Chapter – 128
“ဟွာရန်းနန်းတော်၏ညစာစားပွဲ”
ရဲရှောင်သည် ချည်ထည် ဝတ်ရုံ တစ်စုံအား ဝတ်ဆင်ထားပြီး မြို့တံခါးဝ အနားသို့ ရောက်သော အခါ သူ၏ ကျင့်စဉ်များကို လည်ပတ်စေ၍ ခန္ဓာကိုယ်တွင် ပေကျံနေသည့် သွေးစသွေးနများအား သန့်စင် လိုက်သည်။ ထိုအချိန်မှသာ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း ချလိုက်ပါတော့သည်။
သူသည် ထိုအချိန်တွင် မြို့တံခါး၌ ကောင်မလေး များစွာ ရှိနေသည်ကို သတိပြုမိသွားသည်။ ထိုမိန်းကလေးများ၏ ခန္ဓာကိုယ်မှ မွှေးရနံ့များသည် သူ့ထံသို့ လေတိုက်လိုက်တိုင်း လွင့်ပျံလာနေသည်။ အမျိုးသမီး ခရီးသွားတစ်စုပင် ဖြစ်နိုင်ပါသည်။ သူတို့သည်လည်း ရေခဲတောင် ရှိရာသို့ ထွက်လာကြခြင်း ဖြစ်ဟန်တူပြီး အုပ်စုလိုက် သွားနေကြခြင်း ဖြစ်၏။
တကယ်တမ်းတွင် ထိုမိန်းကလေး အုပ်စုသည် စုယဲ့ယွဲ့၏ ညီအစ်မလို ခင်သော သူငယ်ချင်းများ အဖွဲ့ပင် ဖြစ်သည်။ အချို့မိန်းကလေးများမှာ အရာရှိကြီးများ၏ သမီးများ ဖြစ်ကြပြီး တချို့မှာလည်း တော်ဝင်မျိုးနွယ်စုထဲမှ မင်းသမီးများ ဖြစ်ကြလေသည်။ မျိုးနွယ်စုကြီးများမှ မိန်းကလေးများလည်း ပါသလို လူကုံထံ သူဌေးကြီးများ၏ သမီးများလည်း ပါဝင်၏။ ထိုအုပ်စုထဲရှိ မိန်းကလေး တစ်ဦးတလေမျှ ဆင်းရဲသည့် မျိုးနွယ်စုထဲမှ မဟုတ်ကြပါချေ။
ရဲရှောင်သည် မြွေလိမ်မြွေကောက်ကဲ့သို့ သွားလိုက်ရင်း ဘေးနားသို့ ပုန်းနေလိုက်သည်။
အကယ်၍ ထိုမိန်းကလေးများသာ သူ့ကို တွေ့သွားမည် ဆိုပါက သူလည်း ထိုအုပ်စုနှင့် ရောယောင်၍ လိုက်သွားရမည်မှာ သေချာသလောက်ပင်။ ထိုကဲ့သို့ သွားခွင့်ရခြင်းသည် ကံကောင်းသည် မှာ မှန်သော်လည်း ယခုပင် ရေခဲတောင်မှ ပြန်လာခဲ့သဖြင့် ထပ်၍ မသွားချင်တော့ပေ။
(ငါသာ ထပ်သွားရရင် ရူးသွားလောက်တယ် . . .)
သူ့ဘဝတွင် အတော်ကြီး အန္တရာယ်နှင့် နီးစပ်ခဲ့ရသည့် အခိုက်အတန့် ဖြစ်ခဲ့ရပြီး ထိုအဖြစ်အပျက်ကို မေ့နိုင်တော့မည် မဟုတ်ပေ။
ထိုမိန်းကလေးများသည် ရဲရှောင်အား ကျော်၍ သွားကြလေ၏။ သူမတို့သည် လူအုပ် အတန်းလိုက်ကြီး သွားနေကြခြင်း ဖြစ်ပြီး သူမတို့၏ ဘေးနားတွင် အိမ်တော်မှ အစောင့်အရှောက် များစွာ ရှိနေသည်။ လမ်းပေါ်ရှိ လူများအား မသင်္ကာသော မျက်လုံးများဖြင့် လိုက်ကြည့် နေကြပါတော့သည်။
ရဲရှောင်လည်း လူအုပ်ကြားထဲ ရောနေရင်း အထက်တန်းလွှာ မိန်းကလေးများအား ငေးကြည့်နေမိသည်။ တစ်ယောက်ယောက်ကို လွမ်းဆွတ်သွားမိသလိုပင် ခံစားလိုက်ရ၏။
ထိုအုပ်စုတွင် သူနှင့် ရင်းနှီးနေသည့် မိန်းကလေး တစ်ဦးလည်း ပါဝင်သင့်၏။ ယခုအခါ မပါလာသဖြင့် လွမ်းဆွတ်သလို ဖြစ်မိသွားခြင်းပင်။ ထိုမိန်းကလေးမှာ စုယဲ့ယွဲ့ပင် ဖြစ်လေ၏။
(သူက ဒီလို ကိစ္စတွေဆို အမြဲတမ်း တက်တက်ကြွကြွနဲ့ ပါချင်တယ်။ အခု သူက ဘာလို့ မပါရတာ လဲ၊ ထူးဆန်းလိုက်တာ . . .)
ရဲရှောင်သည် သေချာလိုက်ကြည့်သည့်တိုင် မင်းသား ဟွာရန်း၏ နန်းတော်မှ လူများကို တစ်ဦးတလေမျှ မတွေ့ရချေ။
ထို့ကြောင့် ထူးဆန်းသလို ခံစားလိုက်ရလေ၏။
အမြဲလိုလို စုယဲ့ယွဲ့သည် ထိုကဲ့သို့ ထူးဆန်းသည့် အဖြစ်အပျက်များ ဖြစ်ပေါ်နေသည် ဆိုတာနဲ့ ကြည့်ရှု စပ်စုရန် စိတ်အားထက်သန်နေစမြဲ ဖြစ်သည်။
သူယခုကဲ့သို့ ပုန်းအောင်းနေရခြင်းမှာ စုယဲ့ယွဲ့အား တွေ့ရမည် စိုးသဖြင့် ဖြစ်၏။ အကယ်၍ ဖန်ဇီလင်ပုံစံပင် ပြောင်းထားလင့်ကစား ကျောလုံမည် မဟုတ်ချေ။
စုယဲ့ယွဲ့သည် ရဲရှောင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ကာ ရဲရှောင်အား စိုးရိမ်ပူပန်တတ်သူလေးလည်း ဖြစ်၏။ ရဲရှောင်သည် သူ့အတွက်ကြောင့် မည်သူ့ကိုမျှ မထိခိုက် မနစ်နာ စေချင်ပေ။ သူသည် ယခုမှသာ သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သဖြင့် စိတ်ရောလူပါ ပင်ပန်း နွမ်းနယ်နေလေပြီ။ ထို့ကြောင့် စုယဲ့ယွဲ့ အရှေ့တွင် ဟန်ဆောင်နိုင်မည် မဟုတ်ဟု တွေးမိခဲ့ခြင်း ဖြစ်၏။
(ဒီတစ်ခေါက် သူ့ရဲ့ အဖွဲ့နဲ့လည်း မပါလာပါလား . . .)
လူသားများသည် ဒုက္ခနှင့် မိတ်ဆွေ ဖွဲ့တတ်ကြသူချည်းသာ ဖြစ်လေသည်။
သူသည် မိန်းကလေးအုပ်စုနှင့် လိုက်ပါရမည် စိုးသဖြင့် စုယဲ့ယွဲ့ကို ရှောင်နေရန် ကြိုးစားခဲ့သော် လည်း ယခုအခါ စုယဲ့ယွဲ့ မပါသဖြင့် သူမအား စိတ်ပူမိနေပြန်ချေပြီ။
တစ်ခုခု အရေးကြီးသည့် ကိစ္စတစ်ခုခုများ ဖြစ်သွားသလားဟုပင် သံသယ ဝင်သွားမိလေ၏။
သူသည် အတွေးနယ်ချဲ့ နေရာမှ ရုတ်တရက် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“အာ . . . မဖြစ်သေးဘူး . . .”
ရဲရှောင် လေအဟုန်ကဲ့သို့ လျင်မြန်လှစွာဖြင့် မြို့ထဲသို့ ပြေးဝင်သွားခဲ့သည်။
စုယဲ့ယွဲ့ အဘယ်ကြောင့် လိုက်မလာရသလဲ ဆိုသည့် အကြောင်းရင်းအား သဘောပေါက်သွားခြင်း ဖြစ်ကာ နောက်တစ်ရက်အကြာတွင် မင်းသားဟွာရန်းမှ တိုက်ပွဲများ ဖြစ်ပေါ်ရာ နေရာသို့ သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် သူမတို့ မိသားစု အနေဖြင့် ညစာအတူတူ စားခြင်း အပြင် ပြင်ဆင်စရာ ရှိသည်များအား ပြင်ဆင်နေရ၍ ယခုကဲ့သို့ မလာရောက်နိုင်ခြင်း ဖြစ်ပေသည်။ ထိုညစာစားပွဲသည် မင်သား ဟွာရန်း စစ်မြေပြင်သို့ မသွားမီ နောက်ဆုံး စားရမည့် ညစာ ဆိုလျှင်လည်း မမှားချေ။
အကယ်၍ စုယဲ့ယွဲ့ အပြင်ထွက်ခွင့် ရသည့်တိုင် သူမသည် သူမ၏ ဖခင် ဖြစ်သူနှင့်သာ အတူတူ အချိန်ကုန်ဆုံးစေမည်မှာ သေချာလှပေသည်။
ထိုအချိန်သည် ညနေစောင်း အချိန်ကာလ ဖြစ်သဖြင့် ကောင်းကင်ကြီးသည် မှောင်ရီပျိုးစ ပြုနေပြီ ဖြစ်၏။
ဟွာရန်းမင်းသား၏ နန်းတော် အတွင်းတွင် ဖြစ်သည်။
ထိုနန်းတော်သည် သာမန်ထက် အနည်းငယ် ထူးခြားမှု ရှိ၏။ နေရာတိုင်းတွင် ရောင်စုံ အလင်းများ ထွန်းညှိ၍ပင် ထားပါသေးသည်။
နန်းတော်၏ တံခါးအား အမြဲလိုလို ပိတ်ထားလေ့ ရှိပြီး သို့သော်လည်း ယခုအခါတွင်မူ လုံးဝကို အပြည့် ဖွင့်ထားလေ၏။
ဝင်ပေါက် တံခါး၏ ဘယ်ဖက် အခြမ်းတွင် လှံရှည်တစ်လက်အား ထောင်ထားပြီး ညာဖက် အခြမ်းတွင်မူ ဓားရှည်တစ်လက်အား ထောင်ထားလေသည်။
သက်ရှိ လူသား အစောင့်များ မချထားဘဲ လက်နက်များကိုသာ အစောင့်အဖြစ် ချထားခြင်း ဖြစ်၏။ ထိုကဲ့သို့ လုပ်ထားရခြင်းမှာ စစ်ထွက်တော့မည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။
တံခါးမှ ခန်းမကြီးဆီသို့ ဓားများဖြင့် လမ်းကြောင်းခင်းထားပြီး အဆိုပါ ဓားတစ်ချောင်းဆီတွင် ဓားရိုးဟူ၍ မပါဘဲ သုံးပေလောက် အရှည် ရှိပါသည်။
ဓားများ၏ အစွန်းဖျားများသည် တလက်လက်ဖြင့် တောက်ပနေ၏။
ထိုဓားများသည် နန်းတော်မှ ထွန်းညှိထားသည့် ရောင်စုံမီးများ အောက်တွင် အေးစက်သော အငွေ့အသက်များကို ထွက်ပေါ်နေစေပါသေးသည်။
ဓားများဘေးမှ ဖြတ်သန်းသွားသည့် လူများသည် ဓားအသွားပေါ်၌ မှန်ကြည့်၍ ရနိုင်လောက် အောင်ပင် သူတို့မျက်နှာကိုသူတို့ မြင်တွေ့နိုင်ကြသည်။
အကယ်၍ သူရဲဘောကြောင်သူ တစ်ဦးဦးသာ ရုတ်တရက် ဟွာရန်းနန်းတော် အတွင်းသို့ ဝင်လာမိမည် ဆိုပါက သေလောက်အောင် ကြောက်ရွံ့သွားမည်မှာ သေချာသလောက်ပင်။
လျှောက်လှမ်းလာကြသည့် လူများမှာလည်း စစ်သည်ရဲမက်များနှင့် စစ်သူကြီးများသာ ဖြစ်ကြလေ၏။
မည်သည့် အစေခံကိုမျှ အိမ်တော်တွင် ဧည့်ခံစေခြင်းမျိုး ရှိမနေချေ။ ယနေ့အတွက် သူတို့သည် နားရက်ခံစားရလေ၏။ အချို့မှာ အစေခံတန်းလျားတွင်သာ အနားယူနေကြပြီး အများစုကတော့ အိမ်ကို ပြန်သွားကြတာ ဖြစ်ပါသည်။
ယနေ့ ဧည့်ခံနေသော လူများအားလုံးသည် စစ်သည်ရဲမက်များသာ ဖြစ်ကြပြီး တိုက်ပွဲရာပေါင်း များစွာအား ရင်ဆိုင် တိုက်ပွဲဝင်ဖူးခဲ့ကြသည့်လူ များပင် ဖြစ်ချေတော့၏။
ထိုစစ်သည်များ၏ လှုပ်ရှားမှုများသည် လျင်မြန် သွက်လက်လှသလို ဧည့်သည်များအား ဧည့်ခံနေခြင်းသည်လည်း အိမ်တော်ရှိ အစေခံများနှင့် များစွာ ကွာခြားလှ၏။
သူတို့သည် အစာရေစာ ငတ်နေသည့် သိမ်းငှက်တစ်ကောင် သားကောင်အား ရှာတွေ့လိုက်ရသလို စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားကြလေသည်။
သူတို့၏ မျက်နှာများသည် အေးစက်စက် ဖြစ်နေသည်ကို တွေ့နိုင်ပေသည်။
သွေးဆာနေသော အရိပ်အယောင်များကိုလည်း တွေ့နိုင်လေ၏။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ သူတို့သည် တိုက်ပွဲမြေပြင်သို့ ထွက်ခွာရတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
မင်းသားဟွာရန်း၏ အလံတော်သည် တိုက်ပွဲတွင် လွှင့်ထူတော့မည် ဖြစ်ပါသည်။
ထိုလူများ၏ သွေးများသည်လည်း တိုက်ပွဲ စတော့မည် ဖြစ်သဖြင့် ပွက်ပွက် ဆူသလို ခံစားနေကြ ရပြီး တိုက်ပွဲမှာ သေဆုံးရခြင်းသည် မြတ်သည်ဟု ခံယူနေမိကြခြင်း ဖြစ်သည်။
သူတို့၏ ဘဝများသည် လှပသည့် မီးရှူးမီးပန်း တစ်ခုနှင့် ဆင်တူလှသည်။ မီးရှူးမီးပန်းများသည် တစ်ချက်တည်းသာ လင်းလတ်သွားခဲ့ပြီး ပျောက်ကွယ်သွားသလိုပင် သူတို့သည်လည်း ထိုကဲ့သို့ လင်းလတ်လိုက်ရသည့် တစ်ချက်အတွက် နောင်တရခြင်းမျိုး ရှိမနေချေ။
ထိုအချိန် တိုက်ပွဲခေါ်သံကဲသို့ လှုံ့ဆော်သည့် တီးလုံး တစ်ခုကို ကြားလိုက်ကြရသည်။
ထိုကဲ့သို့ တီးလုံးမျိုးအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထွက်ပေါ်လာစေရန် အတူတကွ သီဆိုကြခြင်း ဖြစ်သည်။ နိုင်ငံတော် သီချင်းဟုပင် ဆိုရမည် ဖြစ်သည်။
ပထမအပိုဒ်တွင် အသံသည် သိပ်ပြီး မကျယ်လောင်သေးပေ။ ဒုတိယ အပိုဒ်သည်လည်း ထို့အတူပါပင်။
တခဏအကြာ တတိယအပိုဒ်သို့ ရောက်သောအခါ သံပြိုင်ဟစ်ကြွေးမှုသည် မြို့တော် တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့လေ၏။
နန်းတော်၏ အရှေ့ဘက်လမ်းအား ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သဖြင့် လူသူ ကင်းရှင်းလျက် ရှိနေသည်။
စစ်သည်ရဲမက်ပေါင်း တစ်သောင်းလောက်သည် လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး လက်ထဲတွင်လည်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြလေ၏။
သူတို့အရှေ့ရှိ နန်းတော် အတွင်းတွင်လည်း စစ်သည်ရဲမက်ပေါင်း များစွာ ရှိနေကြသည်။ ထို့အပြင် စစ်သူကြီးများစွာလည်း ရှိနေကြပြီး နန်းတော်၏ ပတ်ချာလည်မှာတော့ အစောင့်အကြပ်များအား အပြည့် ချထားပါသည်။
တကယ်တမ်း ထိုအချိန်၌ နန်းတော်၏ စစ်သည် အင်အားသည် ၂ သောင်းခန့် ရှိနေခြင်းပင် ဖြစ်ပါသည်။
ခြေလှမ်းလှမ်းသံများ၊ အသက်ရှူသံများမှအပ တခြား မည်သည့် အသံကိုမျှ ကြားနိုင်မည် မဟုတ်ချေ။
ချောင်းဆိုးသံမျိုးပင် ကြားရမည် မဟုတ်ပေ။
တိတ်ဆိတ်ငြိမ်သက်လျက် လှုပ်ရှားနေကြခြင်းဖြစ်ပြီး ထိုကဲ့သို့ ဖြစ်ရပ်မျိုးသည် မြင်တွေ့ရခဲ လှပေသည်။
မြို့ပြင်ရှိ စစ်သည်ရဲမက်များပင် တိတ်တဆိတ်စွာ ရှိနေကြခြင်းဖြစ်၏။ တပ်စခန်းကြီးများထဲတွင် အားလုံးသော စစ်သည်များသည် မလှုပ်မယှက် ထိုင်နေကြလေ၏။
လက်နက်များကို လက်ထဲတွင် ကိုင်ဆောင်ထားလျက် ထိုင်နေကြခြင်း ဖြစ်ပေသည်။
စားပွဲတစ်ခုတွင် လူ ၂၀ ထိုင်နေကြခြင်း ဖြစ်၏။
စားပွဲပေါ်တွင် သောက်စရာများနှင့် စားစရာများဖြင့် မွှေးကြိုင်စွာ တည်ခင်းဧည့်ခံထား၏။
စစ်သူကြီးများနှင့် စစ်သည်များသည် လှုပ်ပင် မလှုပ်ကြချေ။
သူတို့သည် ကျောက်ဆစ်ရုပ်ကြီးများကဲ့သို့ ရှိနေကြပြီး အသံလည်း မထွက်ကြပေ။
နိုင်ငံတော် စစ်ချီသီချင်းသည် ပြန့်လွင့်လျက် ရှိနေလေ၏။
အချို့သော စစ်သည်များသည် အလွန်ငယ်ရွယ်ပုံ ပေါ်ကြပြီး ယခုအခေါက်သည် သူတို့အတွက် ပထမဆုံး တိုက်ပွဲ အတွေ့အကြုံ ဖြစ်လာမည် ဖြစ်လေ၏။
အစပိုင်းတွင် သူတို့ထဲမှ အချို့သည် ကြောက်ရွံ့နေကြပြီး အချို့မှာလည်း စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ သူတို့၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာမူ တိတ်ဆိတ်လျက်သာ ရှိနေကြပါတော့သည်။
သူတို့၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုများ၊ စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ တစ်ဦးချင်းဆီသည် ချစ်ခင်ရင်းနှီးစွာဖြင့် ရှိနေကြပြီး သွေးများကမူ ဆူပွက်နေကြသည်။
ယနေ့တွင် မည်သည့် အချစ်ဇာတ်လမ်းမျိုးကိုမျှ တွေ့ရမည် မဟုတ်ပေ။
ယနေ့တွင် မည်သည့် မိန်းမနှင့် ပတ်သက်သည်ကိုမျှ တွေ့ရလိမ့်မည် မဟုတ်ပေ။
ချန်နိုင်ငံတော်ကြီး၏ စစ်သည်ရဲမက်များ၏ ပွဲပင် ဖြစ်၏။
မရေမတွက်နိုင်အောင် များပြားလှသည့် စစ်သည်ရဲမက်များသည် မြို့အနှံ့မှ ထွက်လာနေကြသည်။
လမ်းတိုင်းရှိ မီးရောင်များသည်လည်း တချိန်တည်းလိုလို လင်းလတ်နေကြလေ၏။
ဟွာရန်းမင်းသား၏ အိမ်တော်မှ လူ ၁၆ ယောက် ထွက်လာကြပြီး သူတို့သည် ဂိတ်တံခါးတွင် တောင်ပံဖြန့်ကျက်ထားသလို မတ်တတ်ရပ် နေကြ၏။ ထိုလူများ၏ အမူအယာများသည် တူညီနေကြပြီး ထိုလူများကတော့ ဧည့်သည်များအား ဧည့်ခံပေးသော အစောင့်များပင် ဖြစ်ကြ၏။
သို့သော် သူတို့သည် သာမန်အစောင့်များ မဟုတ်ကြချေ။ မင်းသားဟွာရန်း၏ တပ်စု ရှစ်စု အတွင်းမှ အတွေ့အကြုံ ကြွယ်ဝသည့် စစ်သူကြီးများပင် ဖြစ်ကြလေသည်။
မြောက်ပိုင်းမှ ခြေလှမ်းများကို ကြားနေရပြီ ဖြစ်ပြီး လူများကိုတော့ မမြင်ရသေးချေ။ ထိုခြေသံ များသည် ရဲရင့် ပြတ်သားမှုတို့ဖြင့် ပြည့်နေလေ၏။
(မြောက်ပိုင်းက လူတွေ လာပြီပဲ . . .)
စစ်သူကြီးများသည် စိတ်လှုပ်ရှား နေကြ၏။
လူတိုင်းသည် နေရာတစ်ခုသို့သာ ငေးကြည့်နေမိကြသည်။
တခဏအကြာတွင် အလံတစ်ခုကို လမ်းထောင့် နေရာမှ တွေ့လိုက်ရပြီး ရဲရင့် ပြတ်သားသော စစ်သည်တော် အုပ်စုတစ်စုသည် စည်းစနစ်တကျ ညီညာစွာဖြင့် လျှောက်လှမ်းလာသည်ကိုပါ မြင်တွေ့ လိုက်ကြရလေ၏။
ထိုအုပ်စု၏ ရှေ့ဆုံးမှ လူသည် အရပ် ၉ ပေနီးပါးခန့် ရှိမည်ဖြစ်ပြီး အလံကို ကိုင်ဆောင်ထား၏။ သူ၏ ခြေလှမ်း တစ်လှမ်းသည်မှာ အားပါ ပြင်းထန်လွန်းလှပေသည်။
“ကျုပ်တို့ဟာ နဂါးနှစ်ကောင်၊ ကျားနှစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်လို့ သတ်မှတ်ခြင်း ခံထားရတဲ့ ကြီးမြတ်လှသော မြောက်ပိုင်း စစ်သူကြီး ရဲနန်ရှန်ရဲ့ မြို့ကို စောင့်ရှောက်ဖို့အတွက် လွှတ်လိုက်တဲ့ လူတွေပါ။ ကျုပ်တို့ဟာ စစ်သူကြီးရဲ နဲ့ မြောက်ပိုင်းက စစ်သည်ညီအစ်ကိုပေါင်း ၅ သိန်း ၆ သောင်းကို ကိုယ်စားပြုတယ်။ မင်းသား ဟွာရန်းကို ဂုဏ်ပြုချင်လို့ပါ။ မင်းသားဟွာရန်း ပါလာရင် တောင်ပိုင်းက ရန်သူတွေ အကုန်လုံး သေကုန်မယ်လို့ ကျုပ်တို့ မျှော်လင့်ပါတယ်။ မင်းသား အောင်မြင်မှုတွေနဲ့ အန္တရာယ် ကင်းစွာ ပြန်ရောက်လာနိုင်ပါစေလို့ ကျုပ်တို့ ဆုတောင်းပေးပါတယ် . . .”
ထိုလူ၏ အသံသည် ကျယ်လောင်လှပြီး ပြတ်သားလှ၏။ ဂုဏ်ပြုစကား ပြောကြားနေပုံသည် စစ်ထွက်မိန့်ခွန်းအား ဇာတိသွေးဇာတိမာန် အပြည့်ဖြင့် ပြောနေသည်နှင့်ပင် တူနေပါသေးသည်။
သူ၏ စကားဆုံးသောအခါ သူ့နောက်ရှိ လူ ၄ ယောက်သည်လည်း တပြိုင်တည်းလိုလို အော်လိုက်ကြ၏။
ထိုလူ ၅ ယောက်၏ နောက်ရှိ လူ ၅၀ မှာမူ တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်ပင် ရှိကြသည်။ သူတို့၏ မျက်လုံးများသည် စူးရှ၍ လေးနက် တည်ငြိမ်နေပါတော့သည်။
“ချွင် . . .”
တခဏအကြာတွင် ထိုစစ်သည် ၅၀ သည် သူတို့၏ ဓားများအား ဆွဲထုတ်လိုက်ကြသဖြင့် ဓားသံများ ပြိုင်တူ ထွက်လာကြသည်။
နဂါးနှစ်ကောင်၊ ကျားနှစ်ကောင်နှင့် ခြင်္သေ့တစ်ကောင်တို့သည် ရဲနန်ရှန်၏ တပ်ရှိ စစ်သူကြီး ၁၀ ယောက်တွင် ပါဝင်သည့် လူများ ဖြစ်ကြသည်။
ရဲနန်ရှန်တွင် စစ်သူကြီးပေါင်း ၁၀ ဦးရှိ၏။ သူတို့သည် နှစ်ဝက်တိုင်း အလှည့်ကျ တာဝန်ယူကြရတာ ဖြစ်ပြီး ယခုအကြိမ်တွင် မြို့ထဲ၌ ၅ ဦး ချန်ထားခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ခါတွင်မူ နောက်ထပ် ၅ ဦး ပြောင်းသွားမည် ဖြစ်၏။
ယခုအခါ မြို့ထဲတွင် ကျန်ရှိနေသည့် စစ်သူကြီး ၅ ဦးမှ မင်းသားဟွာရန်းအား လာရောက် ဂုဏ်ပြုကြခြင်းပင် ဖြစ်သည်။
သူတို့အဖွဲ့သည် လူအများကြီး မဟုတ်သော်လည်း အတူတကွ စုစည်း တိုက်ခိုက်မည် ဆိုပါက စစ်သည်ထောင်ဂဏန်းလောက်ထိကို သုတ်သင်နိုင်သည့် အစွမ်းကိုယ်စီ ရှိနေကြပါတော့သည် . . .။