Chapter – 37
ဖြူဝင်းသည့် အသားအရေပိုင်ဆိုင်သည့် အမျိုးသမီး၏ မျက်နှာမှာ အေးခဲသွားသည်၊ ဖြူဖွေးသည့် သူမ၏လက်မှာလည်း တင်းကျပ်စွာလက်သီးစုပ်ထား၍ ပြာနှမ်းနေသည်။ သူမ၏လေသံတွင် လူသတ်လိုစိတ်ကို ခံစားရပြီး ဖုန်း၏အခြားတစ်ဖက်ရှိ မတူမတန်သည့်သူကို အလွန်ရွံမုန်းနေကြောင်း အချက်ပေးသကဲ့သို့ ရှိသည်။
ထိုအခိုက်အတန့်၌ သူမ၏ရင်ထဲတွင် မီးခဲလုံးတစ်လုံး တောက်လောင်လျက်ရှိသည်၊ ဘယ်လိုမှ မသည်းခံနိုင်ဖြစ်နေသည်။ အထူးသဖြင့် ချူဖုန်း၏ ပေါ့ပြက်ပြက်အပြုအမူမှာ သူမ၏ဒေါသကို ပိုတောက်လောင်စေပြီး ကြွက်သားမျှင်တစ်ချောင်းချင်းစီမှ သူမအား ကိုယ်တိုင် တိုင်ဟန်တောင်တန်းဆီသွား၍ သူ့ကို သတ်ခိုင်းနေသကဲ့သို့ ခံစားရသည်။
သူမသည် တည်ငြိမ်သောလေသံဖြင့် ဟန်မပျက်ထိန်းကာ “သူတို့အသက်ရှင်နေဖို့ လိုအပ်တယ်နော်”
“ခင်ဗျားက ဘယ်သူလဲဟ၊ ခင်ဗျားလွှတ်လိုက်တဲ့ မိစ္ဆာကောင်တွေကို တွေ့ရတာ ပျော်တယ်များ ထင်နေလား၊ သူတို့ပေါ်လာတိုင်း နှလုံးရောဂါရတော့မယ်” ချူဖုန်းသည် အမျိုးသမီး၏လုပ်ရပ်အား ပြန်ပြောလိုက်သည်။ ထို့နောက် ဆက်မေးလိုက်သည်၊ “ခင်ဗျားက စုန်းကဝေလား”
ဖုန်း!
အမျိုးသမီးသည် ချက်ချင်းဖုန်းချလိုက်သည်။ သူမ၏ ငယ်ရွယ်ချောမောသော မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြင့် ဒေါသထွက်လျက်ရှိသည်။
“ဘယ်သူက သူ့ကို ကူညီပေးနေတာလဲ”
သူမ၏ ကုတင်ဘေးရှိ ပြတင်းပေါက်နားတွင် မတ်တပ်ရပ်ကာ မျက်မှောင်ကြုတ်ရင်း ညကောင်းကင်ကို စိုက်ကြည့်နေသည်။ ဆက်တိုက်ရှုံးနိမ့်မှုများက သူမအား ရင်တုန်စေပြီး မပြောပြတတ်သော စိတ်ပူပန်ကြောင့်ကြမှုလည်း ခံစားရသည်။
ဆင့်ကဲပြောင်းလဲပြီးသူ၇ယောက်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့တို့သည် လက်နက်နှင့်အတူ ပျောက်ဆုံးသွားပြီဖြစ်သည်။ ဒါသည် သူမနှင့် ကုမ္ပဏီအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤကိစ္စအတွက် တာဝန်ယူရလျှင် သေချာပေါက် သူမဖြစ်မည်သာ ဖြစ်သည်။
ရှေ့တစ်ခေါက်က သူမ၏ သုံးသပ်ချက်အရ ဆင့်ကဲပြောင်းလဲပြီးသူများ၏ ပျောက်ဆုံးမှုတွင် ချူဖုန်းပါဝင်ပတ်သတ်နိုင်ချေကို ဖယ်ရှားထားသည်။ ချူဖုန်း၏ ဆံပင်အား စစ်ဆေးစမ်းသပ်ချက်ရလဒ်အရ သူသည် ဆင့်ကဲပြောင်းလဲပြီးသူ မဟုတ်ကြောင်း သိရသည်။ သူသည် ကမ္ဘာပေါ်တွင် နေထိုင်သည့် သာမန်လူသားတစ်ယောက်သာ ဖြစ်သည်။
“သူ့ကို တစ်ယောက်ယောက်ကူညီနေတာလား၊ ငါ့ကို သူစောင့်ကြည့်နေတာများလး” ပူပန်စိတ်ဖြင့် တီးတိုးရေရွတ်သည်။
ကြီးမားသည့် မီးပဒေသာအောက်တွင် အမျိုးသမီးသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ထို့နောက် ရုတ်တရက် သူမလက်ထဲရှိ ဖန်ခွက်ကို ချေခွဲလိုက်ကာ ခွက်ထဲရှိ ဝိုင်နီများ ဖိတ်ကျလာသည်။
လင်းနွိုင်မဖြစ်နိုင်ချေ။ ဤဖြစ်နိုင်ချေကို သူမသည် ရှေ့တစ်ခေါက်ကတည်းမှ ဖယ်ထားပြီးဖြစ်သည်။
သေချာတွေးလေတွေးလေ အမျိုးသမီးသည် ပို၍ စိတ်မသက်သာကာ ကြောက်စိတ်ဝင်လာမိသည်။
သူမအတွက် ချူဖုန်းသည် မြို့စွန်မှာနေသည့် သာမန်လူတစ်ယောက်ဖြစ်သည်။ သူမ၏ ဖောက်သည်အား သူ့ကို ရှင်းလင်းရန် အေးဆေးဖြစ်ကြောင်း ပြောထားသည်။
သူ၏သေဆုံးမှုအား ရက်စက်သည့်လူသတ်မှုထက် ကံမကောင်း၍ မတော်တဆဖြစ်မှုအဖြစ်သာ မြင်သာစေရန် နည်းလမ်းအမျိုးမျိုး စဥ်းစားထားပြီးဖြစ်သည်။
သို့သော် ယခုတွင် အရာအားလုံးသည် ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ သူမ၏အစီအစဥ်မှာ ဆင့်ကဲပြောင်းလဲပြီးသူအယောက်ဒါဇင်တစ်ဝက်နှင့် လက်နက်ကိုင်စစ်သားတစ်ဖွဲ့ဆုံးရှုံးခြင်းဖြင့် မအောင်မြင်ကြောင်း ပြသလျက်ရှိသည်။
သူတို့အသက်ရှင်နေသေးလား။ သူမ ဘယ်လိုမှ မသိနိုင်ချေ။
ရုတ်တရက် သူမသည် အလွန်နောင်တရကာ ကြောက်လန့်လာသည်။ သူမအရှေ့တွင် အဆုံးမရှိသည့်ချောက်ရှိကြောင်း သူမခံစားရသည်။ သူမရှေ့ဆက်တိုးလုပ်လေ ပိုနက်ရှိုင်းစွာနစ်လေ ဖြစ်ကြောင်း တွေ့ရသည်။
“ဒီတိုင်းတော့ အငြိမ်မခံနိုင်ဘူး၊ ရှင်သေကိုသေအောင် လုပ်ရမယ်”
အမျိုးသမီးတွင် နှင်းဆီရောင်နှုတ်ခမ်းနှင့် ဖြူစွပ်သည့်သွားများ ရှိသည်၊ သို့သော် သူမ၏ လှပသော မျက်နှာမှာ အေးစက်ပြီး လူသတ်လိုစိတ်သိသာသော အမူအရာရှိသည်။ သူမသည် စိတ်လုံခြုံမှုမရှိ ဖြစ်နေသည်။
အဆုံးတွင် သူမသည် ဖုန်းကို ယူကာ မူအမည်ရသည့် ယောကျ်ားတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။
“မူ…ရှင့်အကူအညီလိုတယ်…”
ချူဖုန်းအတွက် ညတာသည် အလွန်အေးချမ်းကာ နှစ်ခြိုက်ကောင်းမွန်စွာ အိပ်စက်လျက်ရှိသည်။ သူသည် အိပ်ရာမှ လန်းဆန်းတက်ကြွစွာ နိုးထလာသော်လည်း ထိုအမျိုးသမီးမှာ လုံးဝကွာခြားသော ညတာကို ဖြတ်သန်းနေရမည်ဖြစ်ကြောင်း သူ့မသိစိတ်က ပြောပြသည်။ သူတို့၂ယောက် ဖုန်းပြောဆိုမှုမှာ သူမကို မကြောက်လန့်စေရင်တောင် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ စိတ်ရှုပ်သွားမည်မှာ သေချာသည်။
ဆုံးရှုံးမှုများနေသည့်လူတစ်ယောက်သည် ဘယ်လိုမှ စိတ်သက်သာရာရမည် မဟုတ်ချေ။
မြင့်တက်လာသော နေမင်း၏ မနက်ခင်းရောင်ခြည်အောက်တွင် ချူဖုန်းသည် ပုံမှန်ကျင့်နေကျ အသက်ရှူလေ့ကျင့်ခန်းကို ဆောင်ရွက်လျက်ရှိသည်။ အနွေးဓာတ်က သူ့ခန္ဓာကိုယ် သွေးကြောအတွင်းရှိ သွေးထဲတွင် စီးဝင်ကာ တစ်ကိုယ်လုံးသန့်စင်ထားသလို ခံစားရသည်။
ပြည့်ဝအားရှိသည့် မနက်စာ စားပြီးနောက် ချူဖုန်းသည် နွားဝါအား တောင်နက်ပိုင်းသို့ ထပ်သွားရန် ခေါ်လေသည်။ ဒီနေ့ သူသည် မြေပုံပေါ်တွင် ပြထားသည့်နေရာများအား သွား၍ သူ့ကို အဆများစွာ ပိုမိုသန်မာစေနိုင်သည့် မှော်အသီးကို ရှာရန် စိတ်ကူးထားသည်။
တောင်ကြားရောက်သည့်အခါ ချူဖုန်းသည် သေနတ်များထားထားသည့် နေရာကို အရင်ဆုံးသွားကာ စစ်ဆေးလေသည်။ ထို့နောက် သေနတ်တစ်ခုကို ယူကာ အစမ်းပစ်ကြည့်သည်။ အချိန်တန်၍ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အားသာချက်ရှိရန်အတွက် ဖြစ်သည်။
ဘွန်း!
အဝေးရှိ တောင်ကုန်းပေါ်သို့ ကျည်ဆန်ကျကာ ပေါက်ကွဲသွားသည်။ တောင်ကုန်းပြိုလဲကာ မြေကြီးအက်ကွဲရင်း အသံများဖြင့် ပွက်လောရိုက်လေသည်။ ရှေးဟောင်းသစ်ပင်များ ပြိုလဲကာ ထိုနေရာတစ်ဝိုက်တွင် ဖုန်လိမ့်များထလျက်ရှိသည်။
“မဆိုးဘူးပဲ၊ အားပြင်းတယ်၊ ဒါက ကောင်းကင်မှာ ပျံနိုင်တဲ့ ငွေတောင်ပံကို ပစ်လို့ရမရ သေချာမသိရသေးဘူး” ချူဖုန်း တီးတိုးပြောသည်။
ချူဖုန်းသည် ငွေတောင်ပံနှင့် ထိပ်တိုက်တွေ့သည့်အခါ ဘယ်လိုရင်ဆိုင်ရမည်ဆိုတာ သေချာမသိဖြစ်နေသည်။ သူသည် ဆင့်ကဲပြောင်းလဲသူ၇ယောက်ကို အေးဆေးအနိုင်ပိုင်းနိုင်ပုံထောက်လျှင် ၁ယောက်နှင့် တိုက်ခိုက်ခြင်းက အလွန်မရှုပ်ထွေးလောက်ချေ။
အမြောက်သေနတ်များ၏ အလုပ်လုပ်ပုံကို သေချာလေ့လာပြီးနောက် ချဖုန်းသည် ထိုသေနတ်များကို မြေကြီးအောက်တွင် သေချာဖွက်ထားလိုက်သည်။
မြေပုံပေါ်တွင် မှတ်ထားသည့်နေရာများသည် ကမ္ဘာကြီးဗြောင်းဆန်မှုမဖြစ်ပွားခင်ကတည်းက တည်ရှိသည့်တောင်တန်းများဖြစ်သည်။ ထိုတောင်တန်းများမှာ ရှေးဟောင်းတောင်တန်းများ မဟုတ်ကြချေ။
ချူဖုန်းနှင့် နွားဝါသည် ရှေ့ဆက်ခရီးသွားကြသည်။ ထို့နောက် သူတို့၏ ပထမဆုံးဦးတည်ရာနေရာကို ရောက်လာသည်။ အမြင့်ပေပုံမှန်ရှိသည့် စိမ်းစိုသော တောင်တစ်ခုဖြစ်သည်။
တောင်ထိပ်တွင် ထင်းရှူးပင်အနည်းငယ်နှင့် ကျောက်ပြာတုံးများရှိသည်။
ဤနေရာတွင် မှတ်ထားသည့် စာလုံးရှိသည်။ ထိုစာလုံးမှာ : ယူပြီးပြီ
ချူဖုန်းက ဒီနေရာသည် တစ်ချိန်က ထူးဆန်းအသီးပေါက်သည့်နေရာဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ “ယူပြီးပြီ” ဆိုသည်မှာ အသီးကို တစ်ယောက်ယောက်က လာယူပြီးပြီဟု ဆိုလိုနိုင်သည်။ သို့သော် ချူဖုန်းသည် တစ်ခုခုရှာတွေ့မလားဟူသော အတွေးဖြင့် သွားကြည့်လိုသည်။
ထိုအချိန်တွင် နွားဝါသည် ထူးဆန်းသည့်ပုံအသွင်ရှိသည့် အပင်ကို ကြည့်နေသည်။
ချူဖုန်းလည်း သတိထားမိလေသည်။ ထိုအပင်မှာ စားကောင်းဖွယ် အစိမ်းရောင်ရှိသည်။ ဤသာမန်ထက် ထူးခြားသည့်ပုံသဏ္ဍာန်ရှိသည့် အပင်တွင် ကျန်းမာသန်စွမ်းစေသော အနှစ်သာရများရှိကြောင်း ချူဖုန်းခံစားရသည်။
အနီးကပ်ကြည့်သည့်အခါ ရိုးရိုးအပင်ပေါက်သာ ဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသများတွင် တွေ့လေ့တွေ့ထရှိသည့် သာမန်မြက်ပင်မျိုးစိပ်တစ်ခုသာ ဖြစ်သည်။
သို့သော် ဤထူးခြားသည့်အပင်၏ ဘဲဥပုံအရွက်မျက်နှာပြင်ပေါ်တွင် ရွက်ကြောများစွာ ဖြာထွက်လျက်ရှိသည်။ ဒီအပင်သည် အသီးသီးဖူးသလား။
“ဒီအပင်က သေချာပေါက် ထူးခြားတယ်၊ သာမန်အပင်နဲ့ ယှဥ်ရင် အရွက်ပိုထူတယ်၊ သူ့အရွက်တွေက ကျောက်စိမ်းကနေ ထွက်ပေါ်လာသလိုပဲ” ချူဖုန်းပြောလေသည်။
ချူဖုန်းက ဤအပင်သည် တစ်ခါအသီးသီးဖူးပြီး အသီးများမှာ ခူးယူပြီးပြီသိသော်လည်း ကံမကောင်းစွာဖြင့် အသီး၏ အာနိသင်ကို သူတို့ မသိနိုင်တော့ချေ။
“ဂလု”
ချူဖုန်းသည် ဤထူးခြားအပင်အကြောင်း တွေးတောနေစဥ် နွားဝါသည် ထိုမြက်ပင်၏ ရိုးတံကို ကိုက်ကာ တစ်ခုလုံး မျိုချလိုက်သည်။
“နွားနတ်ဆိုး” ချူဖုန်း ပေါက်ကွဲသွားသည်။
နွားဝါသည် နောက်လှည့်ကာ ချူဖုန်းကို ပြူးကြည့်နေသည်။ သူ၏မျက်နှာမှာ ကြောင်တောင်တောင်အမူအရာကို ပြသလျက်ရှိသည်။
“သေစမ်း၊ နတ်ဘုရားလက်ဆောင်ဟာကို နှမြောစရာကြီး၊ မင်းဘာလို့ စားလိုက်တာလဲ” ချူဖုန်းသည် နွားပေါက်ကို ဒေါသဖြင့် စိုက်ကြည့်သည်။ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုလေ့လာရေးအဖွဲ့လျှင်ပင် အပင်၏ရိုးတံကို မဖျက်ဆီးပစ်ပဲ နောင်တစ်ချိန် အသီးသီးလာနိုင်ချေရှိ၍ စမ်းသပ်မှုပြုလုပ်ရန် ထိန်းသိမ်းထားသည်။ သူတို့ အပင်ပေါ်စိတ်ဝင်စားမှုကို မြေပုံပေါ်တွင် သေသေချာချာမှတ်သားထားပုံကို ကြည့်၍ သိနိုင်သည်။
ချူဖုန်းတွင်လည်း အလားတူအကြံရှိသည်။ ထိုအပင်ကို နောက်ရက်အနည်းငယ်ကြာတွင် ပြန်လာကြည့်ပြီး အသီးသီးမသီးစောင့်ကြည့်လိုသည်။
နွားဝါသည် အပြစ်ကင်းစင်သော အကြည့်ကို ပြလေသည်။ သူသည် စာလုံးအနည်းငယ်ကို ရေးပြသည် : “ဆင့်ကဲပြောင်းလဲထားတဲ့ မြက်ပင်က တစ်ကြိမ်ပဲ အသီးသီးတယ်”
ချူဖုန်းသည် အချိန်ကြာတွေဝေနေပြီးနောက် “နှမြောစရာပဲ”ဟုဆိုကာ သက်ပြင်းချလေသည်။
နွားဝါ ရယ်လေသည်။
“ဘာရယ်တာလဲ” ချူဖုန်းသည် နွားဝါကို စိုက်ကြည့်လိုက်သည်။
ဒီတစ်ခါ နွားဝါသည် မြေကြီးပေါ်တွင် လျှို့ဝှက်ချက်တစ်ခုကို ပြောပြကာ ထပ်ရေးလိုက်သည်။
“ကမ္ဘာကြီးက ပြောင်းလဲနေပြီ၊ ညှိုးနွမ်းသွားတဲ့ မြေအောက်အမြစ်တွေက ပြန်ရှင်သန်လာဖို့ စောင့်ဆိုင်းနေတယ်”
“ပြန်ရှင်သန်လာမယ်၊ ဘာကိုပြောတာလဲ၊ သူတို့ အရင်က အသက်ရှင်ဖူးတာလား” ချူဖုန်း မေးလိုက်သည်။
“ဒါက နှစ်တစ်ထောင်မှ တစ်ခါ အခွင့်အရေးဖြစ်တယ်” ဒါသည် မြေကြီးပေါ်တွင် နွားဝါနောက်ဆုံးရေးပြသော စကားလုံးများဖြစ်သည်။ ထို့နောက် တစ်ခွန်းမှ ဆက်မပြောတော့ချေ။
နွားဝါက ဤကမ္ဘာကို လာရခြင်းမှာ နတ်အဖြစ်သန့်စင်ချင်၍ လာကြောင်း ဝန်ခံဖူးသည်ကို ချူဖုန်း သေသေချာချာ မှတ်မိသည်။ ရည်မှန်းချက်ကြီးမားလွန်းသော အကြံအစည်ပါလား။
“အမြစ်တွေက သူ့အကြံနဲ့ ဘယ်လို ပတ်သတ်နေတာလဲ” ချူဖုန်း မေးခွန်းထုတ်လိုက်သည်။
ကမ္ဘာအပြင်ဘက်တွင် ကြီးမားသော လျှို့ဝှက်ချက်ရှိပုံ ရသည်။ ဒါကြောင့် ရှေးဟောင်းတောင်တန်းနက်ပိုင်းရှိ မိစ္ဆာကောင်များက အပြင်ဘက်သို့ ထွက်လာလိုကြခြင်းဖြစ်သည်။
ချူဖုန်းသည် ထိုမြက်ပင်အောက်ကို တူးလေသည်။ အကယ်၍ ထိုအပင်သည် အသီးထပ်မသီးနိုင်တော့လျှင် သူလည်း ထိုအပင်ကို ဆက်လက်လေ့လာရန် မလိုချေ။ သူက ထိုထူးဆန်းအပင်ကို ခွဲခြမ်းစိပ်ဖြာကြည့်ပြီး ဘာက ဤအပင်ကို ပြောင်းလဲစေကြောင်း သိလိုသည်။
“ဘာ”
အံ့အားသင့်စွာဖြင့် အပင်၏ အမြစ်တွင် ထူးဆန်းသည့်အရာကို ရှာတွေ့သည်။ အမြစ်တွင် ထူးဆန်းသည့် အစေ့အနည်းငယ် တင်းကြပ်စွာ တွယ်ကပ်နေသည်ကို တွေ့ရသည်။
အစေ့များမှာ ခရမ်းရောင်သန်းပြီး ထင်ရှားသည့်ရောင်ခြည် ဖြာထွက်လျက်ရှိသည်။
“ဒါက ဆင့်ကဲပြောင်းလဲစေတဲ့ အကြောင်းအရင်းလား” သူ သံသယဖြစ်သွားသည်။
နွားဝါလည်း ကြည့်ကြည့်သည်၊ သို့သော် သူလည်း ဤခရမ်းရောင်အစေ့များအကြောင်း မသိပုံရသည်။
“ဘာဖြစ်ဖြစ် ငါ သူတို့ကို ယူသွားလိုက်မယ်”
ခဏအကြာ သူတို့၂ယောက်သည် အခြားနေရာ၃နေရာကို လူစုခွဲပြီး သွားကြသည်၊ သို့သော် ကံမကောင်းစွာဖြင့် အကုန်လုံးတွင် ဆင့်ကဲပြောင်းလဲပြီးသောအပင်၏ ရိုးတံအလွတ်သာ ကျန်ရှိသည်။
အံ့သြစွာဖြင့် ချူဖုန်းသည် ရိုးတံ၏ အမြစ်တွင် မတူညီသည့်အရောင်ဖြင့် လင်းလက်နေသည့် လက်သည်းခွံအရွယ်ရှိသော အစေ့ကို ရှာတွေ့သွားသည်။ အချို့မှာ အနီရင့်ရောင်သန်းပြီး အချိ့မှာ စိမ်းပြာရောင်ရှိသည်၊ သူတို့ပတ်ဝန်းကျင်ရှိ မြေကြီးအရောင်နှင့် မတူညီကြချေ။
ထိုအစေ့များသည်လည်း ရှုပ်ထွေးသည့် အမြစ်များအား တွယ်ကပ်နေသည်။ ထိုအစေ့များတွင် အနှစ်သာရတစ်မျိုးမျိုး ပိုင်ဆိုင်ပုံပေါက်သည်။
ဒီလိုနှင့် ချူဖုန်းသည် အရောင်ပါသည့် အစေ့လေး၄စေ့ကို ကောက်ယူရရှိပြီး တစ်ခုချင်းစီတွင် မတူညီသည့်အရောင်ရှိသည်။ ထိုအစေ့များကို အဝတ်စဖြင့် သေချာပတ်ထားသည်။
“ဒီအစေ့တွေနဲ့ ဆိုရင် ငါ့ရဲ့ အိမ်က အစေ့၃စေ့လည်း အမြစ်ပေါက်လို့ ရပြီ” ချူဖုန်းသည် စိတ်လှုပ်ရှားနေသည်။ ထိုအစေ့များသည် ဘာအဖြစ် ကြီးထွားလာမည်ဆိုတာကို သိချင်နေသည်။
သူသည် မျှော်လင့်နေသည်။ ထိုအစေ့များကို ခွန်းလွန်တောင်တန်း၏အောက်ခြေရှိ လျှို့ဝှက်ဆန်းကြယ်သည့် သေတ္တာထဲတွင် ရှာတွေ့ခဲ့သည်ဖြစ်၍ နောက်ဆုံးတွင် ဘာဖြစ်လာပါစေ သူတို့၏မူလရင်းမြစ်မှာ သေချာပေါက်အထူးဆန်းဆုံးဖြစ်မည် ဖြစ်သည်။
ချူဖုန်းသည် မြေပုံကို ဖြန့်လိုက်သည်။ သူတို့မသွားရသေးသည့် နေရာတစ်နေရာကျန်သေးသည်။ ထိုနေရာသည် မြေပုံ၏ အလယ်တည့်တည့်တွင် ရှိပြီး အမဲရောင်အရိုးခေါင်းပုံဖြင့် မှတ်သားထားသည်။
အဓိပ္ပာယ်မှာ ဒီနေရာသည် အလွန်အန္တရာယ်များသည်ဟု ဆိုလိုတာများလား။
သတင်းအမျိုးမျိုးမှ ကြားဖူးသည်မှာ တိုင်ဟန်တောင်တန်းတွင် တကယ် ထူးဆန်းသည့် သစ်ပင်တစ်ပင် ရှိသည်။ ထိုသစ်ပင်သည် အသီးသီးသော်လည်း အသီးမှာ မမှည့်သေးချေ။ ဤသတင်းကြောင့် တစ်ကမ္ဘာလုံးရှိ ဆင့်ကဲပြောင်းလဲပြီးသူများက ထိုဒဏ္ဍာရီဝင်သစ်ပင်ကို ရှာဖွေရန် ပါဝင်လာကြခြင်းဖြစ်သည်။
ချူဖုန်းက အမဲရောင်အရိုးခေါင်းဖြင့် သတ်မှတ်ထားသော နေရာသည် ထိုသစ်ပင်ပေါက်ရောက်ရာ နေရာဖြစ်ရမည်ဟု သံသယရှိသည်။
“ရက်တော်တော်ကြာနေပြီဆိုတော့ အသီးယူဖို့ ရောက်နေကြတဲ့ ဆင့်ကဲပြောင်းလဲပြီးသူအချို့ ရှိရမယ်၊ သိပ်မကြာခင် တိုင်ဟန်တောင်တန်းက အတိုက်အခိုက်ကျွမ်းကျင်သူတွေရဲ့ စစ်မြေပြင် ဖြစ်လာတော့မယ်” ချူဖုန်း ထင်မြင်လိုက်သည်။
ချူဖုန်းနှင့် နွားဝါတို့ ရှေ့ဆက်ကြလေသည်။ တိုက်ပွဲများ ဘယ်လိုဖြစ်မည်ဆိုသည်ကို သွား၍ ကြည့်ရှုလိုသည်၊ အခွင့်သင့်လျှင် တိုက်ပွဲတွင် ပါဝင်ပြီး သူရသင့်ရထိုက်တာကိုပါ ရယူနိုင်လောက်သည်။
သွားရာလမ်းတစ်လျှောက်တွင် အခြားဆင့်ကဲပြောင်းလဲပြီးသူများ၏ ခြေရာများကို သတိထားမိသည်။ ချူဖုန်းသည် သစ်ပင်နှင့်လမ်းကြားတွင် အတတ်နိုင်ဆုံးသတိထား၍ လှုပ်ရှားလေသည်။
“ဘယ်လိုလုပ် ဒါက ဒီမှာ ရှိနေတာလဲ” ချူဖုန်း လန့်သွားသည်။
မြွေဖြူတောင်
ဤနေရာသည် ဆန်းကြယ်သော နေရာများထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။
တစ်ချိန်က ထိုတောင်ပေါ်တွင် မြွေဖြူတစ်ကောင်နေထိုင်ဖူးသည်ဟု ဆိုကြသည်။ ထိုမြွေသည် ဘယ်လောက်ကြာကြာရှိမှန်း မည်သူမျှမသိကြချေ။ သို့သော် ထိုတောင်တန်းအား ဆန်းကြယ်သော လေထုက အမြဲဝိုင်းရံထားပြီး ဒဏ္ဍာရီနှင့် ဇာတ်လမ်းများစွာ ဖြစ်ပေါ်လာသည်။
သို့သော် လူများက မယုံကြည်ကြချေ၊ မြွေကို မြင်တွေ့ဖူးသည့် နောက်ဆုံးမျက်မြင်သက်သေမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေဆုံးသွားပြီဖြစ်သည်။ မျက်မြင်သက်သေများ အသက်ရှိစဥ်ကာလတုန်းက သူတို့မြင်ခဲ့သောမြွေမှာ မီတာ၁၀၀အနည်းဆုံးရှိမည်ဟု ဆိုကြသည်။
သို့သော် ထိုထွက်ဆိုချက်များက ဤပုံပြင်၏ ဖြစ်နိုင်ချေကို ပယ်ဖျက်လိုက်သည်။ လူတွေသိသော အရှည်ဆုံးမြွေမှာ မီတာ၅၀လောက်သာ ရှိ၍ဖြစ်သည်။
“နေဦး သတိထား” ချူဖုန်းနှင့် နွားဝါတို့သည် ဘေးတစ်ဖက်တွင် အလျင်အမြန် ပုန်းလိုက်သည်။
တောင်၏ ဝင်ပေါက်ကို စောင့်ကြပ်နေသည့် ဆင့်ကဲပြောင်းလဲပြီးသူများ ရှိသည်။ ထို့အပြင် ရင်းနှီးသည့်မျက်နှာ-ကျွောကျွင်းကိုလည်း တွေ့လိုက်ရသည်။
“ဟိုအပင်က ဒီမှာ ဖြစ်လိမ့်မယ်” ချူဖုန်း သေချာသိသွားသည်။
အပိုင်း ၃၇ ပြီး၏။