Chapter – 127
“ထူးခြားဖြစ်စဉ်”
လူတိုင်းသည် ထိုကဲ့သို့ သမိုင်းတွင်ကျန်ရစ်လောက်သည့် အဖြစ်အပျက်မျိုးအား ကိုယ်တိုင် မြင်တွေ့ချင်နေကြသည်။
ထူးခြားသော အဖြစ်အပျက်ကြောင့် အားလုံးသည် ရေခဲတောင် ရှိရာဘက်သို့ ပြေးထွက်လာခဲ့ ကြတော့၏။
တော်ဝင်နန်းတော် အတွင်းမှ အရာရှိသည် ဘုရင်အား –
“အရှင်မင်းကြီး . . . ရုတ်တရက် ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်လာပါတယ်။ အခုက နွေခေါင်ခေါင်ကြီး ဖြစ်ပေမဲ့ မြို့ပြင်ဘက်မှာ မိုင်တစ်ရာ ပတ်လည်လောက်ကို အေးခဲစေတဲ့ ရေခဲတောင်ကြီး တစ်တောင် ဖြစ်ပေါ်လာတယ်။ ရေခဲတွေက အရမ်းအေးစက်လွန်းတဲ့အတွက် အရည်တောင် မပျော်နိုင်ပါဘူး။ အတော်ကို ထူးခြားတဲ့ မြင်ကွင်းမျိုးပါ။ နိမိတ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ နိုင်ငံတော်ကို နတ်ဘုရားတွေ ကောင်းချီးပေးတာလို့ ထင်တာပဲ . . .”
တော်ဝင်နန်းတော် အတွင်းရှိ လူများ အားလုံးသည် ဘုရင်၏ ဘုန်းတန်ခိုးအား ချီးကျူးလိုက်ကြ လေ၏။
“ဒါ ငါတို့ရဲ့ ဘုရင်ကြီးက တိုင်းသူပြည်သားတွေကို ကျောသားရင်သား မခွဲခြားပဲ ကောင်းကောင်း အုပ်ချုပ်နိုင်တဲ့အတွက် နတ်ဘုရားတွေက နိမိတ်ပြတာ ဖြစ်မယ်။ သမိုင်းတွင်မဲ့ ဘုရင်ကြီးပါပဲ . . .”
“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ . . .”
“တော်တော် ဘုန်းတန်ခိုး ကြီးတာပဲ . . .”
“အရှင်မင်းကြီး . . . နိုင်ငံတော်ကို ထာဝရ အုပ်စိုးတော်မူပါ . . .”
ဘုရင်သည်လည်း ထိုကဲ့သို့ ထူးဆန်းသည့် အဖြစ်အပျက် အကြောင်း သိချင်နေမိသည်။ သူ၏ မှူးမတ် အရာရှိများမှ နိမိတ်ကောင်း၍ နတ်ဘုရားများ ချီးမြောက်ခြင်း ဖြစ်မည်ဟု ပြောကြသောအခါ ရင်ခုန်နေမိသည်။ ချက်ချင်းပင် သူကိုယ်တိုင် ထိုနေရာသို့ လိုက်လံ၍ ကြည့်ရှုမည် ဖြစ်ကြောင်း အမိန့်တော် ထုတ်ပြန်လိုက်လေ၏။ နတ်ဘုရားများ၏ ချီးမြောက်ပေးမှုအား သူ့မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ချင်နေပြီ ဖြစ်လေသည်။
ထို့ကြောင့် တော်ဝင်နန်းတော် တစ်ခုလုံးသည် အလုပ်ရှုပ်သွားကြလေတော့၏။
ဘုရင်ဖြစ်သူကိုယ်တိုင် နန်းတော်မှ ထွက်ခွာမည် ဆိုသဖြင့် လူတိုင်းသည် ဆိုင်ရာတာဝန်များ ယူလိုက်ကြရင်း အလုပ်ရှုပ်သွားကြခြင်းပင် ဖြစ်ပါသည်။
တခဏချင်းမှာပင် နိုင်ငံတဝှမ်းလုံးမှ ပေးပို့ကြသည့် စာလွှာများ တဖွဲဖွဲ ရောက်ရှိလာကြသည်။
ရုတ်တရက် ဆိုသလို ဘုန်းတော်ဘွဲ့ စာလွှာများ ဆက်သလိုက်ကြခြင်းပင် ဖြစ်ပါသည်။
ရဲရှောင်သည် သူ့ရန်သူအား ထောင်ချောက်ဆင်၍ ဖမ်းလိုက်သော အဖြစ်သည် ချန်နိုင်ငံတော်ကြီး တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ရေခဲတောင်ကြီးသည် ရာသီဥတု အလွန်ပူပြင်းနေသည့်တိုင် အရည်ပျော်ကျသွားခြင်း မရှိသေးပေ။
ထာဝရ တည်ရှိနေမည့် ပုံစံပါပင်။
မော်တယ်ကမ္ဘာ၏ အံ့ဖွယ်အဖြစ်အပျက် တစ်ခုဟု ဆိုရပေမည်။
ရေခဲတောင်ကြီး ဖြစ်ပေါ်လာရခြင်းမှာ မရဏကျောက်တုံးမှ ထွက်ပေါ်လာသော အေးစက်သည့် ရေခဲချီဓာတ်များသည် တောင်တစ်ခုလုံးအား လွှမ်းခြုံသွားခြင်းကြောင့်ပင် ဖြစ်လေသည်။ ထိုကဲ့သို့ ထွက်လာရခြင်းမှာလည်း မရဏကျောက်တုံးသည် ဝိညာဉ်တော်ကျောက်ပြားများအား စုပ်ယူလိုက်ခြင်း ကြောင့် ဖြစ်၏။ ထိုကဲ့သို့ ထွက်လာသည့် ပမာဏသည် မော်တယ်ကမ္ဘာအတွက် အလွန်ကို ပြင်းထန်လွန်း နေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုစွမ်းအင်သည် ရာသီဥတု ပူပူ၊ အေးအေး မည်သို့မျှ သက်ရောက်မည် မဟုတ်ဘဲ ထာဝရတည်ရှိ သွားတော့မည် ဖြစ်သည်။
ကံကောင်းသည့် အချက်မှာ အေးစက်သော ရေခဲချီဓာတ်များသည် အလွန်အေးစက်သည့် စွမ်းအင်ကို ဖြစ်ပေါ်စေသော်လည်း အတိုင်းအဆမဲ့ ပြန့်နှံ့သွားခြင်းမျိုး မဟုတ်ချေ။ မရဏကျောက်တုံး အရှိန်လျော့ကျသွားသည်နှင့် ပြန့်နှံ့မှုနှုန်းလည်း ရပ်သွားခြင်း ဖြစ်၏။ အကယ်၍ လုံလောက်သည့် ဝိညာဉ်တော် ကျောက်ပြားများသာ ရှိမည် ဆိုပါက မော်တယ်ကမ္ဘာ တစ်ခုလုံးအတွက်ပင် အန္တရာယ် ဖြစ်စေနိုင်ပါသည်။
ထိုကဲ့သို့ ပြန့်နှံ့သွားမည် ဆိုပါကလည်း ရဲရှောင်သည် သေချာပေါက် ထိုပြဿနာအား ရအောင် ဖြေရှင်းပေးမည်သာ ဖြစ်သည်။ ထိုစွမ်းအင်ကို ခံနိုင်သည့် လူသည် မော်တယ်ကမ္ဘာတွင် မရှိနိုင်ချေ။ သို့သော်လည်း ရဲရှောင်ကဲ့သို့ ရှေးဦးခရမ်းရောင် ချီဓာတ်များကို ပိုင်ဆိုင်ထားသော ရဲရှောင်အတွက်မူ ထိုကဲ့သို့ မဟုတ်ပေ။ ထိုစွမ်းအင်များအား ရဲရှောင်သည် အကြိမ်ပေါင်းများစွာ စုပ်ယူခဲ့ဖူးသဖြင့် အတွေ့အကြုံ များနေပြီဟု ဆိုနိုင်၏။
မရဏကျောက်တုံးသည် ဝိညာဉ်တော် ကျော်ပြားမှ အစွမ်းထက် ဝိညာဉ်တော် စွမ်းအားများစွာကို စုပ်ယူလိုက်ခြင်း ဖြစ်သည်။ ရေခဲချီဓာတ်များ အလွန်အမင်း များပြားစွာ ထွက်နေမည် ဆိုသော်လည်း ရဲရှောင်အနေဖြင့် ထိုချီဓာတ်များအား ပျက်ပြယ်စေရန်အတွက် သုံးနှစ်လောက်သာ အချိန်လိုမည် ဖြစ်ပါသည်။
သို့သော်လည်း ရဲရှောင်သည် ထိုကဲ့သို့ မလုပ်လိုချေ။
ယခုကဲ့သို့ ရေခဲတောင်ကြီး ဖြစ်ပေါ်လာရခြင်းမှာ အံ့သြစရာ ကိစ္စတစ်ခု ဖြစ်သဖြင့် လူတိုင်း သတိထားမိသွားမည်မှာ သေချာလှ၏။ သို့သော် သူပျောက်ပြယ်စေရန် လုပ်ဆောင်နေစဉ်အတွင်း တစ်ယောက်ယောက် သိရှိသွားမည် ဆိုပါက သူ့အတွက် ကောင်းမည် မဟုတ်ချေ။
ရဲရှောင်လည်း လှပသည့် မြင်ကွင်းအား ချီးကျူးနေမိရင်း သက်ပြင်းချလျက် အိမ်ပြန်ရန် ပြင်လိုက်သည်။ ယခုအချိန်တွင် သူသည် အလွန်အားအင်ကုန်ခမ်း၍ မောပန်းနေပြီ ဖြစ်သည်။ တောင်တဝက်လောက် ရောက်သည့်အခါ အရပ်မျက်နှာအသီးသီးမှ လူများစွာ ကသောကမျော ရောက်လာကြသည်ကို မြင်တွေ့လိုက်ရ၏။
“ဘုရားရေ . . . ဘာလို့ လူတွေ အများကြီး ရောက်လာကြတာလဲ . . .”
ရဲရှောင် လန့်သွားမိသည်။
အချို့သော ယောကျာ်းကြီးများသည် သူတို့ ရေခဲတောင်ရှိရာသို့ ရောက်ရှိတော့မည် ဆိုတာကို သိသဖြင့် အဝတ်အစားများကိုပင် သေချာ ဝတ်ထားနိုင်ကြခြင်း မရှိတော့ဘဲ ပြေးလာကြလေ၏။
ထိုလူများ ပြန်သောအခါ အနီးနားရှိ အထည်ဆိုင်များမှ အဝတ်အစားများ ဝယ်ယူကြရမည်မှာ သေချာသလောက်ပင်။
အချို့သော် စီးပွားဆန်သည့် လူများမှာမူ အသင့်ပါလာသည့် အနွေးထည် အထူများအား လမ်းမှာပင် ရောင်းဝယ်မှု ပြုကြလေ၏။ အလွန် စီးပွားရေး အကွက်မြင်လှသူများ ဖြစ်ကြပြီး ထိုလူများ၏ အဝတ်အစားများ အားလုံးသည် ရောင်းထွက်ကုန်ကြတော့၏။
ရဲရှောင်သည် မြင်ကွင်းကို ကြည့်ရင်း ကြောင်းငေးနေမိလေသည်။
တကယ်တမ်းတော့ သူသည် လူသားများ၏ စူးစမ်းချင်စိတ်အား လျော့တွက်လိုက်မိခြင်း ဖြစ်၏။
မရဏကျောက်တုံးမှ ရေခဲချီဓာတ်များ ထွက်ပေါ်ခဲ့မှုသည် ခြောက်နာရီမျှသာ ကြာခဲ့လေသည်။
ထိုကဲ့သို့ အချိန် တခဏလေး အတွင်းတွင် ယခုကဲ့သို့ မြို့တစ်မြို့လုံး ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။
သူ့နောက်ရှိ ရေခဲတောင်ကြီးအား စောင်းငဲ့ကြည့်လိုက်သောအခါ ထိုနေရာ တစ်ခုလုံးသည် ရေခဲများဖြင့် ဖွေးဖွေးလှုပ်နေပါသည်။
(ငါက အနက်ရောင် ဝတ်ထားတယ် ဆိုတော့ သူများတွေ မျက်စိကျစရာ ဖြစ်နေမယ် ထင်တယ်)
ယခုကဲ့သို့ လူအုပ်ကြီးအား စောစော ကြို၍ တွေ့လိုက်ခြင်းသည် သူ့အတွက် ပို၍ ကောင်းသွားပြီး ပြင်ဆင်ချိန် ရှိသွားသလို ဖြစ်သွား၏။ ရဲရှောင်လည်း ရေခဲပြင်ပေါ် ထိုင်ချလိုက်ရင်း သူ့ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
“ရွှစ် ရွှစ် ရွှစ် . . .”
ရဲရှောင်သည် တောင်ပေါ်ရှိ ရေခဲများအား နှင်းလျှောစီးသကဲ့သို့ ဆင်းလာလိုက်ခြင်း ဖြစ်၏။
သူသည် ထိုကဲ့သို့ လျောဆင်းသွားရသည့် အတွက် ဘာမှ ထူးထူးခြားခြားတော့ မခံစားရချေ။ သူ၏ တင်ပါးသာ အနည်းငယ် နာသလို ဖြစ်သွားရလေ၏။
ရဲရှောင်နှင့် အနီးဆုံးသို့ ရောက်ရှိနေသော လူစုမှ ရဲရှောင်ကို မြင်သောအခါ –
“ဟိုမှာ ကြည့်စမ်း . . . လူတစ်ယောက် တောင်ပေါ်ကနေ လျောဆင်းလာပါလား . . .”
ရဲရှောင်မှာ မကျေမနပ်ဖြင့် –
“တောက် သူတောင်းစားတွေက တော်တော် မျက်စိကောင်းတာပဲ၊ သေစမ်း . . .”
ရဲရှောင်သည် သူ့ကို မမှတ်မိစေရန်လိုအပ်နေသဖြင့် လှိမ့်ချလိုက်ရင်း သူ့မျက်နှာအား ရေခဲပြင်နှင့် မျက်နှာမူစေလိုက်သည်။
ထိုအခါ နောက်တစ်ယောက်မှ –
“ဟာ မယုံနိုင်စရာပါလား . . . သူက မျက်နှာနဲ့တောင် လျှောစီးလာသေးတယ်။ ခုနတုန်းက ဖင်နဲ့ လျောဆင်းလာတာပါ။ သူ့တင်ပါး နေရာက အဝတ်တွေက စုတ်ပြတ်နေတာ အခုကျ မျက်နှာနဲ့ ဆင်းလာ တယ်ဆိုတော့ ဖင်ပေါ်နေပြီပေါ့ . . . ဟာဟ . . . ဖင်က ဖွေးနေတာပဲဟေ့ . . .”
“သေလိုက်ပါတော့ကွာ . . .”
ရဲရှောင်သည် အလွန် ရှက်ရွံ့နေမိသည်။ ဘာဆက်လုပ်ရမှန်းပင် မသိတော့ချေ။
(ခွေးသူတောင်းစားက တော်တော် မျက်စိကောင်းနေတယ်။ ဒီလောက် လှတဲ့ ရေခဲတောင်ကြီး တစ်ခုလုံး ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာတောင်မှ ငါ့ကို သတိထားမိနေသေးတယ်။ နောက်ပြီး ဖင်ပေါ်တာကိုပါ မြင်လိုက်သေးတယ်ပေါ့။ အဲဒါတွေက အော်ပြောစရာ လိုလို့လား . . .)
ရဲရှောင် စိတ်ထဲ တွေးနေမိသည်။
(လူတိုင်းမှာ ဖင်ရှိကြတာပဲဟာ။ နောက်ပြီး အတူတူပါပဲ။ မတူညီတာက မျက်နှာလေ။ ငါ့မျက်နှာကို ဖုံးကွယ်ထားမှ ဘယ်သူမှ ငါ့ကို မမှတ်မိမှာ။ မင်းကတော့ ငါ့ဖင်ကိုတောင် မှတ်မိနေမလားလို့ သံသယ ဖြစ်မိတယ်။ တော်တော် မျက်စိစူးတဲ့လူ . . .)
ရဲရှောင်သည် ရှက်ရှက်ဖြင့် လျောဆင်းလာခဲ့လေသည်။
တောင်ခြေသို့ ရောက်ခါနီးသောအခါ သူ့ရှေ့တွင် ရေခဲများဖြင့် ဖုံးနေသော သစ်ပင်ကြီး တစ်ပင်သည် ဘွားခနဲ ပေါ်လာလေ၏။ သူ၏ ခြေထောက်ခွကြား နေရာနှင့် ကွက်တိပင် ဖြစ်သည်။
သူသည် မျက်နှာကို ဖုံးကွယ်ထားသဖြင့် ထိုသစ်ပင်ကို သတိမပြုမိခဲ့ချေ။ ဒီအတိုင်းသာ အရှိန်ဖြင့် ဆင်းလာခဲ့တာဖြစ်သဖြင့် သစ်ပင်သည် သူ့ခွကြား နေရာသို့ တန်းတန်းမတ်မတ်ပင် ထိမှန်သွားပါတော့ သည်။
“ဘုန်း . . .”
သစ်ပင်သည် ကျိုးကြေသွားရလေတော့သည်။
“အား . . . ငါ့ . . .”
ရဲရှောင် မျက်နှာ ရုတ်တရက် ရှုံ့မဲ့သွားလေသည်။ သူခံစားလိုက်ရသည့် ခံစားမှုအား ဖော်ပြန်ရန်ပင် မလွယ်ကူလှချေ။ သေသည်ထက်ပင် ဆိုးရွားလှပြီး သူသည် ဆက်လက်၍ လိမ့်ဆင်းနေဆဲပင်။
“ဘုန်း . . .”
နောက်ထပ် သစ်ပင်တစ်ပင်အား ထပ်မံ၍ ဝင်တိုက်သွားပြန်ပါသည်။ ယခုအကြိမ်တွင်မူ ထိုသစ်ပင် သည် မကျိုးသွားဘဲ သူသာ ပြန်ကန်ထွက်လာလေ၏။ ထိုကဲ့သို့ အကြိမ်ကြိမ် တိုက်မိပြီး နောက်ဆုံးတွင် အောက်သို့ ရောက်လာပါတော့သည်။
လူးလဲထလိုက်ရင်း သူ့လက်ဖြင့် ခွကြားကို အုပ်ကိုင်ကာ ထိုနေရာမှ အမြန်ဆုံး ထပြေးသွားပါ တော့သည်။
ပြေးနေရင်းဖြင့် အသက်ကိုလည်း ဝအောင် ရှူနေရသေးလေ၏။
(တောက် . . . တော်တော် ဆိုးတာပဲကွာ . . .)
လူများသည် နေရာအနှံ့မှ ရောက်ရှိလာကြသဖြင့် ရဲရှောင်လည်း သူ၏ သရုပ်အမှန်ကို မထုတ်ဖော်ချင်ပေ။
အကယ်၍ သူ့ကို တွေ့သွားကြပြီး မှတ်မိသွားကြမည် ဆိုပါက လက်ကျန်ဘဝ တလျှောက်လုံး အလှောင်ပြောင်ခံရမည် ဖြစ်၏။
ထို့ကြောင့် သူ့သည် မျက်နှာကိုပါ လက်ဖြင့်အုပ်ကာ ထွက်လာခြင်း ဖြစ်လေ၏။ လမ်းတွင် ဝတ်ရုံတစ်ထည်ကိုပင် ရခဲ့ပါသေးသည်။
တကယ်တော့ အဆိုပါ ဝတ်ရုံအား လုယူလိုက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ငှားသွားသည်ဟု ပြောလျှင် ပို၍ မှန်ပေလိမ့်မည် ဖြစ်ပေသည်။
ဝတ်ရုံများအား ရောင်းချသော လူတစ်ယောက်သည် ဝယ်သူနှင့် အဆင်မပြေဖြစ်နေသည်။ သူတို့ ၂ ယောက်သည် ငြင်းခုန်နေကြခြင်း ဖြစ်၏။
“ကျုပ်ပြောချင်တာက ခင်ဗျား သိပ်ပြီး လောဘမကြီးပါနဲ့၊ အခုက နွေခေါင်ခေါင်ကြီးနော်။ ဆောင်းတွင်းလို အေးနေပါစေဦး ဒီဝတ်ရုံက ငွေစ ၃ စလောက်ပဲ တန်တာပါ။ အခု ခင်ဗျားက ငွေစ ၄၅ စ လိုချင်နေတယ်။ ခင်ဗျား အသိစိတ်ရော ရှိသေးရဲ့လား။ နတ်ဘုရားတွေကတော့ ခင်ဗျားကို စောင့်ကြည့်နေမှာ သေချာတယ် . . .”
“ဟမ့် . . . ငါကရောင်းတယ်၊ မင်းကဝယ်တယ်၊ ပြီးပြီလေ၊ ဘာဖြစ်လို့လဲ။ ဆောင်းတွင်းမှာ ဝတ်ဝတ် မိုးတွင်းမှာဝတ်ဝတ် သူ့ဈေးသူတော့ ရှိမှာပဲလေ။ မင်းက နတ်ဘုရားတွေ ဘာတွေ လာပြောနေသေးတယ်။ သူတို့က စောင့်ကြည့်နေတယ် ဟုတ်လား . . . မင်းက ငါ့အနွေးထည်တွေကို ငါက လောဘကြီးပြီး ဈေးတင်ရောင်းတယ်ဆို သူတို့ တစ်ခုခု လုပ်ကြမှာပေါ့။ အခုဒီလို ရေခဲတောင်ကြီးတောင် ဖြစ်အောင် လုပ်ခဲ့ကြတာပဲဟာ နတ်ဘုရားတွေ ဆန္ဒအရ ငါ့ရဲ့ ဈေးက သင့်တယ် ထင်တယ် . . .”
“ခင် . . . ခင်ဗျား . . . ခင်ဗျား တော်တော် အရှက်မရှိတဲ့လူပဲ။ ဒီလောက်ထိ ဘာလို့ အရှက်မဲ့ နေရတာလဲ . . .”
ဈေးဝယ်သူသည် သာမန် လူတစ်ယောက်ပင် ဖြစ်ပြီး အတွေ့အကြုံ သိပ်ပြီး မကြွယ်ဝသလိုပါပင်။ ထိုကဲ့သို့သော လူတစ်ယောက်သည် အတွေ့အကြုံ ကြွယ်ဝသည့် ဈေးသည်တစ်ဦးအား မည်သို့မျှ စကားနိုင် လုနိုင်မည် မဟုတ်ပေ။
ဝယ်သူသည် ဒေါသထွက်သွားခဲ့ပြီး သို့သော် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားတာကို ခံစားလိုက်ရလေ၏။ ထိုအချိန် ဈေးရောင်းသူ၏ ခန္ဓာကိုယ်သည် လေထဲတွင် လည်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။
သူ၏ လက်ထဲရှိ ဝတ်ရုံသည်လည်း ရှိမနေတော့ချေ။
ထိုအချိန် အသံတစ်သံကိုပါ သူကြားလိုက်ရလေ၏။
“အရူးကောင် . . . မင်းကံကောင်းဖို့အတွက် ရေခဲတောင်ကို ငါမလုပ်ပေးခဲ့သင့်ဘူး။ မင်းဒီလို ထပ်လုပ်ရဲ လုပ်ကြည့်စမ်း၊ မင်းတစ်ဘဝလုံး စုတ်ပြတ်အောင် လုပ်ပြမယ် . . .”
ထိုအသံသည် ခပ်တိုးတိုး ဖြစ်သော်လည်း ကောင်းစွာ ကြားနိုင်လေ၏။
ထိုကဲ့သို့ ပြောလိုက်သူသည် မည်သူလဲ ဆိုတာကိုလည်း မသိနိုင်ပါချေ။
ရဲရှောင်သည် ထိုအချိန်တွင် အလွန်ရှက်နေပြီ ဖြစ်ပြီး ကိုယ်လုံးတီးနီးပါး အခြေအနေသို့ ရောက်နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် အရှက်လုံစေရန်အတွက် ဝတ်ရုံတစ်ခု လိုအပ်နေပါသည်။ ဝတ်ရုံရောင်းသူသည် ကံဆိုးသွားခြင်း ဖြစ်ပြီး ထိုလူ၏ မျက်နှာအား ထိုးလိုက်သူမှာ ရဲရှောင်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရဲရှောင်သည် ထိုလူ၏ ဝယ်သူအပေါ် ဆက်ဆံသော ပုံစံကို မကြိုက်လို့ပင် ဖြစ်၏။ တကယ်တမ်းတွင်မူ သင်ခန်းစာ ပေးချင်ခြင်း ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ အကယ်၍ သူသာ တကယ်တိုက်ခိုက်ချင်သည် ဆိုပါက ထိုလူ ခေါင်းတစ်ခုလုံး ကြေမွ၍ပင် သွားနိုင်ပါသည်။
ဈေးရောင်းသူလည်း အထိတ်တလန့် ဖြစ်သွားခဲ့ပြီး ကြောင်ငေးသွမိလေ၏။ တခဏ အကြာတွင် ဒူးထောက်ချလိုက်ရင်း အရိုအသေပြုကာ –
“ကျုပ်မှားသွားပါတယ် . . . ကျုပ်မှားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ . . .”
သူသည် ထိုအချိန်မှစ၍ သူ၏ ဝတ်ရုံဈေးနှုန်းများအား မျှတစွာပင် ရောင်းချကာ ဈေးထပ်၍ မတင်ရဲတော့ချေ။
ထို့ကြောင့် သူ၏ ဝတ်ရုံများသည် တခြားလူများ၏ ဝတ်ရုံများထက် ပို၍ မြန်မြန် ကုန်လေ၏။ ထိုနှစ်အတွက် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံး ဈေးရောင်းသူ ဟူသည့် ဘွဲ့ထူးကိုပင် ရရှိခဲ့ပါသေးသည်။ သူ၏ စီးပွားရေး လုပ်ငန်းများသည်လည်း ကြီးကျယ်သထက် ကြီးကျယ်လာခဲ့ပြီး နှစ်အနည်းငယ် ကြာသောအခါ ဘီလီယံနဲ့ချီ၍ ဝင်ငွေ ရရှိနေသူ တစ်ဦး ဖြစ်နေချေပြီ။ သူ၏ နှလုံးသားထဲတွင်လည်း ရိုးသားဖြောင့်မတ်ခြင်း ဟူသည့် အရာကိုသာ ထည့်သွင်းထားပါတော့သည်။
သူအားလပ်သည့် အချိန်များတွင် သူ့အား သတိပေးခဲ့သည့် နတ်ဘုရား အကြောင်း ရေရွတ်နေလေ့ ရှိပြီး သူထိုနေ့က နတ်ဘုရား၏ သတိပေးမှုကို ခံခဲ့ရသည် ဆိုသည့် အဖြစ်ကိုလည်း မည်သူ့ကိုမျှ မပြောပြ ခဲ့ချေ။ နတ်ဘုရားမှ ထိုကဲ့သို့သာ သူ့ကို ချီးမြောက်မှု မပြုဘူး ဆိုပါက ယခုကဲ့သို့ သူချမ်းသာလာမည် မဟုတ်ဟု ယုံကြည်နေမိပါတော့သည် . . .။