Switch Mode

Chapter – 38

Chapter – 38

မြွေဖြူတောင်၏ အနီးတစ်ဝိုက်တွင် တောင်အတွင်းပိုင်းသို့ ဝင်နိုင်သည့် လမ်းကြောင်းမှန်သမျှကို ဆင့်ကဲပြောင်းလဲပြီးသူများက စောင့်ကြပ်လျက်ရှိသည်။
ထိုဆင့်ကဲပြောင်းလဲပြီးသူများ၏ ဟန်ပန်အမူအရာကိုကြည့်ပြီး ဤတောင်နက်ပိုင်းတွင် လူတွေပြောကြသည့် သစ်ပင်ရှိကြောင်း အတည်ပြုနိုင်သည်။ အစောင့်များသည် တစ်စုံတစ်ဦးကျူးကျော်ဝင်ရောက်ကာ သူတို့ရသင့်ရထိုက်သည့် အသီးကို မရမည်စိုး၍ တောင်ကို အထူးသတိထားစောင့်ကြပ်ကြသည်။
“ငါ ကျောက်ဆောင်ပေါ်တက်သွားမယ်၊ အဲ့တာဆို ဟိုလူတွေအနား ငါသွားလို့ရမယ်” ချူဖုန်း ပြောလိုက်သည်။ ထို့နောက် နွားဝါကို လှည့်ကြည့်ကာ “မင်း ငါ့နောက်ကနေ လိုက်ပြီးတက်နိုင်တာ သေချာရဲ့လား”
နွားဝါသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့နောက်ခြေထောက်တစ်စုံပေါ်တွင် မတ်တပ်ရပ်ပြလေသည်။ သူ့ခန္ဓာကိုယ်မှာ မတ်မတ်နှင့် တောင့်တောင့်တင်းတင်း ရှိသည်၊ ထို့နောက် ခံ့ညားသောအမူအရာဖြင့် နွားပေါက်သည် အစမ်းလက်ဝှေ့ထိုးပြကာ သူ၏ သွက်လက်ဖျတ်လတ်သော ခန္ဓာကိုယ်အား လှုပ်ရှားပြသည်။ နွားပေါက်က သူသည် လုပ်နိုင်သည်ထက်ပိုကြောင်း သက်သေပြလေသည်။
ထို့နောက် ၂ယောက်လုံးသည် ထူထပ်သည့်တောအုပ်ကြားတွင် တိတ်တခိုးလျှောက်လှမ်းကာ အပေါ်ရှိသစ်ပင်ကြီးများ၏ ထိုးထွက်နေသော အရိပ်အောက်တွင် ခြေရာဖျောက်ကာ သွားကြသည်။ နောက်ဆုံးတွင် ကျောက်ဆောင်နားသို့ လူမသိစေပဲ ရောက်လာခဲ့သည်။ ကျောက်ဆောင်မှာ မြေကြီးပေါ်သို့ တွဲလျောင်းကျလျက်ရှိသော နံရံဖြစ်ပြီး ချူဖုန်းအတွက် အပေါ်တွယ်တက်ရန် မခက်ချေ။
ရုတ်တရက် ချူဖုန်းသည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်၊ “တကယ်လို့ သာမန်ဆင့်ကဲပြောင်းလဲပြီးသူက ဒီကျောက်ဆောင်ကို တွယ်တက်နိုင်ရင် ဒိမ်ဒီဇီဝ‌ဆေးဝါးလုပ်ငန်းစုက ဒီနေရာကို အစောင့်မရှိပဲ အလွတ်ထားမှာ မဟုတ်ဘူး၊ ဒီကသွားတာက အခြားလမ်းတွေထက် ပိုအန္တရာယ်များတယ်နဲ့ တူတယ်”
ချူဖုန်းသည် ခေါင်းမော့ကာ ကျောက်ဆောင်ကို လေ့လာသည်။ ကျောက်ဆောင်မှာ မျက်နှာပြင်ကြမ်းတမ်းပြီး မတ်စောက်သည်။ ထိုကျောက်ဆောင်မျက်နှာပြင်ပေါ်တွင် မြက်ပင်တစ်ပင်တောင် မပေါက်ရောက်ချေ။
“သေစမ်း” ချူဖုန်းသည် တစ်ခုခု မူမမှန်သည်ကို သတိထားမိလိုက်သည်။
ကျောက်ဆောင်၏မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းရာများစွာကို တွေ့လိုက်သည်။ သေချာသည်မှာ ဒါသည် သဘာဝအရ ဖြစ်ခြင်းမဟုတ်ချေ၊ ထိုအက်ကွဲ‌ကြောင်းရာများကို တစ်စုံတစ်ယောက်က မမြင်အောင် တမင်ဖုံးထားချင်သည့် အရိပ်အယောင်များတွေ့ရသည်။
“ကျောက်ဆောင်က အမြောက်သေနတ်တွေနဲ့ အခွဲခံထားရတာပဲ” ချူဖုန်းသည် သတိနှင့် အော်လိုက်သည်။
ကျောက်ဆောင်မျက်နှာပြင်ပေါ်တွင် သွေးကွက်များ ပေနေသည့် အကွက်များကိုပါ တွေ့ရသည်။
ဒါသည် ရှေ့တွင် တစ်စုံတစ်ယောက်က အလားတူအကြံဖြင့် ကျောက်ဆောင်မှတက်၍ ဆင့်ကဲပြောင်းလဲသူများအနီး သွားလိုသော်လည်း ဤကျောက်ဆောင်မှာ ထောင်ချောက်သာဖြစ်ပြီး အမြောက်ဖြင့် သွေးအေးစွာအသက်ခံရမည်ကို သတိမထားမိလိုက်ခြင်းဖြစ်သည်။
ချူဖုန်းနှင့်နွားဝါတို့ နောက်ဆုတ်လိုက်သည်။ အကယ်၍ သူတို့စိတ်ဆုံးဖြတ်ကာ ကျောက်ဆောင်ကို တက်မည်ဆိုလျှင် သွေးသံရဲရဲဖြင့် အသားတစ်ခြား အရိုးတစ်ခြား ဖြစ်ချင်မှဖြစ်မည်။ ၂ယောက်လုံးက အခုသည် မြက်ခင်းကိုရိုက်ခတ်ပြီး မြွေကို အသိပေးရန် အချိန်ကောင်းမဟုတ်သေးဟု ဆုံးဖြတ်လိုက်သည်။
မြွေဖြူတောင်သည် အလွန်ကြီးမားသော တောင်တစ်လုံးဖြစ်သည်၊ ထို့ကြောင့် ချူဖုန်းက သူနှင့် နွားဝါ တိတ်တခိုး ဝင်သွားနိုင်သည့်အပေါက်ရှိရမည်ဟု ထင်သည်။ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုတွင် ဤကျယ်ပြောလှသည့် တောင်၏ အပေါက်တိုင်းကို စောင့်ကြပ်ရန် လူအင်အားလုံလောက်မှုမရှိဖြစ်သည်။
အခြားလမ်းကြောင်းကို ရှာဖွေသည့်လမ်းတွင် ချူဖုန်းသည် ပုန်းလျှိုနေပြီး ဝင်ပေါက်လမ်းကို ရှာနေကြသည့် အခြားဆင့်ကဲပြောင်းလဲပြီးသူထောင်နဲ့ချီကိုလည်း တွေ့ရသည်။ မြွေဖြူတောင်သည် အန္တရာယ်နှင့် အကြမ်းဖက်မှုတို့ရှိရာ ရေဂယက်ဖြစ်လာသည်။ အခြေအနေတင်းမာမှုမှာ ထိပ်ဆုံးအမှတ်ကို ရောက်နေပြီဖြစ်သည်။
ကမ္ဘာကြီးမှာ ခြောက်သွေ့သွားသော သွေးကွက်များဖြင့် အစွန်းထင်နေသည်။ ချူပုတ်များအောက်တွင် ဦးချိုအကျိုးအပဲ့များနှင့် အကြေးခွံအပိုင်းအစများ ရှိသည်။ ဒါတွေသည် တစ်ချိန်က ဆင့်ကဲပြောင်းလဲပြီးသူများ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ပြီး ယခုတွင် အမှိုက်အဖြစ်သာ ကျန်ကာ ဆွေးမြေ့ပစ္စည်းများ ဖြစ်သွားသည်။
တိုက်ခိုက်ရန်ဖြစ်မှုများက ခုလို အသေအပျောက်များစေခြင်းဖြစ်သည်။ ဒါသည် အစသာဖြစ်ပြီး ဒဏ္ဍာရီအသီးသာ မှည့်ပြီး ရင့်လာလျှင် ဘယ်လောက်တောင် ပိုရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများဖြစ်လာမလဲဆိုတာကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ ချူဖုန်းသည် သက်ပြင်းချလိုက်သည်၊ အသီးကို လုယူရန်အတွက် ဆင့်ကဲပြောင်းလဲပြီးသူများနှင့် လက်နက်ကိုင်စစ်သားများကြား၏ သတ်ဖြတ်ရမ်းကားမှုများကို ကျော်လွှားရမည်မှာ အင်မတန်ခက်ခဲမည်ဖြစ်ကြောင်း သိသွားသည်။
ထင်ထားသည့်အတိုင်း ချူဖုန်းသည် ရန်သူမရိပ်မိပဲ တောင်ထဲသို့ ဝင်နိုင်သည့် အပေါက်ကို ရှာမတွေ့ချေ။ ထိုသံချပ်ကာကဲ့သို့သော ကာကွယ်မှုကို ထိုးဖောက်ရန်အတွက် ချူဖုန်းသည် ပို၍ သတိရှိရှိနေကာ တောအုပ်ထဲရှိ လမ်းကြောင်းများကို စမ်းတဝါးဝါးသွားနေသည်။
ထင်းရှူးသီးမှာ အတွင်းရှိအသားကို မကွဲပြသေးချေ၊ သို့သော် သင်းကြိုင်ပြီး ဆွဲ‌ဆောင်မှုရှိသော ရနံ့မှာ လေထုထဲတွင် ပျံ့နှံ့နေပြီး အနီးနားတွင် စောင့်ကြည့်နေသူများကို အချက်ပေးသလိုဖြစ်ကာ အသီးဖွံ့ဖြိုးလာမှုကို သတိမူနေကြသည်။
မဖိတ်ခေါ်ပဲ ရောက်လာသည့် ဆင့်ကဲပြောင်းလဲပြီးသူများအားလုံး အကုန်သတိရှိကာ နိုးကြားနေသည်။ မည်သူမျှ နောက်တရမည့်ကိစ္စမျိုး မလုပ်ရဲချေ၊ မဆင်မခြင်ပြုမူမှုကြောင့် အသေဆိုးဖြင့် ကြုံတွေ့မည်ကို ကြောက်ရွံ့ကြခြင်းကြောင့် ဖြစ်သည်။ ဝံပုလွေများသည်ပင် အနီးနားတွင် စိတ်ရှည်စွာဖြင့် တိတ်တိတ်လေး စောင့်ဆိုင်းကာ တိုက်ခိုက်မှုအတွက် ပြင်ဆင်လျက်ရှိသည်။
“ဒါတွေအကုန် အလောင်းတွေလား”
ချူဖုန်း မျက်လုံးပြူးသွားသည်။ ရှေ့အနီးအနားရှိ ချုံပုတ်များကြားတွင် အလောင်းသေများ ပုံအော်လျက်ရှိသည်။ အများစုမှာ တစ်ချိန်က အင်အားကြီးသည့် ဆင့်ကဲပြောင်းလဲပြီးသူများဖြစ်ပြီး အချို့မှာ အနီးနားတွင် ရွေ့လျားနေသော သားရိုင်းကောင်များ၏အလောင်းပင် ဖြစ်သည်။
သူတို့၏ အလောင်းကိုယ်ထည်တွင် တူညီသည့် ခရမ်းရောင်သန်းသည့် အမဲကွက်များရှိသည်။ ဒါက သူတို့၏ သေဆုံးမှုသည် ကြမ်းကြုတ်သော တိုက်ခိုက်မှုကြောင့် မဟုတ်ပဲ အတွင်းအဆိပ်ကြောင့်ဖြစ်ကြောင်း ပြသလျက် ရှိသည်။
“သတိထား၊ ကြည့်ရတာ အပင်ရဲ့ ၁၀မီတာပတ်လည်အတွင်း ရောက်သွားတဲ့သူတွေဆို ချက်ချင်း အဆိပ်မိပြီး အသတ်ခံရတာ ဖြစ်နိုင်တယ်၊ ဟိုအလောင်းတွေကို ကြည့်လိုက်၊ အကုန်လုံး အဆိပ်ကြောင့် သေကုန်တာ”
“ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုက ဒီနေရာကို ငါတို့ထက် အစောကြီး ရှာတွေ့ထားတာ၊ ဒါပေမဲ့ သူတို့ လွှတ်လိုက်တဲ့ လေ့လာရေးအဖွဲ့က လူတွေအကုန်လုံး အဆိပ်မိသေကုန်တယ်၊ အဲ့အကြောင်းကို ဟိုကောင်တွေက အပြင်ကို မထုတ်ပြောတော့ မသိပဲ လာမိတဲ့သူတွေက ဒီမှာ သေကုန်တာနေမယ်”
“ဟုတ်တယ်၊ ငါလည်း ကြားထားတယ်၊ သူတို့ရဲ့ ပြိုင်ဖက်ကုမ္ပဏီတွေက အသီးမမှည့်ခင်တုန်းက ခူးယူဖို့ဆိုပြီး လူတွေလွှတ်လိုက်တာ အကုန် မင်းမှန်းသလို အသေဆိုးနဲ့ သေကုန်တယ်”
“သွားကြမယ်၊ ဒီမှာ အန္တရာယ်များတယ်၊ အသီးမှည့်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ အရင်စောင့်ကြည့်ကြတာပေါ့”
ဒါတွေသည် ချုံပုတ်၏အရိပ်အောက်အမှောင်ထဲတွင် ပြောကြသော တီးတိုးစကားများ ဖြစ်သည်။ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုမှာ တောင်အပြင်ဘက်ပတ်ပတ်လည်တွင် လုံခြုံရေးကို လျှော့ချလိုက်ပေမယ့် ဒါသည် လူတွေကို မျှားခေါ်ပြီး အဖြစ်ဆိုးနဲ့ ကြုံတွေ့ရနိုင်သည်ဟု အားလုံးက ကောက်ချက်ချသည်။
အသေဆိုးနှင့် ကြုံတွေ့မည်စိုး၍ ဆင့်ကဲပြောင်းလဲပြီးသူများသည် တဖြည်းဖြည်း ထွက်ခွာကုန်ကာ တီးတိုးပြောဆိုသံမှာ မှေးမှိန်သွားသည်။
“ငါတို့ ဒီတိုင်းရှေ့တိုးမလား၊ အသီးကို ယူပြီး ပြေးမလား” ချူဖုန်းက နွားဝါကို မေးလိုက်သည်။
နွားဝါသည် ခေါင်းခါပြသည်၊ သို့သော် သူ့မျက်လုံးများမှာ အဝေးရှိ ထိုထင်းရှူးသီးကိုသာ စိုက်ကြည့်နေသည်။ ထိုအသီးမှာ သူ့အတွက် ဆွဲဆောင်မှုရှိကာ စားချင်သော်လည်း တစ်စုံတစ်ခုက သူ့ကို သူ၏ ပြင်းပြသောဆန္ဒမှ ဆွဲထားသည်။
“မမှည့်ခင် ယူလိုက်ရင် အသီးအရည်ပျော်သွားလိမ့်မယ်” နွားဝါက မြေကြီးပေါ်တွင် ရေးလိုက်သည်။
ထို့ကြောင့် ချူဖုန်းသည် သူ၏ စွန့်စားမည့်အကြံအစည်မှ နောက်ဆုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချူဖုန်းသည် ဟိုဆင့်ကဲပြောင်းလဲပြီးသူများ၏ တီးတိုးပြောဆိုမှုများကိုလည်း သဘောတူသည်။ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုက လိုအပ်လျှင် ထုတ်သုံးရန်အတွက် သေချာပေါက် ဝှက်ဖဲကို ပြင်ဆင်ထားမည်ဖြစ်သည်။ ဤကဲ့သို့ ကြိုးကြိုးစားစား ပြင်ဆင်ထားပြီးမှ နောက်ဆုံးအချိန်တွင် ပေါ့ပေါ့လျော့လျော့လုပ်မည်မှာ မဖြစ်နိုင်ချေ။
ချူဖုန်းသည် နွားဝါနှင့်အတူ အမှောင်ထဲတွင် အချိန်အတော်ကြာရပ်နေပြီးနောက် ရုတ်တရက် အဝေးတစ်နေရာတွင် အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။ အချို့ကျောက်တုံးများနှင့် သဲတို့ကို ဘေးသို့တွန်းပို့ပြီး သိပ်မသိသာသည့် အက်ကွဲရာတစ်ခု မြေကြီးပေါ်တွင် ပေါ်လာသည်။ ထိုအက်ကြောင်းရာအတွင်းမှ တစ်ယောက်ယောက်က ချောင်းကြည့်နေသည်။
တစ်ယောက်ယောက်က မြေကြီးအောက်မှာ ပုန်းနေတာလား။
ချူဖုန်းသည် အံ့အားသင့်သွားသည်။ တောင်တစ်ခုလုံးကို ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုမှ လမ်းဖောက်တွင်းတူးထားပြီး အရာအားလုံးသူတို့၏ ထိန်းကွပ်မှု‌အောက်တွင် ရှိမည်ကို စိုးရိမ်သွားသည်။
“အမြန်လုပ် ဒီနေရာက ထွက်သွားကြမယ်” ချူဖုန်းသည် ဤတောင်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည့် အချိန်မှစ၍ တုန်လှုပ်ချောက်ချားနေခြင်းဖြစ်သည်။ အခုသည် သူ့အတွက် အန္တရာယ်ကျရောက်စေနိုင်သည့် ဤနေရာမှ ထွက်သွားရန် အချိန်တန်ပုံပေါ်သည်။
နွားဝါသည်လည်း စိုးရိမ်ပြီး ပတ်ဝန်းကျင်ကို သတိထားသည်။ သူလည်း ကြောက်ရွံ့နေခြင်းဖြစ်သည်။
ထို၂ယောက်လုံးမှာ အလျင်အမြန် တိုးတိုးတိတ်တိတ်ဖြင့် သူတို့အိမ်ပြန်လမ်းဘက်သို့ ထွက်သွားလေသည်။
“အသီးရဖို့ အတော်ခက်ခဲတာပဲ၊ ဒါပေမဲ့ အနည်းဆုံး အဲ့မြေကြီးမှုန်ကိုတော့ ယူသွားရမယ်”
ဒါသည် ချူဖုန်းသူကိုယ်တိုင် သတ်မှတ်ထားသော အသေးဆုံးပန်းတိုင်ဖြစ်သည်။
ထိုဆင့်ကဲပြောင်းလဲသောအပင်ကို စိုက်ပျိုးထားသည့် မြေဆီလွှာသည် ထိုအသီးထက် ပို၍တန်ဖိုးရှိနိုင်သည်ဟု သူထင်သည်။
ဆင့်ကဲပြောင်းလဲပြီးသူအားလုံးက ထူးဆန်းသည့်အသီးပေါ်သာ အာရုံရှိကြပြီး အောက်ရှိမြေဆီလွှာကို ဂရုစိုက်သူရှိမည်မဟုတ်ချေ။ ဒါသည် ချူဖုန်းအတွက် အခွင့်ကောင်းဖြစ်ပြီး လုပ်ရန် ပိုလုံခြုံသောအလုပ်ဖြစ်သည်။
ချူဖုန်းသည် တောင်ထဲတွင် တဝဲလည်လည်လုပ်နေသည်၊ ထို့နောက် သူသိမ်းယူထားသော အမြောက်အားလုံးကို မြွေဖြူတောင်ပတ်ဝန်းကျင်ရှိ မြေကြီးအောက်ထဲတွင် မြှုပ်ကာ နေရာခွဲပြီး ပြောင်းထားလိုက်သည်။
“ဒီအကြံအစည်သာ အောင်မြင်ရင် ဒါငါ့ရဲ့ ထွက်ပြေးလမ်းပဲ၊ တကယ်လို့ တစ်ယောက်ယောက်နောက်ကလိုက်လာရဲရင် အကုန်လုံးကို အမြောက်နဲ့ ပေးတွေ့လိုက်မယ်”
ချူဖုန်းသည် ဒီနေရာတွင် မွေးကာ ကြီးပြင်းလာသည်ဖြစ်၍ တောင်ပေါ်ရှိလမ်းများကို ချူဖုန်းထက်ပိုသိသည့် သူမရှိနိုင်ပါ။ ချူဖုန်းသည် စိတ်ထဲရှိမြေပုံပေါ်တွင် ထွက်ပြေးလမ်းကြောင်းကို ဆွဲလိုက်သည်။ ထို့နောက် နွားဝါနှင့်အတူ အိမ်ပြန်ခရီးလမ်းကို ဆက်သွားလေသည်။
အိမ်ပြန်ရာလမ်းတွင် ချူဖုန်းနှင့် နွားဝါတို့ ပထမဆုံးတွေ့ဆုံသည့် နေရာကို ဖြတ်သွားကြသည်။ ဤနေရာသည် ကျွောကျွင်း အလျင်အမြန် အနီသီးကို စားပြီးနောက် ကျောက်တုံး၊ရွှေများကို အရည်ဖျော်နိုင်သည့် မီးအစွမ်း ရလာသောနေရာဖြစ်သည်။
နွားဝါသည် အပင်မှ အရွက်အချို့ သာ ယူနိုင်ခဲ့ပြီး နောက်ဆုံးတွင် အမြစ်သာ ထွက်လာသည်။
“ရှာတွေ့ပြီ”
ချူဖုန်းသည် ထိုနေရာတွင် အမြစ်ရှိသည်ကို ရုတ်တရက်တွေ့လိုက်ရ၍ အလွန်ပျော်ရွှင်အံ့အားသင့်သွားသည်။ အမြစ်တွင်တွယ်ကပ်နေသည့် လက်သည်းခွံအရွယ်ရှိသည့် မြေကြီးအတုံးများကြောင့် အမြစ်သည် အပတ်ပေါင်းများစွာပစ်ထားသော်လည်း မညှိုးနွမ်းသွားချေ။
အခုချိန်ထိ ချူဖုန်းသည် သူစိုက်ထားသော အစေ့များအသက်ရှင်သန်လာရန်အတွက် ထူးခြားသည့်မြေကြီးအမျိုးအစား ၅မျိုးကို စုဆောင်းပြီးပြီဖြစ်သည်။
ချူဖုန်းသည် သူ၏ အသစ်ရရှိထားသော မြေဆီသြဇာကို အစေ့တစ်စေ့စီအပေါ် ဖြူးပြီး ထူးခြားသည့်မြေမှုန်အနည်းငယ်စီဖြင့် ပြန်မြုပ်လိုက်သည်။
အဆုံးတွင် သူ့မှာ မြေမှုန်တုံး၂တုံး ကျန်ရှိသေးသည်၊ သို့သော် အလွန်အကျွံထည့်မိလျှင် အစေ့များသေသွားမည်ကို စိုးရိမ်သည်။ တစ်ခါတစ်လေ လိုအပ်သည်ထက် ပိုလုပ်ခြင်းသည် မလုံလောက်သကဲ့သို့ ဆိုးရွားတတ်သည်။
“စီဝမ်မူနဲ့ နတ်ပြည်၉ထပ်က နတ်သမီး၊ အခုချက်ချင်းအညှောင့်ပေါက်လာတာကို မြင်ချင်လိုက်တာ” ချူဖုန်း တီးတိုးပြောလိုက်သည်။
ချူဖုန်းသည် ကျောက်တုံးသေတ္တာကို လှမ်းယူလိုက်သည်။ ကျန်ရှိသည့် မြေမှုန်တုံး၂တုံးကို သိမ်းထားရန် ကြံရွယ်သည်။
ဤသေတ္တာမှာ ခွန်းလွန်တောင်ခြေရင်းမှ ရရှိထားသည့် သေတ္တာဖြစ်သည်။ အစေ့၃စေ့ကို ထိုနေရာတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
သေတ္တာမှာ ၃လက်မအမြင့်ရှိသည့် စတုရန်းပုံသေတ္တာဖြစ်သည်၊ သို့သော် အထဲကို ဖွင့်ကြည့်လျှင် ပစ္စည်းထည့်ရန် နေရာကျဥ်းသည်။ ကျုံ့တွသည့် အစေ့၃စေ့ထည့်နိုင်ခြင်းသည် သူ၏ အကြီးမားဆုံးသော စွမ်းဆောင်ရည်ဖြစ်သည်၊ သေတ္တာအတွင်းပိုင်းထပ် ထုထည်ပိုကြီးသော မြေမှုန်တုံးများထည့်ရန်မှာ မဖြစ်နိုင်ချေ။
ချူဖုန်းသည် သူ၏ ဓားမြောင်အိုကို ဆွဲထုတ်ပြီး သေတ္တာ၏ အတွင်းသားနံရံကို ပါးရန် ကြံရွယ်သည်၊ ထို့မှသာ သေတ္တာ၏ ပစ္စည်းဝင်ဆံ့မှုကို ချဲ့နိုင်မည်ဖြစ်သည်။ ချူဖုန်းက ဤသေတ္တာကို နောင်သူရှာတွေ့မည့် ထူးခြားမြေမှုန်တုံးများသိမ်းဆည်းရာ နေရာအဖြစ်သုံးလိုသည်။
ထင်ထားသည့်အတိုင်း ဓားမြောင်၏ ဓားသွားသည် ကျောက်တုံးဖြတ်ရာတွင် ရွှံ့ဖြတ်သကဲ့သို့ ဖြတ်လိုက်နိုင်သည်။ သေတ္တာ၏ မလိုအပ်သော ကျောက်နံရံထူကို တစ်စစီတစ်ပိုင်းစီဖြတ်ကာ အမှုန့်များဖြစ်သွားပြီး သေတ္တာ၏အတွင်းပိုင်းကို ကျယ်သွားစေသည်။
ဒုန်း!
ရုတ်တရက် ချူဖုန်းသည် ဓားမြောင်ကို ဒီထက်ပိုမဖြတ်ရန် ခုခံသည့် ပြင်းထန်သည့် အင်အားတစ်ခုကို ခံစားလိုက်ရသည်။ ဓားမြောင်သည် ကျောက်တုံးသေတ္တာ၏ အစွန်းကိုရောက်ပြီး ရုတ်တရက် ဆက်ဖြတ်မရတော့ချေ။
ချူဖုန်းသည် အလွန်ကျယ်သော သတ္တုမြည်သံကြောင့် လန့်သွားသည်။ သူသည် ဓားကို ဆက်လက်ထိုးကြည့်ရင်း ဤဆန်းကြယ်သည့်သေတ္တာကို သေချာလေ့လာသည်။ ဓားမြောင်ထိပ်က လက်ခံရရှိသော ခုခံအားကို ကြည့်ပြီး ဤသေတ္တာ၏ တောင့်တင်းမှုကို ရုတ်တရက် သိရှိသွားသည်။ သူ့ဓားမြောင်တောင်ပင် ဆက်လက်ဖျက်လို့ မရချေ။
ကျောက်မှုန်များကို ခါလိုက်ပြီးနောက် သေတ္တာကို အနီးကပ်ကြည့်လိုက်သည်။ အတွင်းနံရံပေါ်တွင် ထုဆစ်အရာပုံစံများရှိသည်ကို တွေ့လိုက်သည်။ ထို့နောက် မေးခွန်းတစ်ခုထွက်လာသည် : ဒါတွေက လူလုပ်ထားတာလား ဒါမှမဟုတ် သဘာဝအတိုင်းဖြစ်နေတာလား။
ခဏအကြာ ချူဖုန်းသည် ထိုသေတ္တာ၏ သရုပ်မှန်ကို သိသွားသည်။ သူခြစ်ထုတ်လိုက်သည့် ကျောက်တုံးများမှာ အမှန်တကယ်တော့ သေတ္တာပြုလုပ်သူက အပိုထည့်ထားခြင်းဖြစ်သည်။ ဒါကြောင့် သူ လွယ်လွယ်ကူကူဖြင့် ဖယ်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။
နွားဝါသည် အနားကပ်လာသည်။ ကျောက်တုံးသေတ္တာကို ကြည့်ပြီးနောက် မြေကြီးပေါ်ရှိ ကျောက်တုံးအပိုင်းအစများကို စိုက်ကြည့်နေသည်။ နွားပေါက်သည် လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်နေ၍ ချူဖုန်း အံ့သြသွားသည်။
နွားပေါက်သည် ခေါင်းငုတ်ပြီးနောက် ကျောက်တုံးသေတ္တာကို သူ့ခွာများဖြင့် ကိုင်လိုက်ပြီး ဖွဲ့စည်းတည်ဆောက်ပုံကို သေသေချာချာ လေ့လာနေသည်။ ထို့နောက် သူသည် ခြစ်ထုတ်ထားသော ကျောက်အပိုင်းအစများကို ကိုက်လိုက်ပြီး ပါးစပ်ထဲတွင် သေချာအရသာခံကြည့်သည်။
ရုတ်တရက် သူ့မျက်နှာအမူအရာပြောင်းသွားသည်။
နွားပေါက်သည် မြေကြီးပေါ်တွင် စာလုံးအတန်းလိုက် ချရေးပြသည်။
ထိုအချိန်တွင် ချူဖုန်း၏ဖုန်းမြည်လာသည်။ သူကိုင်လိုက်ချက်ချင်း လင်းနွိုင်၏အသံကို ကြားရသည်။ သူမ၏ စကားမှာ ရိုးရှင်းသည် : “မနက်ဖြန် ငါ တိုင်ဟန်တောင်ဆီလာမယ်”
ချူဖုန်းသည် “စုန်းကဝေမကြီ” ဆိုသော အပြောကို အကျင့်ပါ၍ နှုတ်မှထွက်တော့မလို ဖြစ်သွားသည်၊ သို့သော် ကံကောင်းစွာဖြင့် အချိန်မှီ ရပ်တန့်လိုက်နိုင်သည်။ ဒီတစ်ခါ ဖုန်းဆက်သူမှာ ဟိုအမျိုးသမီးမဟုတ်၍ သူအံ့သြသွားသည်။

အပိုင်း – ၃၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset