Chapter – 132
“ဘုရင်ဆိုတာ”
ဘုရင်သည် ပြုံးလိုက်ပြီးနောက် –
“ကောင်းပြီ . . . ငါရှိနေတော့ မင်းတို့တွေ နည်းနည်း ရှိန်နေကြတယ် ထင်တယ်။ ဟုတ်ပါပြီ၊ ငါလည်း ခဏပဲ သောက်ပြီး ပြန်မှာပါ။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ဆိုတော့ မနှောင့်ယှက်ပါဘူး ကွာ . . .”
ထို့နောက် သက်ပြင်းချလိုက်ရင်း –
“ငါနဲ့ ပခုံးဖက်ပြီး တိုက်ပွဲအတူတူ ဝင်ခဲ့ကြတဲ့ ညီနောင်တွေက အခုတော့ ငါနဲ့ စိမ်းနေကြပြီ။ ဟူး၊ တော်တော် ဝမ်းနည်းစရာပါလား . . .”
သူသည် လူအုပ်ထဲသို့ လက်ညှိုးထိုးလိုက်ရင်း ပြုံးလျက် –
“မန်လောင်ဝု . . . နောက်မှ ပုန်းမနေစမ်းပါနဲ့ကွ။ မင်းနဲ့ငါတဲ့ တဲတစ်ခုတည်းမှာတောင် အတူတူ အိပ်ခဲ့ဖူးကြ တာပဲဟာ။ ငါမှတ်မိပါသေးတယ်၊ မင်းဝမ်းလျောတဲ့ညက ငါ့အိပ်ယာ ရှေ့မှာတောင် ချီးထွက်ကျသေးတယ်လေ။ မင်းရော မမှတ်မိဘူးလား။ တောက် . . . ငါတော့ သိက္ခာကျပါပြီကွာ ဆိုပြီးတော့ မင်းကိုယ်မင်း ပြောခဲ့သေးတယ်လေ။ အခုကျတော့ မင်းက ငါ့ကို စကားတောင် မပြောနိုင် ဘူးတဲ့လား။ မင်းရဲ့ ကတုံးပြောင်ပြောင်က မင်းရဲ့ ငယ်ပါထက်ကို ကြည့်ရဆိုးနေတယ်ကွာ . . .”
မန်လောင်ဝုသည် ကတုံးပြောင်နှင့် လူထွားကြီး တစ်ဦး ဖြစ်၏။ မျက်နှာတွင် ကျောက်ပေါက် အမာရွတ်အချို့ ရှိနေပြီး လေသံ တီးတိုးဖြင့် –
“မင်းကြီး . . . ဘယ်လိုများ ပြောလိုက်တာပါလဲ။ မင်းကြီးကို မယုံကြည်ဘဲ အရှေ့မှာ မစင်စွန့်ပါ့ မလား။ အခုတော့ မင်းကြီးက ဖွင့်ပြောလိုက်တာ ကျုပ်မှာ ဘယ်လို မျက်နှာထားရမလဲတောင် မသိတော့ ပါဘူး . . .”
သူ့စကားကြောင့် အားလုံး ရယ်မောသွားကြလေသည်။
ဘုရင်ဖြစ်သူလည်း ရယ်မောလိုက်ရင်း –
“နောက်ပြီး မင်းတို့ . . . ဟန်လောင်စန်၊ ဆောင်လောင်ချီ၊ ဘိုင်ရှောင်ဂျူနဲ့ မင်းတို့တွေ ခွေးမသားတွေ။ ငါတို့တွေ ငါဖမ်းမယ်ဆိုပြီး သဘောတူခဲ့ကြတာလေ။ ငါလည်း ကိုယ်တုံးလုံး ချွတ်ပြီး ရေထဲ ဆင်းသွားတော့ မင်းတို့က ငါ့အဝတ်အစားတွေ ယူပြီး ပြေးကြတယ်။ ငါ့မှာ ရေထဲ အရှက်လုံအောင် လက်နဲ့ကာပြီး ညရောက်လာမဲ့ အချိန်ထိ စောင့်နေရတယ်ကွာ။ ငါလည်း တန်းလျား ပြန်ရောက်ရော မင်းတို့ ငိုးမသားတွေက မီးအိမ်တွေ အကုန်လုံး လင်းထိန်နေအောင် ဖွင့်ပြီး အော်ပါလေရောလား . . . မီးရောင်ထိန်ထိန်အောက်မှာ ငါ့လည်း ပြဇာတ်ကသလိုကို ဖြစ်လို့ဟေ့ . . . တော်တော် ရှက်မိခဲ့တာကွ။ မင်တို့တွေ မေ့နေကြပြီလား . . .”
သူသည် ထိုလူများ ရှိရာဘက်သို့ ကြည့်လိုက်ရင်း ဒေါသတကြီး အမူအယာမျိုး ပြုလုပ်၍ –
“ကျေးဇူးမသိတတ်တဲ့ ခွေးမသားတွေကွာ . . .”
ဘုရင်သည် အားလုံးနှင့် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေရင်း သူ့အား ရှိနေခြင်း မရှိရန် ပြုလုပ်နေခြင်း ဖြစ်သည်။
ထိုလူများထဲမှ လူအချို့လည်း –
“မင်းကြီး . . . အဲဒီနေ့က အဖြစ်အပျက်ကို ကျုပ်တို့ကို အပြစ်မတင်နဲ့လေ။ မင်းကြီး အဲဒီလို ဖြစ်သွားတဲ့ အကြောင်းရင်း ရှိတယ်။ လူသူမရှိ ခြောက်ကပ်နေတဲ့ မြောက်ပိုင်းမှာ မိန်းမဆိုလို့ တိရစ္ဆာန် အမတောင် မရှိဘူး။ အဲဒါတောင် ကျုပ်တို့ကို စိတ်ကြွဆေးတွေ မသိအောင် တိုက်တယ်မလား။ ကျုပ်တို့မှာ တစ်ညလုံး ရေထဲကနေကို မထတမ်း စိမ်လိုက်ရတယ်။ ပြောရရင် ဒီလောက်လုပ်တာပဲ ညှာတာထား တယ်လို့ မှတ်ပါ . . .”
ဘုရင်လည်း ရယ်မောလိုက်ရင်း –
“မင်းတို့က တော်တော် အရှက်မရှိတဲ့ ကောင်တွေ။ ငါ့ကိုတောင် ကိုယ်လုံးတီး ဖြစ်အောင် လုပ်ခဲ့ပြီးမှ အခုကျ ငါနဲ့ သောက်ဖို့ လန့်နေကြတာလား။ သတ္တိနည်းလိုက်ကြတာကွာ . . .”
ဘုရင်သည် သူ့စစ်သည်များ၏ မှတ်ဉာဏ်ဟောင်းများအား ပြန်ဖော်ပေးနေခြင်း ဖြစ်၏။ စစ်သည်များ အားလုံးသည် နွေးထွေးမှုကို ခံစားလိုက်ကြရပြီး ချက်ချင်း ဆိုသလို –
“လာ . . . သောက်ကြစို့ မင်းကြီး . . .”
ထိုကာလများတုန်းက သူတို့သည် ယခုကဲ့သို့ အတူတူသောက်ရန် သတ္တိဟူသော အရာကို မေ့လျော့နေကြမည်သာ ဖြစ်ပေသည်။
သို့သော် ယခုအခါတွင်မူ ထိုကဲ့သို့ အတူတူသောက်ရန် မည်သို့မျှ မဖိတ်ခေါ်ဝံ့ပါချေ။
“ပုလင်းတွေဖွင့်ပြီး ခွက်တွေထဲ ထည့်ကြဟေ့ . . .”
ဘုရင်လည်း ပုလင်းကြီးတစ်လုံးအား မြောက်ပြလိုက်ရင်း –
“မင်းတို့ကို အရက်နဲ့ အန်ဖတ်စို့အောင် လုပ်ပစ်မယ်။ ပြိုင်သောက်ကြတာပေါ့ . . .”
“ခဏလေး . . . ခဏလေး နေပါဦး . . .”
မန်လောင်ဝုသည် အနားသို့ လျှောက်လာရင်း –
“ဒီလို ဆိုမှတော့ ကျုပ်အနေနဲ့ မင်းကြီးရဲ့ ပုလင်းကို စစ်ဆေးရပါမယ်။ ရေပုလင်းလည်း ဖြစ်နေနိုင် တယ်မလား . . . ကျုပ်တို့အားလုံး မင်းကြီးအကြောင်း သိပါတယ်။ မင်းကြီးက သောက်တဲ့အချိန် အရမ်း ဉာဏ်နီဉာဏ်နက် များတာလေ။ ကျုပ်တို့က အဆင့်တန်းနိမ့်ပေမဲ့ အရူးတွေတော့ မဟုတ်ကြဘူး။ တစ်ခါသာ အရူးလုပ်ခံရရင် ခံရမယ်။ နှစ်ခါမြောက်ဆိုတာ မရှိစေရဘူးဗျ . . .”
လူများသည် ထိုစကားကို ကြားသောအခါ ရယ်မောသွားကြ ပြန်ပါသည်။ အားလုံးလိုလိုမှ –
“ကောင်းတယ် . . . စစ်ဆေးကြည့်ပါဗျို့ . . .”
မန်လောင်ဝုသည် ပုလင်းအား စစ်ဆေးကြည့်သည့်အခါ အမှန်တကယ်ပင် ရေများ ဖြစ်နေသဖြင့် တုန်လှုပ်သည့် ဟန်ဖြင့် –
“မင်းကြီး . . . နှစ်ပေါင်းများစွာ ကြာတာတောင်မှ အခုထိ ဒီလို လုပ်နေတုန်းပဲနော်။ လေးစား မိပါတယ် . . .”
ဘုရင်လည်း နှာခေါင်းတစ်ချက် ပွတ်လိုက်ရင်း ရှက်အမ်းအမ်း အမူအယာဖြင့် –
“ခွေးမသား . . . ငါ့ကိုများ ဒီလို သိက္ခာချလိုက် တယ်ပေါ့ . . . မင်းကို မှတ်ထားမယ် . . .”
“အပြစ်ပေးပါဗျို့ . . . အပြစ်ပေးပါ ဟားဟားဟား . . .”
လူများသည် အော်လိုက်ကြပြန်သည်။
ဘုရင်၏ အနောက်တွင် မျက်နှာတစ်ခုလုံး ဖြူဖွေးနေသည့် အသက်ကြီးကြီး ကုန်းကုန်း တစ်ယောက် ရှိလေသည်။ သူသည် ဗိုက်အားဖိ၍ ရယ်မောနေရင်းမှ –
“မင်းကြီးရေ . . . ဒီမှာက အတော် ပျော်ဖို့ ကောင်းတာပဲနော်။ မင်းကြီး ပြောတာတွေက သေအောင် ရယ်နေရတယ်။ ရယ်ရလွန်းလို့ ချက်ချင်း ပန်းသေသွားမလား မှတ်ရတယ် . . .”
ရယ်မောနေကြသည့် ဘုရင်နှင့် စစ်သူကြီးများ အားလုံးသည် ကုန်းကုန်း၏ စကားကြောင့် တိတ်သွားကြသည်။ ကုန်းကုန်းအား ကြည့်နေကြရင်း ဘုရင်မှ –
“ခင်ဗျားက ပန်းသေမယ် ဟုတ်လား . . .”
ကုန်းကုန်းကြီးသည် ရယ်ရလွန်းသဖြင့် မျက်ရည်များ ကျနေလေရာ အဆိုပါ မျက်ရည်များအား သုတ်လိုက်ရင်း ပျော်ရွှင်သော ဟန်ဖြင့် –
“ဟုတ်တယ် . . . ကျုပ် တစ်ခါတည်း ပန်းသေတော့မလိုတောင် ခံစားနေရတယ် . . .”
“ဖွီ . . .”
ဘုရင်သည် သောက်လက်စ အရက်အား ထွေးထုတ်လိုက်ရင်း ရယ်မောလိုက်၏။ တခြားသော စစ်သူကြီးများနှင့် စစ်သည်များအားလုံးလည်း ရယ်မောလိုက်ကြကာ ထိုလူများ အားလုံး၏ ရယ်မောသံ သည် ကောင်းကင်ဘုံထိတိုင် ရောက်သွားမတတ်ပါပင်။
(ကုန်းကုန်း တစ်ယောက်က ပန်းသေတော့မယ်တဲ့ . . . တော်တော် ထူးဆန်းတာပဲ။ သေစရာ ပန်းတောင် ရှိလို့လား ဟားဟား . . .”
ထိုကဲ့သို့ အရွှန်းဖောက်လိုက်မှုကြောင့် အားလုံးသည် ရှိန်နေခြင်း မရှိတော့ဘဲ လွတ်လပ်စွာပင် ရှိသွားကြတော့သည်။ ဘုရင်သည်လည်း စစ်သူကြီးများ ကဲ့သို့ပင် ရယ်မော၍ နေလေသည်။ ထို့နောက် ဝတ်ရုံစကို မလိုက်ရင်း ငယ်ပေါင်းကြီးဖော်များနှင့် အတူတူ သောက်နေပါတော့သည်။
ထိုအချိန်တွင် ရဲရှောင်သည် တစ်ခုခုကို သတိထားမိလိုက်သည်။ ဘုရင်မှ လက်မှ ဝတ်ရုံစကို ခေါက်လိုက်သည့် အချိန်တွင် ကုန်းကုန်းကြီး၏ ပခုံးအား ခပ်ဖြည်းဖြည်း ပုတ်လိုက်ခြင်းကိုပင် ဖြစ်သည်။
(ကြည့်ရတာ သူက အခုလို ပြောလိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး ဆိုပြီး နှစ်သိမ့် လိုက်တာ ဖြစ်မယ်။ ထူးဆန်းလိုက်တာ . . .)
ရဲရှောင် လေးစားသွားမိသည်။
(ဒီဘုရင်က ငါထင်ထားတာနဲ့ တခြားစီပါပဲလား . . .)
ဘုရင်သည် ကုန်းကုန်း၏ ပခုံးအား ကိုင်လိုက်ခြင်းပင် ဖြစ်သည့်တိုင် ထိုအပြုအမူကိုပင် ရဲရှောင် လေးစားမိသွားသည်။ ဘုရင်အား ပထမဆုံးအကြိမ် ကြုံရသည့် အခေါက်မှာပင် ရဲရှောင်သည် လေးစား မိသွားခြင်း ဖြစ်လေ၏။
ဘုရင်သည် ရဲနန်ရှန်အား ကတိအရ မြောက်ပိုင်းတွင် နှစ် ၂၀ တာဝန် ထမ်းဆောင်စေခဲ့သည်။ ထိုအချက်ကြောင့်ပင် ရဲရှောင်သည် အစပိုင်းတွင် ဘုရင်အား အနည်းငယ် မကြည်ဖြူခဲ့ပေ။
ဘုရင်သည် နိုင်ငံတစ်ခုလုံးအား အုပ်ချုပ်သည့် လူတစ်ဦး ဖြစ်သည့်တိုင် သေဖော်သေဖက် သွေးသောက်ရဲဘော်များနှင့် ဆုံချိန်တွင် သူ့ကိုယ်သူ နှိမ့်ချ၍ နေလေသည်။ ကျယ်လောင်စွာ ရယ်မောရင်း ပျော်ပါးနေ၏။ တိုက်ပွဲမထွက်ခွာမီ သောက်စားနေကြခြင်း ဖြစ်ပြီး ယခုအပြုအမူများသည် ဘုရင်မှ အားပေးနေသည့် သဘောပါပင်။ ဘုရင်တစ်ပါး အနေဖြင့် ထိုကဲ့သို့ လုပ်သည်မှာ မရှိသလောက်ပင် ရှားလွန်းလေ၏။
ထို့အပြင် ဘုရင် စကားပြောသည့် အချိန် ရင်ထဲမှလာသည့် နွေးထွေးမှုများကိုလည်း ရဲရှောင် သတိပြုမိလေသည်။ အနည်းဆုံးတော့ သူသည် မိတ်ဆွေဟောင်းများနှင့်အတူ ရှိနေခြင်းပင် ဖြစ်ပြီး သူ့ကိုယ်သူလည်း ဘုရင်တစ်ပါးလို မနေချေ။
ယခု ကုန်းကုန်းကြီး ပြုလုပ်လိုက်သည့် ဟာသသည် လူအများအား ပွဲကျသွားစေရန် အစကတည်းက ကြိုတင်စီစဉ်ထားခြင်း ဖြစ်နိုင်ပေသည်။ ဘုရင်၏ နောက်တော်ပါးတွင် အမြဲခစားရသည့် ကုန်းကုန်းတစ်ယောက်သည် မည်သည့် နည်းနှင့်မျှ ရူးကြောင်ကြောင် လူတစ်ယောက် မဟုတ်နိုင်ပါချေ။
ကုန်းကုန်းကြီးသည် ဘုရင့်အပါးတော်မြဲ ဖြစ်သဖြင့် သြဇာအာဏာ ရှိမည်မှာ သေချာသလောက် ပါပင်။ သူသည် အစေခံတစ်ဦးပင် ဖြစ်သော်ငြားလည်း မိဖုရားများနှင့် မင်းညီမင်းသားများပင် သူ့အား အစေခံ တစ်ဦးကဲ့သို့ မဆက်ဆံဝံ့ချေ။
ထိုကဲ့သို့သော လူတစ်ဦးမှ သူ၏ ဂုဏ်သိက္ခာများကို မငဲ့ကွက်ဘဲ ဘုရင် ဖြစ်စေချင်သည့် ဆန္ဒအား ဖြည့်ဆည်းပေးခဲ့သည်။
ဘုရင်မှ ထိုကဲ့သို့ ကုန်းကုန်းကြီးအား ပခုံးပုတ်၍ နှစ်သိမ့်ပေးလိုက်သည့် အချိန်တွင် ရဲရှောင်သည် ဘုရင်အား လူကောင်းတစ်ဦး ဖြစ်ကြောင်း အသေအချာ သိလိုက်လေ၏။
ပခုံးပုတ်လိုက်ခြင်းနှင့် အတူ နှစ်သိမ့်ပေးလိုက်ခြင်း၊ ချီးမွမ်းလိုက်ခြင်းများလည်း ပါဝင်နေပေသည်။
ဘုရင်နှင့် စစ်သူကြီးများ တရင်းတနှီး ရှိနေသည်ကို ကြည့်ရင်း ရဲရှောင်သည် မင်းသားဟွာရန်းလို နိုင်ငံ့စစ်နတ်ဘုရား တစ်ဦးပင် အဘယ်ကြောင့် ဘုရင်အား သစ္စာရှိ အမှုထမ်းချင် ရသလဲ ဆိုတာကို နားလည် သဘောပေါက်သွားပါတော့တယ်။
ထို့အပြင် ထူးချွန်ပြောင်မြောက်လွန်း လှသည့် သူ့အဖေ ရဲနန်ရှန်လိုလူပင် မြောက်ပိုင်းတွင် နှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ရန် သဘောတူခဲ့သည် မဟုတ်ပါလား။
ဘုရင်တစ်ပါး အနေဖြင့် စိတ်ထဲက မပါသည့်တိုင် ဟန်ဆောင်၍ ဆက်ဆံ ပေးလျှင်ပင် လုံလောက် နေပြီ ဖြစ်ပေသည်။
ထိုအချက်နဲ့တင် လူတိုင်းအား လွှမ်းမိုးနိုင်ပေမည်။
ယခုရဲရှောင်သည် ထိုအချက်အား ဘုရင်ဖြစ်သူထံမှ သင်ယူနားလည် လိုက်မိလေသည်။
ထိုအချိန် အိမ်ရှေ့မင်းသားအကြောင်း စဉ်းစားမိလိုက်သည့်အခါ ချဉ်သွားမိလေ၏။ ကျားတစ်ကောင်ထံတွင် ခွေးတစ်ကောင်လို သားမျိုး ရှိနေခြင်းပင် ဖြစ်၏။
“ရဲရှောင် . . . ရဲရှောင် . . .”
ဘုရင် အော်ခေါ်လိုက်သည်။
“ခွေးကောင်လေး . . . ဒီကို လာစမ်းပါဦး။ မင်းရဲ့ အဖေက ဒီညမှာ ရှိမနေနိုင်ဘူး။ အဲဒါကြောင့် သူ့အတွက် ဒီအရက်ပုလင်းကို မင်းသောက်ရမယ်။ အရက်ထမင်းလိပ်က ဘယ်လိုပုံစံလဲ ဆိုတာကို ငါသိချင်တယ် . . .”
မန်လောဝုမှ ခေါင်းကို ပွတ်လိုက်ရင်း –
“မင်းကြီး . . . ရဲရှောင်က အရက်မူးသွားတယ်ပဲ ထားပါဦး။ ထမင်းလိပ် ဆိုတာနဲ့ ဘာဆိုင်လို့လဲ”
ဘုရင်လည်း ရယ်မောလိုက်ရင်း –
“သူ့ကို ညလယ်စာလို့ ခေါ်တာ မင်းမသိဘူးလား။ ညလယ်မှာ စားတဲ့ အစာက ထမင်းလိပ်လေ။ အရက်နဲ့ စိမ်ပြီးသား ဖြစ်မှတော့ အရက်ထမင်းလိပ်ပေါ့။ မဟုတ်ဘူးလား . . .”
မန်လောဝုမှ တခဏမျှ စဉ်းစားလိုက်ရင်း –
“သိပ်တော့ ကျိုးကြောင်း ဆီလျောမှု မရှိတဲ့ ဖြေရှင်းချက်ပဲ။ ကော်ထမင်းလိပ် ဖြစ်သင့်တာ မဟုတ်လား။ သူက ဘယ်လိုမှ အရက်ထမင်းလိပ်လို့ ခေါ်လို့ရမှာ မဟုတ်ဘူး . . .”
ဘုရင်လည်း တခဏမျှ စဉ်းစားလိုက်ရင်းဖြင့် –
“ဟုတ်ပြီ . . . ညလယ်စာ ကော်ထမင်းလိပ်ပေါ့။ ဒီလိုဆိုရင်တော့ ဆင်ပြေပြီ မဟုတ်လား . . .”
(#မှတ်ချက် – ရဲရှောင်၏ နာမည် အဓိပ္ပါယ် ညလယ်စာဟု ဖြစ်ပေါ်လာခြင်းကို ရှင်းခဲ့ပြီး ဖြစ်ပါသည်။ ကော်ထမင်းလိပ်ဟု ခေါ်သော အစားအစာတစ်မျိုးမှာ တရုတ်ရိုးရာတွင် ရှိနေပြီး အဆိုပါ ကော်ထမင်းလိပ်အား “ရွမ်ရှောင်” ဟု ခေါ်ပါသည်။ ထို့ကြောင့် ညလယ်စာ ဟူသည့် နာမည်ကို ကော်ထမင်းလိပ်ဟု ထပ်၍ နာမည်ဖျက်လိုက်ခြင်းပင် ဖြစ်သည်)
မန်လောဝုမှ ခေါင်းညိတ်လိုက်ရင်း –
“မင်းကြီးက ဘုရင်ပဲဟာ။ မင်းကြီး ပြောသမျှက အမှန်တရားပဲပေါ့ . . .”
လူများသည် ဝိုးခနဲပင် အာမေဋိတ် ဖြစ်သွားကြ၏။
ထိုအချိန် မြောက်ပိုင်းမှ စစ်သူကြီး ၅ ဦးမှာ ဂုဏ်ယူဝမ်းမြောက် နေမိကြ၏။
(ငါတို့ စစ်သူကြီး ဒီမှာ မရှိပေမဲ့ ဘုရင်ကြီးက သူ့ကို မမေ့ဘူးပဲ။ ဘုရင်ကြီး ဘယ်တော့မှလည်း မေ့မယ် မထင်ဘူး . . .)
ရဲရှောင်သည် နာနာကျင်ကျင်ဟန်ဖြင့် ပြုံးနေလေ၏။ သူ၏ စိတ်ထဲမှာမူ –
(တောက် . . . လူတိုင်းက ငါ့နာမည် ညလယ်စာ ဆိုတာကို သိနေတယ်။ အဲဒီအပြင် အခု နောက်ထပ် နာမည်ပြောင် ကော်ထမင်းလိပ်တဲ့ သေစမ်းကွာ . . . တော်တော် ကံဆိုးတာပဲ . . .)
ရဲရှောင်သည် ဘုရင်ထံသို့ လျှောက်သွားလေ၏။ ထို့နောက် နှာခေါင်းကိုပိတ် အသက်ရှူအောင့် ကာ အရက်တစ်ပုလင်းလုံးအား အဖေကိုယ်စား သောက်လိုက်လေ၏။
အပြင်ခန်းမအတွင်း ထိုင်နေကြသည့် အရာရှိများသည်လည်း ဘုရင်မှ ပျော်ရွှင်စွာ ရှိနေပုံကို ငေးကြည့်နေကြရင်း ထူးဆန်းသလို ဖြစ်နေကြသည်။
ဘုရင်ကြီးသည် မင်းသားဘဝတုန်းက သူ့သရုပ်အမှန်ကို ဖုံးကွယ်ထားပြီး တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုကဲ့သို့ဖြင် ယခုလို မိတ်ဆွေကောင်းများ ရရှိလာခြင်း ဖြစ်၏။ ထိုကိစ္စကိုလည်း အားလုံး အသိပါပင်။
သို့သော်လည်း သူတို့သည် ဘုရင်မှ အဆိုပါ ရဲဘော်ရဲဘက်များအား ယခုလောက်ထိ တန်ဖိုးထား လိမ့်မည်ဟု မထင်ထားခဲ့မိတာပဲ ဖြစ်ပါတော့သည် . . .။