Switch Mode

Chapter – 137

ရဲနန်ရှန်၏လျှိုဝှက်ချက်များ

Chapter – 137
“ရဲနန်ရှန်၏လျို့ဝှက်ချက်များ”

ဝမ်အာလည်း ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက်၍ –
“ရဲရှောင် ကိုးနှစ်အရွယ် ရောက်တဲ့အခါ သူ့ရဲ့ မကောင်းတဲ့ ဗီဇက စပေါ်လာတယ်။ သူ့မျိုးနွယ် အတွင်းက အစေခံမလေး တစ်ယောက်ကို ကြိမ်နဲ့ရိုက်ခဲ့တဲ့အတွက် တစ်ဖက်က ကောင်မလေးလည်း ဒုက္ခိတ ဖြစ်သွားခဲ့တယ်။ အဲဒီကတည်းကစပြီး သူ့အိမ်တော်မှာ ရှိတဲ့ အခိုင်းအစေတွေ အားလုံးကို စစ်သည်ရဲမက်ဟောင်းကြီး တွေနဲ့ ပြောင်းလဲ အစားထိုးခဲ့တာပဲ။ အသက် ၁၁ နှစ် ရောက်တော့ မြင်းစီးနေရင်း လမ်းပေါ်က လူတစ်ယောက်ရဲ့ ခြေထောက်ကို တက်နင်းခဲ့တယ်။ ဆင်းရဲရှာတဲ့လူရဲ့ ခြေထောက်ဟာ ကျိုးသွားတာတောင်မှ ဝမ်းပန်းတနည်း စိတ်မကောင်း ဖြစ်သွားခြင်းမျိုး မရှိခဲ့ဘူး။ အဲဒီ ဆင်းရဲသားကိုတောင် ဆဲဆိုနေခဲ့သေးတယ်။ ၁၃ နှစ်ရောက်တော့ မိန်းကလေးတွေကို စပြီး ကိုယ်ထိလက်ရောက် စော်ကားလာတယ်။ ၁၄ နှစ်မှာ မိန်းကလေး တစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်။ သူ့အဖေက အဲဒီအကြိမ်မှာ လုံးဝ သည်းမခံနိုင်တော့ဘဲ သူ့သားကို ရိုက်နှက်ပြီး မိန်းကလေးကိုတော့ အိမ်ပြန်ပို့ပေးခဲ့တယ် . . .”
“အဲဒီနောက်ပိုင်း သူဟာ ဆိုးသထက် ဆိုးလာတော့တာပဲ။ မိန်းကလေးတွေကို မကြာခဏ ဆိုသလို ပုတ်ခတ်စော်ကားတယ်။ ရဲနန်ရှန် ဆိုတာကလည်း အမြဲတမ်း အိမ်တော်မှာ ရှိမနေနိုင်တဲ့အတွက် ရဲရှောင်ကို စည်းကမ်းတင်းတင်းကြပ်ကြပ် မလုပ်နိုင်ဘူး။ အဲဒါကြောင့် သူ့သွေးသောက် ညီတစ်ယောက်ဖြစ်တဲ့ ဆောင်ဂျုကို အိမ်တော်ထိန်းအဖြစ် လွှဲပေးခဲ့တယ် . . .”
“ရဲရှောင် ၁၆ နှစ်ပြည့်ခဲ့ပြီး လွန်ခဲ့တဲ့ လေးလလောက်က သူ့သူငယ်ချင်း လူရှုပ်လူပွေ လေးတွေနဲ့ ဆောင်ကြာမြိုင်မှာ သောက်စားခဲ့တယ်။ အသောက်များပြီးတော့ မှောက်ပါမှောက်သွားခဲ့တယ်။ အဲဒီညပြီး တဲ့နောက်မှာ သူ တော်တော်ကြီး ပြောင်းလဲလာခဲ့တယ်။ အရင်လို အပြင်ကို မကြာခဏ ထွက်လေ့ မရှိတော့ဘူး။ အင်း . . . ဇုအိမ်တော်ကိုတော့ တစ်ခါ သွားခဲ့သေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ ဇုအိမ်တော် အလုခံခဲ့ရတယ်လေ။ နင်ဘီလျူ ကံဆိုးမိုးမှောင် ကျခဲ့တဲ့ ညဆိုလည်း မမှားဘူး။ အဲဒီနေ့က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့က အခုထိ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိသေးဘူး . . .”
