Switch Mode

Chapter – 125

ဥကြောင့်ကွယ်ပျောက်သွားသောဝိညာဥ်တော်

Chapter – 125
“ဥကြောင်ကွယ်ပျောက်သွားသောဝိညာဉ်တော်”

ရဲရှောင်မှ ပြုံးလိုက်ရင်း –
“ဟဲဟဲ . . . မင်းကို သတ်ဖို့ အကြောင်းပြချက် ဆိုတာ မလိုအပ်ပါဘူး။ ဂုဂျင်လုံ . . . အခုမင်းရဲ့ စိတ်ဝိညာဉ်က မင်းရဲ့ကိုယ်ကနေ ကွာကသွားပြီ။ ဝိညာဉ်အဆင့်ပဲ ရှိတော့တယ်။ ဒီလိုနည်းနဲ့ ဘယ်လိုမှ ချင်းယန်နယ်ပယ်ကို ပြန်သွားလို့ မရနိုင်ဘူးကွ။ သေတာ ၄ နာရီ မကျော်သေးဘဲ နည်းနည်း လတ်နေသေးတဲ့ လူသေအလောင်းတစ်ခုခုကို ရှာတွေ့အောင် ကြိုးစားမှသာ မင်းလည်း ဝင်စားလို့ ရနိုင်မယ်။ ကံကောင်းမယ် ဆိုရင်တော့ တွေ့မှာပေါ့။ ဒီလိုမှ မဟုတ်ရင်တော့ ကမ္ဘာကြီးကနေ ထာဝရ ပျောက်ကွယ်သွားမှာပဲ . . .”
“တကယ်တော့ မင်း ရှာတွေ့ခဲ့ရင်တောင် ကျင့်ကြံမှုတွေ ပြန်လုပ်ဖို့က လွယ်မှာ မဟုတ်ဘူး . . .”
ရဲရှောင်မှ ရယ်မောလိုက်ပြန်ရင်း ဆက်လက်၍ –
“အဲဒါကြောင့် အခု ငါ့နားကနေ မြန်မြန်သွားပြီး ခန္ဓာကိုယ်တစ်ခု သွားရှာတော့။ မင်းကို တားနိုင်မှာ မဟုတ်ဘူး ဆိုတာကိုတော့ ငါသိပါတယ်။ ဒါပေမဲ့ မင်းကို ရင်ဆိုင်ဖို့အတွက် ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိသေးတယ်ကွ။ အစိုးရပိုင်းကို အကူအညီတောင်းပြီး တစ်နိုင်ငံလုံးကို ရှာခိုင်းလို့ ရတယ်လေ။ သေပြီးသား လူက ပြန်ပြီး ရှင်လာတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်မျိုး ရှိတယ် ဆိုပြီး သတင်းပို့တာနဲ့ ငါချက်ချင်း လာခဲ့မှာ။ မင်းကို တစစီ ဖြစ်သွားအောင် လုပ်ပစ်မှာ စိတ်ချ . . . ဒါပေမဲ့ မင်း ပြန်ပြီး ရှင်သန် လာမယ် ဆိုရင်တောင် ငါ့အတွက်ကတော့ ပုရွတ်ဆိတ် တစ်ကောင်သာသာ ဖြစ်နေမှာပဲ။ လက်တစ်ချောင်းတည်းနဲ့တောင် သတ်လို့ရတဲ့ အနေအထားပေါ့ . . .”
“အဲဒါကြောင့် မင်း ငါ့လက်ကနေ လွတ်မယ်လို့ စိတ်တောင် မကူးလေနဲ့ . . .”
ရဲရှောင် ဂုဂျင်လုံအား စူးစိုက်၍ ကြည့်ရင်း ပြောလိုက်တယ်။
ဂုဂျင်လုံမှ –
“ဘာကြောင့်လဲ . . . မင်းက ဘာလို့ ဒီလောက်ထိ ဝိညာဉ်တော် ဝင်စားခြင်း၊ ကူးပြောင်းခြင်း နည်းလမ်းတွေကို သိနေရတာလဲ။ ငါအသိချင်ဆုံးကတော့ မင်းဘာလို့ ငါ့ကို သတ်သလဲ ဆိုတာကိုပဲ . . . မင်းနဲ့ငါနဲ့ ဘာရန်ငြိုး ရှိလို့လဲ။ ငါ့ကို သတ်ရလောက်တဲ့ထိ အကြောင်းပြချက် ဘာများ ရှိနေလို့လဲ။ ငါက မင်းကို အကျိုးပြုခဲ့တာချည်းပါပဲ။ မင်းကို ဆန့်ကျင်တာမျိုးလည်း မလုပ်ခဲ့ဖူးဘူး။ ဘာကြောင့်လဲ၊ နောက်ပြီး မင်းကိုယ်မင်းရော ဘာထင်နေတာလဲ။ အစိုးရက လူတွေ မင်းစကားကို နားထောင်မယ်များ ထင်နေတာ လား . . .”
ထိုအချိန်မှာပဲ ဂုဂျင်လုံသည် သူ့ရှေ့ရှိ ဖန်ဇီလင်၏ ရုပ်သွင် တဖြည်းဖြည်း ပြောင်းလဲလာတာကို မြင်တွေ့လိုက်ရ၏။
တခဏအကြာတွင် ငယ်ရွယ် ချောမောသော လူငယ်တစ်ဦး ဂုဂျင်လုံ၏ အရှေ့တွင် ပေါ်လာသည်။ ရဲရှောင်မှ ခနဲ့တဲ့တဲ့ဟန်ဖြင့် –
“ငါက စစ်သူကြီးအိမ်က သခင်လေးပဲ။ မြောက်ပိုင်း စစ်သူကြီးရဲ့ တစ်ဦးတည်းသော သားတစ်ယောက်၊ အဲဒီတော့ မင်းပဲ စဉ်းစားကြည့်လေ ငါက အစိုးရပိုင်းကို အကူအညီ တောင်းနိုင်လား မတောင်းနိုင်ဘူးလား ဆိုတာကို . . .”
ဂုဂျင်လုံသည် နေ့ခင်းကြောင်တောင် တစ္ဆေသရဲ တစ်ကောင်အား မြင်တွေ့လိုက်ရသကဲ့သို့ –
“မြောက်ပိုင်း စစ်သူကြီးရဲ့ သား ဟုတ်လား . . .”
(ဒါဆိုရင်တော့ စစ်သူကြီးရဲ့ နာမည်နဲ့ မြို့ထဲက အစိုးရပိုင်းကို အကူအညီ တောင်းနိုင်လောက်မှာ)
ထိုအချိန် ဂုဂျင်လုံသည် ပို၍ နားမလည်နိုင်အောင် ဖြစ်နေသည်။
ရဲရှောင်မှ အေးစက်သော လေသံဖြင့် ပြုံးလိုက်ရင်း –
“ငါ့နာမည်က ရဲရှောင် . . . မင်း ဒီနာမည်ကို အမှတ်ရနေလား ဆိုတာကို ငါသိချင်လိုက်တာ . . .”
ဂုဂျင်လုံ အလွန်ကို အံ့သြသွားမိခဲ့သည်။ သူ၏ ဝိညာဉ်တော်ပင် တုန်ရီသွားသဖြင့် မျက်နှာပုံစံပင် မပေါ်တော့သလို ဖြစ်သွားလေသည်။ အလန့်တကြား လေသံဖြင့် –
“ရဲရှောင် . . . မင်းက ရဲရှောင်လား . . . တကယ်ပဲပေါ့ . . .”
ရဲရှောင်သည် ပြုံးလိုက်ပြန်ရင်း –
“ဘာလဲ . . . ရဲရှောင် ဆိုတဲ့ နာမည်က အဲဒီလောက်ထိ အထင်ကြီးစရာ ကောင်းနေလို့လား . . .”
ဂုဂျင်လုံသည် သူ၏ မျက်နှာတွင် ကြောက်ရွံ့ တုန်လှုပ်မှုများကို ထိန်းမထား နိုင်တော့ချေ။ မိစ္ဆာတစ်ကောင်၏ နာမည်အား ကြားလိုက်ရသကဲ့သို့ တုန်ရီသော လေသံဖြင့် –
“မင်း . . . မင်း . . . မင်း . . .”
သူသည် တစ်စုံတစ်ခုအား အဖြေထုတ်ရန်အတွက် ကြိုးစားနေရင်း သူ၏ ဝိညာဉ်တော်မှာလည်း တုန်ရီမှုကြောင့် ပျက်ဆီးသွားမတတ်ပါပင်။
“ရဲရှောင်” ဟူသည့် စကားလုံး နှစ်လုံးသာ ဖြစ်သော်လည်း ဂုဂျင်လုံသည် အိပ်မက်ဆိုးတစ်ခု မက်နေသလို ခံစားလိုက်ရ၏။
ထိုနာမည်ကို ကြားလိုက်သည်နှင့် ရှောင်ဧကရာဇ် အင်အားစုကြီး ၃ ခုနှင့် အပြိုင် တိုက်ခိုက်ခဲ့သည့် ပုံရိပ်များကို မြင်ယောင်လာမိသည်။
ရှောင်ဧကရာဇ်သည် ဓားတစ်ချောင်းထဲဖြင့် တစ်ကိုယ်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ လူတောင်ပုံရာပုံ သတ်ဖြတ်ခဲ့သူ တစ်ဦး ဖြစ်လေသည်။ သွေးချောင်းစီးသည်ထက် သွေးပင်လယ်ပြင် ဖြစ်ခဲ့သည် ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။
အင်အားစုကြီး ၃ စုမှ ဂုဂျင်လုံထက်ပင် ပိုမို အစွမ်းထက်သည့် မရေမတွက်နိုင်သော လူများစွာသည် ရှောင်ဧကရာဇ်၏ တိုက်ခိုက်မှုများကြောင့် အသက်ပျောက်ခဲ့ကြရသည်။ ထိုအချိန်တုန်းက ထိုလူများ၏ သွေးပျက်ဖွယ် အော်သံများအား ယခုတိုင်အောင် ကြားယောင် နေမိသလို ခံစားနေရလေ၏။
အင်အားစုကြီး ၃ စုမှ ထိပ်တန်းအဆင့် ပညာရှင်ကြီးများ အားလုံးသည် ရှောင်ဧကရာဇ်အား ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး မိုင်ပေါင်း ၃ သောင်းကျော် လိုက်လံခဲ့ကြခြင်း ဖြစ်သည်။
ရှောင်ဧကရာဇ် မသေမချင်း လိုက်လံ သတ်ဖြတ် ခဲ့ကြတာပင် ဖြစ်၏။
လမ်းတလျှောက် အင်အားစုကြီး သုံးခုမှ လူများစွာ သေကြေ ပျက်ဆီးခဲ့ရပြီး မိုင် ၃ သောင်း ခရီးတလျှောက် အလောင်းများဖြင့် ပြည့်နှက်ခဲ့ရ၏။
နောက်ဆုံးတွင် သူတို့၏ အကြံအစည် အောင်မြင်ခဲ့ရပြီး ရှောင်ဧကရာဇ်လည်း သေဆုံးကာ ဝိညာဉ်တော်ပါ လွင့်ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုတိုက်ပွဲကြောင့် အင်အားစုကြီး ၃ စုသည် အတော်ကို အင်အားနည်းသွား ခဲ့ကြပြီး ထိုနေ့ပြီးနောက် ပေါင်းစည်း၍ နေခဲ့ကြသည်။
ထိုနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားမိလိုက်သည့် အချိန်တွင် လူတိုင်း ကြောက်ရွံ့နေကြဆဲပင် ဖြစ်ပါသည်။ ညဘက်တွင် အိပ်မက်ဆိုးများ မက်၍ ချွေးပြန်ခဲ့ကြရသည်။
အသက်ရှင် ကျန်ရစ်ခဲ့သည့် ထိပ်သီး ပညာရှင်များသည် ထိုနေ့က တိုက်ခိုက်မိခဲ့သည့် တိုက်ပွဲကို နောင်တရနေခဲ့မိကြပြီး ယခုအခါ သူတို့၏ ဂိုဏ်းများတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က အင်အားလောက်သာ ကျန်ရှိကြပါတော့သည်။
ယခုအချိန်တွင်လည်း ဂုဂျင်လုံသည် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည့် နာမည်အား ထပ်မံ၍ ကြားလိုက်ရပြန်ပါပြီ။
ရဲရှောင် . . .
ရဲရှောင်၏ အေးစက်စက် အသံကို နားထောင်ရင်း ချောမောခန့်ညားသည့် လူငယ်ကို ကြည့်ကာ ဂုဂျင်လုံသည် ယခုအခါတွင် ရှောင်ဧကရာဇ်မှ သူ့ကို ခနဲ့တဲ့တဲ့လှောင်ပြောင်နေသလို ခံစားလိုက်ရလေ၏။
ရှောင်ဧကရာဇ်အား နောက်ဆုံးအကြိမ် ခနဲ့တဲ့တဲ့ ပုံစံဖြင့် မြင်တွေ့ခဲ့ရသည်မှာ သေခါနီး အချိန်တွင် ဖြစ်သည်။ ထိုစဉ်တုန်းက ဂုဂျင်လုံအား ကြည့်နေရင်း –
“ဂုဂျင်လုံ . . . တစ်နေ့ကျရင် မင်း ရှောင်ဧကရာဇ်ရဲ့ အပြုံး အဓိပ္ပါယ်ကို သိမှာပါ .. . ”
ထိုကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပြီး ထိုစကားလုံးသည် ဂုဂျင်လုံအား အိပ်မက်ဆိုးများ မက်စေ၍ တစ်သက်လုံး ကောင်းစွာ မအိပ်စက်ခဲ့ရချေ။
ရှောင်ဧကရာဇ် လုံးလုံး သေဆုံးသွားပြီ ဆိုမှသာ သူလည်း နည်းနည်း သက်သာ လာခဲ့တာ ဖြစ်ပါသည်။
(ဘယ်လိုပဲ သူက အစွမ်းတွေ ရှိရှိ။ အခု သေသွားပြီ ဆိုတော့ ငါ့ကို ဘာများ ခြိမ်းခြောက်နိုင်ဦး မှာလဲ . . .)
ဂုဂျင်လုံသည် ထိုကဲ့သို့သာ တွေးမိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူ့ဘဝတွင် အကြောက်ရွံ့ရဆုံး နာမည်အား ယခုကဲ့သို့ ထပ်မံ ကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
“မင်း . . . မင်း . . . မင်းက . . .”
ဂုဂျင်လုံသည် တုန်ရီလျက် ရဲရှောင်အား ကြည့်နေလေ၏။
“မင်းဘာဖြစ်နေတာလဲ . . .”
ရဲရှောင် ခပ်မာမာပင် ပြောလိုက်သည်။
“မင်းအဲဒီလောက်တောင် အံ့သြနေစရာလား။ ငါပြောခဲ့တဲ့ စကားကိုရော မေ့သွားပြီလား။ ရှောင်ဧကရာဇ်ရဲ့ အပြုံးအဓိပ္ပါယ်ကို သိလိမ့်မယ် ဆိုတာကိုလေ . . . မှတ်မိလား . . .”
ရဲရှောင်မှ ထိုကဲ့သို့ ပြောလိုက်သည့်အခါ ဂုဂျင်လုံသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ် ပါတော့သည်။
“အား . . . မင်း . . . တကယ်ပဲ မင်း . . . မသေသေးဘဲ အသက်ရှင်နေတာပဲ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့ဖြင့် –
“မင်းတို့လည်း မသေသေးဘူးမလား။ မင်းတို့ ငါမသတ်ရသေးခင် သေလို့ မဖြစ်ဘူးကွ . . .”
ဂုဂျင်လုံသည် ကြောက်လန့်တကြား အော်ဟစ်၍ ဂူအတွင်းမှ ချက်ချင်းပင် ပြေးထွက်သွားသည်။
ငရဲပြည်မှ လွတ်မြောက်ရန် ကြိုးစားသကဲ့သို့ ထွက်ပြေးသွားခြင်း ဖြစ်၏။
ယခုအခါတွင် သူ့အရှေ့ ရှိနေသူမှာ ဘယ်သူလဲ ဆိုတာကို သေသေချာချာ သိရှိသွားပြီ ဖြစ်ပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ရှောင်ဧကရာဇ်ပင် ဖြစ်နေခြင်းကြောင့်ပင်။ ထို့ကြောင့် ကောင်းစွာ ရပ်တည်မနေနိုင်တော့ဘဲ ထွက်ပြေးသွားရခြင်း ဖြစ်၏။
ထိုကဲ့သို့ ထွက်ပြေးသွားခြင်းကပင် သူ၏ ထွက်ပေါက်တစ်ခု ဖြစ်ပေလိမ့်မည်။
ကြောက်ရွံ့ တုန်လှုပ်မှုကြောင့် သူသည် ထွက်ပြေးသွားခြင်း ဖြစ်ပြီး ရဲရှောင်မှ ဝိညာဉ်တော်အား ပြန့်ကွဲသွားအောင် မလုပ်နိုင်ဘူး ဆိုတာကိုပင် သတိမေ့လျော့ သွားခဲ့သည်။
ရဲရှောင်သည်လည်း ဝိညာဉ်တော် တဖြည်းဖြည်း လွင့်ပျံသွားခြင်းအား တားဆီးခြင်း မရှိဘဲ ငေးကြည့်နေလေ၏။
ဂုဂျင်လုံ ခန္ဓာကိုယ် တစ်ခုအား ပိုင်ဆိုင်သည်ထိ စောင့်နေရန်သာ လိုလိမ့်မည်ဟု ရဲရှောင် တွေးထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြန်လည်ဝင်စားလာသည့် ဂုဂျင်လုံအား သူနောက်တစ်ခါ ထပ်မံ၍ သတ်ဖြတ်ရဦးမည် ဖြစ်လေသည်။ ထိုအခါမှသာ ဂုဂျင်လုံအား လုံးဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ဂုဂျင်လုံ၏ ဝိညာဉ်တော်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရင်း ထွက်ပြေးသွားခြင်း ဖြစ်သည်။
သူ ရေခဲများ ဖုံးလွှမ်းနေသည့် ဂူအတွင်းမှ ထွက်ခါနီး အချိန်တွင် ပြင်းထန်လှသော စုပ်ယူမှု အားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေ၏။
ရဲရှောင် လက်ထဲတွင် ကိုင်ထားသော ဥသည် သွေးများ ပေကျံနေရာမှ သန့်စင်သွားပြီ ဖြစ်ပြီး ယခုအခါ အနည်းငယ် လင်းလတ်၍ လာပြန်ပါသည်။
ထို့အပြင် အဆိုပါ ဥသည် လေထဲတွင် သူ့အလိုလို မျောလွင့် သွားပြန်သည်။
မျောလွင့်နေသည့် အချိန်တွင် အလွန်အားကောင်းသည့် စုပ်ယူမှု စွမ်းအင်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်၏။
အဆိုပါ စွမ်းအားသည် လွန်ခဲ့သော အချိန်တုန်းက မရဏကျောက်တုံးမှ ထွက်ပေါ်သည့် စုပ်အား နှင့် မတူညီချေ။ ရဲရှောင်ကဲ့သို့ သက်ရှိများအား သက်ရောက်မှု မရှိစေဘဲ ဝိညာဉ်တော် အခြေအနေ ရှိနေသည့် လူများကိုသာ သက်ရောက်မှု ဖြစ်ခြင်း ဖြစ်လေသည်။
ဂုဂျင်လုံသည် ကြောက်လန့်တကြား အော်ဟစ်၍ ရုန်းကန်နေလေ၏။ တဖြည်းဖြည်းဖြင့် နောက်သို့ ပါလာခဲ့ပြီး ခုခံနိုင်သည့် စွမ်းအားလည်း မရှိတော့ချေ။
ထိုသို့ဖြင့် ဥအနားသို့ ရောက်လာရပါတော့သည်။
ထူးဆန်းသော ဥမှ ရုတ်တရက် ထူးဆန်းသော အဖြူရောင် အလင်းတန်းအနည်းငယ် ထွက်ပေါ်လာကာ ဂုဂျင်လုံ၏ ဝိညာဉ်တော် တစ်ခုလုံးအား လွှမ်းခြုံသွားပါတော့သည်။
ထို့နောက်တွင် ဂုဂျင်လုံသည် အလွန် တုန်လှုပ် ကြောက်ရွံ့ဟန်ဖြင့် –
“ကူညီပေးပါ။ ငါ့ကို သွားခွင့်ပြုပါ။ တောင်းပန်ပါတယ်။ ရှောင်ဧကရာဇ် . . . ကျေးဇူပြုပြီး ငါ့ကို ကယ်ပါဦး။ ငါမင်းကို ကျေနပ်တဲ့ထိ တောင်းပန်ပါတယ် . . . တစ်ဘဝလုံး မင်းဆီမှာ ကျွန်ခံပေးပါ့မယ်။ အား . . .”
“ငါ့ရဲ့ ဝိညာဉ်နဲ့ နတ်ဘုရားတွေကို တိုင်တည်ပြီး ကျိန်တွယ်ပြပါ့မယ် . . .”
ဂုဂျင်လုံမှ ရဲရှောင်အား ရှိခိုးမတတ်ကို တောင်းပန်နေလေ၏။
သို့သော်လည်း ရဲရှောင်ကတော့ တုပ်တုပ်မျှ မလှုပ်ချေ။ ဂုဂျင်လုံ၏ စကားလုံးများကိုပင် မကြားချင်ပုံ ရပါသည်။
အကယ်၍ ကြားခဲ့လျှင်တောင်မှ ဂုဂျင်လုံအား ကျွန်အဖြစ် ခေါ်လိမ့်မည် မဟုတ်ချေ။ သူ့စိတ်ထဲ ကလဲ့စား ချေချင်သည့် စိတ်သာ ကြီးစိုးနေလေသည်။
အဖြူရောင် အလင်းခပ်မှိန်မှိန် အောက်တွင် ဂုဂျင်လုံ၏ ဝိညာဉ်တော်သည် ပျော်ကျလာလေသည်။
ခန္ဓာကိုယ်၊ လက်များ၊ ခြေထောက်များ၊ တခြားသော အစိတ်အပိုင်းများ အားလုံးသည် အဖြူရောင် အခိုးအငွေ့များအဖြစ် လွင့်ပျံ သွားလေ၏။
တဖြည်းဖြည်းဖြင့် ဂုဂျင်လုံ၏ အသံသည်လည်း တိုးသထက် တိုးသွားကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားလေတော့သည်။
လေထုထဲတွင် အလင်းခပ်မှိန်မှိန်နှင့် အခိုးအငွေ့ အနည်းငယ်သာ ကျန်ရှိနေပါသည်။
“ဒါက ဂုဂျင်လုံရဲ့ ဝိညာဉ်တ်ေကနေ သန့်စင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်မယ်”
ရဲရှောင်လည်း ယခုမှသာ လေအပြည့် ရှူသွင်းလိုက်မိ၏။
(ထူးဆန်းလိုက်တဲ့ ဥပါလား . . . ဒီလောက်ထိတောင် ကြမ်းရသလား . . .)
တခဏအကြာတွင် ဥသည် တုန်ခါလာပြန်သည်။ ရုတ်တရက် လေများ တိုက်ခတ်လာပြီး ဂုဂျင်လုံ၏ ဝိညာဉ်တော် လွင့်ပြယ်ရာမှ ဖြစ်ပေါ်လာသော စွမ်းအင်များသည် ဥ၏ ပတ်လည်သို့ ရောက်ရှိလာသည်။
စက္ကန့်အနည်းငယ် အတွင်းမှာပင် အဆိုပါ စွမ်းအင်များ ပျောက်ကွယ်သွားပါတော့သည်။
မူလတာအို အဆင့်ရှိ ပညာရှင်တစ်ဦး၏ ဝိညာဉ်တော်သည် ဥတစ်လုံး၏ စုပ်ယူမှုကို ခံလိုက်ရပြီ ဖြစ်လေသည်။
ခြေရာလက်ရာပင် မကျန်ရစ်ခဲ့ချေ။
ရဲရှောင် ကိုယ်တိုင်ပင် တုန်လှုပ်မှုကြောင့် တစ်ကိုယ်လုံး အေးစက်နေသည်။
မိနစ် အနည်းငယ်အတွင်း ဂုဂျင်လုံသည် ကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။
ဝိညာဉ်တော်ပင် မကျန်ရှိတော့ချေ။
ဥသည် တဖြည်းဖြည်းဖြင့် မြေပြင်ထက်သို့ ပြန်လည် ကျရောက်လာလေ၏။ အလင်းတန်းများ သည်လည်း တဖြည်းဖြည်း မှိန်သွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပါသည်။ မျက်နှာပြင်ပေါ်မှ ထူးဆန်းသော အရေးအကြောင်းများသည်လည်း ပို၍ ပီပြင်ထင်ရှား လာပါတော့သည်။
ရဲရှောင် လုံးဝကို တုန်လှုပ်နေမိ၏။ ဥဘေးနားသို့ လျှောက်လာရင်း –
“မင်း . . . မင်းက မိစ္ဆာလေးများလားကွာ . . .”
(ငါနားကို မလည်နိုင်ဘူး . . . ဂုဂျင်လုံက ဥတစ်လုံးကြောင့် သေသွားရတယ်။ ဝိညာဉ်တော်ကိုပါ ဥက စုပ်ယူလိုက်တာပဲ . . .)
ရဲရှောင် နားမလည်နိုင်အောင် ဖြစ်နေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset