အခန်း (၆၄၈) သိကျန်း
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ တစ်ခါတည်း ရွေးချယ်မှု လုပ်လိုက်ပါတယ်။ ရှကျဲ့မျိုးနွယ်စုက အရမ်းစွမ်းအားကြီးတာကြောင့် ဟန်ကျွယ်အတွက် တော်တော်လေး အရေးပါတဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။ ဟန်ကျွယ်က သူတို့ကို ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခကို သောင်းကျန်းမဲ့ တာအိုပညာရှိအတု တစ်သောင်းကို ပျိုးထောင်ချင်နေတာပါ။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲကို ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မှောင်မိုက်တဲ့ ခန်းမတစ်ခုကို ရောက်သွားပါတယ်။ ခန်းမရဲ့ ဘေးနှစ်ဖက်မှာ လျှို့ဝှက်ဆန်းကြယ် သားရဲကြမ်းပုံတွေကို ထွင်းထားတဲ့ ကျောက်တိုင်ကြီးတွေ ရှိနေပါတယ်။ ကျောက်တိုင်ရဲ့ မျက်နှာပြင်ဟာ ထိုးဖောက်မြင်ရပြီး ချော်ရည်တွေ ထိုးထွက်လာတော့မဲ့ အတိုင်းပါပဲ။ ခန်းမရဲ့ မျက်နှာကျက်မှာတော့ တိမ်မည်းတွေ အုံ့ဆိုင်းနေပါတယ်။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ ကျောက်ရုပ်တု ဆယ်ရုပ်ကို တွေ့လိုက်ရပါတယ်။ ဒီကျောက်ရုပ်တုတွေက ရက်စက်ကြမ်းကြုတ်ပြီး ကိုယ်ဟန်မျိုးစုံ ရှိပါတယ်။ ဒီကျောက်ရုပ်တု ဆယ်ရုပ်ရဲ့ ရှေ့မှာတော့ ကျောက်သားနဲ့ ပြုလုပ်ထားတဲ့ လှေကားထစ်ပေါင်း တစ်သန်း ရှိနေပါတယ်။
လှေကားထစ် တစ်သန်းရဲ့ ထိပ်မှာတော့ ယဇ်ပလ္လင်တစ်ခု ရှိနေပြီး ကောင်းကင်ပြင်မှာ ပေါလောမျောနေပါတယ်။ ယဇ်ပလ္လင်ပေါ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းတဲ့ လူတစ်ယောက်ဟာ အပေါ်ပိုင်း အဝတ်အစားမပါဘဲ တရားထိုင်နေပါတယ်။ ဒီလူရဲ့ ဆံပင်နက်တွေက လေထဲမှာ လူးလွန့် ပြန့်ကျဲနေပါတယ်။ သူ့ကြွက်သားတွေကလည်း ဖုထစ်နေပြီး လူသားပုံစံရှိတဲ့ သားရဲကြမ်းတစ်ကောင်လိုပါပဲ။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သိကျန်း: မဟာတာအိုပညာရှိ၊ ဘိုးဘေးမှော်ဆရာများ၏ ခေါင်းဆောင်၊ အနန္တဧကရာဇ်၊ ပန်ကူး၏ မျိုးဆက်။]
ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ဘိုးဘေးမှော်ပညာရှိက တကယ်ကြီး အသက်ရှင်နေသေးတာလား… ဒါဆို ဒီကျောက်ရုပ်တု ဆယ်ရုပ်က ကျန်နေသေးတဲ့ ဘိုးဘေးမှော်ပညာရှိ ဆယ်ပါး ဖြစ်ရမယ်’
သိကျွင်းတောင် အသက်ရှင်နေသေးတဲ့အတွက် သိကျန်း အသက်ရှင်နေသေးတာက သိပ်တော့ မဆန်းပါဘူး။ ဟန်ကျွယ်သိတဲ့ လောကဦး ဒဏ္ဍာရီထဲမှာ မှော်ဆရာမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုဟာ လောကကြီးရဲ့ အင်အားအကြီးဆုံး မျိုးနွယ်စုနှစ်စု ဖြစ်ပါတယ်။ အထွတ်အထိပ်ကို ရောက်ဖို့အတွက် မျိုးနွယ်စုနှစ်စုဟာ အချင်းချင်း တိုက်ခိုက်ကြပြီး အနန္တကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့ကိုယ်သူ ပြန်လည်မွေးဖွားခြင်းအဖြစ် ပြောင်းလဲလိုက်တဲ့ ဧကရီဟုတ်ထိုကလွဲရင် ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးစလုံးဟာ သိကျွင်း၊ အရှေ့ဧကရာဇ် ထိုက်ယီတို့နဲ့အတူ ပျက်စီးခဲ့ရပါတယ်။ တကယ်ကို ကြေကွဲဖို့ကောင်းတဲ့ အဖြစ်အပျက်ပါ။
ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ဒီသမိုင်းက မမှန်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဒီသမိုင်းကို ကိုယ်တိုင်မကြုံဖူးပါဘူး။ ဒီအချိန်မှာပဲ သိကျန်းဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “ဘယ်သူက ငါ့မှော်မျိုးနွယ်စုရဲ့ သွေးစည်းကို ကြားဖြတ်ယူနေတာလဲ”
သိကျန်းဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီးနောက် ထူးဆန်းသွားပါတယ် “ဟုတ်ထို… ဟင်း… ထားလိုက်ပါတော့…” သိကျန်းဟာ လက်မြှောက်ပြီး မန္တန်တစ်ခုကို စီရင်လိုက်ပါတယ်။ ဒါကို မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ သိကျန်းက ရှကျဲ့မျိုးနွယ်စုရဲ့ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်လိုက်မှန်း သိလိုက်ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရလဲတော့ ဟန်ကျွယ်လည်း မသိပါဘူး။ ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
အစစ်အမှန်ကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မေးစေ့ကိုပွတ်ပြီး စဉ်းစားလိုက်ပါတယ်။ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းဖို့က သိကျန်းကို သတ်ပစ်ဖို့ပါ။ ဒါပေမဲ့ သိကျန်းက သူနဲ့ ရန်ငြိုးရန်စ မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလိုသိက္ခာမဲ့တဲ့ အလုပ်မျိုးကို မလုပ်နိုင်ပါဘူး။
‘ထားလိုက်ပါတော့… ငါ နည်းနည်း ထပ်စောင့်လိုက်ပါမယ်’
ဘာပဲဖြစ်ဖြစ် သိကျန်းက ဧကရီဟုတ်ထိုကို ဆက်သွယ်နေပါပြီ။ သူတို့နှစ်ယောက်တွေ့တဲ့အခါ သူ ဒီကိစ္စကို ဖြေရှင်းလိုက်ရင် သူတို့တွေက ရှကျဲ့မျိုးနွယ်စုရဲ့ ကျင့်ကြံမှုကန့်သတ်စည်းကို ဖျက်နိုင်မှာပါ။
ဟန်ကျွယ်ဟာ နည်းနည်း ရင်ထဲမှာ ခံစားသွားရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ သွေးစည်းကို ဖိနှိပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ကိုယ်တိုင်လုပ်တာပါ။ သိကျန်းလိုမျိုး ဟိုအဝေးကြီးကနေ လှမ်းဖိနှိပ်တာ မဟုတ်ပါဘူး။ အာကာသတွေ ခြားနေတာတောင် အလွယ်လေး လှမ်းလုပ်နိုင်တဲ့ သိကျန်းရဲ့ အစွမ်းက တကယ်ကို သိမ်မွေ့နက်နဲလှပါတယ်။
သေချာပြန်စဉ်းစားကြည့်ရင် ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိကို သတ်ဖို့ နည်းလမ်း မရှိပါဘူး။ ပြီးခဲ့တဲ့ ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိက သေဆုံးသွားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျိန်စာ ဆက်မတိုက်ခံရအောင် သေချင်ယောင် ဆောင်တာပဲ။
တကယ်သေသွားတာက ပုစီချီတောက်ပါ။ ဒါကလည်း ဘိုးဘေးရှီတျန်က ပုစီချီတောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်လို့ပါ။ ဒါကြောင့် ပုစီချီတောက်ကို ဘိုးဘေးရှီတျန်နဲ့ ဟန်ကျွယ်က ပေါင်းသတ်တာလို့ ပြောလို့ရပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောကာ ဒီအကြောင်းတွေကို ဆက်မတွေးတော့ပါဘူး။
ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ဟန်ကျွယ်ဟာ မဟာတာအိုကို ကျော်တက်သွားမှာပါ။ တစ်နေ့မှာ မဟာတာအိုပညာရှိတွေက သူ့ရှေ့မှာ ကြက်ကလေး ငှက်ကလေးလို ဖြစ်သွားရင် အလွယ်လေး သတ်လို့ရပါပြီ။
အင်မော်တယ်ကမ္ဘာ၊ လူသားမျိုးနွယ်စု အင်ပါယာမြို့တော်။
အိမ်တော်တစ်ခုရဲ့ ဝင်းခြံထဲမှာ ဟန်ယွီဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဟန်ယွီဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ငယ်ရွယ်တဲ့ရောင်ဝါကို ထုတ်လွှတ်နေပါသေးတယ်။ ဟန်ယွီဟာ တည်ငြိမ်ကာ ခမ်းနားထည်ဝါပုံ ရှိပေမဲ့ သူ့မျက်နှာကိုကြည့်ရင် လောကဓံရဲ့ တိုက်စားမှုဒဏ်ကို ခံထားရတယ်ဆိုတာ သိသာလှပါတယ်။
ဟန်ယွီရဲ့ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ်ရဲ့တပည့် လုံဟောင်ပါ။ လုံဟောင်ဟာ ချောမောပြီး မိစ္ဆာဧကရာဇ်နဲ့ တော်တော်လေး ဆင်ပါတယ်။ လုံဟောင်ဟာ ဟန်ယွီရဲ့ရှေ့မှာ ဟန်ကျွယ် သူ့ကို မျက်နှာချင်းဆိုင်သလိုမျိုး မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ယွီဟာ လုံဟောင် ရောက်လာတာကို အာရုံခံမိတာကြောင့် မျက်လုံးမဖွင့်ဘဲ မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
လုံဟောင်က ရယ်လိုက်ပါတယ် “ငါ နဂါးနန်းတော်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ၊ မင်း ပါချင်လား၊ ငါ နဂါးနန်းတော်ကို ထိန်းချုပ်နိုင်ရင် မင်းကြိုက်တဲ့ နတ်လက်နက်ကို ရွေးချယ်လို့ရတယ်၊ နဂါးမျိုးနွယ်စုက ရတနာတွေ စုဆောင်းရတာ အကြိုက်ဆုံးဆိုတာကို မင်းလည်း သိတယ်မလား”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်လုံးကို ပင့်တင်ကာ ဒေါသတကြီး ပြောလိုက်ပါတယ် “အရင်တစ်ခေါက်တုန်းက လျှို့ဝှက်နယ်မြေကို မင်းနဲ့အတူသွားတာ ငါ့ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရတယ်၊ မင်းက ငါ့ကို ထပ်ပြီးတော့ လှည့်စားချင်သေးတာလား”
ဒီအချိန်မှာပဲ ဟောင်တျန်ရဲ့ ဝိညာဉ်ဟာ လုံဟောင်ရဲ့ ခေါင်းထက်မှာ ထွက်ပေါ်လာပါတယ်။ ဟောင်တျန်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “မိတ်ဆွေလေး ဟန်ယွီ… အဲဒီလိုတော့ မပြောနဲ့၊ ငါတို့လည်း မင်းကို အကောင်းဆုံး သဘာဝရတနာ ပေးခဲ့တယ်မလား”
ဟန်ယွီရဲ့ ခေါင်းထက်မှာလည်း ဝိညာဉ်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီဝိညာဉ်က အနန္တကပ်ဘေးရဲ့ အကုသိုလ်ကံတွေ စုစည်းပြီး ဖြစ်တည်လာတဲ့ တည်ရှိမှုတစ်ခုပါ။ ဟန်ကျွယ် ဟန်ထော်ကို ကူပြီး ဖိနှိပ်ပေးလိုက်တဲ့ ကပ်ဘေးရန်ငြိုးနဲ့ ပုံစံအတူတူပါပဲ။
“ကျွတ်..ကျွတ်… အဲဒါက ဘာမှမဟုတ်ဘူး၊ ဟန်ယွီက အဲဒီလို ရတနာမျိုးကို လူသားမျိုးနွယ်စုကနေ စကားတစ်ခွန်းတည်းနဲ့ ရနိုင်တယ်” ကပ်ဘေးရန်ငြိုးဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။
ကပ်ဘေးရန်ငြိုးရဲ့ လေသံက ဟန်ယွီရဲ့ လေသံနဲ့ တော်တော်တူပါတယ်။ ကပ်ဘေးရန်ငြိုးဟာ ဟောင်တျန်ကို သိပါတယ်။ ကျယ်ပြောလှတဲ့ အကုသိုလ်ကံတွေထဲမှာ သရဲအချို့က ဟောင်တျန်ကို မြင်ဖူးပါတယ်။ အဲဒီမှတ်ဉာဏ်တွေကို ကပ်ဘေးရန်ငြိုးက စုပ်ယူခဲ့တာကြောင့် ဟောင်တျန်ကို သိနေတာ ဖြစ်ပါတယ်။
ဟောင်တျန်ဟာ ကပ်ဘေးရန်ငြိုးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “လူသားတွေက ဘယ်လိုလုပ်ပြီး နဂါးမျိုးနွယ်စုကို ယှဉ်နိုင်မှာလဲ”
“ကျွတ်..ကျွတ်… လူသားတွေက နဂါးမျိုးနွယ်စုကို အနိုင်ယူနိုင်မှာ ကျနေတာပဲ၊ တကယ်လို့ ရှုံးနိမ့်ခဲ့ရင် လူသားမျိုးနွယ်စုပဲ ဒုက္ခရောက်မှာ”
ကပ်ဘေးရန်ငြိုးနဲ့ ဟောင်တျန်ဟာ အချေအတင် ပြောပါတော့တယ်။ ဒါကို ကြည့်ပြီး ဟန်ယွီဟာ ခေါင်းကိုက်သွားပါတယ်။ ဟန်ယွီဟာ လုံဟောင်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ငါတို့တွေ သွားမှ ဖြစ်မှာလား…”
လုံဟောင်ဟာ လက်နှစ်ဖက်ကို ဖြန့်လိုက်ပါတယ် “ငါ့မှာ ရွေးချယ်စရာ မရှိဘူး၊ ငါ့ဆရာသခင်က အမိန့်ပေးထားတာ၊ ငါ ဒီကိစ္စကို မလုပ်ရင် ဂိုဏ်းထဲကနေ အထုတ်ခံရလိမ့်မယ်”
ဟန်ယွီဟာ စပ်စုလိုက်ပါတယ် “မင်းရဲ့ ဆရာသခင်က ဘယ်သူလဲ၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ရဲ့ ဆရာသခင်က အရမ်းစွမ်းအားကြီးမှာပဲ၊ ဟုတ်တယ်မလား… အနည်းဆုံး တာအိုပညာရှိအတုအဆင့်တော့ ရှိမှာပဲ” ဟန်ယွီဟာ ဒီအကြောင်းကို အရင်ကတည်းက သိချင်နေခဲ့တာပါ။ ဒါပေမဲ့ လုံဟောင်ဟာ ဒီကိစ္စနဲ့ ပတ်သက်လာရင် လုံးဝ ပါးစပ်မဟပါဘူး။
လုံဟောင်ဟာ ပြုံးလိုက်ပါတယ် “ငါ့ဆရာသခင်က တာအိုပညာရှိပဲ၊ ဘယ်လိုလဲ၊ ဒီလိုစွမ်းအားကြီး နောက်ခံရှိနေတော့ မင်း စိတ်သက်သာရာ ရသွားပြီလား”
ဟန်ယွီကလည်း အထင်အမြင်သေးစွာ ပြန်ပြောလိုက်ပါတယ် “ငါ့ဆရာသခင်ကလည်း တာအိုပညာရှိပဲ”
“မင်းဆရာသခင်က ငါ့ဆရာသခင်ရှေ့မှာဆို ဒူးထောက် ရှိခိုးရတယ်”
“မဖြစ်နိုင်တာ…” ဟန်ယွီဟာ အစော်ကားခံရသလိုမျိုး ဒေါသတကြီး ပြောလိုက်ပါတယ်။ ဟန်ယွီရဲ့ နှလုံးသားထဲမှာ လီတောက်ခုံးက ဘယ်သူမှ မယှဉ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ သူက ကောင်းကင်တာအို တစ်ခုလုံးမှာ မာနအကြီးဆုံး ပုဂ္ဂိုလ်ပါ။
လုံဟောင် ဟန်ယွီရဲ့ အမူအရာကိုကြည့်ပြီး ပိုလို့တောင် ရယ်ချင်သွားပါတယ် ‘ငအလေး…’ လုံဟောင်ဟာ ဟန်ယွီက ဟန်ကျွယ်ရဲ့ မျိုးဆက်မှန်း သိပါတယ်။ ဒါပေမဲ့ ထုတ်မပြောပါဘူး။
လုံဟောင် ဒီလိုသိတာကလည်း တွက်ချက်ကြည့်လို့ မဟုတ်ပါဘူး။ အချက်အလက် တချို့ကိုကြည့်ပြီး ခန့်မှန်းလိုက်တာပါ။ ဟန်ယွီက ဟန်ကျွယ်နဲ့ ဆင်လွန်းပါတယ်။ ဒါကြောင့် သူက ဟန်ကျွယ်နဲ့ ကျိန်းသေပေါက် ပတ်သက်နေမှာပါ။ ဒါကြောင့်လည်း လီတောက်ခုံးက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာပါ။ ဒါပေမဲ့ လီတောက်ခုံးက ဟန်ယွီကို အမှန်မပြောပြထားတဲ့အတွက် လုံဟောင်ဟာ ထုတ်မပြောရဲပါဘူး။
“ကောင်းပြီ၊ ငါ အတည်ပြောနေတာ၊ ငါနဲ့ လိုက်ခဲ့ချည်၊ ငါ မင်းကို လိုအပ်တယ်” လုံဟောင်က အလေးအနက် ပြောလိုက်ပါတယ်။ ဟန်ယွီဟာ အားမနည်းပါဘူး။ လီတောက်ခုံးရဲ့ အမွေကို ဆက်ခံထားတာကြောင့် အဆင့်တူထဲမှာ ပြိုင်ဘက်ရှားပါတယ်။
ကောင်းကင်တာအို ပြန်စပြီးနောက် လုံဟောင်ရဲ့ နဂါးရုံးတော်ဟောင်း ပျက်စီးသွားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ မိတ်ဆွေဟောင်းအချို့ ရှိနေပါသေးတယ်။ ဒါပေမဲ့ လုံဟောင် သူတို့ဆီ သွားလည်တော့ အကုန်လုံးက လုံဟောင်နဲ့ ဆက်ဆံရေး ဖြတ်တောက်ချင်ကြပြီး ဘယ်သူမှ သူ့နောက် မလိုက်ချင်ကြပါဘူး။ ဒီကိစ္စက လုံဟောင်ကို တော်တော်လေး မခံမရပ်နိုင် ဖြစ်စေပါတယ်။
ကူကယ်ရာမဲ့သွားတဲ့ လုံဟောင်ဟာ ဟန်ယွီကိုပဲ လာရှာရပါတော့တယ်။ လုံဟောင်က ပြောလိုက်ပါတယ် “မင်း လူသားဧကရာဇ်ကို ဒီအကြောင်း ပြောပြလိုက်၊ အခု လူသားမျိုးနွယ်စုက ဘေးကျပ်နံကျပ် ဖြစ်နေတယ်၊ မင်းသာ နာမည်ကျော်ကြားချင်ရင် စွန့်စားမှုတော့ လုပ်ရမှာပဲ၊ ငါ နဂါးမျိုးနွယ်စုကို ထိန်းချုပ်နိုင်တာနဲ့ ငါ လူသားမျိုးနွယ်စုကို ကူညီပေးမယ်၊ ငါ့မှာ နဂါးစစ်မျိုးနွယ်စုရဲ့ သွေးစည်းရှိတယ်၊ နောက်ပြီး ငါက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ပဲ၊ ပင်လယ်လေးရပ်မှာရှိတဲ့ နဂါးဘုရင်တွေက ငါ့ကို မယှဉ်နိုင်ဘူး၊ ဒါပေမဲ့ ငါ့မှာ လက်အောက်ငယ်သား မရှိဘူး၊ နဂါမျိုးနွယ်စုရဲ့ အသုံးမကျတဲ့တပ်တွေကို ဟန့်တားဖို့ ငါ မင်းအကူအညီကို လိုတယ်”
တကယ်တော့ ဒါက လေထဲက စကားပါ။ လုံဟောင်ဟာ သူ့မှာလည်း အဆက်အသွယ်ရှိကြောင်း နဂါးမျိုးနွယ်စုကို ပြချင်တာပါ။
“ကောင်းပြီ… ငါ လူသားဧကရာဇ်ကို သွားရှာလိုက်မယ်”
“သွား.. သွား… အခုသွားချည်…” လုံဟောင်က အတင်းတိုက်တွန်းတဲ့အတွက် ဟန်ယွီလည်း မနေသာတော့ဘဲ လူသားဧကရာဇ်ကို သွားရှာရပါတော့တယ်။
နှစ်နာရီကြာတဲ့အခါ ဟန်ယွီဟာ တခြားလူလေးငါးဆယ်ယောက်နဲ့ ဝင်းခြံထဲမှာ ပြန်ပေါ်လာပါတယ်။ ဒီလူတွေက လူသားမျိုးနွယ်စုရဲ့ အထက်လူကြီးတွေ ဖြစ်ပါတယ်။ လူသားဧကရာဇ်လည်း ဒီအထဲမှာ ပါပါတယ်။ လူသားဧကရာဇ်ဟာ အသက်လေးဆယ်အရွယ် ရှိပေမဲ့ ချောတဲ့အထဲတော့ မပါပါဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေက ဂုဏ်သိက္ခာရှိပြီး ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 648
? Views, Released on December 11, 2024