Switch Mode

Chapter – 133

ထိပ်တန်းပညာရှင်ကုန်းကုန်းကြီး

Chapter – 133
“ထိပ်တန်းပညာရှင်ကုန်းကုန်းကြီး”

လူတိုင်း၏ စိတ်ထဲ ပေါ့ပါးစွာ ရှိနေကြသည်။
သို့သော်လည်း ဘုရင်မှ ယခုကဲ့သို့ မလုပ်သည့်တိုင်အောင် သူတို့သည် နိုင်ငံတော်အား အသက်ပေး၍ ကာကွယ်ပေးကြမည် ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်ပါစေ ယခုကဲ့သို့ ဘုရင်၏ နှစ်သိမ့်ပေးမှု ကြောင့် အားတက်ကြရသည်မှာတော့ အမှန်ပင်။
ယခုည လွန်မြောက်သည်နှင့် ယခုရှိနေကြသည့် စစ်သည်တော်များသည် သံမဏိစစ်သည်တော် များ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
အားလုံးသော စစ်သည်ရဲမက်များသည် မင်းသားဟွာရန်း၏ အုပ်ချုပ်မှု အောက်တွင် ရှိနေကြသည့် သစ္စာရှိ ရဲမက်များ ဖြစ်သည်သာမက ဘုရင့်နိုင်ငံတော်အတွက် သစ္စာခံထားကြသည့် စစ်သည်တော်များ လည်း ဖြစ်ပေသည်။ ဘုရင်နှင့် မင်းသားဟွာရန်းတို့သည် အတူတူပင် တည့်တည့်ရှုရှု ဖြစ်ကြသဖြင့် သူတို့အတွက် အခက်တွေ့စရာလည်း မလိုပါချေ။
ထိုအချက်သည် အလွန်အရေးကြီး လှလေ၏။
ညအချိန် ကုန်လုနီးနီးတွင် မင်းသားဟွာရန်း၏ မိသားစုဝင်များ ထွက်လာကြ၏။ စစ်သည်များအတွက် လာရောက်ဆုတောင်းပေးခြင်း ဖြစ်ပြီး သူတို့ ရောက်ရှိလာမှုသည် ညကို ပို၍ ပြီးပြည့်စုံ သွားစေလေသည်။
ထိုအချိန်မှာပင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
ဘုရင်သည် ထွက်လာသည့် စုယဲ့ယွဲ့အား ကြည့်ရင်း –
“ဒီကောင်မလေးက ယဲ့ယွဲ့ မဟုတ်လား . . . ကြည့်ပါဦး ဘယ်လောက်တောင် အရွယ်ရောက်ပြီး လှလာလိုက်သလဲ။ ဒင်ဂူ . . . သူဘယ်သူနဲ့မှ မစေ့စပ်ရ သေးဘူးမလား . . .”
မင်းသား ဟွာရန်းလည်း ပြုံးလိုက်ပြီး –
“မင်းကြီး ဘယ်လိုလုပ် မေ့နေရတာလဲ။ ကျုပ်သမီးနဲ့ ရဲနန်ရှန်သားကို ဟိုးကတည်းက စေ့စပ် ထားခဲ့ပြီးသားလေ . . .”
ဘုရင်သည်လည်း “အင်း” ဟုသာ ဖြေလိုက်ပြီး စစ်သူကြီးများဘက်သို့ ပြန်လှည့်ကာ သောက်စား ပြန်ပါသည်။
တကယ်တမ်းတွင် ရဲရှောင်သည် တစ်ခုခု မှားနေသလို ခံစားလိုက်ရ၏။ မင်းသား၏ အဖြေသည် ဘုရင်ပြောချင်သည့် စကားအား ပိတ်လိုက်သလိုပင် ဖြစ်လေသည်။
စစ်နတ်ဘုရားသည် မူးနေသည်ဟု ထင်ရသည့်တိုင် တကယ်တမ်းတွင်မူ အလွန်သတိရှိလှလေ၏။
တခဏအကြာတွင် ဘုရင်နှင့် မင်းသားဟွာရန်းတို့သည် စာဖတ်ခန်းအတွင်း ဝင်သွားကြပြီး နှစ်ကိုယ်ကြား ပြောဆိုရန် အတွက်ပင် ဖြစ်ဟန်ရှိ၏။
ရဲရှောင်လည်း ကုန်းကုန်းအိုကြီး ခန်းမအတွင်း ထွက်သွားသည်အား သတိပြုမိလိုက်၏။ ကုန်းကုန်း ကြီးသည် မည်သည့် စစ်သူကြီးနှင့်မျှ အရောတဝင် မလုပ်ဘဲ ထောင့်ကျကျ တစ်နေရာတွင် ထိုင်ကာ တစ်ကိုယ်တည်း သောက်နေလေ၏။ အရက်ကြိုက်သည့် ပုံစံပါပင်။
လူအုပ်ကြီးသည် ဆူညံစွာဖြင့် ရှိနေကြပြီး ထိုကဲ့သို့ အသံပေါင်းစုံကြောင့်ပင် အားလုံးသည် သွေးဆူ သလို ဖြစ်နေကြလေသည်။ သို့သော်လည်း ကုန်းကုန်းကြီးမှာမူ မထူးခြားသလို ဟန်ပန်မျိုးဖြင့်သာ အေးအေးဆေးဆေး ရှိနေလေ၏။
ထိုကဲ့သို့ တည်ငြိမ်သည့် လူတစ်ဦး အနေဖြင့် “ကျုပ်ဖြင့် ပန်းတောင် သေတော့မယ်” ဟု ပြောဆိုလိုက်ခြင်းသည် တကယ်ပင် အံ့သြစရာ ကောင်းလှ၏။
ကျိုးကြောင်း စီလျော်မှု မရှိသည့် ကိစ္စတစ်ခုပါပင်။
သို့သော်လည်း အမှန်တကယ်ပင် ပြောဆိုခဲ့ပြီး ထိုကဲ့သို့ ပြောဆိုလိုက်ရခြင်းတွင် အကြောင်းပြချက် တစ်ခု ရှိနေပေလိမ့်မည်။
ရဲရှောင်လည်း စုယဲ့ယွဲ့အား နှုတ်ဆက်ပြီးနောက် ကုန်းကုန်းကြီး ရှိရာသို့ တိတ်တဆိတ်ပင် လျှောက်လာလိုက်၏။
“ခင်ဗျားက တစ်ယောက်တည်း သောက်နေတယ်။ အထီးကျန်ပြီး ဝမ်းနည်းစရာ ကောင်းလိုက်တာ။ ကျုပ်လည်း ခင်ဗျားနဲ့ အတူတူ သောက်ပါရစေ . . .”
ရဲရှောင် လက်ထဲရှိ ပုလင်းအား မြောက်ပြရင်း ပြောလိုက်သည်။
ကုန်းကုန်းကြီးသည် ရဲရှောင်၏ မျက်နှာအား ဖြည်းညင်းစွာ ခေါင်းစောင်းလိုက်၍ ရီဝေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ထို့နောက် လျို့ဝှက်သော အပြုံးမျိုးဖြင့် ပြုံးလိုက်ရင်း –
“စစ်သူကြီးရဲရဲ့ သားပါလား။ မြို့ထဲက လူရှုပ်လူပွေ သခင်လေး သုံးယောက်ထဲက တစ်ယောက် အပါအဝင်ပေါ့။ ကောင်းတယ် . . . လူတွေ တွေ့ဆုံရတာဟာ ရေစက်ပါလို့ပဲ။ မင်းနဲ့ငါ အတူတူ သောက်ကြ တာပေါ့ . . .”
သူ၏ အသံသည် အခြားသော ကုန်းကုန်းများတွင် ရှိတတ်သည့် မိန်းမလို ပျော့ညံ့သည့် အသံမျိုး မပေါက်ချေ။ ညင်သာ၍ အေးစက်သော လေသံဟု ဆိုရပေမည်။ “ယောကျာ်း” ဟူသည့် မာန်တစ်ခု ရှိနေသေးသည်ဟု ဆိုနိုင်ပါတော့သည်။
ရဲရှောင်လည်း ကုန်းကုန်းကြီးအား ကြည့်လိုက်ရင်း အရက်ကို မော့ချလိုက်သည်။
ကုန်းကုန်းကြီး၏ သွင်ပြင်ကို ဖော်ပြရလျှင် အပြင်ပိုင်းအရ ကြည့်မည် ဆိုပါက အဖိုးကြီးတစ်ဦးပင် ဖြစ်၏။ အနည်းငယ် ခါးကုန်းနေပြီး ဆံပင်များသည်လည်း ဖြူဖွေးနေလျက် အသက်ကြီးသည့် ပုံစံပါပင်။
ရဲရှောင် အနီးကပ် ကြည့်မိသည့် အခါတွင်မူ ထိုအဖိုးကြီးသည် တကယ်အသက်သိပ်မကြီးသေးမှန်း သိလိုက်ရသည်။
သူ၏ မျက်နှာပေါ်မှ အသားအရည်မှာ ချောမွေ့လျက်ပင် ရှိနေသေး၏။ မျက်လုံးများမှာမူ ရီဝေသည့် ပုံစံမျိုး ရှိနေသော်လည်း တကယ်တမ်းတွင် စူးရှသည့် အကြည့်များကို တစ်ခါတရံတွင် တွေ့ရတတ်သည်။
ရဲရှောင်လည်း ကုန်းကုန်းကြီး၏ ကျင့်ကြံမှု အဆင့်အား သူ၏ ဝိညာဉ်တော်စွမ်းအားများဖြင့် ဆင်ခြင် ကြည့်သော်လည်း မမြင်တွေ့ရချေ။
သူ၏ ဝိညာဉ်တော် စွမ်းအားများသည် လူသေတစ်ယောက်အား ကြည့်လိုက်ရသည့်အလား မည်သည့် ထူးခြားမှုမျှ မပြပါချေ။
အတော်ကြီးကို ထူးဆန်းလှပေ၏။ ရဲရှောင်၏ အရှေ့ရှိ ကုန်းကုန်းကြီးသည် ထီးထီးကြီး ရှိနေသည့် တိုင် အာရုံမခံနိုင် ဖြစ်နေခြင်းပင် ဖြစ်၏။
ဖြစ်နိုင်ချေ အရှိဆုံးမှာ ကုန်းကုန်းကြီး၏ ကျင့်ကြံမှု အဆင့်သည် အလွန်အဆင့်မြင့် လွန်းလှသဖြင့် ရဲရှောင်၏ အစွမ်းလောက်နှင့် မကြည့်နိုင်ခြင်းပင် ဖြစ်ပေသည်။
အဓိက အချက်မှာ ယခုမှ ပေါ်လာပေမည်။
ကုန်းကုန်းကြီးသည် ဘုရင့်အပါးတော်မြဲတွင် အချိန်တိုင်း နေနေရသည့် လူတစ်ဦး ဖြစ်သည်။ အစွမ်းထက်သည့် ပုံစံ မဟုတ်သည့်တိုင် သူ၏ စွမ်းအင်များအား ဖုံးကွယ်ထားသော ထိပ်တန်းအဆင့် ပညာရှင်ကြီး တစ်ဦးပင် ဖြစ်နေပါမည်လော . . .။
“ခင်ဗျားနာမည်ကို သိလို့ရမလား . . .”
ရဲရှောင်လည်း သောက်ရင်း မေးလိုက်သည်။
“ဒါပေါ့ . . . ငါကလည်း ပြောချင်နေတာပါ။ ငါ့မျိုးရိုးနာမည်က ဝမ်ပါ . . .”
ကုန်းကုန်းဝမ်သည် ပြုံးလျက် ပြောလိုက်၏။ သူသည် သူ့ကိုယ်သူ နှိမ့်ချလျက် ရှိနေတုန်းပင်။
“ဝမ်ကုန်းကုန်း . . . သောက်ပါဦးဗျာ . . .”
ရဲရှောင်လည်း အရက်တစ်ပုလင်း ပေးလိုက်လေ၏။
“သခင်လေးရဲကတော့ လုပ်ပြီ . . . ငါထပ်ပြီး မသောက်နိုင်တော့ဘူး။ အရက်သောက်တဲ့ နေရာမှာ ငါက ဆရာမကျဘူးလေ . . .”
ဝမ်ကုန်းကုန်းသည် လက်များခါယမ်းရင်း ပြောလိုက်သည်။
ရဲရှောင်လည်း ကုန်းကုန်းကြီး၏ လက်အား ဆုပ်ကိုင်လိုက်ရင်း –
“လာစမ်းပါဗျာ။ နောက်တစ်ခွက် လောက်ပါပဲ . . .”
ဝမ်ကုန်းကုန်းသည် စဉ်းစားနေဟန်ဖြင့် ငြင်းပယ်နေခြင်း ဖြစ်သည်။
ရဲရှောင်လည်း အတင်းကြီးတော့ တွန်းအား မပေးဘဲ လက်ကို လွှတ်လိုက်ရင်း ရယ်လျက် –
“ဒီနေ့ အတူတူ သောက်ရတာ အခွင့်အရေးပါပဲဗျ။ ခင်ဗျားကလည်း အတင်းငြင်းနေ တော့တာပဲ။ ကောင်းပါပြီ။ ကျုပ်လည်း တူတူသောက်မဲ့ နောက်တစ်ယောက် ရှာရတာပေါ့ . . .”
ထို့နောက် သူလည်း ထွက်ခွာလာခဲ့လေ၏။
ဝမ်ကုန်းကုန်းသည် ရဲရှောင်၏ နောက်ကျောအား စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။ သူ့စိတ်ထဲတွင်မူ –
(ရှားပါးပြီး ပျောက်ကွယ်တော့မဲ့ ကျင့်စဉ်ပါလား။ ငါ အမြဲတမ်း လူတိုင်းနဲ့ နေရာတိုင်းမှာ ထိတွေ့ ဆက်ဆံခဲ့ဖူးပေမဲ့ ဘယ်သူမှ ငါ့ကို သတိမပြုမိကြသလို စိတ်တောင် မဝင်စားကြဘူး။ ဒီသခင်လေးရဲက ဘယ်လိုဖြစ်ပြီး ငါ့ကို လူအုပ်ထဲကနေ ထူးထူးခြားခြား သတိပြုမိ သွားတာပါလိမ့်။ နောက်ပြီး ငါနဲ့ အတူတူ သောက်ဖို့တောင် လာပြောလိုက်သေးတယ်။ သူက ဒီလောက်ထိတောင် အမြင်စူးရှတာလား . . .)
လှည့်ထွက်သွားသည့် ရဲရှောင်၏ မျက်လုံးများသည်လည်း အရောင်ဝင်းလတ်လျက် ရှိနေသည်။
သူသည် ယခုအခါ တစ်ခုခုကို နားလည်သွားပါချေပြီ။
ကုန်းကုန်းကြီး၏ လက်ကို ကိုင်လိုက်စဉ်တွင် တခဏမျှသာ ဆိုသော်လည်း လက်အတွင်းရှိ ပြင်းထန်လှသော စွမ်းအင်များကို ခံစားသိရှိလိုက်ရသည်။ လက်မှာ ပျော့တွဲနေသော်လည်း အတွင်းရှိ စွမ်းအင်များသည် အလွန်ကို သိပ်သည်းလှ၏။ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သလိုပါပင်။
အသားအရေသည်လည်း တင်းတင်းရင်းရင်းပင် ရှိနေသေး၏။
ရဲရှောင်သည် ကုန်းကုန်းကြီး၏ စွမ်းအား အစစ်အမှန်ကို အနည်းငယ် တီးခေါက်မိလိုက်ပြီး ဖြစ်လေ၏။
ယခုကုန်းကုန်းကြီးသည် အိမ်ရှေ့မင်းသား၏ နန်းတော်တွင် ကြုံတွေ့ခဲ့ရသည့် အဖိုးကြီး ကွမ်ဇန်ဝမ်ထက် အများကြီး အစွမ်းထက်လှ၏။ အတော်ကြီးကို ကွာခြားလှပေသည်။
အိမ်တော်ထိန်းကြီးမှာ ဘုရင်ကြီး၏ အသက်အာမခံ ဟုပင် ဆိုရမည် ဖြစ်၏။ ဘုရင်၏ စိတ်ချ အယုံကြည်ရဆုံး သက်တော်စောင့် တစ်ဦးပင် ဖြစ်မည်ဖြစ်ပြီး အနည်းဆုံး ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့်တော့ ရှိမှာ သေချာသလောက်ပင်။
ထိုကဲ့သို့ အနည်းဆုံး အဆင့် ဖြစ်လျှင်တောင်မှ ထိုကုန်းကုန်းသည် အဆိုပါ ဆရာသခင် အဆင့်များ ထဲတွင် အစွမ်းထက်ဆုံးပင် ဖြစ်ပေလိမ့်မည်။
ယခုကမ္ဘာ၏ သတ်မှတ်ချက်များကို ချိုးဖောက်နိုင်လုနီးပါး လူတစ်ယောက်ဆိုလည်း မမှားချေ။
အထက်နယ်ပယ်မှလာသည့် ဂုဂျင်လုံမှလွဲ၍ ယခုမော်တယ်ကမ္ဘာတွင် ရဲရှောင် တွေ့ခဲ့ရသည့် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်သည့် ကွမ်ဇန်ဝမ်နှင့် နင်ဘီလျူတို့သည်ပင်လျှင် ကုန်းကုန်းကြီးအောက် တွင်သာ ရှိပေလိမ့်မည်။ လျို့ဝှက်ဆန်းကြယ်လှသည့် ညာလက်ရုံး ချူးအာသည်လည်း ကုန်းကုန်းကြီးလောက် အစွမ်းထက်မည် မဟုတ်ပေ။
လူများသည် ရယ်မော သောက်စား ပျော်ပါးလျက် ရှိနေကြတုန်းပင်။ ကုန်းကုန်းကြီးသည် ပတ်ဝန်းကျင်အား အေးစက်သော မျက်ဝန်းအစုံဖြင့် တည်ငြိမ်စွာ ကြည့်ရှုနေ၏။ ဘုရင်နှင့် မင်းသားဟွာရန်း တို့မှာမူ စာဖတ်ခန်းထဲ ထွက်မလာကြသေးချေ။ ထိုအချိန်တွင် စုယဲ့ယွဲ့မှ ရဲရှောင်အား ခန်းမအတွင်းမှ ဆွဲခေါ်သွားသည်။
သူတို့သည် အနောက်ဘက်ရှိ ဥယျာဉ်ထဲသို့ ရောက်လာကြလေ၏။
“ငါသိချင်တာက . . . နင် မူးတော့ မမူးသေးဘူး မဟုတ်လား . . .”
သူမသည် ရဲရှောင်အား တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
“ဒါပေါ့ မမူးပါဘူး . . .”
ရဲရှောင်လည်း လက်များကို ဝေ့ယမ်းပြလိုက်ရင်း ပြောလိုက်၏။ ဆက်လက်၍ –
“ငါသောက်ထားတဲ့ ပုံစံက ကြည့်ကောင်းတယ် မဟုတ်လား . . .”
“မဟုတ်ပါဘူး။ ငါ့အမေ ပြောတာတော့ ၉၀ ရာခိုင်နှုန်းသော ယောကျာ်းတွေကတဲ့ သူတို့ကိုယ် သူတို့ မမူးသေးပါဘူး။ သူတို့ အရက်သောက်ရင် ကြည့်ကောင်းလား ဆိုပြီး ပြောတတ်ကြတယ်တဲ့။ တကယ်တော့ မူးနေပါပြီတဲ့ . . .”
စုယဲ့ယွဲ့ နှုတ်ခမ်းကို မဲ့ရင်း ပြောလိုက်သည်။
“ဟဲဟဲ . . . သူပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ပြောရရင် ဒါက ယေဘူယျ သဘောပါ။ မင်းပြောတဲ့ အထဲမှာ ကျန်တဲ့ ၁၀ ရာခိုင်းနှုန်းကို မမေ့နဲ့ဦးလေ။ ငါလည်း ၁၀ ရာခိုင်နှုန်းထဲက တစ်ယောက် မဖြစ်နိုင်ဘူးလား . . .”
ရဲရှောင် ရှင်းပြလိုက်၏။
“ဒါက အဆိုးဆုံးပဲ။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဆိုတာက မှောက်နေပြီ ဖြစ်တဲ့ လူတွေလေ . . .”
သူမ ပြောလိုက်ပြန်သည်။
ရဲရှောင်လည်း ရှက်အမ်းအမ်း အမူအယာဖြင့် –
“အဲဒါတော့ မဟုတ်သေးဘူး။ ငါက မမူးသေးပါဘူးဆိုမှပဲ။ ငါနည်းနည်းလေးပဲ သောက်ရသေးတယ် မင်းက ငါ့ကို ဆွဲခေါ်လာတာလေ။ ဘယ်လိုလုပ်ပြီး မူးနေရမှာလဲ။ ငါ့ရဲ့ သောက်နိုင်တဲ့ အစွမ်းကိုများ အထင်သေးလို့ . . .”
“ဟုတ်ပါပြီ။ ထားလိုက်ပါတော့။ ငါနင်မမူးသေးဘူးလို့ပဲ ယုံလိုက်ပါ့မယ်။ အပိုတွေ ပြောမနေနဲ့ တော့ . . .”
စုယဲ့ယွဲ့သည် မကျေမနပ်ဖြင့် ပြောလိုက်၏။ သူတို့သည် ပန်းများကြားထဲမှ လျှောက်လာကြရင်း တခဏမျှ ကြာသောအခါ စုယဲ့ယွဲ့မှ –
“ဘာလို့လဲတော့ မသိဘူး။ ငါ့အဖေ သွားမှာကို ငါ့စိတ်ထဲ သိပ်ပြီးတော့ မကောင်းသလိုပဲ။ အရင်က လည်း သူက တိုက်ပွဲတွေ အများကြီး သွားနေကြပါ။ ဒါပေမဲ့ အခုလိုမျိုး တစ်ခါမှ ငါမခံစားခဲ့ရဖူးဘူး . . .”
ရဲရှောင်လည်း နှစ်သိမ့်ပေးသည့် ဟန်ဖြင့် –
“စိတ်မပူပါနဲ့ . . . သူအဆင်ပြေသွားမှာပါ . . .”
စုယဲ့ယွဲ့ မျက်မှောင်ကြုတ်လိုက်ရင်း –
“ငါအတည်ပြောနေတာ . . . အရင် ငါ့အဖေ သွားတုန်းက အိမ်ကနေ ခဏထွက်သွားတာ ပြန်လာမယ် ဆိုတဲ့ ခံစားချက်မျိုး ရှိတယ်။ ဒါပေမဲ့ အခုကျတော့ လုံးဝကို မတူဘူး ဖြစ်နေတာ . . .”
သူမသည် တခဏမျှ နားလိုက်ရင်း ဆက်လက်၍ –
“နောက်ပြီး ငါ့အမေ . . . အရင်ညက သူအိပ်မက်ဆိုး တစ်ခုမက်ပြီး လန့်နိုးလာခဲ့တယ်။ အခု သူလည်း စိတ်ထဲ မကောင်းဘူးထင်တယ် . . .”
ရဲရှောင်သည် ထိုကဲ့သို့ ကြားလိုက်ရသောအခါ စိတ်ထဲ မကောင်း ဖြစ်သွားမိ၏။
(အိပ်မက်ကတော့ ဒီလိုပါပဲ . . . ဒီတစ်ခါမှ စစ်ထွက်ရမှာနဲ့ တိုက်ဆိုင်သွားတဲ့ သဘောပဲ မဟုတ်လား။ မင်းသားဟွာရန်းရဲ့ မိသားစုမှာက မိန်းမသားတွေချည်း ကျန်ခဲ့မှာ။ သူကလည်း ဘဝတစ်လျှောက်လုံး တိုက်ပွဲတွေ အများကြီး တိုက်ခိုက်နိုင်ခဲ့တဲ့ လူတစ်ယောက်၊ အရင်အခေါက်တွေက သူတို့တွေ အခုလို မခံစားရဘဲ ဘာလို့ ဒီတစ်ခေါက်မှ ခံစားနေရတာလဲ . . . ဘယ်လိုများ ဖြစ်နိုင်သလဲ၊ ဘာနိမိတ်များပါလိမ့် . . .
တမင်စိတ်ကို ရှုပ်ထွေးအောင် လုပ်နေကြတာပဲ မဟုတ်လား။ ဒီတစ်ကြိမ်မှာ ပိုပြီး အစိုးရိမ် လွန်နေလို့များလား . . .)
ရဲရှောင် တစ်စုံတစ်ခုကိုတော့ ယုံကြည်နေမိသည်။ လူတစ်ယောက်သည် ၎င်း၏ အနီးကပ်ဆုံး ဆွေမျိုးသားချင်း တစ်ဦးဦးအတွက် ထူးဆန်းသော နိမိတ်ပြမှုများကို ကြုံရတတ်သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းသည် ရှင်းပြရ ခက်သော်လည်း အမှန်တကယ်ပင် ဖြစ်၏။
အရေးကြီးဆုံးမှာ အဆိုပါ နိမိတ်များသည်လည်း မှန်နေသည်ချည်းသာ များ၏။
ယခုအခါ စုယဲ့ယွဲ့မှ သူမ၏ အဖြစ်ကို ပြောပြသဖြင့် ရဲရှောင် စိတ်ဓာတ်ကျသွားမိသည်။
“ငါဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဘူး။ ငါ့အမေကိုတောင် မပြောဘူး . . .”
“ရှောင်ရှောင် . . . နင်ရော ဘယ်လိုထင်လဲ။ ဆိုးရွားတဲ့ အရာတွေများ ဖြစ်လာမှာလား . . .”
စုယဲ့ယွဲ့ ရဲရှောင်အား ကြည့်ရင်း မေးလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset