အခန်း (၆၅၃) ဘိုးဘေးရဲ့ ဘိုးဘေး၊ လောင်ဇီ
“ငါမင်းကို မေးနေတာ ပြန်ဖြေဦးလေ” ဟန်ကျွယ်ဟာ ဟန်ယွီက အတွေးရေယဉ်ကြောထဲ မျောသွားတာ တွေ့ရတဲ့အတွက် ဖြတ်ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ယွီက သူ့စကားကို နားမထောင်ဘူးဆိုရင် လောကဦး ကောင်းကင်ထောင်ထဲကို ပစ်ထည့်လိုက်မှာပါ။
ဟန်ယွီဟာ သတိပြန်ဝင်လာပြီး ချီတုံချတုံဖြစ်သွားပါတယ် “နွီဝါက ကျွန်တော့်အပေါ်မှာ ကျေးဇူးရှိတယ်၊ အဲဒါကြောင့်…”
ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “ငါ ဘယ်သူလဲဆိုတာ မင်းသိလား”
“စီနီယာက ဘယ်သူလဲ”
“မင်းရဲ့ ဘိုးဘေး”
“မဖြစ်နိုင်တာ” ဟန်ယွီဟာ အလိုလိုငြင်းဆန်လိုက်ပါတယ်။ ဟန်ယွီဟာ ဟန်ထော်ကို တွေ့ဖူးပါတယ်။ ဟန်ထော်ဟာ တော်တော် စိတ်အနှောင့်အယှက်ပေးပြီး လေလုံးထွားတဲ့ လူသားမျိုးပါ။
ရုတ်တရက်ဆိုသလို ဟန်ယွီဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားပါတယ်။ ဟန်ယွီရဲ့ အနက်ရှိုင်းဆုံး မှတ်ဉာဏ်ထဲမှာ ချိပ်ပိတ်ထားတဲ့ နာကျင်ဖွယ်ရာ မှတ်ဉာဏ်တွေဟာ ပြန်ပေါ်လာပါတယ်။
အတိတ်မှာတုန်းက သူမျှော်လင့်ချက် အကင်းမဲ့ဆုံးအချိန်မှာ ဟန်မိသားစုကို ကယ်တင်ပေးဖို့ ဟန်ယွီဟာ ဘိုးဘေးဟန်ထော်ကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ထော်က သူ့ကို အကြောင်းမပြန်ခဲ့ပါဘူး။ သူ ဒေါသတွေ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေချိန်မှာ သူ ဘယ်တုန်းမှ ထင်မထားခဲ့တဲ့ ကယ်တင်ရှင်တစ်ဦး ပေါ်လာပါတယ်။
အဲဒီကယ်တင်ရှင်က သူ့ဘိုးဘေးရဲ့ ဘိုးဘေး ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဟန်ယွီဟာ သူ့ကယ်တင်ရှင် ဘိုးဘေးကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။
‘ဒါဆို ဘိုးဘေးက ငါ့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာပဲ… သူက ငါ့ကို ကျင့်စဉ်တောင် ပေးခဲ့သေးတယ်’ ဟန်ယွီဟာ ရင်ထဲမှာ အတော်ထိသွားပါတယ်။ ဟန်ယွီဟာ သူ့မှာလည်း မျိုးဆက်တွေ ရှိနေပြီဆိုပေမဲ့ သူ့ဘိုးဘေးရှေ့မှာတော့ အမြဲတမ်း ကလေးလေးတစ်ယောက်ပါ။
ဟန်ယွီရဲ့ နီရဲလာတဲ့ မျက်လုံးတွေကို ကြည့်ပြီး ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုမျိုး စိတ်ခံစားမှု မြင်ကွင်းတွေကို အမုန်းဆုံး ဖြစ်ပါတယ်။
“မင်း ငါဘယ်သူလဲဆိုတာ သိပြီဆိုမှတော့ ငါ ဘာဖြစ်လို့ မင်းကို ကူညီလဲဆိုတာ နားလည်ပြီမလား၊ အခု နွီဝါက ဘာဖြစ်လို့ မင်းကို အိပ်မက်ပေးလဲဆိုတာ မင်းလည်း နားလည်လောက်ပါပြီ” ဟန်ကျွယ်ဟာ မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်ပါတယ်။
ဟန်ယွီရဲ့ ခံစားချက်တွေဟာ ပျက်ပြယ်သွားပါတယ်။ ဟန်ယွီကိုယ်နှိုက်ကလည်း နတ်မင်းအဆင့် ကျင့်ကြံသူ ဖြစ်တာကြောင့် ကလေးတစ်ယောက်လို မလုပ်တော့ပါဘူး။ ဟန်ယွီဟာ ငတုံးမဟုတ်တဲ့အတွက် အကြောင်းအရင်းမရှိဘဲ မေတ္တာမရှိဘူးဆိုတာကို နားလည်ပါဘူး။
‘နွီဝါက ငါ့ကို ဘာဖြစ်လို့ လာရှာတာလဲ၊ သူက ငါ့အရည်အချင်းကို တကယ်ပဲ အမြင့်ကြီး တွေးထားတာလား…’
[ဟန်ယွီသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ယွီဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ် “နွီဝါက ကျွန်တော်ကို ပြောတယ်၊ ကောင်းကင်တာအိုပညာရှိတွေက ကောင်းကင်တာအိုအတွက် ကောင်းအောင် လုပ်နေတာ မဟုတ်ဘူးတဲ့၊ သူက တာအိုပညာရှိတွေရဲ့ အကောက်ကြံမှုကြောင့် ရွေးချယ်စရာမရှိဘဲ သေချင်ယောင် ဆောင်ခဲ့ရတာတဲ့၊ သူက ကျွန်တော်ကို တာအိုပညာရှိဖြစ်အောင် ပျိုးထောင်ပေးပြီး လူသားမျိုးနွယ်စုကို ကောင်းကင်တာအို မျိုးနွယ်စု ပြန်ဖြစ်အောင် ဦးဆောင်ခိုင်းတယ်”
‘နွီဝါက လူသားတွေကို မှတ်မိသေးတာလား…’ ဟန်ကျွယ် သိသလောက်တော့ နွီဝါက လူသားတွေထက် နတ်ဆိုးတွေကို ပိုပြီးတော့ ဂရုစိုက်ပါတယ်။ မဟုတ်ရင် တာအိုပညာရှိ နောက်ခံရှိနေတဲ့ လူသားမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ပြဿနာတက်နိုင်မှာလဲ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဟန်ယွီပြောတာ အမှန်ပဲလား”
[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နွီဝါက သူ့ကို ထိုကဲ့သို့ ပြောခဲ့သည်။]
ဟန်ကျွယ်ဟာ ဟန်ယွီကိုကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ အချင်းချင်း အသိအမှတ် ပြုလိုက်ပြီဆိုတော့ ငါ မင်းကို တာအိုဟောကြားပေးမယ်”
ဟန်ယွီဟာ ကျေနပ်အံ့အားသင့်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီရဲ့ သိစိတ်ကို အန္တိမမူလ မဟာတာအိုထဲ ဆွဲနှစ်ပြီး မဟာတာအိုရဲ့ ကျယ်ပြောမှုထဲ နစ်မြုပ်စေပါတယ်။
အချိန်အတိုင်းအတာတစ်ခု ကြာသွားတဲ့အခါမှာတော့ ဟန်ယွီဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ယွီဟာ အိပ်မက်တစ်ခု မက်ခဲ့သလို ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ နိုးထလာတဲ့အခါမှာ သူသိတဲ့လောကကြီးက အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကူညီမှုနဲ့ ဟန်ယွီဟာ မဟာတာအိုကို တကယ်ထိတွေ့ခွင့် ရရှိသွားပါတယ်။ ဟန်ယွီဟာ အန္တိမမူလ မဟာတာအိုထဲ ခြေမချနိုင်သေးဘူးဆိုပေမဲ့ အနည်းဆုံး အုတ်မြစ်တော့ ရသွားပါတယ်။ မဟာတာအိုကို သုံးသပ်နားလည်ပြီးနောက် ဟန်ယွီရဲ့ အာရုံခံစားမှုနဲ့ အတွေးတွေဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။ ဟန်ယွီရဲ့ စရိုက်ကလည်း ပိုပြီးတော့ တည်ငြိမ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီး ကသိကအောက် ဖြစ်တဲ့ မျက်နှာနဲ့ ရေရွတ်လိုက်ပါတယ် “ငါ ငါ့ဘိုးဘေးရဲ့နာမည်ကို မေးဖို့ မေ့သွားတယ်… ဟင်း…” သက်ပြင်းချလိုက်တယ်ဆိုပေမဲ့ ဟန်ယွီဟာ ချက်ချင်းပဲ ပြုံးမိလိုက်ပါတယ်။
အရင်တုန်းက ဟန်ယွီဟာ အမြဲတမ်း အထီးကျန်နေခဲ့တာပါ။ ဒါပေမဲ့ အခု ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာတော့ သူ့ကို ဂရုစိုက်တဲ့ တစ်စုံတစ်ယောက် ရှိနေတာကို နားလည်သွားပြီး ရင်ထဲမှာ နွေးထွေးသွားပါတယ်။ အဲဒီနောက် ဟန်ယွီဟာ ဟန်ထော်ကို ထပ်တွေးမိလိုက်ပါတယ်။
‘ဟမ်… ခင်ဗျား စောင့်နေပါ၊ ကျုပ် ခင်ဗျားကို သေချာပေါက် ဖိနှိပ်ပြမယ်၊ ဟန်ယွီရဲ့ မျက်လုံးမှာ တိုက်ခိုက်လိုစိတ်တွေ တောက်လောင်သွားပါတယ်’
ဟန်ကျွယ်ဟာ ဟန်ယွီကို နှစ်ငါးဆယ်ကြာအောင် တာအိုဟောကြားပေးခဲ့ပါတယ်။ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်ပြီးနောက် ချက်ချင်း မကျင့်ကြံပါဘူး။ အဲဒီအစား ငရဲပြည် အပြင်ဘက်က မူလလောကဦး ခေါင်းတလားကို ကြည့်လိုက်ပါတယ်။ မူလလောကဦး ခေါင်းတလားက အရင်နေရာမှာ ရှိနေတုန်းပါ။ လောကဦးပဋိပက္ခ ကျောက်ကမ္ပည်းပြားကလည်း နေရာမရွေ့ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အနီးအနားမှာ တာအိုပညာရှိတွေရဲ့ ရောင်ဝါလက်ကျန်ကို ခံစားမိလိုက်ပါတယ်။ ကြည့်ရတာ တာအိုပညာရှိတွေက မူလလောကဦး ခေါင်းတလားကို ရှာတွေ့သွားပုံပါပဲ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို မော့ကြည့်လိုက်ပါတယ်။ ကောင်းကင်တာအိုက မမြင်နိုင်ဘူးဆိုပေမဲ့ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ဟာ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာကို ကြီးမားတဲ့ အရံအတားတစ်ခုလိုမျိုး ရစ်ပတ်လွှမ်းခြုံထားပါတယ်။ ဟန်ကျွယ်ဟာ ဒီအရံအတားကြီးဘေးမှာ မျဉ်းကြောင်းတစ်ကြောင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီကံတရား အထောက်အပံ့မျဉ်းရဲ့ အစွန်းတစ်ဖက်ဟာ အမှောင်ထုထဲကို ဝင်ရောက်ပြီး အဝေးတစ်နေရာမှာရှိတဲ့ မြေအင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်နေပါတယ်။
ဒါကို ကြည့်ပြီး ကောင်းကင်အရှင်ရွှမ်တု ပြန်ရောက်နေပြီဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ခုန်တက်လိုက်ပြီး စကြဝဠာခန်းမရှေ့မှာ ပေါ်လာပါတယ်။ ခန်းမတံခါးပွင့်သွားတဲ့အခါ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရှေ့ကို လျှောက်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်လည်း ငရဲပြည် အပြင်ဘက်က လျှို့ဝှက်ဆန်းကြယ် ခေါင်းတလားအတွက် ရောက်လာတာမလား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းချလိုက်ပါတယ် “ငါ ဆရာသခင်ကို ဆက်သွယ်ပြီးပြီ၊ ဒီခေါင်းတလားက စွမ်းအားကြီးနောက်ခံရှိတယ်၊ သူက ရှေးပျက်သုဉ်းနယ်မြေကနေ လွတ်မြောက်လာတာ၊ ဘာဖြစ်လို့ ကောင်းကင်တာအိုကို ရောက်လာတာလဲဆိုတော့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို အသုံးပြုပြီး အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ တာအိုမိစ္ဆာတွေကို ရှောင်တိမ်းချင်လို့ပဲ”
ဟန်ကျွယ်က တအံ့တဩ မေးလိုက်ပါတယ် “ကောင်းကင်တာအိုက အမင်္ဂလာ မကောင်းဆိုးဝါးနဲ့ တာအိုမိစ္ဆာတွေကို ဟန့်တားနိုင်တာလား…”
အရင်တုန်းက မကောင်းဆိုးဝါးနတ်တစ်ကောင်ဟာ အင်မော်တယ်ကမ္ဘာထဲ စိမ့်ဝင်ခဲ့ပါတယ်။ နတ်ထူးဆန်းက သွားဝါးမြိုလိုက်လို့သာ မဟုတ်ရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံး သေချာပေါက် ဝရုန်းသုန်းကား ဖြစ်မှာပါ။
“ဟုတ်တယ်၊ ဒါကြောင့်လည်း အမင်္ဂလာ မကောင်းဆိုးဝါးတွေက အမှောင်တားမြစ်နယ်မြေမှာပဲ ရှိပြီး တာအိုမိစ္ဆာတွေကလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံမှာပဲ ရှိနေတာ၊ ကောင်းကင်တာအိုက စွမ်းအားမကြီးချင် မကြီးလိမ့်မယ်၊ ဒါပေမဲ့ သူ့နိယာမက အတော်လေးကို မြင့်မားတယ်၊ ပန်ကူးနတ်ဘုရားလိုပဲ၊ ကောင်းကင်တာအိုက ပဋိပက္ခထဲမှာ အလုံခြုံဆုံးပဲ၊ နောက်ပြီး အနှောင်အဖွဲ့ အများဆုံးဆိုလည်း မှားမယ်မထင်ဘူး၊ ကောင်းကင်တာအိုက အကျဉ်းထောင်လိုပဲ၊ အထဲမှာ လုံခြုံပေမဲ့ ထွက်ပြေးလို့ မရဘူး”
ဟန်ကျွယ်က မေးလိုက်ပါတယ် “အမင်္ဂလာ မကောင်းဆိုးဝါးတွေ ကောင်းကင်တာအိုထဲကို စိမ့်ဝင်လာရင် အဲဒါ ဘာကိုဆိုလိုတာလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “မဖြစ်နိုင်တာ” ဒါပေမဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ချက်ချင်း မတ်တတ်ထရပ်ပြီး ပြောလိုက်ပါတယ် “ငါ ဆရာသခင်ကို ပြောဖို့လိုနေပြီ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး စကြဝဠာခန်းမထဲကနေ ထွက်ခွာလာခဲ့ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တု ရှိနေတာက တကယ်ကို အဆင်ပြေလှပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ဘာမဆို လုပ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ လီချင်းဇဲ့ကိုတောင် ပြန်သတိရမိသွားပါတယ်။
အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ အမြဲတမ်း အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ခဲ့ပြီး လီချင်းဇဲ့ကတော့ ဂိုဏ်းကိစ္စတွေနဲ့ အမြဲတမ်း အလုပ်များနေခဲ့ပါတယ်။ အချိန်အများစုမှာ ဘာလုပ်ရမလဲဆိုတာ သူ့ကို လာမေးလေ့ရှိပါတယ်။
“ဟင်… ငါက တကယ်ကို အသက်ကြီးလာတာပဲ၊ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်တွေးနေမိပြီ” ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ရယ်မောမိလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
နှစ် ၈၀၀ ကြာတဲ့အခါမှာတော့… ကောင်းကင်အရှင်ရွှမ်တုဟာ အသံလွှင့်ပြီး ဆွေးနွေးစရာရှိတဲ့ အကြောင်း ပြောလာပါတယ်။ ဟန်ကျွယ်က နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံရမှာ ဖြစ်တဲ့အတွက် ဂူအောင်းရာကနေထွက်ဖို့ နှစ် ၂၀၀ လိုသေးကြောင်း အကြောင်းပြန်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို နားမလည်နိုင် ဖြစ်သွားပေမဲ့ သဘောတူလိုက်ရပါတယ်။
နှစ် ၁,၀၀၀ ပြည့်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမဆီကို သွားပြီး ကောင်းကင်အရှင်ရွှမ်တုကို သွားတွေ့ပါတယ် “ဘာကိစ္စလဲ”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ငါ မေးပြီးပြီ၊ သူတို့က မကောင်းဆိုးဝါးနတ်တွေ၊ သူတို့က အမင်္ဂလာ မကောင်းဆိုးဝါးတွေထဲမှာ အသိဉာဏ်ရှိလာတဲ့လူတွေပဲ၊ အခု မကောင်းဆိုးဝါးနတ်တွေထဲမှာ သူတို့ကို စုစည်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတွေ ရှိနေတယ်၊ သူတို့တွေက အောင်မြင်ခါနီးနေပြီ၊ လောလောဆယ်မှာ သူတို့က ကောင်းကင်တာအိုကို မသက်ရောက်နိုင်သေးဘူး၊ ငါတို့တွေ စိတ်ချလို့ရတယ်”
“အို…” ဟန်ကျွယ်ဟာ လောင်ဇီအကြောင်းကို တော်တော်လေး သိချင်သွားပါတယ်။ လောင်ဇီကို ကြည့်ရတာ ကောင်းကင်တာအိုဘက် ပါပုံပါပဲ။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “မကောင်းဆိုးဝါးနတ်ပဲ ဖြစ်ဖြစ် ပဋိပက္ခနတ်ဘီလူးရဲ့ ခေါင်းတလားပဲဖြစ်ဖြစ် ငါတို့တွေ လျစ်လျူရှုထားလို့ရတယ်၊ ဒီတစ်ကြိမ် ငါ အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ ပါရမီရှင်တစ်ပါးကို ခေါ်လာတယ်၊ တာအိုရောင်းရင်းဟန်… သူ့ကို တပည့်အဖြစ် လက်ခံချင်လား”
“ငါ့ကို ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့် ပေးတာလား၊ ဘာလဲ… မင်းက ငါ့ဆီမှာ သူလျှိုထားချင်လို့လား…” ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 653
? Views, Released on December 12, 2024