Chapter – 129
“သံမဏိစစ်သည်တော်များ”
ထိုအဖြစ်အပျက်များ ဖြစ်နေသည်မှာ ဟွာရန်းနန်းတော်၏ အရှေ့ဘက်တွင် ဖြစ်သည်။
စောင့်ကြပ်နေကြသည့် လူ ၁၆ ယောက်သည် တစ်ချိန်တည်းမှာပင် အရိုအသေ ပြုလိုက်ကြရင်း –
“ကျေးဇူးတင်ပါတယ် စစ်သူကြီးရဲ . . . မြောက်ပိုင်း စစ်သည်များကိုလည်း ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတို့ အားလုံး အထဲကို ကြွခဲ့ကြပါ . . .”
မြောက်ပိုင်းတပ်မှ စစ်သူကြီး ၅ ယောက်သည် လူ ၁၆ ယောက် အနားသို့ ကပ်သွားလိုက်ကြပြီး လက်ဆွဲနှုတ်ဆက် လိုက်ကြလေ၏။ ထိုလူများ၏ ပြုမူနေပုံများသည် စက်ရုပ်များနှင့်ပင် တူနေကြပါသေး သည်။
ထို့နောက် စစ်သူကြီး ၁၆ ယောက်နောက်သို့ လျှောက်လှမ်းသွားကြပြီး ထိုသူတို့ နောက်တွင် မတ်တတ်ရပ်လိုက်ကြ၏။ နောက်ထပ် ရောက်လာမည့် ဧည့်သည်တော်များအား အတူတကွ နှုတ်ဆက်မို့ပင် ဖြစ်ပါသည်။
စစ်သူကြီး ၅ ယောက်၏ အနောက်မှ လိုက်ပါလာကြသည့် လူအယောက် ၅၀ တို့သည် တစ်ဖက် တစ်ချက်စီတွင် ညီညီညာညာ ရပ်နေကြသည်။ မင်းသားဟွာရန်း၏ တပ်မှ စစ်သည်များအား နှုတ်ခွန်းဆက်လိုက်ကြပြီးလည်း ဖြစ်၏။
ထို့ကြောင့် ဖော်ပြရမည်ဆိုလျှင် စစ်သည်ရဲမက် ၅၅ ယောက်အဖွဲ့ ထပ်မံပေါင်းစည်းလာခြင်းပင် ဖြစ်၏။
သူတို့သည် ဘေးချင်း ယှဉ်လျက်သား ထိုင်နေကြခြင်း ဖြစ်ပြီး ညီညာစွာဖြင့် ရှိနေကြသည်။ ထိုကဲ့သို့ ညီညာနေခြင်းမှာ တမင်ညှိယူထားခြင်း မဟုတ်ဘဲ သူတို့၏ အတွေ့အကြုံအရသာ ဖြစ်ပါတော့ သည်။
အရှေ့ဘက်မှလည်း ခြေလှမ်းသံများ ထပ်မံ၍ ထွက်ပေါ်လာပြန်ပါသည်။
အလံတစ်ခုကို ကိုင်ဆွဲထားသည့် စစ်သည်များ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါသည်။
“အရှေ့ပိုင်းစစ်သူကြီးရဲ့ စစ်သည်တွေပါလား . . .”
တစ်ခါ အနောက်အရပ်မှ ခြေသံများကိုလည်း ကြားလိုက်ရကြပြန်သည်။
“အနောက်ပိုင်း စစ်သူကြီးရဲ့ စစ်သည်တွေ . . .”
တောင်အရပ်မှမူ မည်သူမျှ မလာကြချေ။
တောင်ပိုင်း၏ စစ်သူကြီးမှာ စစ်သူကြီးလန်ပင် ဖြစ်ပါသည်။ သူသည် တောင်ပိုင်းတွင် တိုက်ပွဲ ဝင်နေရခြင်း ဖြစ်၏။
ယနေ့ ရောက်လာကြသည့် စစ်သည်ရဲမက်များ အားလုံးသည် တိုက်ပွဲအတွေ့အကြုံ များစွာ ရှိကြသည့် လူများပင် ဖြစ်ကြသည်။
သို့သော်လည်း သူတို့အား မြို့ထဲတွင် မြင်တွေ့ကြရခြင်း မရှိပေ။
ငြိမ်းချမ်းသာယာသော မြို့ထဲတွင် သွေးထွက်သံယို ကိစ္စဟူသည် သိပ်၍ မရှိချေ။
ထို့ကြောင့် သူတုိ့အား မေ့၍ပင် နေကြမည်ဖြစ်ပြီး ဆောင်ကြာမြိုင်မှ ပြည့်တန်ဆာခေါင်းကပင် သူတို့ထက် နာမည်ကြီးပါသေးသည်။
သူတို့သည်လည်း မြို့ထဲ အေးချမ်းစွာပင် ငြိမ်ငြိမ်သက်သက် နေကြခြင်း ဖြစ်၏။
အကယ်၍ တိုက်စရာ ခိုက်စရာ ကိစ္စမျိုး ကြုံလာမည် ဆိုပါက သူတို့သည် ကောင်းကင်ဘုံမှ ကျလာသည့် စစ်သည်တော်များ ကဲ့သို့ ရှေ့သို့ထွက်ကာ တိုက်ခိုက်ပေးကြမည် ဖြစ်လေ၏။
သူတို့သည် ရဲရင့်၍ သတ္တိရှိသော လူများ ဖြစ်ကြကာ သူတို့၏ သွေးများသည် တိုက်ပွဲအတွက် ဆိုပါက ဆူပွက်လွယ်ကြသူများပင် ဖြစ်၏။
သူတို့သည် သူတို့၏ ပါးရိုက်လျှင် နားကိုက်မည်ဟူသည့် ခံယူချက်ကိုလည်း ဘယ်သောအခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
တိုက်ပွဲခေါ်သံကို ကြားရ၍ တိုက်ပွဲမြေပြင်သို့ သွားရမည် ဆိုမှသာ သူတို့၏ ဇာတိရုပ်များ ပေါ်လာကြမည်ဖြစ်ပေသည်။
သူတို့ အေးအေးလူလူ ရှိနေချိန်တွင် မြို့ထဲသွားရင်းလာရင်း တစ်ယောက်ယောက်မှ လှောင်ပြောင် သရော်ခဲ့လျှင်ပင် သူတို့သည် နှုတ်ဆိတ်နေကြမည် ဖြစ်သည်။ အကယ်၍ သူတို့၏ သွေးများ ဆူလာမည် ဆိုပါကလည်း ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်ကြမည် ဖြစ်သည်။
ယခုအခါ လူတိုင်းသည် ရောက်ရှိနေကြပြီး ဖြစ်၏။
သူတို့သည် နန်းတော်အတွင်းသို့ ဝင်ရောက်ကြတော့မည့် အချိန်တွင် ရုတ်တရက် တောင်ဘက် အရပ်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။
“တောင်ပိုင်းစစ်သူကြီးရဲ့ ရဲမက်တွေ မင်းသားဟွာရန်းကို ဂုဏ်ပြုဖို့ လာနေကြပြီ။ အောင်မြင်မှု အတွက် ဆုတောင်းပေးကြစို့ . . .”
