အခန်း (၆၄၇) တိတ်ဆိတ် ဒဏ်ခတ်မျိုးနွယ်၊ ရှကျဲ့မျိုးနွယ်စု အဆင့်မတက်နိုင်ခြင်း
ဂိုဏ်းချုပ်တျန်ကျွယ်ကို လွှတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
လျှပ်တစ်ပြက်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအတောအတွင်း ကောင်းကင်အရှင်ရွှမ်တုဟာ သူ့တာအိုစက်ကွင်းကနေ ထွက်ခွာသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ မြေအင်မော်တယ်ကမ္ဘာကို ထိန်းချုပ်ပြီး ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို တိုးချဲ့နေတာ ဖြစ်ပါတယ်။
ဘိုးဘေးရှီတျန်ကလည်း စာစောင်တွေထဲမှာ သက်ဝင်လှုပ်ရှားလာပါတယ်။ ဘိုးဘေးရှီတျန်ဟာ မကြာခဏ တိုက်ခိုက်ခဲ့ရပေမဲ့ လောလောဆယ်မှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသေးပါဘူး။ စာစောင်တွေကို ဖတ်ကြည့်ပြီး အင်မော်တယ်ကမ္ဘာက ပဋိပက္ခထက် ပိုလုံခြုံတယ်ဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ကတော့ တစ်ချိန်လုံး တိုက်ခိုက်နေပါတယ်။ သူတို့တွေ ဘာကို တိုက်ခိုက်နေလဲဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။
စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာပြီး တာအိုပညာရှိအာရုံကို ဖြန့်ကြက်ကာ မြေအင်မော်တယ်ကမ္ဘာကို အကဲခတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ အစွန်းမှာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ရောင်ဝါကို ဖမ်းမိလိုက်ပါတယ်။
မြေအင်မော်တယ်ကမ္ဘာက ကောင်းကင်တာအိုငယ်လေးလို့ ယူဆလို့ရပေမဲ့ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းက ကောင်းကင်တာအိုထက် အများကြီး နိမ့်ကျပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ လိုသလို သွားလာနိုင်ပါတယ်။ မြေအင်မော်တယ်ကမ္ဘာက သူ့ကို နှင်ထုတ်ခြင်းလည်း မရှိသလို ငြင်းဆန်ခြင်းလည်း မပြုပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ မန္တန်သုံးပြီး အင်မော်တယ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ကို စုစည်းနေပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို ဂရုမစိုက်တော့ဘဲ သူရွေးချယ်ထားတဲ့ နတ်ဘီလူးလောင်းလျာတွေကို ကြည့်လိုက်ပါတယ်။
ရန်တု၊ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ဟာ အသက်ရှင်နေပါသေးတယ်။ တခြား နတ်ဘီလူးလောင်းလျာတွေကတော့ သေသွားတာ ကြာပါပြီ။ အသက်ရှင်နေတဲ့ သုံးယောက်အထဲမှာ ရန်တုရဲ့ ကျင့်ကြံမှုက ဧကရာဇ်အဆင့်နဲ့ နီးကပ်နေပါပြီ။
ဟန်ကျွယ်ဟာ ရန်တုရဲ့ ခန္ဓာကိုယ်ထဲမှာ မဟာတာအိုစွမ်းအားအချို့ ပုန်းအောင်းနေတာကို ရှာတွေ့သွားပါတယ်။ ဟန်ကျွယ်လိုမျိုး မဟာညီညွတ်မှု ရုပ်သွင်ကို တတ်မြောက်ထားတဲ့သူအတွက် ဒီမဟာတာအို စွမ်းအားက အလွန်တရာမှ သိသာထင်ရှားလှပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီးနောက် ထူးထူးဆန်းဆန်း ဖြစ်သွားရပါတယ်။
ရန်တုဟာ အနန္တအာကာသမှာ သူလျှိုသွားလုပ်ရာကနေ ထိပ်တန်းလွမ်ဟွေသမား ဖြစ်လာခဲ့ပြီး အနန္တအာကာသ နောက်မှာရှိတဲ့ တာအိုပညာရှိရဲ့ တာအိုဟောကြားတာကို နားထောင်ခဲ့ရပါတယ်။ အဲဒီကနေ မဟာတာအို စွမ်းအားအနည်းငယ်ကို အောင်မြင်စွာ သုံးသပ်နားလည်နိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တစ်ထောင် အတွင်းမှာ လွမ်ဟွေအာကာသ အနန္တအာကာသကို မြေအင်မော်တယ်ကမ္ဘာကနေ နှင်ထုတ်လိုက်ပါပြီ။ ကောင်းကင်အရှင်ရွှမ်တုဟာ အနန္တအာကာသ နောက်မှာရှိတဲ့ တာအိုပညာရှိကို ကိုယ်တိုင်သွားရှာပါတယ်။ အဲဒီနောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး နောက်ဆုံးမှာ တစ်ဖက် တာအိုပညာရှိက မြေအင်မော်တယ်ကမ္ဘာကို လက်လျှော့သွားပါတယ်။ ဒါတင် မကသေးပါဘူး။ အနန္တအာကာသရဲ့ ထိပ်တန်း လွမ်ဟွေသမားတွေကလည်း မြေအင်မော်တယ်ကမ္ဘာမှာ နေခဲ့ဖို့ ဖိအားပေးခဲ့ရတာကြောင့် အနန္တအာကာသဟာ တော်တော်လေးကို ဆုံးရှုံးသွားခဲ့ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ရန်တုကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ…
ရန်တုဟာ နတ်အလင်းရောင်တွေ ဖုံးကွယ်ထားတဲ့ ဟန်ကျွယ်ကို ထပ်တွေ့လိုက်ရတဲ့အတွက် ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ်။ ရန်တုဟာ တာအိုပညာရှိကို တွေ့ပြီးပြီဆိုပေမဲ့ အဲဒီတာအိုပညာရှိက ဟန်ကျွယ်ကို လုံးဝမယှဉ်နိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ ရောင်ဝါက ရန်တုအတွက် တစ်သက်မမေ့စရာပါ။ တစ်ချက်တည်းနဲ့ အတပ်ပြောနိုင်ပါတယ်။
“စီနီယာ… မင်္ဂလာပါ” ရန်တုဟာ ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်ပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ရန်တုဟာ ဒီလိုနေရာမျိုးကို ရောက်လာခဲ့မှာ မဟုတ်ပါဘူး။
“ငါ မင်း ကြီးပြင်းလာတာကို မြင်ပြီးပြီ၊ ငါ အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ တစ်ခုက ငါ့တာအိုစက်ကွင်းမှာ ကျင့်ကြံအားထုတ်ဖို့ အခုချက်ချင်း ငါ့နောက် လိုက်ခဲ့ရမယ်”
“နောက်တစ်ခုက မြေအင်မော်တယ်ကမ္ဘာမှာ အေးဆေး ဆက်နေလို့ရတယ်၊ နှစ်သန်းတစ်ရာကြာရင် ငါ မင်းကို ထပ်လာရှာမယ်”
ဒီစကားကို ကြားလိုက်ရတဲ့ ရန်တုဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြတ်သားစွာ ပြန်ဖြေပါတယ် “ကျွန်တော် စီနီယာနဲ့ လိုက်ခဲ့ပါ့မယ်” ရန်တုဟာ မြေအင်မော်တယ်ကမ္ဘာက အရာအားလုံးကို ခံစားစံစား ပြီးပါပြီ။ အနန္တအာကာသထဲကို ဝင်ပြီးကတည်းက ရန်တုရဲ့ အလိုချင်ဆုံးအရာဟာ ကျင့်ကြံမှု ဖြစ်လာခဲ့ပါတယ်။ ရန်တုဟာ ဒီထက် ပိုပြီးတော့ စွမ်းအားကြီးချင်ပါတယ်။ ရန်တုဟာ သူများထိန်းချုပ်တာကို ခံရတဲ့ ရုပ်သေးရုပ် မဖြစ်တဲ့အထိ စွမ်းအားကြီးချင်ပါတယ်။
ဟန်ကျွယ်ဟာ ရန်တုရဲ့ ပြတ်သားမှုကို ကျေနပ်သွားပါတယ် “မင်း ငါ့နောက်ကို လိုက်ရင် အချိန်အကြာကြီး ကြိုးစားကျင့်ကြံရမှာနော်၊ မြေအင်မော်တယ်ကမ္ဘာ ပျက်စီးသွားတဲ့အချိန်ထိတောင် ကျင့်ကြံရကောင်း ကျင့်ကြံရနိုင်တယ်၊ မင်း ဆန္ဒရှိတာ သေချာရဲ့လား..” ရန်တု ကြက်သေသေသွားပါတယ်။
ဟန်ကျွယ်ရဲ့ စကားက ရန်တုကို လုံးဝ လန့်သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်တုဟာ တစ်စုံတစ်ခုကို နားလည်လိုက်ပါတယ်။ အဲဒါက သူ မြေအင်မော်တယ် ကမ္ဘာထက် အသက်ရှည်နိုင်တယ် ဆိုတဲ့ အချက်ပါ။
“ကျွန်တော် ဆန္ဒရှိပါတယ်” ရန်တုဟာ ချက်ချင်း ပြန်ဖြေလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို တစ်ခါတည်း အဆုံးသတ်ပြီး ရန်တုကို ဒုတိယစက်ကွင်းထဲ ဆွဲယူလိုက်ပါတယ်။ ဟန်ကျွယ်ရှေ့ ရောက်သွားတဲ့ ရန်တုဟာ လန့်သွားပါတယ်။ ဟန်ကျွယ်ဟာ အကြွင်းမဲ့သန့်စင်ခြင်းကို အသုံးပြုပြီး ရန်တုကို သန့်စင်ပါတယ်။
ရန်တုဟာ သတိပြန်ဝင်လာပြီး ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ စနစ်က ရန်တုကို သန့်စင်ပြီးတဲ့အထိ စောင့်ပါတယ်။ ဒီလိုစောင့်နေစဉ်မှာ ဟန်ကျွယ်ဟာ ရန်တုရဲ့ ဝိညာဉ်ကို အန္တိမမူလ မဟာတာအိုနဲ့ လွှမ်းခြုံလိုက်တဲ့အတွက် ရန်တုဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပြီး အန္တိမမူလ မဟာတာအို ကျင့်ကြံတဲ့ လမ်းပေါ်ကို ရောက်သွားပါတယ်။ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ကတော့ ထပ်လေ့ကျင့်ဖို့ လိုပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ပဋိပက္ခနတ်ဘီလူးတွေက တစ်ပါးပြီးတစ်ပါး မဖန်တီးချင်ပါဘူး။ ရန်တုသာ နတ်ဘီလူးချီနဲ့ ပေါင်းစပ်ချင်တယ်ဆိုရင် သူ့ဝိညာဉ်က ဒီထက်သန်မာဖို့ လိုပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရန်တုကို ဒုတိယ တာအိုစက်ကွင်းမှာ ကျင့်ကြံအားထုတ်ခိုင်းဖို့ စီစဉ်ထားပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ရန်တုဟာ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်သွားပါတယ်။ အပြင်ရောက်သွားတဲ့ ရန်တုဟာ ဘေးဘီဝန်းကျင်ကို လိုက်စပ်စုရင်း မုရုံချီ၊ ကောင်းကင်နက္ခ နတ်ဘီလူး၊ ကြက်သွေးရောင် မြေခွေးနီနဲ့ တုန်းကျိုးတို့ကို တွေ့လိုက်ရပါတယ်။
ရန်တုဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတွေ့လိုက်ရတဲ့လူတွေရဲ့ ကျင့်ကြံမှုက တော်တော်လေး နက်နဲနေလို့ပါ။
ရန်တုဟာ ဒီလိုကြောက်ရွံ့မှုမျိုးကို တစ်ခါမှ မခံစားဖူးပါဘူး။ ဒီအချိန်မှာ မုရုံချီဟာ မျက်လုံးဖွင့်လိုက်ပြီး ရန်တုကို လက်ဝှေ့ယမ်းပြလိုက်ပါတယ်။ သူတို့တွေဟာ အလွန်ဝေးကွာတယ်ဆိုပေမဲ့ ရန်တုဟာ မုရုံချီရဲ့ လှုပ်ရှားမှုကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ရန်တုဟာ ချက်ချင်းပဲ မုရုံချီဆီ ပြေးသွားလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရန်တုကို တခြားသူတွေနဲ့ မိတ်ဆက်ပေးပြီးပါပြီ။ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပြီး တခြားလူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံခိုင်းပါတယ်။ မုရုံချီရှေ့ကို ရောက်တဲ့အခါမှာတော့ ရန်တုဟာ လက်သီးဆုပ်ပြီး သူ့ကိုယ်သူ အရင်ဆုံး နှုတ်ဆက်လိုက်ပါတယ်။
မုရုံချီက ပြောလိုက်ပါတယ် “ငါက မုရုံချီပဲ၊ မင်းကျင့်ကြံမှုက ဒီလောက် နိမ့်တာတောင် ပဋိပက္ခနတ်ဘီလူး ဖြစ်လာနိုင်သေးတာပဲလား၊ မင်းက ဘယ်ကလဲ”
‘ပဋိပက္ခ နတ်ဘီလူး… အဲဒါ ဘာကြီးလဲ’ ရန်တုဟာ အံ့အားသင့်သွားပြီး ဘာကိုမှ မဖုံးကွယ်ရဲဘဲ သူသိတာမှန်သမျှ မုရုံချီကို ပြောပြလိုက်ပါတယ်။ မုရုံချီဟာ မြေအင်မော်တယ်ကမ္ဘာကို ကြားဖူးပေမဲ့ လွမ်ဟွေအာကာသကိုတော့ တစ်ခါမှ မကြားဖူးပါဘူး။
‘ဆရာဘိုးဘိုးရဲ့ ထိန်းချုပ်မှုက ဒီလောက် အဝေးကြီးကို ရောက်လိမ့်မယ်လို့ ထင်မထားဘူး… သူက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ မဟုတ်ဘူးပဲ…’ မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ်။ သူ့ဆရာဘိုးဘိုးက ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်ပေမဲ့ သမုဒ္ဒရာလို နက်နဲတဲ့ အင်အားစုတစ်စုကို ပျိုးထောင်နေပါတယ်။ မုရုံချီဟာ ဒီအကြောင်းကို သိလိုက်ရလို့ စိတ်မပျက်ပါဘူး။ ပိုပြီးတော့ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။
ဒီလိုမျိုး ဆရာဘိုးဘိုးနောက်ကို လိုက်မှသာ အရာအားလုံးက အဆင်ပြေ ချောမွေ့နိုင်မှာပါ။ စွမ်းအားကြီးပြီး ပါးနပ်မှုမရှိရင် မကြာခင် ဒုက္ခရောက်မှာ ကျိန်းသေပါတယ်။
မုရုံချီဟာ ရန်တုနဲ့ ရင်းနှီးဖို့အတွက် စကားစမြည် ပြောဆိုပါတယ်။ အဲဒီအချိန်မှာ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်သွားပါပြီ။
လီရွှမ်အောက်က တာအိုဘုံကျောင်း ဝင်ပေါက်မှာ ဒူးထောက်နေတဲ့အတွက် ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို အထဲဝင်ခွင့် ပြုလိုက်ပါတယ်။
ဟန်ကျွယ်ရှေ့ကို ရောက်တဲ့အခါမှာ လီရွှမ်အောက်ဟာ တလေးတစား ဦးညွှတ်ပြီး ပြောလိုက်ပါတယ် “ဒီနှစ်တွေမှာ အပြင်ထွက်သွားတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ပြန်လာတယ်၊ တပည့်ရင်းတွေက အကုန်လုံး ပြန်ရောက်ပြီ၊ အမည်ခံတပည့်တွေအထဲမှာ ၈,၇၃၆ ယောက် ပြန်ရောက်မလာသေးဘူး”
“ကျွန်တော် သူတို့ကို တစ်ယောက်ချင်း သတင်းပေးပြီးပြီ၊ ဒါပေမဲ့ သူတို့က ပြန်မလာကြသေးဘူး၊ ကျွန်တော် အမြင်အရ သူတို့တွေ တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်သွားပြီဆိုတာ ကြေညာပြီး ဒီစကားနားမထောင်တဲ့ တပည့်တွေကို လိုက်ဖမ်းဖို့ စည်းကမ်းထိန်းသိမ်းရေး ခန်းမတစ်ခု ဖွင့်လှစ်သင့်တယ်၊ တိတ်ဆိတ်ဂိုဏ်းက ကျင့်ကြံတဲ့နယ်မြေဆိုပေမဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိလို့ မရဘူး”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “စည်းကမ်းထိန်းသိမ်းရေးခန်းမကို ဦးဆောင်ဖို့ ကျိုးမင်ယွဲ့ကို တာဝန်ပေးလိုက်၊ မင်း သူ့ကို ကူညီပေးလိုက်၊ စည်းကမ်းထိန်းသိမ်းရေး ခန်းမမှာရှိတဲ့ လူအရေအတွက်က တစ်သောင်းထက် မကျော်စေနဲ့၊ နောက်ပြီး သူတို့က နတ်မင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်ရမယ်၊ ရှကျဲ့မျိုးနွယ်စုဝင် တချို့ကို ရွေးချယ်လို့ရတယ်”
“ကျွန်တော် နားလည်ပါပြီ” လီရွှမ်အောက်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ လီရွှမ်အောက်ဟာ စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို မကြီးကြပ်ရလို့ စိတ်မပျက်ပါဘူး။ သူက တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယ အစောင့်အရှောက် ဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့ အာဏာမရှိနိုင်ပါဘူး။ မဟုတ်ရင် တိတ်ဆိတ်ဂိုဏ်းသားတွေက ကွယ်ရာမှာ အတင်းပြောကြမှာပါ။
ကျိုးမင်ယွဲ့က ကောင်းကင်ရုံးတော်ကို သောင်းကျန်းခဲ့တဲ့ ကောင်းကင်နဲ့ ညီမျှတဲ့ တန်ခိုးရှင် ဖြစ်ခဲ့ဖူးပါတယ်။ အခုသူက အဂ္ဂဗုဒ္ဓပြန်ဝင်စားတဲ့ ချူရှီရန်ရဲ့ တပည့်ဖြစ်တာကြောင့် ဟန်ကျွယ်ရဲ့ တပည့်ရင်းလို့ ပြောလို့ရပါတယ်။ နောက်ပြီး ကျိုးမင်ယွဲ့က ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်နေပါပြီ။ စည်းကမ်း ထိန်းသိမ်းရေး ခန်းမရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကျိုးမင်ယွဲ့ဟာ တခြားတပည့်ရင်းတွေရဲ့ ကူညီတာကို ကျိန်းသေပေါက် ရရှိမှာပါ။
“စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ဆိုတာက နားထောင်လို့ မကောင်းဘူး၊ တိတ်ဆိတ် ဒဏ်ခတ်မျိုးနွယ်လို့ နာမည် ပေးလိုက်ရအောင်” ဟန်ကျွယ်ဟာ တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်ပါတယ်။
လီရွှမ်အောက်ဟာ ဒီနာမည်နဲ့ ပတ်သက်ပြီး ဘာကန့်ကွက်မှုမှ မရှိပါဘူး။ မကြာခင်မှာပဲ လီရွှမ်အောက်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိတဲ့ ရှကျဲ့မျိုးနွယ်စုကို ကြည့်လိုက်ပါတယ်။
ရှကျဲ့မျိုးနွယ်စုဝင် တစ်သောင်းဟာ အကုန်လုံး ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ ရှကျဲ့မျိုးနွယ်စုဟာ ကျင့်ကြံမှုမှာ ပိတ်ဆို့မှု တွေ့နေပါတယ်။ ရှကျဲ့မျိုးနွယ်စုဝင် အားလုံးဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်မှာ တစ်နေပြီး ရှေ့ဆက်မတိုးနိုင်ကြပါဘူး။ အင်အားတစ်ခုက သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ ရှေ့ဆက်မတက်နိုင်အောင် ဖိနှိပ်ထားသလိုပါပဲ။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာနဲ့ အလုပ်များနေတဲ့အတွက် ရှကျဲ့မျိုးနွယ်စုကို ခပ်မြန်မြန် အဆင့်ထိုးဖောက်တာ မလိုချင်ပါဘူး။ ဒါကြောင့် ရှကျဲ့မျိုးနွယ်စုကို ပစ်ထားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်တွေ ကြာတဲ့အခါမှာတော့ ရှကျဲ့မျိုးနွယ်စုဟာ ဒီကိစ္စကို ဆက်ပြီးတော့ တောင့်မခံနိုင်တော့ပါဘူး။
ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ် “ရှကျဲ့မျိုးနွယ်စုက ဘာဖြစ်လို့ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်နိုင်ရတာလဲ”
[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတန်ဖိုးက မဟာတာအိုပညာရှိရဲ့ တန်ဖိုးပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 647
? Views, Released on December 11, 2024