Switch Mode

Chapter – 136

ခဏတာအိပ်မက်မက်ခြင်း

Chapter – 136
“ခဏတာအိပ်မက်မက်ခြင်း”

ဝတ်ရုံဖြူနှင့်လူမှ ပြုံးကာဖြင့် –
“သေချာတာပေါ့ . . . မိတ်ဆွေ ဂရုစိုက်သွားပါ . . .”
“ခင်ဗျားလည်း ဂရုစိုက်ပါဦး . . .”
ရဲရှောင်သည် သူနှင့် နာမည်တူ လူတစ်ယောက် ဘီးတပ်ကုလားထိုင်ထက်တွင် ထိုင်လျက် ဖြည်းညင်းစွာ ထွက်သွားသည်ကို ကြည့်ရင်း ရင်ထဲတွင် ထူးဆန်းသလို ခံစားနေရသည်။
ထိုကဲ့သို့ ကြည့်နေရင်းဖြင့် ထိုလူ မိန်းမ၏ နောက်ပိုင်း တင်ပါးအလှကိုလည်း ငေးကြည့်လိုက်ပါ သေးသည်။
သူကြည့်သည့် ပုံစံမှာ ချက်ချင်းပင် အဝတ်အစားများ ပြေးချွတ်ချင်နေသည့် ပုံစံမျိုးနှင့်ပင် ဖြစ်၏။
သူမကို ဖုံးကွယ်ထားသည့် အဝတ်အစားများအား မုန်းတီးနေဟန်ဖြင့် ကြည့်နေမိသည်။ သူမသည် လည်း ထိုကဲ့သို့ ကြည့်နေခြင်းကို သိသည့် ပုံစံပါပင်။ ရှေ့သို့ ခပ်သွက်သွက်ပင် လျှောက်သွားကြ၏။
နောက်ဆုံးတွင် သူတို့သည် တခြားလမ်းချိုးတစ်ခု အတွင်းသို့ ဝင်သွားကြလေ၏။
ရဲရှောင်လည်း ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့ကျောကုန်းတွင် ချွေးစေးများ ပြန်နေသည်ကို မည်သူမျှ တွေ့မည် မဟုတ်ချေ။
(ဒီလူက ဘယ်သူပါလိမ့် . . . ငါ့ကို စိတ်ထဲ မသက်မသာ ဖြစ်အောင်တောင် လုပ်နိုင်နေပါ့လား)
ရဲရှောင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
သူသိသည့် အရာတစ်ခုတော့ ရှိသည်။ ထိုအရာမှာ မိန်းမပျိုနှင့် ဝတ်ရုံဖြူဝတ် လူတို့သည် ကောင်းကင်အဆင့်၏ ထိပ်သီးများ ဖြစ်နိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။
၂ ဦးလုံး ထိုအဆင့်ပင် ဖြစ်နိုင်၏။
ထိုလူများ ပျောက်ကွယ်သွားသည့်အခါ ရဲရှောင်သည် ထိုလူများ နောက်သို့ လိုက်မသွားဝံ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသာ လိုက်သွားမည် ဆိုပါက ထိုလူများမှ သတိပြုမိသွားမည် ဖြစ်ကာ ချက်ချင်း သတ်ပစ်နိုင်လောက်၍ပင် ဖြစ်၏။
ထို့အပြင် ဝတ်ရုံဖြူနှင့်လူ ပြောခဲ့သည့် စကားစုသည် ရဲရှောင်အား သတိပေးနေသလိုပါပင်။
ထိုစကားလုံးအား ယခင်ဘဝ ရဲရှောင်လည်း ပြောခဲ့ဖူးလေ၏။
“မိုးကောင်းကင် တစ်ခုလုံးကို ရယ်မောခြင်း၊ သိုင်းလောကကြီး တစ်ခုလုံးကို ရယ်မောခြင်းပဲပေါ့”
ထိုစကားလုံးအား ပြောနိုင်သည့်သူမှာ ရှောင်ဧကရာဇ်တစ်ယောက်သာ ရှိပါသည်။
ထိုရှောင်ဧကရာဇ် ဆိုသည်မှာ ရဲရှောင်ပင် ဖြစ်၏။
ထိုစကားစုကို ကြားသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားသလို ခံစားလိုက်ရသည်။
(ဒီလူက ဘယ်သူလဲ . . . ဒီစကားတွေကို ဘယ်လိုများ သိနေရတာလဲ . . . ငါ့ကိုရော ဘာလို့ လာရှင်းပြနေရတာလဲ . . .”
ရဲရှောင်သည် တွေးနေမိသည်။
(သူက သူ့ကိုယ်သူ ရဲရှောင်ဆိုတာ နာမည်အစစ်ကို ပြောတာ မဖြစ်နိုင်ဘူး။ ငါ့ကို လှောင်ချင်တာနဲ့ တူတယ်။ တောက် . . . ဒီလူဘယ်သူလဲ ဆိုတာကို ငါမသိပါလား . . .)
သူ့အခန်းထဲသို့ ပြန်ရောက်သောအခါ အံ့သြစရာ ကောင်းသည့် အဖြစ်ကို တွေ့လိုက်ရသည်။ အချိန်တခဏလေးအတွင်း ခုနက ဝတ်ရုံဖြူနှင့်လူ၏ ရုပ်ကို မေ့သွားခြင်းပင် ဖြစ်သည်။
ရဲရှောင်သည် ကမ္ဘာပေါ်တွင် မှတ်ဉာဏ်အကောင်းဆုံး လူသားတစ်ယောက်ဟု ဆိုရမည့် လူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့ မှတ်မိလွယ်သော ဉာဏ်မှာ မွေးရာပါ ပါရမီဟုပင် ပြောရပေမည်။
သို့သော် ယခုအခါ သူသည် ထိုလူ၏ မျက်နှာကို မြင်တွေ့ခဲ့ရသည့်တိုင် မှတ်မိတော့ခြင်း မရှိပေ။ အလွန်ကို ထူးဆန်းသော အဖြစ်ပါပင်။
ရယ်စရာတော့ ကောင်းလှ၏။
ရဲရှောင် ပြန်မှတ်မိရန် အပြင်းအထန် ကြိုးစားသည်။ သို့သော် မည်သို့ပင် ကြိုးစားပါစေ ပုံရိပ်မှာ ဝါးတားတား ဖြစ်နေတုန်းပင်။ ထိုလူ၏ မျက်နှာကျ အနေအထားကိုပင် ပုံမဖော်နိုင်တော့ချေ။ ကျန်သော လူများ၏ မျက်နှာများပင် ဝါးတားတား ဖြစ်လာသလို ခံစားလိုက်ရသည်။
“တော်တော် ထူးဆန်းတာပဲ . . .”
ရဲရှောင်သည် ထိုကဲ့သို့ အဖြစ်မျိုးကို အရင်က ကြားဖူးခဲ့သည်။ သို့သော် ထိုကဲ့သို့ သူတစ်ခါမျှ တွေ့ကြုံဖူးခြင်း မရှိသလို၊ သူများဖြစ်နေတာမျိုးကိုလည်း မမြင်ခဲ့ချေ။
သတိကောင်းလှသော ရဲရှောင်ပင် ယခုလို ဖြစ်သွားသည်မှ အလွန်ထူးဆန်းနေလေ၏။ လူတစ်ယောက်၏ မှတ်ဉာဏ်ဆိုသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်လာတတ်သည်မှာ ဓမ္မတာပင်။ တစ်ခါတရံ မြင်တွေ့ခဲ့ဖူးသည့် အရာများကိုပင် မေ့လျော့လာတတ်ကြပါသည်။ သို့သော် သေချာမှတ်သားထားမည် ဆိုပါ အချိန်အနည်းငယ်မျှဖြင့် မည်သို့မျှ မေ့နိုင်စရာ အကြောင်းမရှိချေ။
ထို့အပြင် ထူးဆန်းသော ဖြစ်ရပ်တစ်ခုလည်း ရှိပါသေးသည်။ လှည်းနောက်တွင် ရှိနေကြသည့် စိမ်းပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော မိန်းကလေး နှစ်ယောက်ပင် ဖြစ်သည်။ ရဲရှောင်သည် ထိုမိန်းကလေး ၂ ဦး၏ အစွမ်းကို သတိပြုမိခဲ့သော်လည်း သူမတို့၏ မျက်နှာကိုတော့ သေချာ သတိမထားလိုက်မိချေ။ တကယ်တမ်းတွင် ဝတ်ရုံဖြူနှင့် လူကိုသာ ကြည့်မိခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ သူအချိန်တော်တော်ကြာ စိုက်ကြည့်ခဲ့သည့် မျက်နှာသည် သူ့မှတ်ဉာဏ်အတွင်းမှ ပျောက်ကွယ်သွားခဲ့ရ သည်။
တစ်ခုခုတော့ မှားယွင်းနေခြင်းမှာ အသေအချာပင်။
ရဲရှောင်လည်း တွေးနေရင်းမှ တစ်ခုကို စဉ်းစားမိလိုက်၏။ သူ့ကို လှည့်ကွက်တစ်ခုခု သုံး၍ လှည့်စားလိုက်ခြင်း ဖြစ်မည် ဆိုတာကိုပင် ဖြစ်သည်။ သူ၏ မှတ်ဉာဏ်အချို့အား ဖျက်လိုက်သည့် သဘောပင်။
မော်တယ်ကမ္ဘာအနေဖြင့် ထိုကဲ့သို့သော ပညာရပ်မျိုး ရှိနေသည်မှာ လုံးဝ မယုံနိုင်စရာ ကောင်းပြီး ချင်းယန်နယ်ပယ်မှာပင် ထိုပညာရပ် တတ်မြောက်သူသည် ရှားပါးလွန်းလှသည်။
အစပိုင်းတွင် ရဲရှောင်သည် ထိုကဲ့သို့ မစဉ်းစားမိချေ။ သင်လည်း မသင်ဖူးခဲ့ချေ။ ထို့အပြင် ထိုကဲ့သို့ လှည့်စားခံဖူးသည့် အတွေ့အကြုံလည်း မရှိခဲ့ပါချေ။ ထို့ကြောင့်ပင် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို စဉ်းစားမိရန် အချိန်ကြာနေခြင်း ဖြစ်၏။
“ဒါ ဒဏ္ဍာရီထဲက ခဏတာအိပ်မက်မက်ခြင်း ကျင့်စဉ်များလား . . .”
ရဲရှောင် ရေရွတ်လိုက်မိ၏။
ခဏတာအိပ်မက်မက်ခြင်း ကျင့်စဉ် ဆိုသည်မှာ လူတစ်ဦးသည် တစ်စုံတစ်ခုအား မြင်ပြီးနောက် ရုတ်တရက် အိပ်ယာမှ လန့်နိုးလာသကဲ့သို့ ခံစားလိုက်ရခြင်းပင် ဖြစ်၏။ ထိုကဲ့သို့ ကယောင်ကတမ်းဖြင့် မက်သော အိပ်မက်မျိုးသည် လွယ်လွယ်မေ့ပျောက်တတ်ကြသည် မဟုတ်ပါလား။
အနည်းငယ် မိစ္ဆာဆန်သော ကျင့်စဉ်မျိုးဆိုလျှင်လည်း မမှားချေ။
ထိုလူများသည် မည်သူများ ဖြစ်ပါမည်နည်း၊ အဘယ်ကြောင့် ထိုကဲ့သို့ ကျင့်စဉ်အား တတ်မြောက် နေပါသနည်း။ မော်တယ်ကမ္ဘာကလား၊ အဆင့်မြင့် နယ်ပယ်ကလား ဆိုတာကို ဝေခွဲမရ ဖြစ်အောင်ပင် ရဲရှောင် ခံစားနေရသည်။
ချန်နိုင်ငံတော်အတွင်း မည်သို့သော အရေးကြီးသည့် အကြံအစည်မျိုး ရှိသည့်အတွက် ရောက်ရှိ နေခြင်း ဖြစ်နိုင်သနည်း၊ ဘာများ ဆက်လုပ်မည်နည်းဟု ရဲရှောင် ဆက်တွေးနေမိသည်။
ယခုလို တွေ့ဆုံလိုက်ခြင်းသည် သူ့အတွက်လည်း အရေးကြီးသလို ခံစားလိုက်ရသည်။
ယခုကဲ့သို့ တစ်ခုခု ဖြစ်မည်ကို ကြိုသိနေခြင်းသည် သူ၏ ပင်ကိုယ်ပါရမီဟုပင် ဆိုရမည် ဖြစ်သည်။
မင်းသားတို့ သွားမည့် တိုက်ပွဲအတွက် အကျိုးသက်ရောက်မှု ရှိနိုင်သည့် မှတ်ဉာဏ်ကို သူမဆုံးရှုံးချင်ပေ။ သို့သော်လည်း မည်ကဲ့သို့ လုပ်ရမည်ကို မသိ ဖြစ်နေလေသည်။ ထိုအချိန်တွင် စိတ်ရှုပ်ထွေးလျက် ရှိနေပြီး အတွေးများစွာဖြင့် ချာချာလည်နေလေ၏။ ထို့နောက် ချက်ချင်းပင် ရှေးဦး ခရမ်းရောင်ချီဓာတ် ကျင့်စဉ်အား စတင် လည်ပတ်စေလိုက်ပါတော့သည်။
ယခုလို ကျင့်စဉ်မှ ပြဿနာအား ဖြေရှင်းနိုင်မည်ဟုတော့ အသေချာ မပြောနိုင်ပေ။ သူမှီခိုစရာ ရှိသည့် တစ်ခုတည်းသော အရာမှာ ကမ္ဘာ့နံပါတ် (၁) ကျင့်စဉ်ဖြစ်သော ရှေးဦးခရမ်းရောင် ချီဓာတ် ကျင့်စဉ်သာ ရှိတော့သည်။
တကယ်တမ်းတွင် သူ၏ ကျင့်စဉ်သည် အတော်အစွမ်းထက်လှသော်လည်း ပျောက်ဆုံးသွားသည့် မှတ်ဉာဏ်များအား ပြန်လည်ရရှိနိုင်မည် မဟုတ်လောက်ဟု ကြိုတင် ခန့်မှန်းမိ၏။
သို့သော်လည်း ထိုကျင့်စဉ်ကိုပင် ၉၉ ကြိမ်အထိ လည်ပတ်စေပြီးနောက်မှသာ အလုပ် မဖြစ်ကြောင်း အသေအချာ သိလိုက်၏။ ပုံရိပ်များမှာ ဝေဝါးလျက်ပင် ရှိနေသေးပြီး မည်သို့မျှ မမှတ်မိနိုင် ချေ။ သို့သော် အလဟဿ ဖြစ်သွားခြင်းတော့ မရှိဘဲ ဝေဝါးသထက် ဝေဝါးသွားခြင်းမှ ရပ်တန့်၍ သွားပါတော့သည်။
သို့သော်လည်း ပုံရိပ်များကို မှတ်မိရန်မှာမူ မဖြစ်နိုင်တော့ လောက်အောင်ပါပင်။ အပြန်အလှန် ပြောဆိုခဲ့သည့် စကားများကိုသာ မှတ်မိနေပြီး ထိုကဲ့သို့ မှတ်မိနေခြင်းကပင် တော်သေးသည်ဟု ဆိုရမည် ဖြစ်သည်။
ရဲရှောင် အသေအချာ ပြောနိုင်သည့် အချက်မှာ အကယ်၍ ထိုလူ၏ မျက်နှာအား မေ့သွားခဲ့သည့် တိုင် အသံကိုသာ ကြားမည် ဆိုပါက မှတ်မိနိုင်မည် ဆိုတာကိုပါပင်။
“တော်တော် ကြောက်စရာ ကောင်းတာပဲ . . .”
ရဲရှောင် ရေရွတ်လိုက်မိပြန်သည်။
ရဲရှောင် အိပ်ယာထက်တွင် လှဲလျောင်းလိုက်ရင်း နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကိုလည်း စဉ်းစား နေမိသည်။
(ငါသာ အဲဒီ ရဲရှောင်ကို ဟာသလုပ်သလိုလိုနဲ့ တိုက်ခိုက်လိုက်ရင် ဘာများ ဖြစ်သွားမလဲ . . .)
ထိုလူသည် ရဲရှောင်အား ထူးဆန်းသော ခံစားမှုကို ပေးခဲ့လေ၏။
အန္တရာယ်ရှိသည့် လူတစ်ယောက် ဆိုတာကတော့ သေချာသလောက်ပင်။ သို့သော်လည်း ရဲရှောင်အပေါ် ရန်မူလိုသော ရန်ပြုလိုသော ပုံစံမျိုး လုံးဝ မတွေ့ရချေ။
ထိုမျှမက ရဲရှောင်သည် ထိုလူကို မြင်သည့် အခါတိုင်း ကျေနပ်သလို ခံစားနေခဲ့ရပြီး တွေ့ရသည် ကိုပင် ကျေနပ်သလို ခံစားခဲ့ရ၏။
ထိုလူ၏ ပုံစံကို ရှင်းလင်းစွာ မသိတော့သော်လည်း ရန်သူတစ်ယောက်ပင် ဖြစ်နိုင်သည် ဆိုတာကို တော့ အသေအချာ သိလေ၏။ ရန်သူဖြစ်သည့်တိုင် မုန်းတီးမိခြင်း မဖြစ်မိသည့်အပြင် ထိုလူနှင့်ပင် အချိန်ကုန်ဆုံးချင် နေမိသေးလေသည်။
ထိုအချက်ကပင် ထိုလူ၏ ဆွဲဆောင်နိုင်မှု ဖြစ်တန်ရာ၏။
(ဒီလူက ဘယ်သူလဲကွာ . . . ဘယ်က လာတာလဲ . . .)
ရဲရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သေချာစေ့စေ့စပ်စပ် စဉ်းစားနေသော်လည်း သဲလွန်စ မရမိပေ။
(ဒီလူက ငါ့ရဲ့ အကြီးမားဆုံး ရန်သူတစ်ယောက်ပဲ ဖြစ်မယ် ထင်တယ် . . .)
ရဲရှောင် ထိုကဲ့သို့သာ ကောက်ချက် ချလိုက်မိ။
သူ၏ စိတ်ထဲမှ ရုတ်တရက် ဖြစ်ပေါ်လာသည့် အချက်ပင်ဖြစ်ပြီး ကျိုးကြောင်း ဆီလျော်မှုတော့ မရှိချေ။ သို့သော်လည်း ရဲရှောင်မှာ ထိုကဲ့သို့ပင် ယုံကြည်လိုက်မိ၏။
. . .
ထိုအချိန် ရဲရှောင်နှင့် တွေ့ခဲ့သည့် အဖွဲ့မှာလည်း လမ်းပေါ်တွင်သာ ရှိနေကြသေး၏။ ကုလားထိုင် ပေါ်မှ လူသည် မျက်လုံးများ မှိတ်ထားပြီး ထိုအချိန်မှာပင် သူ၏ နှုတ်မှ –
“သွားစို့ . . .”
စိမ်းပြာရောင်ဝတ် မိန်းကလေး ၂ ဦးသည် လှည်းအား ချက်ချင်းပင် မလိုက်၏။ ဝတ်ရုံဖြူဝတ် မိန်းကလေးကတော့ ရှေ့မှ ထွက်သွားပြီး သူတို့သည် ချက်ချင်း ဆိုသလိုပင် ပျောက်ကွယ် သွားလေ၏။
တခဏအကြာတွင် တစ္ဆေများကဲ့သို့ သူတို့ ပြန်ပေါ်လာကြ၏။ သူတို့ ပေါ်လာသော နေရာမှာ ဝါးပင်များ ထူထပ်စွာ ပေါက်ရောက်နေသော နေရာပင် ဖြစ်လေသည်။
ထို့နောက် ဝါးရုံတောအတွင်း ဖြည်းညင်းစွာ ဝင်ရောက်သွားကြလေ၏။
ဝတ်ရုံဖြူနှင့်လူသည် စကားတစ်လုံးမှ ပြောခြင်း မရှိချေ။
ဝါးရုံတောအတွင်း ရောက်ရှိလာကြသည့်အခါ စိမ်းပြာရောင်ဝတ် မိန်းကလေး ၂ ဦးလည်း ဦးညွတ် အရိုအသေပြုလျက် ထွက်ခွာသွားကြပြန်၏။
ဝတ်ရုံဖြူ မိန်းကလေးမှာ လှည်းအား တွန်းရင်း ဖြည်းညင်းစွာ ဆက်လျှောက်လာသည်။ ထိုအချိန် မှာပင် ဝတ်ရုံဖြူနှင့်လူမှ –
“ဝမ်အာ . . . မင်းဘယ်လိုထင်လဲ . . .”
ဝမ်အာမှ မျက်မှောင်ကြုတ်လိုက်ရင်း –
“အဲဒီ ရဲရှောင် . . . တော်တော် စိတ်ဒုက္ခပေးတဲ့ကောင်ပဲ . . .”
သူမသည် ရဲရှောင်မှ သူမ၏ ခန္ဓာကိုယ် အထက်အောက် အကြည့်ကစားခဲ့ခြင်းအား မမေ့သေးချေ။ တဏှာအကြည့်ဖြင့် ကြည့်ခဲ့ခြင်း ဖြစ်ပြီး စိတ်ရိုင်းများအား မနည်းထိန်းချုပ်ထားရသည့် ပုံစံမျိုးပင် ပေါ်နေပါသေးသည်။
ဝမ်အာအဖို့ ထိုအကြည့်ကို အလွန်ပင် စိတ်ကသိကအောင့် ဖြစ်ခဲ့ရ၏။
ဝတ်ရုံဖြူနှင့်လူသည် သခင်ကြီးဘိုင်ပင် ဖြစ်၏။
ဝမ်အာပြောသည်ကို ကြားသောအခါ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် –
“အဲဒီ ရဲရှောင်ဆိုတဲ့ ကောင်လေး အကြောင်း ပြောစမ်းပါဦး . . .”
ဝမ်အာလည်း တခဏမျှ စဉ်းစားလိုက်ရင်း –
“ရဲရှောင်ဟာ ၁၆ နှစ်နဲ့ ၇ လ ရှိပါပြီ။ သူ့အဖေကတော့ မြောက်ပိုင်း စစ်သူကြီး ရဲနန်ရှန်ပဲ။ သူဟာ မွေးကတည်းက ချို့ယွင်းချက်နဲ့ မွေးလာတယ် ဆိုရမယ်။ သူ့အဖေကလည်း သူ့သား သာမန် တခြား ကလေးတွေလို နေလို့ရအောင် အတော်ကြီး ကြိုးစားခဲ့တယ်။ ရဲရှောင်ဟာ သုံးနှစ်ပြည့်မှသာ နည်းနည်း စပြီး လမ်းလျှောက်နိုင်တယ်။ ငါးနှစ်ပြည့်တော့ စကားစပြောတယ်။ တဇောက်ကန်း ကလေး တစ်ယောက်ပဲ။
ဒါပေမဲ့ သူ့အသက် ၇ နှစ်မှာတော့ ရဲနန်ရှန်ဟာ ထူးခြားဆန်းကြယ်တဲ့ ဆေးတစ်ခုကို ရခဲ့တယ်။ အဲဒီဆေးက သူ့သားရဲ အပြင်ပိုင်း ရောဂါတွေကို ပျောက်ကင်းသက်သာ လာစေနိုင်တယ်လေ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက သာမန်ကလေးတွေထက်ကို ကျော်လွန်ကောင်းမွန်နေတယ်။ ဒီလိုနဲ့ သူလည်း တခြားသက်တူ ရွယ်တူတွေလို ကြီးပြင်းလာခဲ့တယ်။ နည်းနည်း အားနည်းတယ် ဆိုပေမဲ့ ဉာဏ်ကောင်းပြီး သာမန်ထက် ထူးခြားတဲ့ မှတ်ဉာဏ်မျိုးလည်း ရှိတယ် . . .”
သခင်ကြီးဘိုင်မှ –
“သာမန်ထက် ထူးခြားတဲ့ မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်အပြင်ပိုင်း ကြံ့ခိုင်လာတယ်။ ဒါဆိုရင်တော့ ဖန်တီးခြင်း သစ်သီးများ စားခဲ့တာလား . . .”
သူသည် လက်ချောင်းများဖြင့် ဒူးအား ပွတ်ရင်း စဉ်းစားနေသည်။ ထိုအမူအကျင့်သည် သူ၏ ကိုယ်ပိုင် အမူအကျင့်ပင် ဖြစ်တန်ရာ၏။
“ဖန်တီးခြင်းသစ်သီး . . . ဒါကို ရဲနန်ရှန်က ဘယ်လို ရလာတာလဲ . . .”
ထိုနောက် ကောင်းကင်ကြီးအား ကြည့်ရင်း
“ရဲနန်ရှန်ရဲ့ ကျင့်ကြံမှုတွေကို ဖယ်ရှားလိုက်တယ် ဆိုတာ တကယ်ရော ဟုတ်ရဲ့လား . . .”
“ဆက်ပြော . . .”
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်၍ အမိန့်ပေးလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset