Chapter – 135
“ဘီးတပ်ကုလားထိုင်ပေါ်ကလူတစ်ယောက်”
“တိတ်တိတ်နေကြ . . .”
မင်းသားဟွာရန်း ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်သည်။
“သူများတွေ ရိပ်မိကုန်မယ် . . .”
မင်းသမီးကြီး၏ မျက်နှာသည် ဖြူရော်ရော် ဖြစ်သွားပြီး ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်လေ၏။ သူမ၏ ပါးပြင်ထက်မှ စီးကျလာသော မျက်ရည်များကိုမူ ထိန်းမထားနိုင်ပါချေ။
မင်းသားဟွာရန်း၏ မျက်နှာအား ငေးကြည့်နေခြင်းဖြစ်ပြီး သူမ၏ မျက်နှာတွင်တော့ စိုးရိမ် ပူပန်မှုများကို အထင်းသား မြင်တွေ့နိုင်ပေသည်။
“အပြာရောင်လေ နိုင်ငံတော်က အင်အားစုတွေလား . . .”
ရဲရှောင် မေးလိုက်သည်။
“ဒါမှမဟုတ် နောက်ထပ် နိုင်ငံ တစ်ခုခုကများ ကူညီထောက်ပံ့ပေးနေတာလား။ ဒါဆိုရင်တောင်မှ ဒီတိုက်ပွဲက ကျုပ်တို့အတွက် သေချာပေါက် နိုင်မဲ့ ပွဲပါ။ အဲဒါကိုများ ခင်ဗျားက ဘာလို့ အသည်းအသန် ဖြစ်နေရတာလဲ။ ရှုံးမယ်လို့ပဲ တွေးနေတာလား . . .”
မင်းသားဟွာရန်း သက်ပြင်းချ၍ –
“ဟုတ်တယ် . . . အဲဒါဆိုရင်တော့ ငါတို့ ကြိမ်းသေ နိုင်မှာပါ . . .”
ထို့နောက် အိမ်တော်ရှိရာဘက်သို့ လျှောက်သွားလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
ရဲရှောင်လည်း မင်းသား၏ နောက်ကျောအား ကြည့်လိုက်ရင်း –
“ဒါဆိုရင် . . . မုန်တိုင်းအိမ်တော်ရဲ့ ပါဝင်ပတ်သက်မှုများ ရှိနေမလား . . .”
မင်းသားဟွာရန်း လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်ပြီး ရဲရှောင်တို့ ရှိရာသို့ ပြန်လည် လျှောက်လှမ်းလာကာ –
“ဒီလိုတွေ ဖြစ်လာရင် မင်းရဲ့ အိမ်တော်က အလုံခြုံဆုံး နေရာတစ်ခု ဖြစ်မှာပဲ။ ငါတို့ရဲ့ နောက်ဆုံး ခိုလှုံရာဆိုလည်း မမှားဘူး။ ရဲနန်ရှန်ရဲ့အားက မင်းကို တစ်ကမ္ဘာလုံးက ဆန့်ကျင်နေရင်တောင်မှ သူက လုံခြုံအောင် ထားနိုင်မှာပဲ . . .”
“ရှောင်ရှောင်က အများကြီး တိုးတက်လာတာကို ငါတွေ့ခဲ့ရတယ်။ အရင်လို လူရှုပ်လူပွေ ကောင်လေးတစ်ယောက် မဟုတ်တော့ဘူး။ အဲဒီအတွက် ငါကျေနပ်တယ်။ အခုကစပြီး ယွဲ့လေးအတွက် မှီခိုစရာ လူတစ်ယောက် ရလာပြီလေ။ စိုးရိမ်နေစရာ နောက်ဆံတင်းနေစရာ မလိုတော့ဘူးပေါ့ . . .”
“အခုက နောက်ကျနေပြီ။ မနက်ဖြန်ဆို ငါတို့ တိုက်ပွဲထွက်တော့မှာ။ ရဲရှောင် . . . မင်းအခု ပြန်သင့်ပြီထင်တယ် . . .”
မင်းသားဟွာရန်းမှ ရဲရှောင်အား ပြန်ခိုင်းလိုက်သည်။
“မုန်တိုင်းအိမ်တော် . . . နောက်ဆုံးတော့ မင်းတို့ကိုငါ ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်ရပြီပေါ့။ မင်းတို့ တိုက်မဲ့ မုန်တိုင်းက ငါ့ကို အလုပ်ဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်ချင်သေးရဲ့ . . .”
ရဲရှောင်လည်း ထွက်မသွားခင်တွင် အတော်ကြာ မတ်တတ် ရပ်နေမိသည်။
ထွက်သွားလိုက်ပြီးနောက် မင်းသားနှင့်တကွ သူ့ဇနီးနှင့် သမီးတို့ ၃ ယောက်သား ဘယ်လို ကျန်ခဲ့သလဲ ဆိုတာကိုတော့ သူမသိတော့ချေ။ တကယ်တမ်းတွင် မင်းသားတို့သည် ရဲရှောင်ထွက်သွားပြီး အတော်ကြာသည်ထိ တိတ်ဆိတ်စွာပင် ထိုင်နေကြခြင်း ဖြစ်၏။
နောက်ဆုံးတွင် မင်းသားမှ လေးနက်သော လေသံဖြင့် –
“အကယ်၍ ငါတိုက်ပွဲမှာ သေသွားခဲ့ရင်တောင်မှ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကလဲ့စားချေဖို့ မစဉ်းစား ကြပါနဲ့ . . .”
. . .
ရဲရှောင် နန်းတော်အတွင်းမှ ထွက်လာခဲ့သည့် အချိန်တွင် သန်းခေါင်ကျော်နေပြီ ဖြစ်သည်။
လမ်းမတစ်ဖက်တစ်ချက်တွင် စစ်သည်ရဲမက်များသည် ကျောက်ရုပ်များအလား မတ်တတ်ရပ်လျက် ရှိနေကြ၏။
သူသည် အတွေ့အကြုံများသည့် ပညာရှင် တစ်ဦး ဖြစ်သည့်တိုင် ယခုကဲ့သို့ စစ်သည်များ ဝိုင်းနေသည့် နေရာတွင် ရှိနေသည့်အတွက် လုံခြုံမှု ရှိသကဲ့သို့ ခံစားနေရ၏။
“မွေးရပ်မြေကအိမ်ပေါ့လေ . . .”
ရဲရှောင် ရေရွတ်လိုက်မိ၏။
သူ့ယခင်ဘဝတွင် မွေးရပ်မြေဆိုသည့် စကားကို တကယ်ပင် နားမလည်ခဲ့ချေ။ သူ့တွင် အိမ်လည်း မရှိခဲ့ပေ။ ထို့အပြင် ချင်းယန် နယ်ပယ် ဆိုသည်မှာလည်း ကျင့်ကြံမှုများဖြင့် ပြည့်နေသည့် နေရာတစ်ခုပင် ဖြစ်လေ၏။ ဂိုဏ်းများ၊ အင်အားစုများ၊ မျိုးနွယ်စုကြီးများသာ ရှိနေပြီး နိုင်ငံဟူ၍ ရှိမနေပေ။ ထို့ကြောင့်ပင် မွေးရပ်မြေဆိုသည့် စကားနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန် သူ့နှလုံးသားထဲ ယခုနေရာသည် သူ့အတွက် အရေးပါသည့် နေရာတစ်ခုအဖြစ် ခံစားလာရသည်။ ထူးဆန်းသော ခံစားမှု တစ်ခုပါပင်။
အိမ်နားသို့ နီးလာချိန်တွင် မြေပြင်နှင့် ဘီးနှင့် ပွတ်တိုက်သံလို အသံတစ်ခုကို သူကြားလိုက်ရ၏။
ရထားလုံးတစ်စီး လာခြင်း ဖြစ်မည်ဟု ထင်မိသော်လည်း ရထားလုံး အသံတော့ မဟုတ်ချေ။
ရဲရှောင်လည်း ဘေးသို့ လျှောက်သွားလိုက်ပြီး မျက်မှောင်ကြုတ်လျက် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်၏။
ထိုအသံသည် ရှင်းလင်း ပြတ်သားလာပြီး တခဏအကြာတွင် ဘီးတပ်ကုလားထိုင် (ဝှီးချဲ) တစ်ခုကို မြင်တွေ့လိုက်ရလေ၏။ အဆိုပါ ဘီးတပ်ကုလားထိုင်အား မိုးပြာရောင် ဝတ်ဆင်ထားသည့် လူနှစ်ဦးမှ တွန်းလာခြင်း ဖြစ်သည်။ ထိုလူများ၏ နောက်တွင်မူ စွဲမက်ဖွယ် ခန္ဓာကိုယ်နှင့် မိန်းကလေး တစ်ဦးလည်း ပါလာလေ၏။ သူမ၏ မျက်နှာကိုမူ အဖြူရောင် ပိုးပုဝါတစ်ထည်ဖြင့် အုပ်ထားလေ၏။
ဘီးတပ်ကုလားထိုင်ပေါ်တွင်မူ ဝတ်ရုံဖြူနှင့် လူတစ်ယောက် ရှိနေလေ၏။
ငယ်ရွယ်သည့် ပုံစံပေါက်နေသည့် ဝတ်ရုံဖြူနှင့် လူတစ်ယောက်ပင် ဖြစ်သည်။
ထိုလူသည် ချောမောခန့်ညားသော ရုပ်ရည်ရှိပြီး မျက်လုံးများသည် ကြယ်ကဲ့သို့ တောက်ပ စူးရှလျက် မျက်ခုံးများမှာမူ ဓားကဲ့သို့ ကော့နေ၏။ အကယ်၍ ထိုလူသာ မတ်တတ်ရပ်နိုင်မည် ဆိုပါက အလွန်ကြည့်ကောင်းပြီး ရုပ်ရည်ရူပကာနှင့် ပြည့်စုံသော လူတစ်ဦး ဖြစ်မည်မှာ အမှန်ပင်။
သို့သော်လည်း သူသည် ယခုအခါ ချို့ယွင်းချက် ရှိနေလေသည်။
အဆိုပါ ဘီးတပ်ကုလားထိုင်သည် ရဲရှောင် ရှိရာသို့ ဦးတည်လာနေ၏။
ရဲရှောင်လည်း ရုတ်တရက် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ ဂုဂျင်လုံ သေသွားပြီး ကတည်းက သူ့အား မော်တယ်ကမ္ဘာတွင် မည်သူမျှ ထိခိုက် နာကျင်အောင် မလုပ်နိုင်လောက်ဟု ရဲရှောင် ယုံကြည်နေမိသည်။
သူ့ကိုယ်သူ ကြောက်နေမိသည့်အတွက် ရယ်မောလိုက်မိပြီး သူလည်း ဦးတည်လျက်ပင် လျှောက်သွားလိုက်သည်။ မျက်နှာချင်းဆိုင် ဖြတ်သွားမိသည့်အခါ ဝတ်ရုံဖြူနှင့်လူသည် သူ့အား ကြည့်နေလေ၏။
သူတို့သည် အပြန်အလှန် ကြည့်မိလိုက်ကြခြင်းပင် ဖြစ်သည်။
ထိုအချိန် ဘီးတပ်ကုလားထိုင်လည်း ရပ်သွား၏။
ထိုလူသည် ကြည့်နေရင်းမှ ရဲရှောင်အား ညင်သာသော လေသံဖြင့် –
“ညနက်နေပြီ ဒီက မိတ်ဆွေက တစ်ယောက်ထဲ လျှောက်သွားနေတာလား။ စိတ်အေးလက်အေး ရှိနေတဲ့ပုံပဲ . . .”
ရဲရှောင်လည်း သူ၏ မျက်လုံးများသည် ကြည်လင်လွန်းသည်ကို ခံစားမိလိုက်သည်။ ကြင်နာတတ်သည့် အရိပ်အယောင်အချို့ကိုလည်း မြင်တွေ့လိုက်ရလေ၏။ ထိုလူသည် သာမန်နှင့် မတူဘဲ ထူးခြားနေသော်လည်း လူသားတစ်ဦးပင်ဖြစ်သည့်အတွက် ရဲရှောင် ကြောက်ရွံ့မိခြင်း မရှိချေ။
ရဲရှောင်လည်း ပြုံးပြလိုက်ရင်း –
“ကျုပ်အိမ်က ဒီနားမှာပဲ။ ဒီလိုပဲ ခဏအပြင်ထွက်လာတာပါဗျာ။ ဒါပေမဲ့ ခင်ဗျားကတော့ ကုလားထိုင်ပေါ်မှာ နေနေရတာဆိုတော့ ပိုဂရုစိုက်သင့်တယ် . . .”
ထိုလူသည် ရဲရှောင်အား ကြည့်လိုက်ရင်း –
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကလည်း ငယ်ငယ်ကတည်းက ဒုက္ခိတ ဖြစ်ခဲ့ရတာလေ။ ပြန်ကောင်းလာနိုင်မဲ့ အနေအထားလည်း မရှိတော့ပါဘူး။ ညတိုင်းလိုလို လမ်းလျှောက်ထွက်ဖြစ်တယ် ဆိုတာကလည်း တခြားလူတွေကို မမြင်ချင်လို့ရော သူတို့ မြင်တာ မခံချင်လို့ရော အဲဒါကြောင့်ပါ . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်သည်။
(ငါဆိုလည်း ရုပ်ရည်သားသားနားနားနဲ့ ဒုက္ခိတ ဖြစ်နေခဲ့ရင် အဲဒီလို လူမြင်ခံချင်မှာ မဟုတ်ဘူး)
“ခင်ဗျားရဲ့ နာမည်လေးများ သိလို့ရမလား . . .”
ဝတ်ရုံဖြူဝတ်လူမှ မေးလိုက်သည်။
“ရဲ ပါ . . .”
ရဲရှောင်လည်း ပြန်ဖြေလိုက်၏။
“တော်တော် တိုက်ဆိုင်တာပဲ . . . ကျုပ်ရဲ့ မျိုးရိုးနာမည်ကလည်း ရဲပဲလေ . . .”
ထိုလူသည် ရဲရှောင်အား ပြုံးရင်း ပြန်ပြောလိုက်သည်။
“ဟင် . . . ရဲဆိုတာ သစ်ရွက်လို့ အဓိပ္ပါယ်ရတဲ့ ရဲ ကို ပြောတာလား . . .”
ရဲရှောင် စိတ်ဝင်တစား မေးလိုက်၏။
သူသည် အစပိုင်းတွင် ချက်ချင်း ထွက်သွားချင်မိသော်လည်း ဝတ်ရုံဖြူနှင့်လူမှ သူ့အား ချက်ချင်း ထွက်ခွာ မသွားအောင် ထူးဆန်းသော ခံစားမှုမျိုးကို ဖြစ်ပေါ်စေနေပါသည်။ ထူးဆန်းသော ခံစားမှု တစ်ခုပါပင်။
ဝတ်ရုံဖြူနှင့် လူသည် အလွန်ယဉ်ကျေး၍ ပြောတတ်ဆိုတတ်၏။ ရဲရှောင်လည်း ထို့ကြောင့်ပင် လေးလေးစားစား ဆက်ဆံနေခြင်း ဖြစ်သည်။
“မဟုတ်ပါဘူး . . . ကျုပ်ပြောတဲ့ ရဲ ဆိုတာက ည လို့ အဓိပ္ပါယ်ရတာကိုပါ။ အသံထွက်ချင်းတော့ တူနေတာပေါ့လေ။ ဟားဟား . . .”
ထိုလူသည် ပြုံးလျက် ပြောလိုက်၏။ ထို့နောက် ဆက်လက်၍ –
“နာမည်နောက်တစ်လုံးလောက်များ ထပ်မေးလို့ရမလား၊ ကျုပ်ထင်သလိုဆို ရှောင် ဆိုတာများ ဖြစ်နေမလားပဲ . . .”
ရဲရှောင်လည်း ထိုလူအား ကြည့်လိုက်ရင်း –
“ဟုတ်တယ် . . . ခင်ဗျားက ကျုပ်ကို သိလို့လား . . .”
ထိုလူသည် သဘောကျ ပျော်ရွှင်သွားဟန်ဖြင့် ရယ်မောလိုက်ရင်း –
“မသိပါဘူး . . . ဒါပေမဲ့ ခင်ဗျား နာမည်ကိုတော့ ခဏခဏ ကြားဖူးပါရဲ့။ ဘာလို့လဲ ဆိုတော့ ကျုပ်နာမည်ကလည်း ခင်ဗျားနာမည်နဲ့ အတူတူပဲဗျ။ ခင်ဗျားနဲ့ လူချင်းတွေ့ရဖို့အတွက် အမြဲစိတ်စောနေခဲ့ မိတာ။ အခု နောက်ဆုံးတော့ ခင်ဗျားနဲ့ တွေ့ခွင့် ရပြီပေါ့။ ဒါပေမဲ့ အခုလို ညနက်သန်းခေါင်မှာ တွေ့ရလိမ့် မယ်လို့တော့ မထင်ခဲ့မိဘူး . . .”
ထို့နောက် ဆက်လက်၍ –
“သခင်လေးရဲ။ ဒီည ဆိုတာက ကျုပ်နာမည်ရဲ့ ညပဲဗျ . . .”
ရဲရှောင် မျက်မှောင်ကြုတ်သွားမိသည်။ ထိုလူသည် သာမန်လူတော့ မဟုတ်တန်ရာဟု သူတွေးလိုက်မိ၏။ ထို့အပြင် ထိုလူ၏ မျက်နှာသွင်ပြင်ကို ကြည့်၍ ခန့်မှန်း၍ မရနိုင်အောင်လည်း ဖြစ်နေသည်။
ထိုလူပြောလိုက်သည့် “ဒီညဆိုတာက ကျုပ်နာမည်ရဲ့ ညပဲဗျ” ဟူသည့် စကားမှာလည်း တစ်ခုခုကို ဆိုလိုလိုက်ပုံပါပင်။
ရဲရှောင်လည်း စဉ်းစားနေရင်း လေသံတီးတိုးဖြင့် –
“ခင်ဗျားည ဟုတ်လား . . .”
“ဟုတ်တာပေါ့ . . .”
ထိုလူသည် အတည်ပြုလိုက်ပြန်ပါသည်။
သူ၏ လက်သည်လည်း သူ့ဒူးခေါင်းအား ကိုင်ထား၏။
“ခင်ဗျားနာမည်ကို သေချာ သိခွင့် ရနိုင်မလား . . .”
ရဲရှောင် မေးလိုက်ပြန်သည်။
“ကျုပ်နာမည်ကလည်း ရဲရှောင်ပါပဲ။ ရှောင်ဆိုတာက တိမ် လို့ အဓိပ္ပါယ် ဖွင့်ရမှာပေါ့ . . .”
ရဲရှောင် စိတ်ထဲ တစ်မျိုး ဖြစ်သွားမိသည်။ ထို့နောက် ပြုံးပြလိုက်ရင်း –
“မိတ်ဆွေမှာက နာမည်ကောင်း တစ်ခု ရှိနေတာပဲ . . .”
“ဒီက မိတ်ဆွေရဲ့ နာမည်က ပိုကောင်းပါတယ်ဗျာ . . .”
ထိုလူသည် ထူးဆန်းသော အမူအယာမျိုးဖြင့် ပြောလိုက်၏။
“မိတ်ဆွေနာမည်က ရှောင် ဆိုတာက ကမ္ဘာပေါ်မှာ အကောင်းဆုံး စာလုံး တစ်ခုပဲ . . .”
ရဲရှောင်မှ –
“ဟင် ဟုတ်လား . . . ဘာကြောင့်လဲ . . .”
ထိုလူသည် နူးညံ့သော လေသံဖြင့် –
“မိုးကောင်းကင် တစ်ခုလုံးကို ရယ်မောခြင်း၊ သိုင်းလောကကြီး တစ်ခုလုံးကို ရယ်မောခြင်း ပဲပေါ့။ အသက်ရှင်ဖို့အတွက် ရယ်မောခြင်းကို လိုအပ်တယ်။ သူရဲကောင်းမှန် မျက်ရည်မရှိရဘူးပဲ မဟုတ်လား”
ထို့နောက် ရဲရှောင်အား စူးစိုက်ကြည့်လိုက်ရင်း ဆက်လက်၍ –
“တောင်တွေ ပင်လယ်တွေပေါ်က ရယ်မောခြင်း၊ ကမ္ဘာကြီးပေါ်က ရယ်မောခြင်း၊ ကမ္ဘာပေါ်က သူရဲကောင်းတွေ အားလုံးကို ရယ်မောခြင်းပဲပေါ့ . . .”
ကမ္ဘာပေါ်က သူရဲကောင်းတွေ အားလုံးကို ရယ်မောခြင်း . . .
နောက်ဆုံး စကားစုသည် ရဲရှောင်အား ရင်ခုန်သွားစေသည်။ သူလည်း ရယ်မောလိုက်ရင်းဖြင့် –
“အခုတော့ ကျုပ်နာမည်ကလည်း တော်တော် ကောင်းတယ် ဆိုတာကို ခံစားမိလိုက်ပြီ။ ခင်ဗျားက အခုလို ညဖက်ကြီး ထွက်လာတာ ဆိုတော့ အရေးကြီး ကိစ္စတွေဘာတွေ မရှိဘူး မှတ်တယ်။ ခင်ဗျားနဲ့ကျုပ် လေပြည်ညှင်းအိမ်တော်မှာ နည်းနည်းလောက် သောက်ကြရင် မကောင်းဘူးလား။ ကျုပ်ရှင်းပါ့မယ် . . .”
ထိုလူသည် ခေါင်းကို ခါယမ်းလိုက်ရင်း စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် –
“ကျုပ်ခြေထောက်တွေက သောက်တာနဲ့ မတည့်ဘူးလေ။ ခင်ဗျားရဲ့ ကြင်နာမှုကို ငြင်းပယ်မိတာ စိတ်မဆိုးပါနဲ့။ အခုက နောက်လည်း နောက်ကျနေပါပြီ။ နောက်တစ်ရက်ကျမှ တွေ့ကြတာပေါ့ . . .”
ရဲရှောင်မှ –
“ဘာလို့ နောက်တစ်ရက် လုပ်နေမလဲ . . . အခုညပဲ ကျုပ်အိမ်တော်ကို လိုက်ခဲ့ပြီး တစ်ညလုံး စကားပြောလို့ ရတာပဲဟာ . . .”
ထိုလူသည် နာနာကျင်ကျင် ဟန်ပန်ဖြင့် ခေါင်းခါယမ်းလိုက်ပြန်ရင်း –
“ကျုပ်တကယ်တော့ လိုက်ချင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို စောင့်ကြည့်နေတဲ့လူ ရှိတယ်လေ . . .”
သူလည်း နောက်ဖက်တွင် ရှိနေသည့် မိန်းကလေးအား ညွှန်ပြလိုက်၏။ ထို့နောက် –
“ကျုပ်မိန်းမက ညဘက် ကျုပ်တစ်ခုခု အမှားအယွင်း ဖြစ်မှာကို စိုးရိမ်နေတယ်။ အဲဒါကြောင့်ပဲ ကျုပ်နဲ့ အတင်းအကြပ် လိုက်လာခဲ့တာပေါ့။ သူရှိနေမှတော့ ကျုပ်သွားချင်တဲ့ နေရာကို မသွားနိုင်တော့ပါဘူးဗျာ . . .”
ရဲရှောင်လည်း ဇွဲမလျော့သေးဟန်ဖြင့် –
“ကိစ္စမရှိပါဘူးဗျာ . . . ခင်ဗျားမိန်းမကိုပါ ခေါ်ခဲ့ပေါ့။ ကျုပ်အိမ်တော်က အရမ်းကြီး မကြီးပေမဲ့ ဧည့်သည်တွေအတွက်တော့ အခန်းပိုတွေ ရှိပါသေးတယ် . . .”
သူသည် ထိုကဲ့သို့ ပြောနေရင်းဖြင့် မိန်းကလေးအား လှမ်းကြည့်လိုက်သည်။ သူသည် ထိုကဲ့သို့ ကြည့်လိုက်သော အချိန်တွင် တမင်တကာပင် ရမ္မက်ထန်သော မျက်လုံးမျိုးဖြင့် ကြည့်လိုက်ခြင်း ဖြစ်ပေသည်။
ထိုအကြည့်တွင် ဆန္ဒစိတ်ရိုင်းများ အပြည့်ပါဝင်နေပြီး ပြောင်ပြောင်တင်းတင်း ကြည့်လိုက်ခြင်း ဖြစ်သည့်တိုင် ထိုကဲ့သို့ ကြည့်မိခြင်းအား ဖုံးကွယ်နေဟန်မျိုး ထပ်၍ ဟန်ဆောင်နေပါသေးသည်။
ထိုကဲ့သို့ ကြည့်လိုက်ခြင်းမှာ ရဲရှောင်မှ သူတို့အား အိမ်တော်သို့ ခေါ်ဆောင်ကာ ယုတ်မာသည့် အစီအစဉ်တစ်ခု လုပ်မည့် သဘောမျိုး ပြလိုက်ခြင်းပင် ဖြစ်သည်။ အဓိကအားဖြင့် မိန်းမဖြစ်သူအား ခေါ်ချင်နေသည့်ပုံမျိုး သရုပ်ဆောင်နေခြင်းပင်။
ထိုမိန်းကလေးလည်း အံတစ်ချက်ကြိတ်လိုက်ရင်း –
“အခုက နောက်ကျနေပြီ။ အိမ်ပြန်သင့်နေပြီလေ . . . ဒီလိုမှ မဟုတ်ရင် ရှင့်အမေ ထပ်ပြီး စိတ်ဆိုးနေဦးမယ် . . .”
ဝတ်ရုံဖြူဝတ်လူလည်း ပြုံးလိုက်ရင်း –
“တွေ့လား . . . သူက ကျုပ်တို့ကို တားနေပြီလေ။ သခင်လေးရဲ နောက်များမှ ထပ်တွေ့ကြတာ ပေါ့ဗျာ . . .”
“ကောင်းပါပြီဗျာ . . . နောက်မှပေါ့ . . .”
ရဲရှောင်လည်း စိတ်ပျက်သွားသလို လုပ်လိုက်၏။ မိန်းကလေး၏ မျက်နှာအား တစ်ချက် ကြည့်လိုက်ပြန်ရင်း လိုက်ခဲ့စေချင်သည့် အမူအယာမျိုး သရုပ်ဆောင်လိုက်ပြန်သည်။
“မိတ်ဆွေရဲ . . . ခင်ဗျား တစ်ရက်တော့ ကျုပ်ဆီလာရမယ်နော်။ ခင်ဗျားရဲ့ မိန်းမကိုလည်း သေချာပေါက် ခေါ်ခဲ့ရမယ်။ သူမပါလာရင်တော့ ကျုပ်တကယ် စိတ်ပျက်မိမှာဗျ။ ခင်ဗျားတို့ကို အမြဲတမ်း ကြိုဆိုပါတယ်ဗျာ ဟားဟားဟား . . .”
ရဲရှောင် နှုတ်ဆက်စကား ဆိုလိုက်ပါတော့သည် . . .။