦး . . .”
သခင်ကြီးဘိုင်သည် ချီတုံချတုံ ဖြစ်နေဟန်ပါပင်။ တခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် –
“ဝမ်အာ . . . နေဦး . . . မင်းကို ခုနတုန်းက ရဲရှောင်ကြည့်တဲ့ အကြည့်တွေကို သတိထားမိခဲ့လား။ တမင်တကာ မကောင်းတဲ့ စိတ်မျိုးနဲ့ ကြည့်တဲ့ ပုံစံမျိုးပေါက်အောင် ဟန်ဆောင်ထားတာလား . . .”
ဝမ်အာ ကြောင်ငေးသွားမိသည်။
(ဘာလို့ ကျွန်မကို ဒီအရူးကိုများ သတိထားခိုင်းနေတာလဲ။ အခုလို ကြားလိုက်ရတာ တကယ်ပဲ ဆွံ့အမိသွားတာပဲ။ အခုပြောတာတွေက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး . . . နောက်ပြီး အခု အဖြေကို ဘယ်လိုများ ဖြေ . . . ဖြေရပါ့မလဲ . . .)
သခင်ကြီးဘိုင်သည် တွေးတွေးဆဆ ပုံစံဖြင့် ဆက်လက်၍ –
“ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို မြင်တဲ့အခါ တုန့်ပြန်မှုက နည်းနည်းပဲ ရှိတာပါ။ ပထမတစ်ခုက ကောင်မလေးကို ကြည့်လိုက်မိမယ်။ ဒါကတော့ သာမန်ပေါ့လေ။ ဒုတိယ တစ်ခုက နည်းနည်း စူးစူးစိုက်စိုက် ကြည့်မယ်။ ကောင်မလေးကို ကျော်ပြီး ဖြတ်သွားရင်တောင်မှ နောက်ပြန်လှည့်ပြီး ကြည့်နေမိမယ်။ စိတ်ထဲမှာလည်း နည်းနည်းလောက် ပစ်မှားချင် ပစ်မှားမိနေမယ်ပေါ့။ တတိယ တစ်ခုကတော့ ကောင်မလေးရဲ့ အဝတ်အစားတွေကို ချက်ချင်းပဲ ချွတ်ပစ်ချင်နေတဲ့ အကြည့်မျိုးပဲ။ ပြောရမယ်ဆို ဝံပုလွေတို့ မြေခွေးတို့ရဲ့ အကြည့်မျိုးပေါ့ . . . အဲဒါကြောင့် အဲဒီလို လူမျိုးတွေကို ဝံပုလွေ လူသားလို့ ခေါ်ကြတယ် . . .”
ထိုစကားကို ကြားသောအခါ ဝမ်အာလည်း အနည်းငယ် ရှက်သွားသည်။ တုန်ရီသော လေသံဖြင့် –
“သခင်ကြီး . . .”
သခင်ကြီးဘိုင်မှ ပြုံးလိုက်ရင်း –
“ငါပြောတာ မပြီးသေးဘူး။ စတုတ္ထတစ်ခု ကျန်သေးတယ်။ ပြောရရင် ဝံပုလွေလူသားကိုမှ အဆင့်မြင့်ထားတာပေါ့။ ငါဘယ်လို ဖော်ပြရပါ့မလဲ။ ဒီလိုကွာ . . . သူ့မျက်လုံးနဲ့ မင်းကို ကြည့်မိတဲ့ အချိန်မှာပဲ သူ့စိတ်ကူးထဲ မင်းက ဗိုက်ပါကြီးနေလောက်ပြီ . . .”
“နောက်တွေးစရာ တစ်ခု ကျန်သေးတယ်။ မိန်းမလှလေးကို မြင်ရင် ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်လို ဟန်ဆောင်နေတတ်တဲ့ လူမျိုးပေါ့။ မိန်းကလေးနဲ့ မျက်နှာချင်းဆိုင် ဖြတ်သွားမိတဲ့ အချိန်မှာ သူ့ပုံစံက မထူးခြားသလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မိန်းကလေးက သူ့ကို ကြည့်တာကို ခံချင်နေတာလေ။ အဲဒီမိန်းကလေးက သူ့ကို မမြင်ခဲ့ဘူး ဆိုရင်လည်း သူက ခိုးကြည့်လိုက် ပြန်ရော။ ဒီလိုလူမျိုးတွေကတော့ အများအားဖြင့် ကျောင်းသားတွေ များပါတယ်။ သူတို့က လိုလည်းလိုချင်တယ်။ လုပ်လဲမလုပ်ရဲ အဲဒီလို ပုံစံမျိုးပဲ . . .”
သခင်ကြီးဘိုင်သည် ဝမ်အာအား ပြုံး၍ ကြည့်လိုက်ပြန်သည်။ ထို့နောက် –
“ရဲရှောင်မင်းကို ကြည့်ခဲ့တဲ့ အကြည့်က ဘယ်လိုမျိုးလဲ . . .”
ဝမ်အာသည် ရှက်နေမိ၏။ ယခုမေးခွန်း၏ အဖြေသည် အရေးကြီးသည် ဆိုတာကိုလည်း သူမ သိနေ၏။ မဖြေခင် သေချာစဉ်းစားနေမိပြီး တခဏကြာသောအခါ –
“ရဲရှောင်က သခင်ကြီးနောက်ဆုံးပြောတဲ့ ပုံစံမျိုး ဆိုပေမဲ့ သူ့ခိုးကြည့်တဲ့ အကြည့်မျိုးက ကျွန်မရဲ့ အဝတ်အစားတွေကို ချက်ချင်း ချွတ်ပစ်ချင်နေတဲ့ပုံပါ . . .”
ဝမ်အာ အံကြိတ်လျက် ဖြေလိုက်လေတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset