အခန်း (၆၅၁) နတ်ဘီလူးလောင်းလျာများ ရွေးချယ်ခြင်း
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ် မြင်ကွင်းထဲမှာ စာတစ်ကြောင်း ပေါ်လာပါတယ်။
[မူလလောကဦးနှင့် ကောင်းကင်တာအိုသည် အချင်းချင်း ငြင်းဆန်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။ ထို့ကြောင့် မူလလောကဦးသည် ကောင်းကင်တာအိုထဲသို့ ဝင်မလာနိုင်ပါ။ မူလလောကဦးသည် ကောင်းကင်တာအို အပေါ်၌ မကောင်းသော ရည်ရွယ်ချက် မရှိပါ။]
‘မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးလား… အဲဒါဆို ဘာဖြစ်လို့ ဒီကို ရောက်လာရတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်နဲ့ ဆက်တွက်တဲ့အခါ သက်တမ်း ၂၀၀ ဘီလီယံ ထပ်ကုန်သွားပါတယ်။
[မူလလောကဦးသည် စွမ်းအားကြီး တည်ရှိမှုတစ်ခုအား တိမ်းရှောင်နေခြင်းတည်း။ ထိုစွမ်းအားကြီး တည်ရှိမှုကိုမူ စနစ်မှ မတွက်ချက်နိုင်ပါ။]
‘ဪ… ဒီကောင်က ဒီကို ပုန်းဖို့ ရောက်လာတာပဲ’
ဟန်ကျွယ်ဟာ မူလလောကဦးနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ချီတုံချတုံ ဖြစ်သွားပါတယ်။ မူလလောကဦးသာ အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့မယ်ဆိုရင် သူနဲ့ အတူတူ ဖြစ်လာမှာပါ။
‘မဟုတ်သေးဘူး… ငါ သူ့ကို ဆက်သွယ်လိုက်ရင် ငါက လောကဦး နတ်ဘီလူးဆိုတာ ပေါ်သွားမှာပေါ့… ဘာပဲဖြစ်ဖြစ် ဒီကောင်က ကောင်းကင်တာအိုကိုမှ ဒုက္ခမပေးချင်တာ၊ ဘာပြဿနာမှ မရှိနိုင်ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ အဝေးကို ကြည့်လိုက်ပါတယ်။ မူလလောကဦး ပေါ်လာတာက ဟန်ကျွယ်ကို အန္တရာယ် အငွေ့အသက် ရစေပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေ ပျိုးထောင်တာကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး တစုန်ကောင်းကင်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။
တစုန်ကောင်းကင်ရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒါကြောင့် သူ့ကို တစ်ခါတည်း ပဋိပက္ခ နတ်ဘီလူး အသွင်ပြောင်းလဲဖို့ သင့်တော်ပါတယ်။ ဟန်ကျွယ်ကိုယ်နှိုက်ကလည်း တစုန်ကောင်းကင်ကို မဟာတာအို ခရမ်းရောင်ချီ မပေးချင်ပါဘူး။
တစုန်ကောင်းကင်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ဟန်ကျွယ်ကို အရိုအသေပေးလိုက်ပါတယ်။ တစုန်ကောင်းကင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်နေတာ အချိန်တစ်ခုအထိ ရှိခဲ့ပါပြီ။ နောက်ဆုံးတော့ ဟန်ကျွယ်က သူ့ကို ခေါ်ခဲ့ပါပြီ။
‘ငါ့ကို တာအိုရယူခိုင်းတော့မှာလား’
လောကဓံရဲ့ အထုအထောင်းကို ခံခဲ့ရတဲ့ တစုန်ကောင်းကင်ရဲ့ နှလုံးသားဟာ စပြီးတော့ တုန်ယင်လာပါတယ်။
“တစုန်ကောင်းကင်… မင်းရဲ့ ရည်ရွယ်ချက်က တာအိုပညာရှိ ဖြစ်ဖို့လား၊ ဒါမှမဟုတ် ဒီထက်မြင့်မားတဲ့ အဆင့်ကို တက်လှမ်းဖို့လား…” ဟန်ကျွယ်က အရင်ဆုံး မေးလိုက်ပါတယ်။
တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကြက်သေသေသွားပါတယ်။ တစုန်ကောင်းကင်ဟာ အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဆိုပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံ အကြောင်းကို မသိသလို ပဋိပက္ခနက်ထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီး တည်ရှိမှုတွေ အကြောင်းကိုလည်း မသိပါဘူး။
တစုန်ကောင်းကင်က အဆုံးသတ် အပျက်အစီး နတ်ဘုံကို ရောက်သွားရင်တောင် ဒီလိုမျိုး တည်ရှိမှုတွေနဲ့ တွေ့နိုင်မှာ မဟုတ်ပါဘူး။ တစုန်ကောင်းကင်ဟာ ဂရုတစိုက် ပြန်မေးလိုက်ပါတယ် “ဂိုဏ်းချုပ်က ဘာကိုဆိုလိုတာလဲ”
“ငါ အခု မင်းကို ရွေးချယ်မှုနှစ်ခု ပေးမယ်၊ ပထမတစ်ခုက တာအိုကိုရယူပြီး ကောင်းကင်တာအိုပညာရှိ ဖြစ်လာဖို့ပဲ၊ ဒီရွေးချယ်မှုက ဒီမှာတင် လမ်းဆုံးလိမ့်မယ်၊ ဒုတိယ တစ်ခုက ငါ မင်းကို စွမ်းအားကြီးသွေးစည်းတစ်ခု ပေးသနားပြီး တာအိုပညာရှိတွေထက် ကျော်လွန်တဲ့ အရည်အချင်း ရရှိအောင် ကူညီပေးမယ်၊ ကောင်းကင်တာအို အပြင်ဘက်မှာ ဒီထက်ကျယ်တဲ့ လောကကြီး ရှိနေတယ်”
“ငါ့ရဲ့အဆင့်အတန်းကို ငါ ဘယ်လိုရခဲ့တယ်လို့ မင်းထင်လဲ၊ ငါသာ သာမန် တာအိုပညာရှိဆိုရင် တခြားတာအိုပညာရှိတွေက ဘယ်လိုလုပ်ပြီး တိတ်ဆိတ်ဂိုဏ်းကို အင်အားကြီးမားလာခွင့် ပေးမှာလဲ၊ ငါက ကောင်းကင်တာအို ပညာရှိတွေထက် ကျော်လွန်လို့ တခြားတာအိုပညာရှိတွေက ငါ့ကို မျက်နှာသာပေးကြတာ၊ အခု လက်ရှိ ရှိနေတဲ့ ကောင်းကင်တာအို ပညာရှိတွေ ပေါင်းတိုက်ရင်တောင် ငါ့ကို မယှဉ်နိုင်ဘူး” ဟန်ကျွယ်ရဲ့ လေသံဟာ တည်ကြည်ပြတ်သားပြီး ယုံကြည်မှုအပြည့် ရှိနေပါတယ်။
တစုန်ကောင်းကင်ဟာ ဟန်ကျွယ်စကားနောက်ကို လုံးဝ ပါသွားပါတယ် “ဒုတိယတစ်ခုကို ရွေးရင် ဘာပေးဆပ်ရမလဲ”
“နာကျင်မှု… သွေးစည်း အစားထိုးတဲ့ ဖြစ်စဉ်က အရမ်းနာကျင်လိမ့်မယ်၊ နောက်ပြီး ကျင့်ကြံမှုကိုပဲ အာရုံစိုက်နိုင်အောင် ငါ မင်းကို တခြားနေရာတစ်ခုဆီ ရွှေ့ပြောင်းရလိမ့်မယ်၊ မင်းရဲ့ လွတ်လပ်မှုကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပဲ၊ မဟာတာအို ကပ်ဘေးပြီးဆုံးမှပဲ မင်းကို အပြင်ထွက်ခွင့် ပြုမယ်”
‘မဟာတာအို အနန္တကပ်ဘေး…’
တစုန်ကောင်းကင်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ တစုန်ကောင်းကင်ဟာ မဟာတာအို အနန္တကပ်ဘေးက ဘာလဲမသိပေမဲ့ ကောင်းကင်မိစ္ဆာ ကပ်ဘေးနဲ့ မီးလျှံမျိုးနွယ်စု ကပ်ဘေးတွေကို ပြန်တွေးမိလိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုက အရင်လို မလုံခြုံတော့ဘူးဆိုတာ သိသာလှပါတယ်။ တစုန်ကောင်းကင်ဟာ ဘယ်ဟာ ရွေးချယ်ရမှန်း မသိတဲ့ ဘေးကျပ်နံကျပ် အခြေအနေကို ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ တစုန်ကောင်းကင်က မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ဟန်ကျွယ်က ယုံကြည်ထားပါတယ်။
ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးက ရဖို့ ခက်ခဲလွန်းလို့သာ ဟန်ကျွယ်ဟာ နတ်ဘီလူးလောင်းလျာတွေကို ရှာဖွေတာပါ။ မဟုတ်ရင် ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ကို ရွေးချယ်မှာ မဟုတ်ပါဘူး။ ဒါက ပဋိပက္ခနတ်ဘီလူး အသွင် ပြောင်းလဲနိုင်ဖို့ဆိုတာ ဧရာမ အခွင့်အရေးကြီးပါ။
အတန်ကြာတဲ့အခါမှာတော့…
တစုန်ကောင်းကင်ဟာ ဟန်ကျွယ်ကို မော့ကြည့်လိုက်ပါတယ် “ကျွန်တော် ဒုတိယလမ်းကို ရွေးချယ်တယ်၊ ဂိုဏ်းချုပ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို စွမ်းအားကြီး သွေးစည်း ပေးသနားပါ”
တစုန်ကောင်းကင်ရဲ့ သွေးစည်းဟာ ကောင်းကင်တာအိုထဲမှာ ထိပ်တန်း တည်ရှိမှုပါ။ ဒါပေမဲ့ ဟန်ကျွယ်က သူ့ကို မလိမ်လောက်ဘူးလို့ တစုန်ကောင်းကင် ယုံကြည်ထားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တစုန်ကောင်းကင်ကို လောကဦးကမ္ဘာထဲ ခေါ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လွတ်လပ်မှု စွမ်းအားနဲ့ တစုန်ကောင်းကင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ဝိညာဉ်ကို ထုတ်ယူလိုက်ပါတယ်။ တစုန်ကောင်းကင်ဟာ ထိတ်လန့်သွားပေမဲ့ အော်ဟစ်ခြင်းမရှိဘဲ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းပါတယ်။
ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ရဲ့ ဝိညာဉ်ကို နတ်ဘီလူးချီဆီ ယူသွားပါတယ်။ နတ်ဘီလူးချီအလုံးတွေကို ကြည့်ရင်း တစုန်ကောင်းကင်ရဲ့ ဝိညာဉ်ဟာ တဆတ်ဆတ် တုန်သွားပါတယ်။ တစုန်ကောင်းကင်ဟာ သဘာဝရန်သူတော်ကြီးကို ရင်ဆိုင်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။ အသက်အန္တရာယ်ရှိတဲ့ အငွေ့အသက်ဟာ တစုန်ကောင်းကင်ရဲ့ နှလုံးသားထဲကို တရစပ် ကျူးကျော်လာပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် အရိပ်လွှမ်းမိုး နတ်ဘီလူးကို တစုန်ကောင်းကင်ဆီပေးဖို့ ရွေးချယ်လိုက်ပါတယ်။ အရိပ်လွှမ်းမိုး နတ်ဘီလူးက အသွင်ယူနတ်ဘီလူးနဲ့ သက်ရောက်မှုချင်း တူပါတယ်။ မဟာတာအို အရိပ်တွေကို မရေမတွက်နိုင်အောင် ခွဲထုတ်နိုင်ပြီး ဟန်ကျွယ် အစောဆုံး သုံးသပ်နားလည်ခဲ့တဲ့ နတ်ဘီလူးဓမ္မရုပ်တုတစ်ခုလည်း ဖြစ်ပါတယ်။
ပေါင်းစပ်တဲ့ ဖြစ်စဉ်က တစုန်ကောင်းကင် ထင်ထားတာထက် ပိုပြီးတော့ နာကျင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့မှာ အရှက်မရချင်တဲ့အတွက် တစုန်ကောင်းကင်ဟာ အံကြိတ်ခံပါတယ်။ မျက်တောင် တစ်ခတ်အတွင်းမှာ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ တစုန်ကောင်းကင်က အရိပ်လွှမ်းမိုး နတ်ဘီလူးရဲ့ စွမ်းအားနဲ့ အသားကျသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ရဲ့ ဝိညာဉ်ကို ကာကွယ်ဖို့ ဓမ္မစွမ်းအားကို ထပ်ပြီးတော့ မသုံးတော့ပါဘူး။
ဟန်ကျွယ်ဟာ လက်တွေ့ဘဝကို ပြန်သွားပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်ထောင် ဂူအောင်း ကျင့်ကြံပါတယ်။
ဟန်ကျွယ် မျက်လုံးထပ်ဖွင့်လိုက်ပြီး ပျင်းရိလေးတွဲ့စွာ အကြောဆန့်လိုက်ပါတယ်။ ဒီလိုကျင့်ကြံတဲ့ ပုံစံက ဟန်ကျွယ်ရဲ့ အကျင့် ဖြစ်နေပါပြီ။ ဟန်ကျွယ်ဟာ နှစ်တစ်ထောင် မကျင့်ကြံရင် နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။
နှစ် ၂,၀၀၀ ကုန်ဆုံးသွားပြီ ဖြစ်တာကြောင့် အင်မော်တယ်ကမ္ဘာနဲ့ ငရဲပြည် အကြားမှာ ကမ္ဘာသစ် ဒါဇင်လောက် ပေါ်လာပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုကလည်း ငရဲပြည်မှာ လုံးဝ အသားကျသွားပါပြီ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်ပြီး နတ်ဘီလူးလောင်းလျာတချို့ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မီးလျှံမျိုးနွယ်စုရဲ့ ကျူးကျော်မှုမှာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်တန်း တိုက်ရည်ခိုက်ရည်က အတော်လေး နောက်ကျကျန်နေခဲ့တာကို တွေ့နိုင်ပါတယ်။ ဟန်ကျွယ်ဟာ မီးလျှံမျိုးနွယ်စုက ပဋိပက္ခထဲမှာ အင်အားအကြီးမားဆုံး မျိုးနွယ်စု မဟုတ်ဘူးလို့ ခံစားရပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ထုန်ကျန့်ကမ္ဘာက ယွီဂျင်ဂိုဏ်းတော်ကြီးဆီကို ရောက်သွားပါတယ်။ နှစ်ပေါင်း တစ်သိန်းကျော် ကြာညောင်းသွားပေမဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက ဆက်ရှိနေတုန်းပါ။ ယွီဂျင်ဂိုဏ်းတော်ကြီးက ထုန်ကျန့်ကမ္ဘာရဲ့ အင်အားအကြီးဆုံး မြင့်မြတ်နယ်မြေတစ်ခု ဖြစ်ပါတယ်။ ဒါကလည်း ဝတ်ရုံဖြူဗုဒ္ဓရဲ့ ပံ့ပိုးမှုတွေကို ကျေးဇူးတင်ရမှာပါ။
ဒါပေမဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးဟာ အရင်နဲ့ လုံးဝမတူတော့ပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အရင်နေရာဟောင်းဟာ ကျတ်တီးမြေ ဖြစ်နေပြီး လက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ တော်တော်လေး အလှမ်းဝေးပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက် လမ်းလျှောက်ချင်လာတာကြောင့် ဝိညာဉ်အတွေးတစ်ခုကို စေလွှတ်ပြီး ကိုယ်ပွားတစ်ခု ဖန်တီးကာ ယွီဂျင်ဂိုဏ်းတော်ကြီး နေရာဟောင်းကို ဆင်းသက်လိုက်ပါတယ်။
တောင်တန်းတွေက လှိုင်းလုံးပမာ နိမ့်လိုက်မြင့်လိုက် တည်ရှိနေပြီး ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တောင်ထိပ် ၁၈ ခုကတော့ လုံးဝ ပျောက်ကွယ်သွားပါပြီ။ ဒီနေရာမှာ နေထိုင်တဲ့လူကလည်း ပိုလို့တောင် နည်းပါသေးတယ်။
တောအုပ်ထဲမှာ လမ်းလျှောက်နေရင်း နေရောင်ခြည်ဟာ သစ်ရွက်တွေကြားကနေ ဟန်ကျွယ်ရဲ့ ကိုယ်ပေါ်ကို ဖြာကျလာပါတယ်။ အတိတ်က ပုံရိပ်တွေဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ဇာတ်ကားတစ်ကားလို ပြန်ပေါ်လာပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်ဟောင်း လီချင်းဇဲ့ကို တွေးမိလိုက်ပါတယ်။
“မင်း အခုလက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးကို ကျေနပ်ရဲ့လား” ဟန်ကျွယ်ဟာ ခံစားရတဲ့လေသံနဲ့ ရေရွတ်လိုက်ပါတယ်။ ကံဆိုးစွာပဲ ကောင်းကင်တာအို ပြန်စတော့ လီချင်းဇဲ့ရဲ့ ဝိညာဉ်ဟာ လွင့်ပါး ပျောက်ကွယ်သွားခဲ့ပါတယ်။ လီချင်းဇဲ့ဟာ ယွီဂျင်ဂိုဏ်းတော်ကြီး ကောင်းစားနေတာကို ပြန်တွေ့ရဖို့ အခွင့်အရေး မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံနဲ့ ပတ်ဝန်းကျင်ကို မစစ်ဆေးဘဲ သူ့တာအိုပညာရှိ အာရုံကို ဟန့်တားကာ သာမန်လူတစ်ယောက်လို တောအုပ်ထဲမှာ လမ်းလျှောက်ပါတယ်။ နေ့တစ်ဝက် အကြာမှာတော့ ဟန်ကျွယ်ဟာ စာအုပ်တစ်အုပ်ကို တောင်တစ်တောင်ရဲ့ အက်ကြားထဲ ထိုးထည့်လိုက်ပါတယ်။ ဒီစာအုပ်က ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ပါ။
တစ်ယောက်ယောက်သာ ဒီစာအုပ်ကို ရရှိပြီး ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲကို ဝင်လာမယ်ဆိုရင် ဟန်ကျွယ်ဟာ အဲဒီလူကို နတ်ဘီလူးလောင်းလျာအဖြစ် သတ်မှတ်မှာပါ။ ဟန်ကျွယ်ရဲ့ ဝိညာဉ်အတွေးဟာ သူ့ခန္ဓာကိုယ်ကို ပြန်လာပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ကလည်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်သွားပါတယ်။
နတ်ဘီလူးလောင်းလျာတွေကို အင်မော်တယ်ကမ္ဘာကနေ ရွေးချယ်တာက ပိုသင့်တော်ပါတယ်။ သေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိတွေရဲ့ ကြီးပြင်းမှုအချိန်က ရှည်ကြာလွန်းပါတယ်။ ဥပမာအားဖြင့် ရန်တုဟာ တာအိုပညာရှိအတု ဖြစ်လာဖို့ အဝေးကြီး လိုပါသေးတယ်။
အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ ဟန်မင်ကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ ဟန်ထော်နဲ့ ခွဲခွာပြီးနောက် ဟန်မင်ဟာ တစ်ကိုယ်တော် ဂူအောင်းပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဟန်မင် ဂူအောင်းကျင့်ကြံရာကနေ ထွက်မလာတာ အခုဆိုရင် နှစ်တစ်သောင်း ကျော်သွားပါပြီ။
ဟန်ကျွယ်ဟာ သူနဲ့ ဟန်မင်ကြားက ကံတရားကို ဖြတ်တောက်လိုက်ပါပြီ။ ဒါပေမဲ့ ဟန်မင်ဟာ ဟန်ထော်ကို ဒီဘဝမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ နောက်ပြီး ဟန်မင်ရဲ့ ဟန်ကျွယ် အပေါ်ထားရှိတဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် ဖြစ်နေပါပြီ။ နောက်ကျောကို ဓားနဲ့ထိုးမဲ့ ပုံစံတော့ မရှိပါဘူး။
လက်ရှိ ဟန်မင်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ကို ရောက်နေပြီး ကောင်းကင်ဘဝဂ် အဆင့်ကို မထိုးဖောက်နိုင်သေးပါဘူး။ ဒါက ဟန်မင် အရည်အချင်းရဲ့ အကန့်အသတ်ပါ။ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါးပါးရဲ့ တပည့်ဖြစ်မလာဘူးဆိုရင် ဟန်မင်ဟာ ရှေ့ဆက်တက်နိုင်တော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်မင်ကို အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်မင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။
“ဟန်မင်” ဟန်ကျွယ်ရဲ့ အသံက ထပ်ပြီးတော့ ထွက်ပေါ်လာတဲ့အတွက် ဟန်မင်ဟာ သူ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်မှန်း သေချာသွားပါတယ်။ ဒီအသံကို… ဟန်မင် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။
ဟန်မင်ဟာ ရင်ထဲက လှိုင်းလုံးကြီးတွေကို ဖိနှိပ်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
“မင်း တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်လား”
“ကျွန်တော့်ကို လိုအပ်လို့လား”
“မဟုတ်ဘူး၊ ငါမင်းကို အခွင့်အရေးတစ်ခု ပေးချင်ရုံပဲ”
“ဒါဆို ထားလိုက်ပါတော့… ကျွန်တော် အစ်ကိုကို ထပ်ပြီးတော့ ပြဿနာမပေးချင်တော့ဘူး၊ ကျွန်တော် အစ်ကို့ကို အကြွေးတင်တာ များနေပြီ” ဟန်မင်ဟာ ခေါင်းခါလိုက်ပါတယ်။ အတိတ်မှာတုန်းက ဟန်မင်ဟာ ဟန်ကျွယ်ရဲ့ အကြင်နာကင်းမဲ့မှုကို မုန်းတီးခဲ့ပေမဲ့ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ကောင်းကင်ဧကရာဇ်က သူ ပြန်မွေးဖွားဖို့ ကူညီခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟန်မင်ဟာ ဟန်ကျွယ်အပေါ်မှာ ကြည်ညိုလေးစားမှုနဲ့ ကျေးဇူးတင်မှုသာရှိပြီး မချဉ်းကပ်ရဲပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 651
? Views, Released on December 11, 2024