Chapter – 126
“ဒီတစ်ကြိမ်တော့ချမ်းသာပြီ”
ဥသည် တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှ၏။ ရဲရှောင်၏ မေးခွန်းများသည်လည်း အဖြေမရှိနိုင်အောင် ဖြစ်နေပါတော့သည်။
“မင်းက ဥတစ်လုံးပဲဟာ . . . ဘာလို့ ဒီလောက်ထိ မာနေရတာလဲ .. .”
“ဒီလို အဆင့်မြင့် ထိပ်တန်း ပညာရှင် တစ်ယောက်ရဲ့ ဝိညာဉ်တော်ကိုတောင် ဘယ်လို စုပ်ယူ နိုင်ရတာလဲ . . .”
“မင်းက ဘာကောင်များ ပေါက်လာမှာလဲ . . .”
ရဲရှောင် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်နေမိသည်။
(ဒဏ္ဍာရီလာ နဂါးဥတောင် ဒီလို အစွမ်းသတ္တိမျိုး မရှိနိုင်ဘူး မဟုတ်လား . . .)
ရဲရှောင်၏ လက်ထဲရှိ ဥမှာ ငြိမ်သက်စွာပင် ရှိနေသည်။ ထူးဆန်းသော အရေးအကြောင်းများမှာ အနည်းငယ် လင်းလတ်နေပြီး ရဲရှောင်အား လှောင်ရယ်နေသကဲ့သို့ပါပင်။
“ငါလည်း အရူးလိုပဲ၊ ဥတစ်လုံးကိုများ စကားပြောနေမိတယ် . . .”
ရဲရှောင်သည် သူတစ်ယောက်တည်း စကားတွေ ပြောနေမိသည့် အဖြစ်အား သတိဝင်သွားလေ၏။
ဥသည် ရဲရှောင်ကို ဘာလက္ခဏာမျှ မပြတော့ဘဲ ဟင်းလင်းပြင်များ အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ ထို့နောက် မရဏကျောက်တုံးကိုပါ ထည့်သွင်း သိမ်းဆည်းလိုက်လေ၏။
တခဏအကြာတွင် ရဲရှောင်သည် သူ့ရှေ့ရှိ တစစီ ဖြစ်နေသော ဂုဂျင်လုံဟု မခေါ်နိုင်တော့သည့် အလောင်းအတွင်းမှ ရှာဖွေကြည့်နေမိသည်။
ထိုအလောင်အား ဂုဂျင်လုံဟု ခေါ်ဆိုနိုင်တော့မည် မဟုတ်ဘဲ အသားစများဟုသာ ပြောနိုင်တော့မည် ဖြစ်လေသည်။
တခဏအကြာတွင် ရဲရှောင်သည် အရည်အသွေး ကောင်းလှသည့် ဂန္တဝင် လက်စွပ်တစ်ကွင်းအား ရှာဖွေတွေ့ရှိလိုက်၏။ ယူလိုက်ပြီးနောက် ဟင်းလင်းပြင်များ အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များကို အသုံးပြုကာ ဂုဂျင်လုံ၏ အကြွင်းအကျန် အငွေ့အသက်များ အားလုံးအား လောင်ကျွမ်းစေလိုက်ပြန်သည်။
ဂုဂျင်လုံ သေဆုံးသွားပြီ ဖြစ်သဖြင့် သူ၏ စိတ်စွမ်းအား များလည်း လွင့်ပြယ်သွားပြီ ဖြစ်လေသည်။ ထို့ကြောင့် လက်စွပ်ပေါ်မှ အတားအဆီး အစီအရင်လောက်မှာ ရဲရှောင်အဖို့ ကလေးကစားစရာ ကဲ့သို့ပင် ဖြစ်နေလေ၏။
ရှောင်ဧကရာဇ်တွင် လက်စွပ်ကို ဖွင့်နိုင်သည့် အစီအရင် ချိုးဖျက်နည်း ၁၀ နည်းလောက် ရှိနေသည်။
“ဒီကောင့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်ရမယ် . . .”
ရဲရှောင် ရင်ဖိုနေမိလေ၏။
(ဂုဂျင်လုံမှာ ပစ္စည်းအတော်များများ စုဆောင်းမိထားမယ် ထင်တယ် . . .)
“ဒါက အကြီးမားဆုံး အကျိုးအမြတ်ပဲ။ အခုရတဲ့ အကျိုးအမြတ်က ငါ့အဖို့ ချင်းယန်နယ်ပယ်မှာ ပြန်ရှာဖို့ အချိန်အများကြီး ပေးရမဲ့ အရာတွေပေါ့ . . .”
“ဒီလို ပစ္စည်းတွေကို ငါချင်းယန် နယ်ပယ်ကို ပြန်ရောက်ရင်တောင်မှ မနည်းပြန်ရှာရမှာ။ ဒီမှာ ရဖို့ဆိုတာ တကယ်မလွယ်ဘူး . . .”
ရဲရှောင် ရေရွတ်နေမိသည်။
ထို့နောက် ရဲရှောင်လည်း ဟင်းလင်းပြင်များ အတွင်းမှ လက်စွပ်အား ပြန်ထုတ်ယူလိုက်သည်။ မူလက ဂုဂျင်လုံ ပိုင်ဆိုင်သော လက်စွပ်သည် ယခုအခါ ရဲရှောင်အပိုင် ဖြစ်သွားချေပြီ။
“ဒါနဲ့ . . . ဒီလက်စွပ်က ကြယ်နှလုံးသားကနေ လုပ်ထားတာပဲ၊ တကယ်ပဲ ဂိုဏ်းကြီးကလူ ပီသပါပေတယ် . . .”
ရဲရှောင် ချီးကျူးလိုက်မိသည်။ ကြယ်နှလုံးသား ဆိုသည်မှာ သိုလှောင်လက်စွပ် ပြုလုပ်ရာတွင် အကောင်းဆုံး ပစ္စည်းတစ်မျိုး ဖြစ်လေသည်။ ရဲရှောင် ယခင်ဘဝက အသုံးပြုခဲ့သည့် လက်စွပ်သည်လည်း ထိုကဲ့သို့ပါပင်။
လက်စွပ်ပေါ်တွင် ဓားတစ်ချောင်းပုံစံ ထွင်းထားပြီး စာသားအချို့လည်း ရေးထားလေ၏။
“ငါက ထာဝရ တည်ရှိမှုတစ်ခုပဲ . . .”
ထိုစကားစုကို ကြည့်ရင်း ရဲရှောင်လည်း နှုတ်ခမ်းကို မဲ့ကာ –
“မင်းက ထာဝရတည်ရှိမှု ဟုတ်လား . . . အင်း တစ္ဆေသရဲ အဖြစ်နဲ့ ဖြစ်မှာပေါ့လေ . . .”
သူသည် လက်စွပ်အား တစ်ချက် ပွတ်သပ်လိုက်ပြီး လက်စွပ်ပေါ်မှ အစီအရင်များကို ပျက်ပြယ် စေလိုက်သည်။ လက်စွပ်ကို ဖွင့်၍ အထဲကို စစ်ဆေး ကြည့်လိုက်သည့် အခါတွင်မူ နှလုံးခုန်ထွက် သွားမတတ်ကို ဖြစ်သွား၏။
(အားပါးပါး . . .)
သူသည် ဂုဂျင်လုံ ထိုမျှလောက်ထိ ချမ်းသာလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။ ယခုလို ချမ်းသာမှု များကို မြင်တွေ့လိုက်ရသည့်အတွက် အံ့သြသွားရခြင်း ဖြစ်လေ၏။
ရှောင်ဧကရာဇ်သည် အစွမ်းသတ္တိနှင့် ပြည့်စုံသူ တစ်ဦး ဖြစ်သော်လည်း ချမ်းချမ်းသာသာ နေခဲ့ရသူ မဟုတ်ချေ။ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခု ရရှိသည်နှင့် သိမ်းမထားတတ်ဘဲ တစ်ခါတည်း သုံးပစ်ခဲ့ခြင်း ဖြစ်လေသည်။
ယခု ဂုဂျင်လုံ၏ လက်စွပ်အတွင်းတွင် တောင်ငယ်တစ်လုံး ပမာဏလောက် ရှိသည့် ပစ္စည်းများဖြင့် ပြည့်နေပါတော့သည်။
ရဲရှောင် စိတ်လှုပ်ရှားလွန်း၍ အသက်ရှူသံများပင် မမှန်တော့ချေ။
(ဒီပစ္စည်းတွေကို ဘယ်လောက်တောင် ကြာကြာ သုံးရမလဲ မသိတော့ပါဘူး . . .)
ထို့အပြင် ထိုပစ္စည်းများ အားလုံးသည် သေချာ စနစ်တကျ စုစည်းထားခြင်း ဖြစ်ပေသည်။ ဂုဂျင်လုံသည်ကား အလွန်စည်းစနစ် သတိကောင်းလှ၏။
“ဒီကောင်က သူ့ပစ္စည်းတွေ အကုန်လုံးကို သူနဲ့အတူတူ ဆောင်ထားတာကိုး . . . ဖြစ်သင့်ပါ တယ်လေ။ သူ့လိုလူတစ်ယောက်က သူ့ပစ္စည်းတွေ သူနဲ့အတူတူ ရှိနေရင် ဘာများ စိုးရိမ်စရာ ဖြစ်မလဲ။ အတူတူ ထားရတာကိုပဲ စိတ်ချရတယ်လို့ ထင်နေမှာပေါ့ . . .”
ရဲရှောင် ရယ်မောရင်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အခုတော့ ငါ့လက်ထဲ ရောက်ရပြီပေါ့ကွာ ဟားဟားဟား . . .”
ရဲရှောင်သည် ထိုပစ္စည်းများအား လောဘတက်သော အကြည့်ဖြင့် သေချာကြည့်နေမိသည်။
အဆင့်နိမ့် ဝိညာဉ်တော် ကျောက်ပြားများစွာ ရှိနေတာ ဖြစ်ပြီး ပမာဏအားဖြင့် အခုရေ တစ်သောင်းလောက် ရှိနေနိုင်ပါသည်။ အားလုံးသည် ဆင်စွယ်ရောင် တောက်ပလျက် ရှိ၏။ အလယ်အလတ်အဆင့် ဝိညာဉ်တော် ကျောက်ပြားများသည်လည်း သောင်းနဲ့ချီ ရှိနေသည်။ အားလုံး အဖြူရောင်တွေချည်းပင် ဖြစ်၏။ အဆင့်မြင့် ဝိညာဉ်တော် ကျောက်ပြားများကတော့ ရွှေရောင် တောက်ပလျက် အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာ ရှိနေလေတော့သည်။
အံ့သြစရာ အကောင်းဆုံးမှာ လူတစ်ယောက် လက်ဝါးအရွယ်အစားလောက် ရှိသည့် ခရမ်းရောင် ဝိညာဉ်တော် ကျောက်ပြား ၂ ပြား ရှိနေခြင်းပင် ဖြစ်သည်။ ရဲရှောင်သည် ထိုကဲ့သို့ ကျောက်ပြားမျိုးအား သူ၏ ယခင်ဘဝတွင်ပင် မမြင်တွေ့ခဲ့ရဖူးချေ။
“ဒါတွေက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတဲ့ ထိပ်တန်းအဆင့် ဝိညာဉ်တော် ကျောက်ပြားတွေများလား ”
ရဲရှောင် ကိုင်ကြည့်လိုက်သောအခါ သိပ်သည်း သန့်စင်လှသော ဝိညာဉ်တော်စွမ်းအားများ သက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ရုတ်တရက် အသက်ရှူရပင် ခက်ခဲသွားပြီး အဘယ်ကြောင့်ဆိုသော် သန့်စင်သော ဝိညာဉ်တော် စွမ်းအားများမှ လွှမ်းခြုံသွား၍ ဖြစ်ပါသည်။
အလွန်ကို သိပ်သည်းလှသည့် ချီဓာတ်များပါပင်။
ရဲရှောင် အံ့သြဟန်ဖြင့် –
“တကယ်ပဲ ထိပ်တန်းအဆင့် ဝိညာဉ်တော် ကျောက်ပြားတွေ ပါလား . . . တော်တော်လည်း သိပ်သည်းတယ် . . .”
ရဲရှောင်သည် ဝိညာဉ်တော် ကျောက်ပြားများအား စစ်ဆေးကြည့်ရှုပြီးနောက် တခြားသော ပစ္စည်းများကို ဆက်လက်၍ စစ်ဆေးကြည့်ပြန်သည်။
သူ၏ ဘယ်ဘက်အခြမ်းတွင် ဆေးပစ္စည်းများ အပြည့် ရှိနေသည်။ အားလုံးသည် အရည်အသွေး လွန်စွာ ကောင်းမွန်လှပြီး ပို၍ စနစ်တကျ ရှိသည်မှာ အဆိုပါ ဆေးပစ္စည်းများ အားလုံးအား သက်ဆိုင်ရာ အညွှန်းများအလိုက် စီထားခြင်း ဖြစ်ပါသည်။ အညွှန်းတူသော ဆေးပစ္စည်းများအား သပ်သပ် စုစည်းထားတာ ဖြစ်ပြီး အရေအတွက်အားဖြင့် အလွန်ကို များပြားလှပါသည်။
“တော်တော် ဟုတ်တာပဲ . . . ဂုဂျင်လုံက ချီးကျူးဖို့တော့ ကောင်းတယ် . . .”
ရဲရှောင် ရယ်ကျဲကျဲဖြင့် ရေရွတ်လိုက်ပြီးနောက် တခြားသော ပစ္စည်းများကိုလည်း တွေ့ရပါသေး သည်။ ထူးဆန်းသော သတ္တုများ၊ ရှားပါး ဆေးလုံးများနှင့် ကျင့်စဉ်စာအုပ်များပင် ပါဝင်နေပါသည်။
ရဲရှောင် ပစ္စည်းများအား ကြည့်နေရင်း –
“ငါတော့ ချမ်းသာပြီ။ ဒီတစ်ခေါက်တော့ တကယ်ကို ချမ်းသာပြီလေ . . .”
ထို့အပြင် ထိုလက်စွပ်အတွင်းတွင် တခြားသော သိုလှောင်လက်စွပ် အချို့ကိုလည်း တွေ့ရှိရပါ သေးသည်။ ထိုလက်စွပ်များမှာ ဂုဂျင်လုံ တခြားလူများထံမှ လုယူထားခြင်းပင် ဖြစ်နိုင်ပါသည်။
ထိုအရာများကို ထပ်မံကြည့်ရှုရင်း ရဲရှောင် ထပ်ပြီး အံ့သြသွားရပြန်ပါသည်။ ထိုလက်စွပ်များ အတွင်းတွင်လည်း ပစ္စည်းများစွာ ရှိနေပြီး မူရင်း လက်စွပ်မှာလောက်တော့ မများပေ။ ချင်းယန်နယ်ပယ်ရှိ သိုလှောင်လက်စွပ် ပိုင်ရှင်များသည် သာမန်လူများ မဟုတ်ကြသဖြင့် ထိုလက်စွပ်များအတွင်းတွင်လည်း တန်ဖိုးကြီး ပစ္စည်းများစွာ ရှိနေခြင်းပင် ဖြစ်ပါသည်။
ရဲရှောင် အပျော်လွန်နေမိပြီ ဖြစ်၏။
သူသည် ယခုအကြိမ်တွင် မှန်းဆ၍ မရနိုင်လောက်အောင် ချမ်းသာသွားခြင်း ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ခုအား သတိရမိသွား၏။ သူ့နဖူး သူရိုက်လိုက်ရင်း စိတ်ပျက်သွားသည့် လေသံဖြင့် –
“အာ . . . ငါကလည်း တကယ့် အရူးပဲ . . .”
သိုလှောင်လက်စွပ်များကို ကြည့်ရင်း ယခင်ဘဝတုန်းက ထိုကဲ့သို့ မစုဆောင်း မိခဲ့သည့် အပေါ် နောင်တရမိသွားခြင်း ဖြစ်၏။ သူသည် ယခင်ဘဝတွင် လူများစွာကို သတ်ခဲ့သော်လည်း သတ်ပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်ချည်း ဖြစ်သည်။
“ငါဘာလို့ အခုလို သေသွားတဲ့ လူတွေရဲ့ လက်စွပ်တွေကို မယူခဲ့မိတာလဲ၊ အဲဒီလောက်တောင် တုံးရလား . . .”
ရဲရှောင် တကယ်တမ်းတွင် အခြေအနေ တစ်ခုအား မေ့နေခဲ့ခြင်း ဖြစ်၏။ သူ့ယခင် ဘဝသက်တမ်း တလျှောက်တွင် ၈၀ ရာခိုင်နှုန်းလောက်မှာ ရန်သူများကြောင့် ပြေးလွှားနေခဲ့ရခြင်း ဖြစ်ပြီး တစ်ယောက် ယောက်ကို သတ်ဖြတ်ပြီးသည့်တိုင် ထိုကဲ့သို့ လက်စွပ် ရှာရန် အချိန်မရှိသဖြင့် ပြေးသာ ပြေးခဲ့ခြင်း ဖြစ်လေသည်။
တကယ်တမ်းတွင် သူသည် ထိုမျှလောက်ထိ အလျင်မလိုခဲ့ပေ။ အနည်းဆုံးတော့ ခရမ်းရောင် ကြာပန်းသခင်အား သတ်ဖြတ်ပြီးချိန်တွင် လက်စွပ် ဖြုတ်ယူနိုင်ခဲ့လေ၏။ ထိုကဲ့သို့ စဉ်းစားမိလိုက်သဖြင့် အနည်းငယ် ဖြေသာသလို ဖြစ်သွားခဲ့သည်။
“ဒီနေ့ ငါဒီလောက်ထိ ချမ်းသာသွားမယ်လို့ ထင်ကို မထင်မိခဲ့ဘူး။ ဟားဟားဟား . . .”
ရဲရှောင်သည် ရေရွတ်လိုက်ရင်း မတ်တတ်ထရပ်လိုက်သည်။
သူထွက်ခွာရန် ပြင်လိုက်ချိန်တွင် တောင်တစ်ခုလုံးအား ရေခဲများဖြင့် ဖုံးလွှမ်းနေသည်ကို သတိပြုမိသွားသည်။
အကယ်၍ သူထွက်မည် ဆိုပါက ပေ ၃၀ နီးပါး အထူရှိသည့် ရေခဲပြင်အား ဖောက်ထွက်မှပင် ရချေလိမ့်မည်။
ထိုအချိန်သည် ရဲရှောင်အတွက် ခက်ခဲသော အခြေအနေတော့ မဟုတ်ချေ။ ရှေးဦးခရမ်းရောင် ချီဓာတ်များနှင့် သန့်စင်သော ယန်စွမ်းအင်များကို လည်ပတ်စေလိုက်၏။ တခဏအကြာတွင် ရေခဲများ အရည်ပျော်ကျသွားပြီး အပြင်ဘက်သို့ ရောက်ခဲ့ရ၏။
မြင်ကွင်းတစ်ခုလုံး ရေခဲများ ဖုံးလွှမ်းနေသည်ကို မြင်သောအခါ သဘောကျစွာဖြင့် –
“တော်တော်ကို လှနေတာပဲ . . .”
နေရောင်အောက်တွင် တောက်ပလျက် ရှိသည့် ရေခဲတောင်ကြီးအား မြင်နေရခြင်း ဖြစ်ပြီး စိန်တုံးကြီး တစ်တုံးမှ အလင်းရောင်များ ဖြာထွက်နေသည်နှင့်ပင် တူနေပါသေးသည်။
ရောင်ပြန်ဟပ်သည့် အလင်းတန်းများသည် သက်တန့်များကဲ့သို့ ကောင်းကင်တွင် တောက်ပနေ၏။
ထိုအချိန် လေတစ်ချက် တိုက်ခတ်သွားပြီး ရဲရှောင်၏ အင်္ကျီစကို လှုပ်ခါနေလေ၏။ လတ်ဆတ်သော လေကို ရှူရှိုက်ရင်း သူသည် တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားနေရသည်။ လိုဏ်ဂူအတွင်း ဖြစ်ပျက်ခဲ့သည် များကိုလည်း မယုံကြည်နိုင်သေးသလို ဖြစ်နေပါသည်။
သူသည် မူလတာအဆို အဆင့်ရှိ ထိပ်သီး ပညာရှင် တစ်ဦးအား သတ်ဖြတ်နိုင်ခဲ့သည်။
မူလတာအို အဆင့်၏ အဆင့် ၃ ရှိ ဂုဂျင်လုံအား သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလွန်ကို အံ့သြစရာ ကောင်း၍ မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုပါပင်။
ထိုကိစ္စကိုသာ တခြားလူများ ကြားမည် ဆိုပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
မည်မျှထိ အစွမ်းထက်သည့် လူပင် ဖြစ်လင့်ကစား ရဲရှောင်၏ ဉာဏ်နီဉာဏ်နက်များကြောင့် သေဆုံးရမည်မှာ သေချာလှသည်။
ယခုအခေါက်သည် ရဲရှောင် ယခင်ဘဝမှ သူ၏ အစွမ်းထက်ဆုံး ရန်သူတစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် သတ်ဖြတ်နိုင်လိုက်ခြင်း ဖြစ်ပေသည်။
ရဲရှောင်သည် ရန်သူကို သတ်ဖြတ်ပြီးနောက် ရေခဲတောင်၏ အလှကို ကြည့်ကာ ချီးကျူးနေခြင်း ဖြစ်သည်။ သို့သော် ထိုအချိန် သူမသိသည့် အချက်မှာ ချန်ရှင်း မြို့တော်အတွင်း လူများအားလုံး စိုးရိမ်တကြီး ဖြစ်နေကြသည် ဆိုတာကိုပင် ဖြစ်၏။
ချန်ရှင်းမြို့တော်၏ သမိုင်းတွင် ရေးထိုးရမည့် အံသြစရာ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေ၏။
တစ်ခါမျှ မကြုံတွေ့ခဲ့ကြဖူးသည့် အခြေအနေ တစ်ခုပင် ဖြစ်သည်။
မြို့တော်မှ မိုင် ၁၀၀ အကွာလောက်တွင် ရုတ်တရက် ရေခဲတောင်ကြီးတစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး နွေခေါင်ခေါင် ဖြစ်သည့်တိုင် ယခုလို ပေါ်ပေါက်လာခြင်းသည် အလွန်ထူးဆန်းလှပေသည်။
ခြောက်နာရီအတွင်း ရေခဲတောင်ကြီး ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။
ရေခဲများသည် မိုင်တစ်ထောင်လောက် ဖုံးလွှမ်းကုန်ခြင်း ဖြစ်သည်။
အလင်းတန်းများသည်လင်း နေရောင်ကြောင့် ဖြာထွက်လျက် ရှိနေလေ၏။
မြို့တော်တစ်ခုလုံးသည် အရောင်အမျိုးမျိုး တောက်ပနေမှုကြောင့် လင်းလတ်လျက် ရှိနေသည်။
ရဲရှောင်မှ ဂုဂျင်လုံအား သတ်ဖြတ်ရန် ကြိုးစားနေသည့် အချိန်တွင် မြို့တော်အတွင်း၌ ထိုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
အလွန်အံ့သြစရာ ကောင်းသလို ဖုံးကွယ်ထားနိုင်ရန်မှာလည်း မဖြစ်နိုင်ပေ။
နွေရာသီ ဖြစ်လင့်ကစား မပူပြင်းတော့ဘဲ အပူချိန်များ ရုတ်တရက် ထိုးကျသွား၏။
လူတိုင်း သတိပြုမိကြတာ ဖြစ်ပြီး သာမန်ထက် ထူးခြားသည့် ကိစ္စတစ်ခုဖြစ်ကာ အားလုံး စိတ်ရှုပ်ထွေးနေမိကြ၏။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သလဲ ဆိုတာကိုလည်း မတွေးတတ်ကြအောင် ဖြစ်နေပါတော့သည်။
အပူချိန် ကျဆင်းသွားခြင်းကြောင့် လူတိုင်းသည် အစပိုင်းတွင် သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ကြရသော်လည်း ရုတ်တရက် အေးစက်မှုသည် တစထက်တစ ပိုမို ကြောက်ဖို့ ကောင်းလာ လေ၏။
စက္ကန့်ပိုင်းအတွင်း မခံမရပ်နိုင်အောင် အေးစက်လာခြင်းပင် ဖြစ်သည်။
နွေခေါင်ခေါင် ကြုံတွေ့ရသော အဖြစ်အပျက် ဖြစ်သဖြင့် အားလုံးသည် ထူးခြားသော ပြောင်းလဲမှု အား ကောင်းစွာ သတိပြုမိသွားကြလေ၏။
သူတို့ခန့်မှန်းမိသည်မှာ –
(နတ်ဘုရားတွေ တစ်ခုခု မကျေနပ်လို့များ နွေခေါင်ခေါင်မှာ ငါတို့ဆီ နှင်းတွေ ရေခဲတွေ ဖြစ်ပေါ်စေတာလား မသိဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အခုလို ရုတ်တရက်ကြီး ပြောင်းလဲသွားစရာ အကြောင်း မရှိဘူး . . .)
သိပ်မကြာမီတွင် လူများသည် အေးစက်မှုများ ဖြစ်ပေါ်လာရခြင်း၏ အဓိက အကြောင်းအရင်းကို သိရှိသွားကြလေ၏။ မြို့ပြင်တွင် ရေခဲတောင်တစ်ခု ပေါ်လာခြင်းကြောင့်ပင် ဖြစ်ပေသည်။
ထိုသတင်းသည် လူတိုင်းကို တုန်လှုပ်သွားစေပြီး တောမီးပမာ ပြန့်နှံ့သွား၏။
ရဲရှောင်မှ ဂုဂျင်လုံအား သတ်ဖြတ်ပြီးသည့် အချိန်တွင် လူအများအပြားနှင့် အင်အားစုအချို့တို့ သည် ထိုနေရာသို့ လာနေကြပြီ ဖြစ်ပါတော့သည် . . .။