“နောက်တော့ . . .”
ဝမ်အာသည် ရဲရှောင်၏ တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက် အလုံးစုံကို ခရေစေ့တွင်းကျကို ပြောနေခြင်း ဖြစ်လေသည်။
“အခု သခင်ကြီးနဲ့ တွေ့တာပဲပေါ့။ သူ ဟွာရန်းမင်းသား နန်းတော်မှာ သောက်ခဲ့သေးတယ်။ ပြောရမယ်ဆိုရင် ဟွာရန်းမင်းသားက ရဲရှောင်ကို အမြဲတမ်း အမြင်မကြည် ဖြစ်နေတာ။ ဒါပေမဲ့ အခုကျ သူ့စိတ်ထဲ ကျေနပ်နေသလိုပဲ။ အဲဒီလိုနဲ့ အဲဒီက ထွက်လာပြီး သခင်ကြီးနဲ့ တွေ့တာပါပဲ . . .”
ရဲရှောင်နှင့် ပတ်သက်သမျှ ဇာတ်ကြောင်းအားလုံးအား ဝမ်အာ ပြောပြလိုက်ခြင်း ဖြစ်လေသည်။
သခင်ကြီးဘိုင် မျက်လုံးများအား မှိတ်ထားသည်။ ဘာမှ ပြန်မပြောပါချေ။
တခဏအကြာတွင် စဉ်းစားနေဟန်ဖြင့် –
“သူက နန်းတော်မှာ ဘယ်လောက် သောက်ခဲ့တာလဲ . . .”
ဝမ်အာလည်း တွေးတွေးဆဆဖြင့် –
“ခွက်သေးသုံးခွက်၊ ခွက်အလတ်စား လေးခွက်၊ ပုလင်းကြီး ခြောက်ပုလင်း သောက်ခဲ့တယ် . . .”
သခင်ကြီးဘိုင် မျက်မှောင်ကြုတ်လိုက်ရင်း –
“အင်း . . . တော်တော် သောက်နိုင်တာပဲ”
ဝမ်အာမှ –
“ကျွန်မလည်း သေချာတော့ မသိပေမဲ့ သူ့မှာ ကျင့်ကြံမှုအဆင့် နည်းနည်း ရှိနေတာတော့ သိတယ်။ သာမန်လူအဖို့ ဒီလောက်ထိ သောက်မယ်ဆို မှောက်သွားနိုင်ပေမဲ့ ပညာရှင် တစ်ယောက်အဖို့ ဘယ်လောက်သောက်သောက် ထိန်းထားနိုင်တယ်လေ . . .”
သခင်ကြီးဘိုင်မှ –
“ဪ . . . ဒါနဲ့ ဆောင်ကြာမြိုင်မှာ သူဘယ်လောက်လောက် သောက်ခဲ့လဲ သိလား . . .”
ဝမ်အာ အနည်းငယ် အံ့သြသွားမိသည်။ ရုတ်တရက် အနည်းငယ် စဉ်းစားသလိုလည်း ဖြစ်သွား၏။
“ငါပြောချင်တာ သဘောပေါက်လား။ အခုတောင် ဒီလောက်ထိ သောက်နိုင်တယ်ဆိုရင် ဟိုမှာတုန်းက သူဘာလို့ အလွယ်တကူ မှောက်သွားခဲ့ရတာလဲ။ သူက လူရှုပ်လူပွေလေးဆို သူ့ငယ်ချင်းတွေနဲ့ ဘယ်လောက်ထိများ သောက်နိုင်လောက်သလဲ . . .”
သခင်ကြီးဘိုင် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
ဝမ်အာမှ အနည်းငယ် ရှက်သလို ဖြစ်သွားပြီး –
“ကျွန်မ မသိပါဘူး . . .”
“ဒါထက် ရဲရှောင်ရဲ့ ကျင့်ကြံမှုအဆင့်ကို ဘယ်လောက်လောက် ထင်လဲ . . .”
သခင်ကြီးဘိုင် မေးလိုက်သည်။
“သူက အဆင့်ကိုး မော်တယ်အဆင့်ထက်တော့ မမြင့်လောက်ဘူး။ ဘာမှ မဟုတ်တဲ့ အဆင့်ပဲ ရှိတာပါ . . .”
ဝမ်အာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဟဲဟဲ . . . သူက မော်တယ် အဆင့် ၉ ဟုတ်လား။ အဲဒီအဆင့်ဆိုတာကို သာမန်လူတွေအဖို့ အိပ်မက်မက်နေကြတာ မင်းမသိဘူးလား။ မင်းလည်း ဒီလိုပဲ ဖြစ်ခဲ့တယ်လေ။ တကယ်တော့ ငါ့ရဲ့ လေ့လာ စမ်းစစ်မှုအရ သူက အနည်းဆုံး မြေကြီးအဆင့် ၃ တော့ ရှိနေပြီ . . .”
သခင်ကြီးဘိုင် ပြောလိုက်သည်။
ဝမ်အာမှ အံ့သြသွားဟန်ဖြင့် –
“ဘယ်လို . . . သူက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပေါ့။ တကယ်ပဲ ကျွန်မကို အရူးလုပ်ခဲ့ တာပဲ . . .”
“သူ့ရဲ့ကျင့်ကြံမှုကို ဖုန်းကွယ်ထားတဲ့ လူတစ်ယောက် . . . ဒီအပိုင်းကို ထားလိုက်တော့၊ ဒါဆို သူက ဘာကြောင့် ဒီလို လုပ်ရတာလဲ . . .”
သခင်ကြီးဘိုင် မေးခွန်းထုတ်လိုက်ပြန်သည်။
“သူက မြေကြီးအဆင့်ပဲ ရှိသေးတာပဲ၊ ပုရွတ်ဆိတ်တစ်ကောင်ထက်တော့ သာမှာပေါ့လေ . . .”
ဝမ်အာ အထင်သေးဟန်ဖြင့် ပြောလိုက်ပြန်သည်။
“ဒီလို ဖုံးကွယ်ထားတော့ရော ဘာဖြစ်မှာ မို့လို့လဲ . . .”
သခင်ကြီးဘိုင်မှ –
“ဝမ်အာ . . . မင်းက ဒီရက်ထဲ နည်းနည်း စဉ်းစားဆင်ခြင်မှု မရှိ ဖြစ်နေတယ်။ သူက မင်းလို အဆင့်မြင့် ပညာရှင်တစ်ယောက် မဟုတ်ဘူး။ မင်းက သူ့ထက် အဆင့်ပိုမြင့်နေတယ် မဟုတ်လား။ အဲဒါကြောင့်ပဲ သူအခုလို အစွမ်းကို ဖုံးကွယ်ထားခြင်းဟာ မင်းအတွက်တော့ ဘာမှ မဟုတ်ဘူးပေါ့။ မင်းလည်း ဂရုစိုက်စရာ မလိုဘူး။ ဒါပေမဲ့ သူသာ သူနဲ့အဆင့်တူ တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရတဲ့ အခါကျရင် သေချာပေါက် အကျိုးရှိနိုင်မယ်လေ။ နောက်ဆုံးသူ့ထက် တစ်ဆင့်လောက်မြင့်တဲ့ လူနဲ့ တွေ့ရင်တောင် သူပဲ အလွယ်တကူ အနိုင်ရမယ်ဆိုတာ ငါသေချာပေါက် ပြောရဲတယ်။ ဘာမှတောင် ဖြစ်မှာ မဟုတ်ဘူး . . . အဲဒါကြောင့် ကျင့်ကြံမှုအပိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် သူက ကျွမ်းကျင်မှု ရှိနေတယ်လို့ ပြောရမယ်။ ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ . . .”
သခင်ကြီးဘိုင် လေးနက်သော လေသံဖြင့် ပြောလိုက်ပါတယ်။
“ဖြစ်နိုင်ပါတယ် . . .”
ဝမ်အာ၏ မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်များ အထင်းသား ပေါ်နေပါသည်။ သို့သော်လည်း သခင်ကြီးဘိုင် အလိုအရ ထောက်ခံပေးလိုက်၏။
“ငါအခု ဒီကောင့်ကြောင့် စိတ်ပူပန်နေရပြီ . . .”
သခင်ကြီးဘိုင် ညင်သာသော လေသံဖြင့် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ငါ့အတွက် နည်းနည်းလောက် ထပ်စုံစမ်းခဲ့ဦး . . .”
“ကောင်းပါပြီ သခင်ကြီး . . .”
“ပထမ အချက် အနေနဲ့ ရဲရှောင် မှောက်အောင် သောက်ခဲ့တုန်းက သူနဲ့အတူ သောက်ခဲ့တဲ့ လူရှုပ်လူပွေ လေးတွေက ဘယ်သူတွေလဲ၊ သူတို့ရဲ့ နာမည်တွေကို သိချင်တယ်။ သူတို့ရဲ့ နောက်ခံ အကြောင်းနဲ့ ပတ်သက်သမျှ အားလုံးကိုပဲ။ အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အသေးစိတ်ကိုလည်း သိချင်တယ်။ ရဲရှောင် ဘာလို့ မှောက်သွားခဲ့ရလဲ ဆိုတာကို သိမှဖြစ်မယ်။ သူဟန်ဆောင်ခဲ့တာလား၊ ဘယ်လိုကြောင့်လဲဆိုတာ သိအောင် စုံစမ်းခဲ့ . . .”
“ဒုတိယ အချက်က နင်ဘီလျူ မင်းပြောတဲ့ညက ဘယ်လို အခြေအနေ ဖြစ်သွားလဲ ဆိုတာကို ငါသိမှ ဖြစ်မယ်။ နောက်ပြီး အမတ်ကြီးဇူရဲ့ အိမ်တော်ကို ဘာလို့ ပညာရှင်တွေ တိုက်ခိုက်ခဲ့ကြတာလဲ။ နောက်ပြီး ဘာလို့ သူတို့ ရပ်သွားကြတာလဲ ဆိုတာရဲ့ နောက်ကွယ်မှာလည်း အကြောင်းတစ်ခုခုတော့ ရှိရမယ်။ အဲဒါတွေ အားလုံးကို အသေးစိတ်သိချင်တယ် . . .”
“တတိယအချက် . . . သူရိယဂိုဏ်းက ဂုဂျင်လုံကို ချန်ရှင်းမြို့ထဲမှာ မကြာမကြာ တွေ့နေရတယ်။ သူက ဒီမှာ နေဦးမဲ့ပုံပဲ။ သူ့လိုလူတစ်ယောက်က ဘာလို့ မော်တယ်ကမ္ဘာကို ရောက်လာရတာလဲ။ ဂုဂျင်လုံက ဉာဏ်နီဉာဏ်နက်များပြီး ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက် ဖြစ်တယ်။ ဒီကို လာတယ် ဆိုတာ တန်ဖိုးရှိတာ တစ်ခုခု အတွက်ပဲ ဖြစ်ရမယ် . . .”
“ငါတို့ရဲ့ မှတ်တမ်းတွေအရ သူဟာ မော်တယ်ကမ္ဘာကို အခါအားလျော်စွာ လာလေ့ ရှိပေမဲ့ ခဏတဖြုတ်ပဲ နေခဲ့ဖူးတာ။ လင်းပါအို လေလံခန်းမဟာ သူ့အတွက် အကျိုးအမြတ် ရစရာ နေရာတစ်ခု ဖြစ်နေတာတောင် အကြာကြီး မနေဖူးဘူး။ မင်းအဲဒီကိစ္စကို စုံစမ်းလိုက်ပါဦး။ ဒီလူက လက်ရှိ ဒီက အခြေအနေတွေ အားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ပဲ။ ငါတို့တွေ သူ့ကို မျက်ခြေပြတ်လို့ မဖြစ်ဘူး . . .”
ထိုကဲ့သို့ ကိစ္စရပ် သုံးခုအား စုံစမ်းခိုင်းလိုက်ပြီးနောက် ခေါင်းမော့ကြည့်လိုက်ရင်း –
“ရဲနန်ရှန်က ဘာလို့ ဒီကို ရောက်လာရတာလဲ။ မင်းမှာ သူနဲ့ပတ်သက်ပြီး မှတ်ထားတာမျိုး ရှိတယ် မဟုတ်လား . . .”
ဝမ်အာ တည်ငြိမ်သော လေသံဖြင့် –
“ရဲနန်ရှန်ဟာ ချင်းယန်နယ်ပယ်မှာရှိတဲ့ ရဲမျိုးနွယ်ရဲ့ အသင့်တော်ဆုံး အမွေဆက်ခံသူပဲ။ ဒါပေမဲ့ သူက ကျောက်စိမ်းနန်းတော်က မိန်းကလေးတစ်ဦးနဲ့ ကြိုက်သွားခဲ့တယ်။ အဲဒါကြောင့်ပဲ ကျောက်စိမ်း နန်းတော် ဘုရင်က ဒေါသထွက်သွားပြီး ရဲမျိုးနွယ် တစ်ခုလုံးကို အမြစ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ် . . .”
“ကျောက်စိမ်းမိန်းကလေးဟာ သူ့ယောကျာ်းနဲ့ ကလေးလေးကို ထားပစ်ခဲ့ပြီး သူတို့ရဲ့ အသက်နဲ့ မျိုးနွယ်စုကြီး တစ်ခုလုံးရဲ့ ဖြစ်တည်မှုကို ကယ်တင်ဖို့အတွက် ကျောက်စိမ်းနန်းတော်ကို ပြန်သွားပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ် . . .”
“ကျောက်စိမ်းနန်းတော် ဘုရင်ကလည်း သူ့ရဲ့ ညှာတာမှုကို ပြသပေးခဲ့တယ်။ ဒါပေမဲ့ အခြေအနေ တချို့ကိုတော့ ဆုံးဖြတ်ခဲ့တယ်။ ရဲနန်ရှန်ကို မော်တယ်ကမ္ဘာ မောင်းထုတ်သင့်တယ်လို့ သူက ဆုံးဖြတ်ခဲ့တယ်လေ . . .”
ထိုအချက်ကို နားထောင်ရင်း သခင်ကြီးဘိုင်မှ –
“ငါမှတ်မိပြီ။ ဒါပေမဲ့ ငါမှတ်မိသလောက်တော့ အပြစ်ပေးမှုက တစ်သက်လုံး နေရမယ်လို့တော့ မဟုတ်ဘူးမလား . . .”
ဝမ်အာမှ –
“ဟုတ်တယ်။ လူအများစုကလည်း ကျောက်စိမ်းဘုရင်ကို ဖျောင်းဖျကြတယ်လေ။ ရဲနန်ရှန်နဲ့ ကောင်မလေးဟာ တကယ်ကို ချစ်ခဲ့ကြတာ ဖြစ်တဲ့အတွက် ကျောက်စိမ်းဘုရင်ကလည်း သနားညှာတာတဲ့ အနေနဲ့ ရဲနန်ရှန်ကို ချင်းယန်နယ်ပယ်က မောင်းထုတ်ရုံသာ လုပ်ခဲ့တယ်။ နောက်ပြီး ရဲနန်ရှန် မူလတာအို အဆင့် မရောက်မချင်း ကျောက်စိမ်းမိန်းကလေးနဲ့ ဝေးဝေးနေရမယ် ဆိုပြီးတော့လည်း သဘောတူညီမှု လုပ်ခဲ့တယ်။ သူသာ အဲဒီအဆင့် ရောက်သွားရင်တော့ မိန်းကလေးနဲ့ ပြန်နီးရမှာပေါ့ . . .”
သခင်ကြီးဘိုင်မှ ခနဲ့တဲ့တဲ့ဖြင့် –
“ရဲနန်ရှန်က မူလ အိပ်မက် အဆင့်ပဲ ရှိသေးတာ။ နောက်ပြီး ကျောက်စိမ်းနန်းတော်နဲ့ တိုက်ခိုက်ခဲ့တုန်းကလည်း ဒဏ်ရာ အပြင်းအထန် ရခဲ့ရတယ်။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်တောင် တစ်ဆင့် နိမ့်သွားခဲ့ရသေးတယ်။ သူဒီကို ရောက်တော့ မူလဝိညာဉ်တော်အဆင့် ၉ ပဲ ရှိတာလေ . . .”
