Chapter – 130
“တိုက်ပွဲပျော်အရက်သောက်ကြခြင်း”
ဇုဝူကျီသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း ပင်မခန်းမအတွင်းမှ ရှက်ရွံ့စွာဖြင့် လှည့်ထွက်သွားသည်။
သူ့စိတ်ထဲတွင်မူ သိပ်ပြီးတော့ အခဲမကျေလှချေ။
တကယ်တမ်းတွင် အခဲမကျေသည့် အမူအယာမျိုးပင် မပြဝံ့ချေ။
ထိုလူများ အားလုံးသည် တိုက်ပွဲဝင်ရတော့မည် ဆိုတာကို သူသိနေ၏။ သူသာ ထိုလူများနှင့် ပြဿနာ ဖြစ်မည် ဆိုပါက ထိုလူများသည် သူ့အား မသေရုံတမယ် ဒုက္ခိတဖြစ်အောင် ဝိုင်း၍ ရိုက်နှက်ကြ မည် ဖြစ်လေသည်။
သူ့အား ထိုကဲ့သို့ ရိုက်နှက်ရန် တုံ့ဆိုင်းနေမည်လည်း မဟုတ်ချေ။ သူသည် အမတ်ကြီး၏ အိမ်တော်မှ ဖြစ်သဖြင့် ထိုလူများမှ အနည်းငယ် လေးစားမှု ရှိသော်လည်း ယခုအချိန်သည် တိုက်ပွဲစတင် ခါနီး အချိန် ဖြစ်ပေသည်။ ထို့ကြောင့် ထိုလူများ၏ ရှေ့မှောက်တွင် သူသည် မလောက်လေး မလောက်စား လူငယ်လေး တစ်ယောက်ပင် ဖြစ်၍နေ၏။ တကယ်တမ်းတွင် ထိုထက် ဆိုးရွားသည့် အတွေးမျိုးပင် ရှိနေကြနိုင်ပါသေးသည်။
ယခုလို အချိန်တွင် ထိုလူများ ကြောက်သည့် အရာဟူ၍ ရှိမည် မဟုတ်ပေ။
. . .
ရှည်လျားလှသည့် သံစဉ်သည် ရုတ်တရက် ကောင်းကင်ယံထက်တွင် လွင့်ပျံလာပြန်သည်။
ထိုအသံမှအပ မည်သည့် အသံကိုမျှ ကြားရမည် မဟုတ်ချေ။
တခဏအကြာတွင် ထိုသီချင်းအား သောင်းနဲ့ချီ၍ သံပြိုင် ဟစ်ကြွေးလိုက်သော အသံမှာ မိုးထိ အောင်ပင် ညံ၍ သွားလေ၏။
ကျယ်လောင်လှသော ဗုံတီးသံများကိုလည်း ကြားရပြန်ပါသည်။
အဆိုပါ ဗုံသံများသည် မိုးကြိုးနတ်ဘုရားမှ စည်းချက်ကျကျ မိုးကြိုး ပစ်ချနေသည့်နှယ် လူတိုင်း၏ ရင်ထဲ ဒိတ်ခနဲ ဒိတ်ခနဲ ဖြစ်အောင်ကို ခံစားနေရစေပါတော့သည်။
ထို့နောက်တွင် မင်းသားဟွာရန်း၏ တိကျ ပြတ်သား၍ ရဲဝံ့သည့် လေသံသည် လေနှင့်အတူ ထွက်ပေါ်လာလေ၏။
“ဒီည . . . ငါ့ညီနောင်တွေနဲ့အတူတူ တိုက်ပွဲပျော်အရက်ကို အတူတူ သောက်ကြမယ် . . .”
အားလုံးသော စစ်သည်ရဲမက် အုပ်စုများသည် တိတ်ဆိတ်လျက် ရှိနေကြသည်။
လူတိုင်း၏ မျက်နှာမှာမူ စိတ်လှုပ်ရှားမှုကြောင့် နီရဲလျက် ရှိကြလေ၏။
“တိုက်ပွဲပျော် အရက်ဆိုတာ ညီနောင်တို့ရဲ့ အရက်ပဲ၊ စစ်တိုက်မထွက်ခင် သောက်ကြ . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ သေခြင်းနဲ့ ရှင်ခြင်းရဲ့ အရက်ပဲ။ သေသေရှင်ရှင် ဂရုစိုက်မနေဘဲ သောက်ကြ. . .”
“တိုက်ပွဲပျော် အရက်ဆိုတာ စိတ်ဆန္ဒရဲ့ အရက်ပဲ။ စစ်မြေပြင်မှာ ရန်ငြိုးတွေ မဖွဲ့နဲ့၊ အာဃာတ တွေ မထားခဲ့နဲ့ . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ ယုံကြည်မှုရဲ့ အရက်ပဲ။ ငါတို့ညီနောင်တွေရဲ့ မိဘတွေကို စောင့်ရှောက် ကြရမယ် . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ မိဘတွေရဲ့ အရက်ပဲ။ အဖေတွေ အမေတွေကို မျက်ရည်ကျအောင် မလုပ်မိစေနဲ့ . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ ရန်သူတွေရဲ့ အရက်ပဲ။ စစ်မြေပြင်မှာ ညှာတာ သနားတယ်ဆိုတာ မရှိစေနဲ့ . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ အမိမြေရဲ့ အရက်ပဲ။ ငါတို့ရဲ့ သွေးတွေနဲ့ အမိမြေကို ကာကွယ်ကြရမယ် . . .”
“တိုက်ပွဲပျော် အရက်ဆိုတာ ယောကျာ်းတို့ရဲ့ အရက်ပဲ။ လူထဲကမှ ယောကျာ်း၊ ယောကျာ်း ထဲကမှ စစ်သည်တွေသာ နှစ်နှစ်ခြိုက်ခြိုက် ကြိုက်ကြတယ် . . .”
မင်းသား ဟွာရန်း၏ အသံသည် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ညဥ့်ဦးယံတွင် ပဲ့တင်ထပ် လျက် ရှိနေသည်။
သူ၏ အသံသြဇာ ပြည့်ဝမှုကြောင့် ကောင်းကင်ထက်မှ ကြယ်များပင် နေရာရွေ့သွားကြ မယောင်ပါပင်။
ထောင်သောင်းချီသည့် စစ်သည်များသည် မားမားမတ်မတ် ရပ်ရင်း နားစိုက်ထောင်နေကြ လေ၏။
သူတို့၏ မျက်ဝန်းများသည် စူးရှ တောက်ပလျက် ရှိနေကြသည်။
စကားလုံး တစ်လုံးချင်းဆီတိုင်းသည် သူတို့၏ နှလုံးသားအတွင်းသို့ နစ်မြုပ်ဝင်သွားသလို ခံစား နေကြရလေ၏။
“တိုက်ပွဲပျော်အရက် . . .”
အဓိပ္ပါယ်မှာ ရှင်းလင်းလှသည်။
“တိုက်ပွဲပျော် အရက် . . .”
မင်းသား ဟွာရန်းမှ ရုတ်တရက် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်လေ၏။
ထို့နောက် သောင်းနဲ့ချီသော စစ်သည်များသည် တိတ်ဆိတ်သည့် ညအချိန်တွင် သံပြိုင် လိုက်လံ၍ အော်ဟစ်လိုက်ကြလေ၏။
“အောင်မြင်မှု အရက် . . .”
အားလုံးသော စစ်သည်တော်များသည် အဆုတ်များ ကွဲထွက်တော့မတတ် အင်တိုက်အားတိုက် အော်ဟစ်နေကြသည်။
ထိုအချိန်တွင် မြို့တော်တစ်ခုလုံး ကျယ်လောင်လှသည့် အသံများကြောင့် တုန်ခါနေ၏။
ရဲရှောင်မှာမူ တုန်လှုပ် ချောက်ခြား နေမိလေသည်။ သူ၏ တစ်ကိုယ်လုံးရှိ သွေးများသည် မဆူပွက်ဘဲ မနေနိုင်အောင် ဆူပွက်၍ လာမိ၏။ သူ့ကိုယ်သူပင် မထိန်းလိုက်နိုင်ချေ။
ကြီးကျယ်ခမ်းနားမှု . . .
ယောကျာ်းသားများစွာ တစုတစည်းတည်း ရှိနေမှု . . .
အားလုံးသည် စစ်သည်တော်များ ဖြစ်နေမှု . . .
တိုက်ပွဲအတွက် အသင့်ဖြစ်နေကြမှု . . .
စသည်တို့အား မြင်တွေ့ရသဖြင့် သူသည် မအံ့သြ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။
ထိုအချိန်တွင် မင်းသား ဟွာရန်း၏ ကျယ်လောင်လှသည့် အသံသည် ထပ်မံ၍ ထွက်လာပြန် ပါသည်။
“ဒီနေ့ . . . ငါတို့တွေ တိုက်ပွဲပျော် အရက်ကို သောက်ကြမယ် . . .”
“နောက်မဆုတ်တမ်း ရှေ့တိုးကြမယ် . . .”
အားလုံးသော စစ်သည်တော်များသည်လည်း ပြိုင်တူ အော်လိုက်ကြပြန်၏။
“ငါတို့တွေ အောင်မြင်မှုနဲ့ အတူတူ ပြန်လာကြမယ် . . .”
မင်းသား ဟွာရန်း၏ အော်သံသည် မိုးထိအောင် ပြန့်လွင့်လျက် ရှိသည်။
“ငါတို့တွေ အောင်မြင်မှု စားသောက်ပွဲမှာ တိုက်ပွဲပျော် အရက်ကို သောက်ကြမယ် . . .”
မင်းသားဟွာရန်းမှ ဆက်လက်၍ –
“ညီနောင်တို့ . . . မင်းတို့ရဲ့ ခွက်တွေကို မြောက်လိုက်ပါ။ မော့ချလိုက်ပါ။ ငါတို့ရဲ့ သွေးတွေ အတူတူ ကြွလာကြမယ် . . .”
နန်းတော်၏ ပတ်လည်ရှိ လူများအားလုံး ခွက်များအား မြောက်လိုက်ကြသည်။ ထို့နောက် တစ်ခါတည်း မော့ချလိုက်ကြပါတော့သည်။
လူတိုင်း၏ မျက်နှာသည် ရဲခနဲ ဖြစ်သွားကြ၏။
လူတိုင်း၏ သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်နေကြလေ၏။
“ငါ့ခွက်ကတော့ ကုန်သွားပြီ . . . မင်းတို့ရော . . .”
မင်းသားဟွာရန်း မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
“ကုန်သွားပါပြီ . . .”
စစ်သည်များမှ သံပြိုင် ဖြေလိုက်ကြလေ၏။
“ထပ်ထည့်ကြ . . .”
မင်းသား ဟွာရန်းလည်း ရယ်မော၍ ပြောလိုက်ပြန်သည်။
ထို့နောက် ဆက်လက်၍ –
“ညီတောင်တို့ မင်းတို့ရဲ့ တိုက်ပွဲပျော် အရက်ကို ပျော်ပျော်သောက်။ ပြီးရင် တိုက်ပွဲမှာ ရန်သူတွေရဲ့ ခေါင်းတွေကို ဖြတ်ပစ်ကြ။ ငါတို့တွေ သေရင်တောင်မှ အပြုံးမပျက်ဘဲ သေကြရမယ်။ သေသေရှင်ရှင် နောက်ဆုတ်ရိုးထုံးစံ မရှိဘူး . . .”
ယခုနေရာသည် မင်းသားဟွာရန်း၏ နန်းတော် ဖြစ်သည်။
စစ်သည်တို့ အထိုင်ချထားသည့် နေရာတစ်ခုလည်း ဖြစ်၏။
“ညီနောင်တို့ ကုန်အောင် သောက်ကြ . . .”
. . .
သောက်ပြီးနောက် မင်းသားဟွာရန်းသည် သူ့ထိုင်ခုံမှ ဆင်းသွားပြီး ပင်မ ခန်းမ အတွင်းသို့ ဝင်လာလေ၏။
လူတိုင်းသည် သူ့အား လေးစားသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြလေသည်။ အလွန်ပင် ရိုကျိုးသည့် ဟန်ပန်မျိုးလည်း ရှိကြ၏။ တိုက်ပွဲအတွင်း စစ်နတ်ဘုရားတစ်ဦးကို ကြည့်နေကြ သကဲ့သို့ ပါပင်။
ရဲရှောင်ပင် မင်းသားဟွာရန်းအား စိတ်ထဲမှ လေးစားနေမိသည်။
မင်းသား ဟွာရန်းဆိုသည်မှာ ဂုဏ်ပုဒ်နှင့် ထိုက်တန်သော လူတစ်ယောက်ဟုလည်း သူ့စိတ်ထဲ အသိအမှတ်ပြုနေမိသည်။ နိုင်ငံတော်၏ စစ်နတ်ဘုရားဟူသည့် ဂုဏ်ပုဒ်နဲ့ပင် ဖြစ်သည်။
ယခုစုရုံမှုသည် သူမြင်ဖူးသမျှ ထဲတွင် အင်အားအကောင်းဆုံး စုစည်းမှု တစ်ခုပင် ဖြစ်၏။
အရက်သောက်သည့် ပွဲတစ်ခုပင် ဖြစ်သော်လည်း မည်သည့် ကြီးကျယ်သော အခမ်းအနားမျှ မပါဝင်ချေ။
ထိုကဲ့သို့ မည်သူကများ စုရုံးနိုင်ပါမည်နည်း . . .။
ယခုကဲ့သို့ သစ္စာရှိ စစ်သည်များစွာ ရှိနေခြင်းသည် ကမ္ဘာကြီးပေါ်တွင်ပင် မြင်ရခဲ့သည့် ဖြစ်ရပ် တစ်ခု ဖြစ်၏။
မင်းသားဟွာရန်း ယခုစစ်သည်များအား ဦးဆောင်၍ တိုက်ပွဲတွင် တိုက်ခိုက်နေပုံမှာ အလွန်ပင် ကြည့်ကောင်းလှမည် ဆိုတာကို သူသိနေလေသည်။
ကြီးမြတ်သော စစ်သူကြီး တစ်ဦးပင် မဟုတ်ပါလား . . .။
ကြီးကျယ်လှသည့် တပ်မဟာကြီးပင် မဟုတ်ပါလား . . .။
ထိုကဲ့သို့ အစစအရာရာ ပြည့်စုံမှု ရှိသည့် အခြေအနေတွင် မည်သို့မျှ စစ်ရှုံးနိုင်မည် မဟုတ်ချေ။
လူတိုင်း၏ အကြည့်အား ခံယူရင်း မင်းသား ဟွာရန်းသည် လျှောက်လှမ်းလာသည်။ သူ၏ မျက်နှာထားမှာမူ သံမဏိကဲ့သို့ ခက်ထန်၍ အေးစက်လှ၏။ မျက်လုံးများမှာမူ စူးရှလှပြီး စစ်သူကြီးများ၏ မျက်နှာများသို့ တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
“ညီနောင်တို့ . . .”
မင်းသားဟွာရန်း ခွက်အား မြောက်ပြလိုက်သည်။
“ကြီးမြတ်လှသော စစ်သူကြီး . . .”
အားလုံးသည် တစ်ချိန်တည်း မတ်တတ်ထရပ်လိုက်ကြ၏။
“အောင်မြင်မှု အပေါင်း ခညောင်းပါစေ . . .”
“ကျေးဇူးတင်တယ် ညီအစ်ကို ညီနောင် အပေါင်းတို့ . . . ငါတို့တွေ မင်းတို့ရဲ့ ကောင်းချီးပေးမှု ကြောင့် အောင်မြင်မှုတွေ ပွေ့ပိုက်ပြီး ပြန်လာရမယ်လို့ မျှော်လင့်ပါတယ်။ ရန်သူမှန်သမျှကို သနားညှာတာ ခြင်း လုံးဝ မရှိဘဲနဲ့ ခြေမှုန်းခဲ့ပါ့မယ် . . .”
မင်းသားဟွာရန်း အရက်ခွက်အား သောက်လိုက်၏။
“မင်းသား ဆန္ဒများ ပြည့်ဝပါစေ . . .”
ထိုလူများ အားလုံးသည် သံပြိုင် ပြောလိုက်ကြ၏။
ထိုလူများ၏ အသံများသည် ကျယ်လောင်လှသဖြင့် အမိုးများပင် လွင့်ထွက်သွား မတတ်ပါပင်။
မင်းသား ဟွာရန်းလည်း ရယ်မောကာဖြင့် သူ့ထိုင်ခုံတွင် ဝင်ထိုက်လိုက်၏။ ထိုကဲ့သို့ ထိုင်ပြီး ချိန်မှ စ၍ အရာအားလုံးသည် သက်ဝင်လှုပ်ရှား သွားကြလေသည်။
ရုတ်တရက် ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပါပင်။
“သောက်ကြဟေ့ . . .”
“ထည့်ပါဦး . . .”
“တော်ပြီလား . . .”
“သေအောင် သောက်မယ်ကွာ . . .”
“မသောက်တဲ့ကောင်က သစ္စာဖောက်ပဲဟေ့ . . .”
. . .
ပင်မခန်းမကြီး အတွင်းတွင်လည်း ထို့အတူပါပင်။
အရက်နံ့များသည်လည်း ထိုနေရာတဝိုက်တွင် လွှမ်းခြုံထားသလို ဖြစ်နေသည်။ ထိုအချိန် အားလုံးသည် စိတ်ပါလက်ပါကို သောက်နေကြပါတော့သည်။
အတွေ့အကြုံများလှသည့် စစ်သည်ရဲမက်များသည် ရယ်မော အော်ဟစ်ကာဖြင့် တခဏအတွင်းမှာပင် အရက်စည် ၂၀ လောက်သည် ချက်ချင်းကို ကုန်သွားခဲ့လေ၏။ အစားအသောက် များကိုမူ ထိပင် မထိကြရသေးချေ။ လူတိုင်းသည် အရက်များအား ရေကဲ့သို့ သောက်နေကြခြင်း ဖြစ်၏။
အရက်သောက်လေ့ သောက်ထ မရှိသူများမှာ နည်းနည်း သောက်ရုံဖြင့်ပင် မူးနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် စားပွဲအောက်နားတွင် ထိုင်ရင်း ကျင့်ကြံမှုများ ပြုလုပ် နေကြ၏။
အရက်ကို နှစ်ခြိုက်ကြသည့် လူများမှာမူ အော်ဟစ်ကြရင်းဖြင့် အငမ်းမရ သောက်နေကြသည်။
အစတုန်းက စည်းစနစ်တကျဖြင့် ညီညီညာညာ ရှိနေခဲ့ကြ သူများသည် ယခုအခါ ပြောင်းလဲ သွားကြပြီ ဖြစ်၏။
ထိုလူများသည် အရက်စသောက်ကြသည်နှင့် စီနီယာ၊ ဂျူနီယာ ဟူ၍ မခွဲခြားနေကြတော့ဘဲ ပျော်ရွှင်စွာ လည်ပင်းဖက် သောက်ကြလေ၏။
တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေသည် ဆိုးရွားမည် ဆိုတာကို အားလုံး သိနေကြ၏။ တောင်ပိုင်း စစ်သူကြီးပင် မခံနိုင်တော့သည့် အနေအထား ရောက်စေသဖြင့် သာမန် အခြေအနေမျိုးတော့ မဟုတ်လောက်ပေ။ အလွန်ခက်ခဲသည့် တိုက်ပွဲတစ်ခု ဖြစ်မည်မှာ သေချာလှပေသည်။
ထိုတိုက်ပွဲ မြေပြင်သို့ ရောက်ကြပါက သူတို့ကိုယ်သူတို့ သေမလား ရှင်မလား ဆိုတာကို မည်သူမျှ အာမခံနိုင်ကြမည် မဟုတ်ချေ။ ယခုလူများ ထဲမှ အများစုသည် ပြန်လာနိုင်ချင်မှ ပြန်လာနိုင်ပေလိမ့်မည်။
ထို့ကြောင့် နောက်ဆုံး သောက်စားရခြင်း အနေဖြင့် ပျော်ရွှင်စွာ စိတ်လွတ်လက်လွတ် သောက်စား နေကြခြင်း ဖြစ်၏။
ထိုကိစ္စကို ထုတ်ဖော်မပြောကြသော်လည်း စိတ်ထဲတွင် အားလုံး နားလည်ထားကြပြီးသား ဖြစ်သည်။
လူတိုင်းသည် တူညီသော အတွေးကို တွေးနေမိကြမည်မှာ သေချာလှပေသည်။
(ငါဒီတစ်ကြိမ် ပြန်မလာနိုင်တော့ ရင်တောင်မှ ဒီနေ့ ငါ့ညီအစ်ကိုတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် သောက်ခဲ့ရတာပဲ။ အန်ဖတ်စို့အောင် သောက်ပစ်မယ်။ သေမယ် ဆိုတောင် သေပျော်ပါပြီလေ . . .)
(အန်ဖတ်စို့ရင်တောင်မှ ဆက်သောက်နေမိဦးမှာပဲ . . .)
(ငါတို့တွေ တိုက်ပွဲနိုင်ပြီးသာ ပြန်ရောက်လာရင် ဒီထက်ပိုပြီး သောက်နိုင်ကြဦးမှာ။ ဒါပေမဲ့ ပြန်မရောက်လာနိုင်ခဲ့ရင်တော့ ဒါက နောက်ဆုံးပေါ့ . . .)
သူတို့သည် ထိုအချိန်တွင် ဆူညံစွာဖြင့် သောက်စားနေကြပြီး တစ်ယောက်ယောက်သာ ဝင်လာပါက အလွန်စည်ကားသော ဈေးကြီး တစ်ဈေးထဲသို့ ရောက်သွားသလို ခံစားရစေမည် ဖြစ်ပါသည်။
. . .
“ဟေး ကျောင်း . . . လာစမ်းပါဦး။ ဒီကိုလာခဲ့။ မင်းနှယ်ကွာ ဟိုတစ်ခေါက်တုန်းက ငါ့ရဲ့ ပခုံးရိုးကို ချိုးခဲ့တယ်လေ။ အခု လာသောက် . . . အဲဒီလိုဆို ဒီရန်ငြိုးကို ကျေပြီလို့ သတ်မှတ်လိုက်မယ် . . .”
“အရူး . . . မင်းလည်း ငါ့ဘောကို ကန်ခဲ့တယ်လေ မှတ်မိလား။ ငါ့မှာ တစ်လလောက် အဲဒီနေရာကို ဖိထားရင်း အိပ်ယာထဲ လဲနေခဲ့ရတယ်။ ငါ့မိန်းမတောင် ကံကောင်းလို့ မုဆိုးမ မဖြစ်တာ။ သောက်ရေးမပါတဲ့ကောင်၊ ငါက မင်းထက်တောင် ပိုသဘောထားကြီးပါတယ်ကွ . . .”
. . .
“ဟာ . . . ဆောင်လျိုးပါလား . . . ခွေးကောင်၊ မင်းငါ့ရွှေတွေ ခိုးပြီး လောင်းလိုက်တယ်ဆို။ မင်းကို ခွင့်လွှတ်လိမ့်မယ်တော့ မထင်နဲ့၊ ဒါနဲ့ မင်းနိုင်သွားလား ရှုံးသွားလား . . .”
“အပိုတွေ ပြောမနေပါနဲ့ကွာ၊ ငါမင်းရဲ့ ရွှေတွေကို မခိုးပါဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက မင်းဆီက ကျောက်ပြား ၂ ပြားလားပဲ ယူတာပါ။ ငါလည်း ပထမတော့ ချီတုန်ချတုန် ဖြစ်နေပါသေးတယ်။ နောက်တော့လည်း ယူလိုက်မိတယ်လေ။ ဒါပေမဲ့ မင်းရဲ့ချီးထုပ် ကျောက်ပြားတွေက ကံမကောင်းဘူး။ ပါသမျှ ကုန်ပါလေရော . . .”
“ဘာ . . . ခွေးကောင်။ အဲဒီနေ့ညက ငါ့ကျောက်ပြားတွေ ခိုးသွားတာ မင်းကိုး . . . ရုတ်တရက် ဘယ်ရောက်သွားပါလိမ့်လို့ စဉ်းစားနေတာ။ ပြန်ပေးစမ်း . . .”
. . .
“တန်ရှိရီ . . . ခွေးသူတောင်းစား၊ မင်းတို့အဖွဲ့ ဟိုတစ်ခါ ငါ့ကို ရိုက်သွားတာ ငါ့မှာ အကြာကြီး အိပ်ယာထဲ လဲခဲ့ရတယ်။ မင်းက လူတွေ အများကြီး ခေါ်လာတာလေ။ အခု ငါပြောမယ်။ မင်းတို့ အဖွဲ့နဲ့ ငါတို့အဖွဲ့ ချမလား . . .”
“ဟမ့် . . . မင်းကများ။ မင်းက ဘယ်လိုလူတွေများ ခေါ်လာနိုင်မှာ မို့လို့လဲ။ အရှုံးသမားတွေပဲ မလား . . . မင်းကို လွှတ်ပေးလိုက်တာတောင် ကံကောင်းတယ်မှတ်။ နောက်မို့ဆို မင်းလည်း ဒုက္ခိတဘဝ ရောက်နေလောက်ပြီ . . .”
“ယီးပဲကွာ . . .”
“မင်းကိုရော၊ မင်းတို့ မျိုးနွယ်ကိုပါ ယီးပဲ . . .”
“ကောင်းပြီလေ ဒါဆို မင်းနဲ့ငါ ဘယ်သူ အန်ဖတ်စို့မလဲ ပြိုင်သောက်ကြမလား . . .”
“လုပ်လိုက်လေ . . . ငါ့ကိုများ ကြောက်မယ် ထင်နေတာလား။ မင်းသာ အရင် အန်ဖတ်စို့ သေမဲ့ကောင် . . .”