ထိုအသံသည် အားကုန်အသုံးပြု၍ အော်လိုက်သည့် အသံနှင့် တူနေ၏။
လည်ပင်းအား ခွဲထားသကဲ့သို့ ကွဲအက်အက် ဖြစ်နေပြီး ထိုအသံကို ကြားသည့်လူတိုင်း ထိုကဲ့သို့ သာ ခံစားမိမည် ဖြစ်သည်။
အသံလာရာဆီသို့ လှမ်းမျှော် ကြည့်လိုက်ကြသောအခါ ချပ်ဝတ်ဝတ်ဆင်ထား၍ ဓားတစ်လက်ကို ကိုင်ထားသော လူလေးတစ်ဦးသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေ၏။
ထိုလူသည် ဂရုတစိုက်ဖြင့် လာနေခြင်း ဖြစ်၏။
ထိုလူ၏ မျက်နှာသည် ရဲနေပြီး သူ၏ မျက်လုံးထဲတွင် မီးများ တောက်လောင်နေသကဲ့သုိ့ ပါပင်။
အားလုံးသော စစ်သူကြီးများသည် မျက်လုံးပြူးသွားကြပြီး တစ်ချိန်တည်းမှာပင် ထိုလူအား လှမ်း၍ ကြည့်လိုက်မိကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် လေးစားနေမှုများဖြင့် ပြည့်နေချေသည်။
ရောက်လာသည့်လူသည် ယနေ့တွင် ရောက်လာမည်ဟု လုံးဝ မထင်မှတ်ထားသည့် လူတစ်ဦးပင် ဖြစ်၏။
အကယ်၍ ချန်နိုင်ငံတော်ကြီး၏ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် လာရောက်မည် ဆိုလျှင်တောင် ထိုလူ လာရောက်သည်လောက် အံ့သြတုန်လှုပ်စရာ ဖြစ်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အားလုံး၏ စိတ်ထဲတွင် ထိုလူသည် စစ်သည်ရဲမက်များနှင့် လားလားမျှ မဆိုင်သော အော့ကြောလန် သခင်လေး တစ်ဦး ဖြစ်နေ၍ပင် ဖြစ်သည်။
ထိုလူသည် မည်သူ ဖြစ်နိုင်ပါမည်နည်း . . .
လန်လန့်လန့်ပင် ဖြစ်ချေသည်။
တောင်ပိုင်းစစ်သူကြီး၏ သားပင် ဖြစ်၏။
တောင်ပိုင်းစစ်သူကြီး၏ လူများသည် တောင်ပိုင်းတွင် ရောက်ရှိနေကြသဖြင့် သူသည် တောင်ပိုင်း ကိုယ်စား ရောက်လာခြင်းပင် ဖြစ်လေသည်။
တောင်ပိုင်းတပ်မှ တစ်ဦးတည်းသာ ဖြစ်သော်လည်း စစ်သူကြီး၏ သားကိုယ်တိုင် ဖြစ်သဖြင့် ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။
ထိုအချိန်တွင် ဓားမကြောက်၊ လှံမကြောက်သည့် ရဲရင့်ပြတ်သားသော စစ်သူကြီးများ အားလုံးသည် အရာအားလုံးကို မေ့ပျောက်သွားခဲ့ကြသည်။
မည်သူမျှ လန်လန့်လန့် လာရောက်လိမ့်မည်ဟု မထင်ထားခဲ့ မိကြချေ။ မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်လာသဖြင့် လူတိုင်းသည် ဆိုရိုးစကား တစ်ခုကိုပင် သတိရမိသွားကြ၏။
ကျားတစ်ကောင်မှ ခွေးတစ်ကောင်ကို မွေးရိုးထုံးစံ မရှိချေ။
သူတို့သည် လန်လန့်လန့်အား အော့ကြောလန် သခင်လေးတစ်ဦးအဖြစ် မမြင်မိကြတော့ပေ။
“ကောင်းလိုက်တာ . . .”
“တောင်ပိုင်း စစ်သူကြီးမှာ တကယ်ပဲ ကျားတစ်ကောင်လို သားတစ်ယောက် ရှိနေတာပါလား။ တကယ်သတ္တိရှိတဲ့ သူငယ်ပဲ . . .”
အချို့သော စစ်သူကြီးများသည် အံ့သြဟန်ဖြင့် ပြောလိုက်ကြလေသည်။
လန်လန့်လန့်မှ ဒေါသတကြီး အမူအယာဖြင့် –
“ခင်ဗျားတို့ အားလုံးက အရေးမပါတာတွေ ပြောနေတာပဲ။ ကျုပ်ကို သတ္တိမရှိဘူး ထင်ခဲ့ကြတာ လား . . .”
စစ်သူကြီးများမှ ရယ်မောလိုက်ကြပြီး –
“ငါတို့တွေ အရေးမပါတာ ပြောနေတယ်ပဲ ထားပါတော့၊ မင်းက မင်းအဖေရဲ့ သိက္ခာကို မကျစေပါ ဘူးကွ။ မင်းခြေလှမ်းလှမ်းနေပုံကိုပဲ ကြည့်လေ။ လာစမ်းပါ အတူတူ သောက်ကြရအောင် . . .”
လန်လန့်လန့်သည် ကြောက်ရွံ့တုန်လှုပ်နေဟန် မရှိဘဲ ခေါင်းကိုမော့ ရင်ကိုကော့၍ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာလေ၏။
မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ကျေနပ်စရာ ကိစ္စပါပင်။ စစ်သူကြီးများ အားလုံးလည်း စိတ်သက်သာရာ ရသွားခဲ့ကြလေ၏။
သူတုိ့သည် ညီနောင်သားချင်းများကဲ့သို့ သွေးစည်း ချစ်ခင်သူများ ဖြစ်ကြ၏။
မင်းသားအချို့ပါဝင်သလို အရာရှိအချို့ လာရောက်ရန် ကျန်ရှိနေပါသေးသည်။ ဘုရင်မင်းမြတ်၏ ကိုယ်စားလှယ်ပင် ရောက်လာဦးမည် ဖြစ်သော်လည်း ထိုလူများအား စစ်သူကြီးများသည် ယခုကဲ့သို့ စောင့်ကြို နှုတ်ဆက်နေမည် မဟုတ်ပေ။
ထိုအချိန်တွင် ရုတ်တရက် အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာပြန်ပါသည်။
အဖြူရောင်ပုံရိပ်တစ်ခု လွင့်မျောလာရင်း –
“မြောက်ပိုင်းစစ်သူကြီးရဲ့ အိမ်တော်ကလည်း မင်းသားဟွာရန်းကို လာဆုတောင်းပေးပါတယ် . . .”
လူအားလုံး လှည့်ကြည့်လိုက်ကြပြန်သည်။
နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးအား မြင်တွေ့လိုက်ကြရပြီး စိမ်းပြာရောင် ခါးစည်းကိုလည်း စည်းထားပါသေးသည်။ သူသည် အရပ်ရှည်သဖြင့် လျှောက်လှမ်းလာသည်ကို ကောင်းစွာ မြင်နေကြရလေ၏။
သူသည် ချောမောခန့်ညားသော လူတစ်ဦးပင် ဖြစ်ပြီး နူးညံ့သိမ်မွေ့သည့် ဟန်ပန်လည်း ရှိလေ၏။
သူသည် မြောက်ပိုင်းစစ်သူကြီး၏ သားပင် ဖြစ်၏။
ရဲရှောင်ပါပင် . . .
ရဲရှောင်သည် နောက်ဆုံးမှ ရောက်ရှိလာခြင်း ဖြစ်၏။ သူအိမ်သို့ ပြန်ရောက်ပြီးသည်နှင့် အမြန်ဆုံး နှုန်းဖြင့် အဝတ်အစားများ လဲလှယ်ကာ ယခုနေရာသို့ ပြေးထွက်လာခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူ၏ သွေးများလည်း ဆူပွက်နေသလို ခံစားနေရ၏။
တန်းစီနေသော စစ်သည်တော်များကို ကြည့်ရင်း ရဲရှောင်သည် စစ်သည်များ၏ သဘာဝကို နားလည်လာခဲ့သည်။ စစ်သည်ရဲမက်ဆိုသည်မှာ ဘယ်လို၊ တိုင်းပြည်နှင့် လူမျိုးအတွက် မည်ကဲ့သို့ သဘောထားသည် ဆိုတာကိုလည်း နားလည်လာခဲ့လေ၏။
လန်လန့်လန့်လည်း အလွန်အံ့သြလျက် ရှိနေပြီး ရဲရှောင်သည်လည်း အံ့သြနေမိသည်။ လူများသည် သူတို့ မြင်တွေ့နေရသည်ကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေကြပြီး လန်လန့်လန့် လာရောက်ခြင်းကို အထူးတဆန်း အံ့သြနေကြသည့် အချိန်တွင် ရဲရှောင်ပါ ထပ်မံ၍ ရောက်ရှိလာသည် မဟုတ်ပါလား။
မြို့ထဲရှိ လူရှုပ်လူပွေ သခင်လေး သုံးယောက်ဟူသည့် နာမည်ကို ရထားကြသည့် လူငယ်သုံးဦးလုံး သည် သူတို့၏ ကောင်းမွန်သော အပြုအမူများကြောင့် ထိုနာမည်ဆိုးများကို ပယ်ဖျက်နိုင်တော့မည် ဖြစ်သည်။
လူတိုင်း အံ့သြနေကြပြီး တစ်ချိန်တည်းမှာပင် လေးစား၍လည်း နေကြလေ၏။
မြောက်ပိုင်းတပ်မှ နဂါးနှစ်ကောင်၊ ကျားနှစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်ဟု အမည်ရသည့် စစ်သူကြီး ၅ ယောက်လုံး၏ မျက်ဝန်းများတွင်လည်း ဂုဏ်ယူနေသည် အရိပ်အယောင်များ ဖြစ်ပေါ်လျက် ရှိ၏။
(ငါတို့ရဲ့ လေးစားရတဲ့ စစ်သူကြီးရဲ့ သားပါ ရောက်လာတာပါလား . . .)
လူတိုင်း၏ အမြင်တွင် ရဲရှောင်သည် ရဲရင့်ပြတ်သားသည့် ဟန်ပန်မျိုး ဖြစ်နေ၏။ သူသည် ယုံကြည်ချက် အပြည့်ရှိသည့် ပုံစံဖြင့် ရှိနေခြင်းကြောင့် လူတိုင်းစိတ်ထဲ ကျေနပ်နေမိကြသည်။ သို့သော်လည်း အနည်းငယ် ကြည့်ရဆိုးသည့် အချက်တစ်ချက်မှာ လျော့တိလျော့ရဲ ဖြစ်နေသည့် ဆံပင်များပင် ဖြစ်၏။
သို့သော်လည်း သိပ်မကြာခင်မှာပင် ထိုခံစားချက်များသည်လည်း ပျောက်သွားခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ရဲရှောင်လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်းသည် ရဲဝံ့မှု အပြည့်၊ ယုံကြည်မှု အပြည့်ဖြင့် ရှိနေပြီး တစ်ဦးတည်း လျှောက်လှမ်းလာသည့်တိုင် သူ့နောက်တွင် စစ်သည်ပေါင်း သောင်းနဲ့ချီ ပါဝင်လာသလို ပုံစံမျိုးဖြင့် ရှိနေပါသည်။
အထူးသဖြင့် စစ်သူတစ်ဦးတွင် ရှိသည့် ရဲစွမ်းသတ္တိရှိမှု အငွေ့အသက်များသည် ရဲရှောင်ထံတွင် ရှိနေလေ၏။
သူ့ဘေးရှိ တောက်ပနေသော ဓားရောင်များ အလယ်တွင် ဘုရင်တစ်ပါး၏ အငွေ့အသက်မျိုး ထွက်ပေါ်လျက် ရောက်လာခြင်းနှင့်ပင် တူနေပါသေးသည်။
“ဝမ်းသာစရာ ကောင်းလိုက်တာ . . .”
အချို့သော စစ်သူကြီးများသည် သူ့ကို ယခင်က မမြင်ဖူးခဲ့ကြချေ။ ထိုအချိန် လူငယ် သခင်လေး တစ်ဦး ယခုကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် လျှောက်လှမ်းလာသည်ကို မြင်သောအခါ စိတ်ထဲ နှလုံးသားထဲက ကို လေးစားမိနေကြပါတော့သည်။
မြောက်ပိုင်းမှ စစ်သူကြီး ၅ ဦးသည်လည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
ရုတ်တရက် ဆိုသလို မျက်ဝန်းများမှ စိုစွတ်လာခဲ့ပြီး နှာခေါင်းထဲတွင်လည်း နှာရည်များ ဖြစ်ပေါ်လာပါတော့သည်။
သူတို့၏ စိတ်ထဲ ဖြစ်ပေါ်နေသော ကြည်နူးမှုကို ဖော်ပြနိုင်ကြမည် မဟုတ်ချေ။
သူတို့သည် ရဲရင့်သည့် စစ်သူကြီးများ ဖြစ်သည့်တိုင် ယခုလို ဝမ်းသာ ပျော်ရွှင်မှုမျိုးအား မျိုသိပ် မထားနိုင်ကြတော့ပေ။
သူတို့၏ သခင်လေး ဖြစ်သူသည် မည်မျှအထိ ဆိုးသွမ်း၍ အော့ကြောလန် ဖြစ်နေသလဲ ဆိုတာကို သိထားကြပြီးသား ဖြစ်သည်။
ရဲစွမ်းသတ္တိဖြင့် ပြည့်ဝလှပြီး လက်ရုံးရည် နှလုံးရည် ပြည့်စုံလှသည့် စစ်သူကြီးတွင် အသုံးမကျသော သားတစ်ယောက် ရှိနေခြင်းအတွက် အမြဲလိုလို စိတ်မကောင်းဖြစ် သက်ပြင်းသာ ချခဲ့ကြရ၏။
သို့သော် ယခုအခါတွင်မူ ထိုကိစ္စများ အားလုံးသည် ကောလဟလများကဲ့သို့ ဖြစ်သွားချေပြီ။
ယောကျာ်းများအကြောင်း ယောကျာ်းသားများသာ အသိဆုံးဖြစ်၏။
မြွေမြွေချင်း ခြေမြင်ဟုပင် ဆိုရမည် ဖြစ်ပေသည်။
သူတို့၏ စိတ်ထဲတွင် ယခုအခါ သူတို့စစ်သူကြီး၏ သားသည် လူဟု ခေါ်ထိုက်သည် လူတစ်ယောက် ဖြစ်ကြောင်း သတ်မှတ်လိုက်မိကြသည်။
အလွန်ငယ်ရွယ်နုနယ်သေးသည့် ဟန်ပန်မျိုး ပေါက်နေသော်လည်း နှိုင်းယှဉ်၍ မရနိုင်သော ယုံကြည်ချက် အငွေ့အသက်များမှာ ပြင်းထန်လွန်းလှသည်။
လျှောက်လှမ်းလာပုံနှင့် အကြည့်များကို ကြည့်ခြင်းအားဖြင့် သူတို့ မြင်တွေ့နေရသည့် လူငယ်သည် မည်သို့သော လူငယ်ဖြစ်သည် ဆိုတာကို နားလည်သွားကြပြီး ဖြစ်၏။
ရဲရှောင်သည် လူရမ်းကား သတ္တိကြောင်သူ တစ်ဦး မည်သို့မျှ မဖြစ်နိုင်ပါချေ။
စစ်သူကြီး၏ သားဟု ခေါ်ထိုက်သည့် လူတစ်ဦး ဖြစ်၏။
စစ်သူကြီး၏ သိက္ခာကိုလည်း ကျဆင်းစေမည့် လူမဟုတ်ကြောင်းကိုလည်း သေချာနားလည် သွားကြလေ၏။
ထို့အပြင် မြောက်ပိုင်း တပ်မဟာကြီး တစ်ခုလုံး၏ သိက္ခာကိုလည်း ချမည့်ဟန် မရှိချေ။
စစ်သူကြီး ၅ ဦးမှ လက်များကို ဆုပ်၍ ပြိုင်တူ အရိုအသေ ပေးလိုက်ကြရင်း –
“သခင်လေး . . .”
ရဲရှောင် အသက်တစ်ချက် ရှူသွင်းလိုက်ရင်း –
“ဦးလေးတို့ အားလုံး အများကြီး ဖြတ်သန်းခဲ့ကြပြီးပြီပေါ့ . . .”
စစ်သူကြီး ၅ ဦးသည် ဦးလေးတို့ ဟု ခေါ်လိုက်ခြင်းကြောင့် အနည်းငယ် သဘောကျမိ သွားကြသည်။
(စစ်သူကြီးရဲ့သားက ကောင်းကောင်း ကြီးပြင်းလာခဲ့တာပဲ။ နောက်ဆုံးတော့ လူလားမြောက်ခဲ့ ပြီပေါ့ . . .)
ထို့နောက် အားလုံး နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြလေတော့သည်။
အားလုံးဟု ဆိုရာတွင် အပြင်ဘက်ရှိ ရှိသမျှ လူအားလုံး ဝင်လာကြခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နန်းတော်ကြီးသည် ကျယ်ဝန်းလှသည့်တိုင် အားလုံးသော စစ်သည်တော်များ ဝင်ရလောက်အောင်ထိ တော့ မကြီးလှချေ။
စစ်သည်များ၏ ဦးဆောင်မှုနောက်သို့ လိုက်လာခဲ့ရင်း အားလုံးသည် ခန်းမအတွင်းရှိ ထိုင်ခုံများတွင် နေရာယူလိုက်ကြလေ၏။
စစ်သူကြီးများ၏ ခုံများအား ကြိုတင်စီစဉ်ထားခဲ့ကြခြင်း ဖြစ်ပြီး သူတို့သည် ပင်မ ခန်းမကြီးအတွင်း နေရာပေးခြင်း ခံရပြီး တခြားလူများမှာမူ အပြင်ဘက်တွင် နေရာစီစဉ်ပေးထားခြင်း ဖြစ်၏။
စစ်သူကြီးများနှင့် သာမန်အဆင့်ဟူ၍ ခွဲခြားထားခြင်းပင် ဖြစ်သည်။
မင်းသားဟွာရန်းသည် တိကျပြတ်သားသော လူတစ်ဦး ဖြစ်၏။
ချန်နိုင်ငံတော်တွင် ယခုကဲ့သို့ သူ့လို နေရာထိုင်ခင်း စီစဉ်ရဲသည့် လူဟူ၍ မရှိပါချေ။
တခဏအကြာတွင် အိမ်ရှေ့မင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသားနှင့် အရာရှိမှူးမတ်များ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြလေ၏။ အမတ်ကြီး၏ အိမ်တော်ကို ကိုယ်စားပြု၍ ပွဲကို တက်ရောက်လာသူမှာ ဇုဝူကျီ ဖြစ်လေ၏။ ရဲရှောင်ရှိရာ ပင်မခန်းမအတွင်း ဝင်ထိုင်ရန် ကြိုးစားသော်လည်း ထိုကဲ့သို့ မထိုင်နိုင်ခဲ့ချေ။
အမတ်ကြီးဇူ၏ သားတစ်ယောက် ဖြစ်သည့် ဇုဝူကျီပင် ထိုအခွင့်အရေးကို မရရှိပါပေ။
သူသည် အော့ကြောလန် လူဆိုးသခင်လေး ၃ ယောက်ထဲမှ တစ်ယောက် အပါအဝင်ဖြစ်ပြီး သို့သော်လည်း စစ်သည်ရဲမက် တပ်မဟာအတွင်း အကျုံးမဝင်သဖြင့် ပင်မခန်းမအတွင်း ဝင်ခွင့်မရခြင်းပင် ဖြစ်သည်။
“ထွက်သွားစမ်း . . .”
ဇုဝူကျီမှ ထိုင်ခွင့်ရရန် အပူကပ်နေသဖြင့် စစ်သူကြီးတစ်ဦးမှ ခပ်မာမာ ပြောလိုက်ခြင်းပင် ဖြစ်ပါတော့သည် . . .။