“မူလဝိညာဉ်တော်အဆင့် ၉ ကနေ မူလတာအိုအဆင့်ထိဆို အရမ်းကြွယ်ဝတဲ့ မျိုးနွယ်စုက ပါရမီ ပါလွန်းပါတယ် ဆိုတဲ့ လူတွေတောင်မှ တစ်သက်လုံး ကြိုးစားရမဲ့ အရာပဲ။ ဒါတောင်မှ ချင်းယန် နယ်ပယ်မှာ ပြောတာနော်။ အခုက မော်တယ်ကမ္ဘာဆိုတော့ ဘာသယံဇာတမှမရှိ၊ ဘာအထောက်အပံ့မှ မရှိ၊ ဘာဆိုဘာမှ မရှိတဲ့ နေရာဖြစ်တဲ့အတွက် ရဲနန်ရှန် တစ်ဘဝလုံး သူ့ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်မယ် မထင်ဘူး။ ပြောရရင် တစ်သက်လုံး နှင်ထုတ်လိုက်သလိုပါပဲ . . .”
“မိန်းကလေးကလည်း နန်းတော်ကို ပြန်ရောက်တော့ နန်းတော်အောက်ခြေ မြေအောက်ခန်းမှာ နေရမယ်လို့ အပြစ်ပေးခဲ့တယ်။ သူကလည်း မူလတာအို အဆင့် မရောက်မချင်း ထွက်နိုင်မှာ မဟုတ်ဘူး။ ဒါကတော့ ရဲနန်ရှန်နဲ့ ပတ်သက်တဲ့ အကြောင်းပါပဲ . . .”
ဝမ်အာ ပြောလိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ရင်း ဆက်လက်၍ –
“ဒီစုံတွဲက တွေ့ရရင်တောင်မှ သေခါနီးလောက်မှသာ တွေ့ရနိုင်မယ် ထင်ပါတယ် . . .”
သခင်ကြီးဘိုင် တိတ်ဆိတ်စွာ နားထောင်နေရင်းမှ –
“နောက်တော့ ရဲမျိုးနွယ်ကရော ဘာဆက်ဖြစ်သွားလဲ . . .”
ဝမ်အာမှ –
“ရဲမျိုးနွယ်က ချင်းယန်နယ်ပယ်ရဲ့ ထိပ်တန်း မျိုးနွယ်စု တစ်ခုပါပဲ။ ဒါပေမဲ့ ကျောက်စိမ်း နန်းတော်နဲ့ ယှဉ်မယ်ဆိုရင်တော့ တော်တော် ကွာသေးတယ်။ အစပိုင်းတုန်းက ရဲမျိုးနွယ်က လူအချို့ သေခဲ့ကြတယ် အဲဒီလောက်ပဲ။ နောက်တော့ ရဲမျိုးနွယ်လည်း ရဲနန်ရှန်ကို သူတို့မျိုးနွယ်စု တစ်ခုလုံးအတွက် ကျေနပ်စွာနဲ့ စတေးလိုက်ကြရတယ်။ ဒီနှစ်တွေထဲမှာ ရဲမျိုးနွယ်မှာလည်း အမွေဆက်ခံသူ အသစ်တစ်ယောက် ရွေးပြီးနေပြီ။ ရဲနန်ရှန်ရဲ့ နေရာကတော့ ပျောက်သွားခဲ့ရတာပေါ့။ အခုတော့ စွန့်ပစ်ခံ သားတစ်ယောက် ဖြစ်သွားခဲ့ရပြီး သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြ တော့ဘူးလေ . . .”
“ဟဲဟဲ . . . တော်တော် စိတ်ဝင်စားစရာ ကိစ္စတွေပါလား . . .”
သခင်ကြီးဘိုင်မှ ခနဲ့တဲ့တဲ့ ရယ်မောလျက် ပြောလိုက်သည်။
ဝမ်အာမှ အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် –
“အကယ်၍ သခင်ကြီးသာ သူတို့အတွက် တစ်ခုခု ပြောမယ်ဆိုရင် ထူးခြားမှုများ ရှိနေ . . .”
ရဲနန်ရှန်၏ အချစ်ဇာတ်လမ်းကို ဝမ်အာသည် စိတ်မကောင်း ဖြစ်နေမိလေသည်။
ယခုလို တကွဲတပြားဖြင့် ခံစားနေကြရသည်မှာ အလွန်ဆိုးရွားလွန်းသော ခံစားမှုမျိုးပင် ဖြစ်ချေ လိမ့်မည်။
သခင်ကြီးဘိုင်မှ –
“ငါလား . . . တစ်ခုခု ပြောရမယ်ပေါ့ ဟားဟား . . .”
သခင်ကြီးဘိုင် ဟက်ဟက်ပက်ပက ရယ်မောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset