Switch Mode

Chapter – 134

မကောင်းသောနိမိတ်

Chapter – 134
“မကောင်းသောနိမိတ်”

“ဘာမှ မဖြစ်ပါဘူး။ အဆင်ပြေမှာပါ . . .”
ရဲရှောင်လည်း နှစ်သိမ့်လိုက်၏။ သို့သော် သူ့စိတ်ထဲတွင်လည်း လေးလေးပင်ပင် ဖြစ်နေသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ရယ် မသိသော်လည်း ထိုကဲ့သို့ ခံစားနေသည်ကတော့ အသေအချာပင် ဖြစ်၏။
ရဲရှောင် တခဏမျှ စဉ်းစားဟန် ပြုလိုက်ရင်း –
“မင်းသားရဲ့ ကိုယ်ရံတော်က ဘယ်သူလဲ . . .”
“ကျားသစ်ပါ . . .”
စုယဲ့ယွဲ့ ပြောလိုက်သည်။
ကျားသစ်ဆိုသည်မှာ အဆိုပါ ကိုယ်ရံတော်၏ လျို့ဝှက်နာမည်တစ်ခုပင် ဖြစ်သည်။
“သူက စိတ်ချရရဲ့လား . . .”
ရဲရှောင် ထပ်မေးလိုက်၏။
“ဒါပေါ့ . . . ဦးလေးကျားသစ်က ငါ့အဖေရ့ဘေးနားမှာ တစ်သက်လုံး နေလာခဲ့ပြီး တိုက်ပွဲတွေ အတူတူ တိုက်ခဲ့ကြတာလေ။ အမြဲတမ်း သစ္စာရှိ လူယုံတော် တစ်ယောက်ပဲ။ ငါ့အဖေ အတွက်ဆို သူ့အသက်ကိုတောင် ပေးဝံ့တဲ့လူ။ ငါတို့ မျိုးနွယ်မှာ အယုံကြည်ရဆုံး လူတစ်ယောက်ဆိုလည်း မမှားဘူး။ ငါတို့အားလုံးကတော့ သူ့ကို သူစိမ်းတစ်ယောက်လိုတောင် မဆက်ဆံတော့ပါဘူး . . . ဒါနဲ့ နင်က ဘာလို့ မေးတာလဲ . . .”
စုယဲ့ယွဲ့ ပြန်မေးလိုက်၏။
“ငါနည်းနည်းတော့ စိတ်ပျက်မိသွားတာ အမှန်ပဲ။ ငါလိုချင်တာက မင်းအဖေအတွက် သေပေမဲ့ လူတစ်ယောက်ကို မဟုတ်ဘူး။ မင်းအဖေအတွက် အသက်ရှင်ပေးမဲ့ လူတစ်ယောက်ကိုပဲ လိုချင်တာ . . .”
ရဲရှောင်သည် ပုလင်းလေး ၂ လုံးအား ထုတ်လိုက်ရင်း စုယဲ့ယွဲ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် –
“မင်းအဖေအတွက် ငါဆေးလုံး လုပ်လာတယ်။ အဲဒီဆေးလုံးက အသက်တစ်သက်ကိုပဲ ကယ်တင်နိုင်လိမ့်မယ်။ သေရာကနေတောင် ပြန်ရှင်လာနိုင်မဲ့ ဆေးမျိုးပဲ။ ဒါပေမဲ့ သူက ဒီဆေးကို သူ့အတွက်သူ သုံးမှာ မဟုတ်ဘူး။ အဲဒီတော့ မင်းလုပ်ရမှာက ဒီဆေးလုံး ၂ လုံးကို ဦးလေးကျားသစ်ဆီ ယူသွားလိုက်။ ဘယ်သူမှ မသိစေနဲ့နော်။ နောက်ပြီး ဒီဆေးက အသက်ကယ်ဆေး ဖြစ်တယ် ဆိုတာကို ပြောပြလိုက်။ ဒီကိစ္စကို လျို့ဝှက်ထားပေးဖို့ပါ မှာထား။ တစ်ခုခု အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ရင် ဒီဆေးလုံး ၂ လုံးလုံးကို မင်းသားပါးစပ်ထဲ ထည့်ခိုင်းလိုက်။ ၂ လုံးပဲ ရှိတဲ့အတွက် မင်းသားကိုပဲ သုံးခိုင်းမှ ဖြစ်မယ်။ မင်းနားလည်တယ် မဟုတ်လား . . .”
စုယဲ့ယွဲ့ ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်ဝင်းလတ်သွား၏။ ယခုအခါမှသာ မျက်နှာရွှင်ပြပြ ပြန်ဖြစ်လာပါသည်။
ယခင်အခေါက်တုန်းက သူမတို့ရှိရာသို့ လာလည်စဉ် သူမအဖေ မင်းသားဟွာရန်းအား ရဲရှောင် ထုတ်ပြခဲ့သည့် ထူးခြား အစွမ်းထက်သော ဆေးလုံး မည်မျှအထိ အံ့သြဖွယ် ကောင်းသည်ကို သူမ သိနေပါသည်။ ယခုအခေါက်တွင် ၂ လုံးတောင် ထုတ်ပေးခြင်း ဖြစ်ပြီး ယခုဆေးလုံးများ မည်မျှအထိ အရေးကြီးသလဲ ဆိုတာကိုလည်း သူမ ရိပ်စားမိလိုက်လေ၏။
“အာ . . . ကျေးဇူးတင်ပါတယ်ဟာ။ ရှောင်ရှောင် နင်က တကယ်ကောင်းတဲ့ လူပဲ . . .”
သူမသည် ရဲရှောင်အား ချက်ချင်းပင် လှမ်းဖက်လိုက်၏။ ထို့နောက် ရဲရှောင်၏ ပါးအား အနမ်းပေးလိုက်ရင်း ရှက်ရွံ့သည့် မျက်နှာထားလေးဖြင့် ပြန်လည် နောက်ဆုတ်သွားခဲ့သည်။
ရဲရှောင် အနမ်းခံလိုက်ရချေပြီ။ အလွန်ထူးခြားသော ခံစားမှု တစ်မျိုးပင် ဖြစ်ပြီး သူ၏ ရင်ထဲ ရင်ခုန်သံများ အလွန်မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ ယခုခံစားလိုက်ရသည့် အနမ်းတစ်ပွင့်သည် သူလွန်ခဲ့သော ရက်အနည်းငယ်က သောက်ခဲ့သည့် လိင်စိတ်ကြွဆေး အရည်များကဲ့သို့ပင် ခံစားသွားရ စေလေ၏။ သူ၏ ဖုံးကွယ်ထားသော နေရာတစ်ခုသည် မာကြောလာသလို ခံစားလိုက်ရသည်။
“ငါ့အဖေ အောင်မြင်ပြီး ပြန်ရောက်လာရင် ငါ့အမေကတဆင့် ငါ့အဖေကို ပြောခိုင်းလိုက်မယ် . . .”
စုယဲ့ယွဲ့၏ မျက်နှာလေးသည် ရှက်ရွံ့မှုကြောင့် ရဲနေပြီး သူမ၏ လက်များမှာမူ သူမ အင်္ကျီစ အနားကို ကိုင်ထားလေ၏။ သူမ၏ အသံသည်လည်း တိုးညှင်းလှသဖြင့် ပုရွက်ဆိတ်တစ်ကောင်၏ အသံမျိုးပင် ပေါက်နေကာ ကောင်းစွာ မကြားရချေ။
“ငါတို့ရဲ့ မင်္ဂလာပွဲကို စီစဉ်ခိုင်းရမယ်လေ။ ရှောင်ရှောင် . . . နင်ငါ့ကို မစရဘူးနော် ကတိပေးရ မယ် . . .”
“မင်္ဂလာပွဲ ဟုတ်လား . . .”
ရဲရှောင် တုန်လှုပ်သွားသည်။
ရုတ်တရက် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ လေ၏။
ရဲရှောင်သည် သူ့နှလုံးသားမှ ဖြစ်ပေါ်သွားသည့် ခံစားမှုကို သိလိုက်ရသဖြင့် အနည်းငယ် ဝမ်းနည်းမိသွားသည်။ စိတ်ထဲလည်း မသိုးမသန့် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။
သူ့ခေါင်းထဲတွင် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အဝတ်အစားများအား ဝတ်ဆင်ထားသော စွဲမက်ဖွယ် ပုံရိပ်တစ်ခု ပေါ်လာလေသည်။
သနားစဖွယ်ကောင်းသော မျက်ဝန်းအစုံဖြင့် ရဲရှောင်အား အခိုးအငွေ့များကြားမှ ကြည့်ရှုနေသည့် ပုံစံပင် ဖြစ်သည်။
ထို့နောက် ရဲရှောင်အား မေးမြန်းလိုက်လေသည်။
“ရဲရှောင် . . . မင်းငါ့ကို ဘာကြောင့် လက်မထပ်နိုင်ရတာလဲ . . .”
လွန်ခဲ့သော နှစ်များစွာက ထိုစကားလုံးများသည် ရဲရှောင်၏ နှလုံးသားအား မိုးကြိုးများ ပစ်ချလိုက် သကဲ့သို့ ခံစားစေခဲ့ရ၏။
“မင်းငါ့ကို ချစ်နေတယ် ဆိုတာလည်း အသိသာကြီးပဲဟာ ဘာလို့များ လက်မထပ်နိုင်ရတာလဲ”
နှလုံးသားထဲတွင် စွဲမက်သွားစေနိုင်သည့် ကောင်းကင်ထက်ရှိ လမင်းကြီးပမာ မိန်းကလေးအား မည်သူမျှ ငြင်းပယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ရဲရှောင်သည် သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှု အပေါ်ကိုလည်း လေးစားနေမိလေ၏။
ထိုအချိန်တွင် သူမသည် သူမ၏ ဂုဏ်သိက္ခာနှင့် မာနတို့အား ရိုက်ချိုးထားခြင်း ဖြစ်ပေသည်။
သို့သော်လည်း ရဲရှောင်အနေဖြင့် ကျင့်ကြံထားသည့် ကျင့်စဉ်အရ မည်သို့ လက်ထပ်နိုင် ပါမည်နည်း . . .။
ထိုမိန်းကလေးအား ကျောခိုင်းခဲ့စဉ်တုန်းက ရဲရှောင်သည် ကြမ်းပြင်ထက်သို့ မျက်ရည် ၂ စက် ပြုတ်ကျသည့် အသံအား ကြားခဲ့ရ၏။
“တောက် တောက် . . .”
ထို့နောက် ညှို့ယူဖမ်းစားဖွယ် လေသံမျိုးဖြင့် စကားလုံး ၆ လုံးအား ပြောလိုက်သည်ကို ကြားလိုက်ရလေ၏။
“ရဲရှောင် . . . မင်းကိုမုန်းတယ် . . .”
ထိုနေ့ ထိုအချိန်မှစ၍ ထိုမိန်းကလေး ပြောခဲ့သည့် စကားလုံး ၆ လုံးသည် ရဲရှောင်၏ အိပ်မက်ထဲတိုင် ယခုထိ ကြားယောင်နေမိဆဲပင် ဖြစ်ပေသည်။
. . .
ရဲရှောင်သည် အတွေးနယ်ချဲ့နေမိသဖြင့် စုယဲ့ယွဲ့၏ အမေးကို ပြန်မဖြေမိချေ။
“ငါက စုယဲ့ယွဲ့ကို လက်ထပ်ချင်တာလား . . .”
ရဲရှောင် သူ့စိတ်ကိုသူ ပြန်မေးနေမိသည်။
သူမသည် လှပ၍ ချစ်စရာကောင်းသည့် အပြင် ခန္ဓာကိုယ်နှင့် ရုပ်ရည်တို့မှာလည်း ချင်းယန်နယ်ပယ်၏ ထိပ်တန်းအဆင့်ကို မီပါသည်။
သို့သော်လည်း ရဲရှောင်အဖို့ သိပ်ပြီး အဓိပ္ပါယ်မရှိသလို ခံစားနေရလေ၏။
တကယ်တမ်းတွင် သူသည် စုယဲ့ယွဲ့အား နှစ်သက်သဘောကျမိ၏။ သို့သော်လည်း သမီးရည်းစား လင်မယားကဲ့သို့ ၁၅၀၀ အချစ်နှင့် မဟုတ်ဘဲ ညီမလေးတစ်ဦးအား ချစ်ခင်သလို ၅၂၈ မေတ္တာမျိုးဖြင့်သာ ဖြစ်ပေသည်။
စုယဲ့ယွဲ့အား ညီမလေးအရင်း တစ်ယောက်ကဲ့သို့ ချစ်နေမိခြင်း ဖြစ်သည်။
သို့သော် အကယ်၍ သူ့နှလုံးသားထဲတွင်သာ တခြားမိန်းကလေး တစ်ဦးမျှ မရှိဘူး ဆိုပါက စုယဲ့ယွဲ့ကို လက်ထပ်ရန် သဘောတူမိမည် ဖြစ်သည်။ အနည်းဆုံးတော့ ငြင်းမိမည် မဟုတ်ပေ။
သူသည် လူပျိုစစ်စစ် တစ်ဦးပင် ဖြစ်သည်။ ချစ်သူရည်းစားများကြား ပြုလုပ်ဆောင်ရွက်ဖွယ် ကိစ္စတို့ကို လုံးဝမသိရှိချေ။ အိပ်နေရင်း လမ်းထလျှောက်သကဲ့သုိ့ အယောင်ယောင် အမှားမှားပင် ဖြစ်ပေလိမ့်မည်။
“အိမ်ထောင်ပြုခြင်း”၊ “မင်္ဂလာဆောင်”နှင့် “ဇနီးမယား” ဟူသည့် စကားလုံးများကို စဉ်းစားလိုက် မိသောအခါ စုယဲ့ယွဲ့ကို မျက်လုံးထဲ မမြင်မိပေ။
နှင်းကဲ့သို့ ဖြူဖွေးသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးသာ စိတ်ထဲ ပေါ်လာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နာကျင်ဝမ်းနည်းမှုကိုပါ ခံစားလိုက်ရလေ၏။
ထိုအချိန် စုယဲ့ယွဲ့ ပြောလိုက်သည့် စကားကို ကြားလိုက်ရသောအခါ သူ့စိတ်ထဲတွင် ပျော်ရွှင်မှုကို မခံစားရသည့်အပြင် ဒုက္ခရောက်သလိုပင် ခံစားမိလိုက်၏။
ခံစားချက်များ အသက်မဲ့သွားသလို ခံစားလိုက်ရပြီး ယခုအချိန် သူအသေအချာ သိလိုက်ရသည့် အဖြေတစ်ခုမှာ စုယဲ့ယွဲ့အား သူတကယ် မချစ်ဘူး ဆိုတာကိုပါပင်။
အနည်းဆုံးတော့ ယခုအချိန် လုံးဝ ချစ်မနေချေ။
“နင်ဘာလို့ ဘာမှ ပြန်မပြောတာလဲ . . .”
စုယဲ့ယွဲ့ ခေါင်းငုံ့ထားရင်းဖြင့် ရဲရှောင်အား မျက်စောင်းထိုးကြည့်ကာ မေးလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် အချစ်ရည်များ ရွှန်းလဲ့လျက် ရှိနေလေသည်။ ထို့နောက် သူမမှ ဆက်လက်၍ –
“ငါ့ကို အရူးတစ်ယောက်လို ဆွံ့အသွားတဲ့ထိအောင် ကြိုက်နေတာလား . . .”
ရဲရှောင် ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်ရင်း နှာခေါင်းကို ပွတ်လိုက်လေ၏။ တကယ်တမ်းတွင် ဘာပြောရမှန်းကို မသိတော့ခြင်း ဖြစ်၏။
သူ့အနေဖြင့် ဘာမှလည်း ပြောနိုင်မည် မဟုတ်ချေ။ ကောင်မလေးအား မချစ်ဘူးဟုလည်း မပြောနိုင်ဘဲ ချစ်သည်ဟုဆိုလျှင်လည်း လိမ်ပြောရာ ရောက်မည် မဟုတ်ပါလား။ ထိုကဲ့သို့လည်း မလုပ်ချင်ပါချေ။ မချစ်ဘူးဟုသာ ပြောလိုက်မည် ဆိုပါက သူမအဖို့ အလွန်နာနာကျင်ကျင် ခံစားသွားရ ပေလိမ့်မည်။ သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ရင်း မည်သို့မျှ ပြောမထွက်နိုင်ချေ။ ထို့ကြောင့် ပြောစရာ စကားလုံးဟူ၍ ရှာမတွေ့တော့ခြင်း ဖြစ်၏။
သူထိုကဲ့သို့ ရှက်နေသည့် အချိန်မှာတင် ဘုရင်နှင့် မင်းသားဟွာရန်းတို့ ထွက်လာကြလေ၏။ သူတို့သည် တစ်ခုခု ပြောခဲ့ဆိုခဲ့ကြသည့် ပုံစံပင် ရှိကြပြီး ထို့နောက်တွင် ဝမ်ကုန်းကုန်းနှင့်အတူ ထွက်ခွာ သွားလေ၏။
ရဲရှောင်အား လိုက်၍ မကြည့်ကြည့်အောင် စိတ်ဆွလိုက်သလိုပါပင်။
“ဟင် . . . ဘုရင်က တိတ်တဆိတ်နွဲ့က်လာတာပဲ . . .”
ထိုအချိန် ရဲရှောင်လည်း အကြပ်ရိုက်နေတုန်း အခွင့်အရေး ရသွားပြီ ဖြစ်သည့်အတွက် အကြောင်းနောက်တစ်ခုအား ပြောင်းပြောလိုက်သည်။ စုယဲ့ယွဲ့မှာလည်း သူမအဖေ ထွက်လာသည်ကို မြင်လိုက်သည့်အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားမိ၏။ သူမလက်ထဲရှိ ပုလင်း ၂ လုံးအား အိတ်ထဲသို့ အမြန်ထည့်လိုက်လေသည်။ အကယ်၍ အဆိုပါ ပုလင်းများကိုသာ မင်းသားဟွာရန်း ရသွားမည် ဆိုပါက သူ့ကိုယ်သူ ဘယ်တော့မှ အသုံးပြုမည် မဟုတ်ချေ။
“မင်းတို့ ၂ ယောက် ဒီမှာ စောင့်နေဦး။ ရဲရှောင် သောက်ပြီးရင် မပြန်နဲ့ . . .”
မင်းသားဟွာရန်းလည်း ရဲရှောင်အား လေသံတီးတိုးဖြင့် ပြောလိုက်၏။ ထို့နောက် ခန်းမအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပါတော့သည်။
ခန်းမအတွင်းတွင် မင်းသားဟွာရန်း ပြန်ရောက်လာသည့် ပို၍ပင် ဆူညံသွားကြပါတော့သည်။
“ငါ့အဖေက ရုတ်တရက်ကြီး ဘာလို့ မပျော်တော့တဲ့ပုံစံ ပေါက်သွားရတာလဲ . . .”
စုယဲ့ယွဲ့ စိုးရိမ်ဟန်ဖြင့် မေးလိုက်၏။
သူမအဖေအကြောင်း သူမအသိဆုံးပင်။
ရဲရှောင်လည်း မထူးခြားသည့် ပုံစံမျိုးဖြင့် –
“ခုနက သူတို့ ဘာပြောကြလဲမှ မသိတာ။ နှစ်ကိုယ်ကြား ပြောကြတာပဲ . . .”
“နှစ်ကိုယ်ကြား ပြောတယ် ဟုတ်လား . . . ဘာအကြောင်းလဲ မသိဘူး။ တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားနေပြီလား . . .”
စုယဲ့ယွဲ့မှ တုန်လှုပ်ဟန်ဖြင့် မေးလိုက်သည်။
“အာ . . . ငါက ဘယ်လို သိမှာလဲ။ ဆိုးရွားတဲ့ကိစ္စ မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့ . . .”
ရဲရှောင် ပြန်ဖြေလိုက်သည်။
တခဏအကြာတွင် လူများ ပြန်ကုန်ကြပြီ ဖြစ်၏။
အရာရှိများအားလုံးလည်း ပြန်သွားကြချေပြီ။
စစ်သူကြီးများအားလုံး မူးနေကြပြီဖြစ်သဖြင့် နောက်ဆုံးမှသာ ပြန်နိုင်ကြလေသည်။
လန်လန့်လန့်နှင့် ဇုဝူကျီတို့သည်လည်း သူတို့၏ အိမ်တော်များသို့ ပြန်သွားကြပြီ ဖြစ်သည်။ အဆိုပါ လူရှုပ်လူပွေ သခင်လေး ၂ ယောက်သည် ကျားအုပ်အတွင်း ရောက်လာသည့် သိုးငယ်လေးများကဲ့သို့ ခဏလေးအတွင်း မှောက်သွားခဲ့ကြခြင်း ဖြစ်၏။ အစားပင် မစားနိုင်ကြတော့ချေ။
အိမ်ရှေ့မင်းသားသည် မထွက်ခွာခင်တွင် ဟိုဟိုဒီဒီ ကြည့်နေလေ၏။
တကယ်တမ်းတွင် သူသည် ရဲရှောင်အား ရှာနေခြင်း ဖြစ်ပြီး ယနေ့ညတွင် ရဲရှောင်အား သူမြင်တွေ့ခဲ့ရ၍ ဖြစ်ပေသည်။ ရဲရှောင်သည် မြောက်ပိုင်းတပ်သားများ၏ အမြင်တွင် သခင်လေးအဖြစ် အရေးပါသော လူတစ်ဦး ဖြစ်နေသည်ကိုလည်း တွေ့ခဲ့ရ၏။ ကွမ်ဇန်ဝမ် ပြောပုံအရ ရဲရှောင်သည် ရက်အနည်းငယ်အတွင်း သေရတော့မည် ဖြစ်ပေသည်။ အကယ်၍ ရဲရှောင်သာ သေဆုံးခဲ့မည် ဆိုပါက အိမ်ရှေ့မင်းသားအဖို့ အနည်းငယ် သံသယအဝင်ခံရနိုင်ပေမည်။
ထို့ကြောင့် အိမ်ရှေ့မင်းသားသည် ထိုအကြောင်းကို စဉ်းစားမိသောအခါ စိတ်ထဲ စိုးရိမ်မိလာ၏။
ရဲရှောင်အား မတွေ့တော့သည့် အဆုံးမှသာ ထွက်သွားလေတော့သည်။
တကယ်တမ်းတွင် ရဲရှောင်အား တွေ့မည် ဆိုပါက ရဲရှောင်ထံသွား၍ စကားစမြည်ပြောကာ ရင်းနှီးဟန်ပြု၍ ရဲရှောင်သေသည့်အခါ သူနှင့် လုံးဝမဆိုင်ကြောင်း အလီဘိုင် ပြချင်၍သာ ဖြစ်ပေသည်။
“ရဲရှောင် . . . ဒီကို လာခဲ့ . . .”
မင်းသားဟွာရန်းမှ ခေါ်လိုက်သည်။
သူသည် လုံးဝ မူးနေသည့် ဟန်မျိုးလည်း မရှိချေ။
ရဲရှောင်လည်း စုယဲ့ယွဲ့နှင့်အတူ သွားလိုက်၏။
မင်းသားဟွာရန်းမှ တစ်ခုခု ပြောချင်နေပုံရသည့်တိုင် သူတို့ ၂ ယောက်အား အချိန်အနည်းငယ် ကြာသည်အထိ မည်သည့်စကား တစ်လုံးမျှ မပြောဘဲ တွေတွေကြီး ကြည့်နေလေ၏။
မင်းသမီးကြီး ရောက်လာသည့် အခါမှသာ မင်းသားဟွာရန်းလည်း –
“မင်းတို့ ၂ ယောက် တစ်ခုမှတ်ထားရမဲ့ အရာ ရှိတယ်။ မင်းရောပဲ မိန်းမ . . .”
သုံးယောက်သား ခေါင်းညိတ်ပြလိုက်ကြသည်။
“ဒီတစ်ခေါက် ငါစစ်ပွဲမှာ နိုင်ခဲ့ရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ တစ်ခုခုများ ဖြစ်ခဲ့ရင်တော့ . . .”
မင်းသားဟွာရန်းသည် သူ့မိန်းမအား အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ရင်း –
“ငါ့ဈာပနဆိုတာ ရှိမှာ မဟုတ်ဘူး။ ယွဲ့လေး မင်း ဝမ်းနည်းမနေပါနဲ့။ ရိုးရာဓလေ့တွေ ဘာတွေလည်း လုပ်မနေနဲ့။ ယွဲ့လေးနဲ့ ရှောင်ရှောင်နဲ့လည်း တတ်နိုင်သမျှ မြန်မြန် ယူလိုက်ကြ။ ပြီးရင် ဒီအိမ်တော်ကြီးကို ရောင်းပြီးတော့ မင်းတို့အားလုံး ရဲအိမ်တော်ဆီ ပြောင်းနေကြပေါ့ . . .”
မင်းသမီးကြီးသည် တုန်လှုပ်သွားသည်။ ခေါင်းမော့ကာဖြင့် မင်းသားဟွာရန်းအား နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။
မင်းသမီးကြီးသည် သာမန်မိန်းမတစ်ယောက် မဟုတ်ချေ။ ယောကျာ်းဖြစ်သူ မင်းသားဟွာရန်း၏ မျက်နှာအရိပ်အကဲကို မြင်သည်နှင့် တစ်ခုခု ဖြစ်နေပြီ ဆိုတာကို သူမ သတိပြုမိခဲ့၏။ သတင်းဆိုးအတွက် ပြင်ဆင်ထားခဲ့သော်လည်း မင်းသားကိုယ်တိုင် ပြောလာသည့်အခါ အံ့သြတုန်လှုပ် ဝမ်းနည်းနေမိ၏။ အခြေအနေသည် ထိုမျှထိပင် ဆိုးရွားနေပေပြီလော . . .။
မင်းသားဟွာရန်း၏ စကားများသည် စစ်မထွက်ခင် ပုံမှန်အတိုင်း မှာစရာရှိသည်များ မှာကြား နေသည်နှင့် မတူဘဲ နောက်ဆုံးစကားများကို ပြောနေသလိုပါပင်။
စုယဲ့ယွဲ့ ပါးစပ်အား လက်ဖြင့် ပိတ်လိုက်ရင်း အသံထွက်သွားမိသည်။
သူမ၏ သွယ်လျသည့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေပြီး မျက်လုံးများတွင်လည်း မယုံကြည်နိုင် သော အကြည့်မျိုးဖြင့် အဖေဖြစ်သူအား ကြည့်နေလေ၏။ နွေခေါင်ခေါင် သူမ၏ ခေါင်းအား မိုးကြိုး ပစ်ချလိုက်သလို ခံစားလိုက်ရခြင်းပင် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset