Switch Mode

Chapter – 124

ဥဖြင့်တိုက်ခိုက်ခြင်း

Chapter – 124
“ဥဖြင့်တိုက်ခိုက်ခြင်း”

(ငါ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ငါကတော့ သူ့ကိုတောင် ကူညီနေသေးတာပဲဟာ . . .
သူသာ နည်းနည်းလောက် ကြိုးကြိုးစားစား လုပ်တာနဲ့ ဒီကမ္ဘာကိုတောင် အုပ်စိုးနိုင်စွမ်း ရှိအောင် ငါလုပ်ပေးနိုင်တယ်။
ဒါပေမဲ့ ဒီလို လုပ်ပေးဖို့ဆိုတာ ငါအသက်ရှင်နေမှ သူ့ကို လုပ်ပေးနိုင်မှာပေါ့ . . .
ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို သတ်ဖို့ သူဘာလို့ ကြံရတာလဲ၊ တကယ်ကြီးပဲ ကြံစည်ထားတာ ထူးဆန်းလွန်းတယ်။
ဒီကိစ္စတွေ နောက်ကွယ်မှာ မသိနိုင်တဲ့ ကိစ္စတွေ ရှိနေမှာ သေချာတယ်။ ငါသေချာ ဖော်ထုတ်နိုင်မှ ဖြစ်မယ်။ ဒီကိစ္စကို သိဖို့အတွက် တစ်သက်လုံး နှိပ်စက်ပြီး မေးမြန်းရမှာပဲ . . .)
ဂုဂျင်လုံသည် ဒေါသထွက်နေသလို စိတ်ထဲ မကျေမချမ်းလည်း ဖြစ်နေသည်။ သူသည် အများကြီး ကူညီထောက်ပံ့မှုများ ပေးခဲ့သော်လည်း လုပ်ကြံခံလိုက်ရသည် မဟုတ်ပါလား။ ထိုကဲ့သို့ စဉ်းစားမိလေလေ ပို၍ ဒေါသထွက်လေလေပါပဲ။
သူ့ကိုယ်သူ အရူးတစ်ယောက်လို ခံစားနေရလေ၏။
ဖန်ဇီလင်သည် သူ့ကို သတ်ဖြတ်ရန် အတော်ကြီး ကြိုးစားအားထုတ်ခဲ့မည် ဆိုတာကိုလည်း သူသိနေလေသည်။ ထိုရက်များအတွင်း ဖန်ဇီလင် မြို့ထဲသို့ ဝင်လိုက် ထွက်လိုက် လုပ်နေသည်မှာ ထိုကိစ္စအား ကြိုတင် ကြိုးပမ်းနေခြင်း ဖြစ်မည်ဟု ထင်သွားပါတော့သည်။
ယခု အခြေအနေမှသာ လွတ်မြောက်ပါက ဂုဂျင်လုံ အနေဖြင့် ဖန်ဇီလင်အား အလွတ်ပေးရန် လုံးဝ ဆန္ဒ မရှိချေ။
(ဒါနဲ့ သူက အခု ဘယ်လို ပျောက်သွားရတာလဲ . . . တော်တော် ထူးဆန်းတဲ့ လှုပ်ရှားမှုပဲ။ ငါတောင်မှ အဲဒီလို မလုပ်နိုင်ဘူး။ ငါကလည်း အာရုံခံအားကောင်းတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ သူဘယ်လို ပျောက်သွားတယ် ဆိုတာကို သတိမထားမိလိုက်ဘူး။ ဘယ်လိုများ လုပ်သွားတာပါလိမ့် . . .
ဒီဂူထဲကနေ ဘယ်နေရာကိုများ ရောက်သွားတာလဲ မသိဘူး . . .)
ဂုဂျင်လုံသည် အတွေးရကြပ်နေလေ၏။ အမှန်တကယ်တမ်းတွင် ရဲရှောင်သည် သူ၏ ဟင်းလင်းပြင်များ အတွင်းသို့ ဝင်ရောက်လိုက်သဖြင့် ပျောက်ကွယ်သွားခြင်း ဖြစ်ပါသည်။
ဂုဂျင်လုံသည် ရဲရှောင် ပျောက်သွားခြင်းအပေါ် မစဉ်းစားနိုင်အောင် ဖြစ်နေမိလေ၏။
ဂူအတွင်းတွင် အေးစက်သော ရေခဲချီဓာတ်များ ရှိနေတုန်းပင် ဖြစ်ပြီး အလွန်တရာမှ အေးစက်လှ ပေသည်။
ကောင်းကင်အဆင့် ပညာရှင်တစ်ယောက်အနေဖြင့်တောင် အချိန် ကြာရှည်စွာ နေနိုင်မည် မဟုတ်ချေ။ ဖန်ဇီလင်ကတော့ ကောင်းကင်အဆင့်အောက်ပင် နိမ့်ပုံ ပေါ်သော်လည်း အချိန်အကြာကြီး နေသွားသည့်အပြင် လှုပ်ရှားမှုများပင် ပုံမှန်အတိုင်း ပြုလုပ်နေသည်ကို စဉ်းစားမိလိုက်သောအခါ ဂုဂျင်လုံ သံသယ ဝင်သွားပြန်ပါသည်။ ဂုဂျင်လုံထက်ပင် ပို၍ သက်တောင့်သက်သာ နေထိုင်နိုင်နေတာ ဖြစ်ပါသည်။
(ဒါက မရဏကျောက်တုံးက ထွက်တဲ့ အေးစက်တဲ့ ရေခဲချီဓာတ်တွေဆိုတော့ အရမ်းကို ပြင်းထန်တာ သေချာတယ်။
ငါသာ သေချာ မလေ့ကျင့်ထားတဲ့ လူတစ်ယောက် ဆိုရင် ဒီလို ပတ်ဝန်းကျင် အခြေအနေကို ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အစောကြီးကတည်းက ရေခဲရိုက်ပြီးသားတောင် ဖြစ်သွားဦးမယ်။ ဖန်ဇီလင်တောင် သတ်စရာ လိုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဓိကအချက်ဖြစ်တဲ့ ဖန်ဇီလင်လို အားနည်းတဲ့ လူတစ်ယောက်က ဒီဒဏ်ကို ဘယ်လိုများ ခံနိုင်နေရတာလဲ . . .)
ထိုကဲ့သို့ စဉ်းစားနေတုန်းမှာပင် ပုံရိပ်တစ်ခု ပေါ်လာပြီး ဖန်ဇီလင်သည် သူ့ရှေ့သို့ ပြန်ရောက် လာပြန်ပါသည်။
“ဟားဟား . . . ငါလွတ်တော့မယ်ကွ . . .”
ဂုဂျင်လုံသည် ရဲရှောင်အား ကြည့်ရင်း ပျော်ရွှင်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းစောင့်ကြည့်နေ ဖန်ဇီလင် . . . ငါမင်းရဲ့ အိမ်ကို သွားပြီး တစ်ဆွေ တစ်မျိုးလုံးထဲက ယောကျာ်းတွေကို လက်တွေ ခြေထောက်တွေ ဖြတ်ပစ်ပြီး ငါ့ကို သေတဲ့ထိ တောင်းပန်ခိုင်းမယ်။ သူတို့ရဲ့ လက်ကျန်ဘဝ တလျှောက်လုံး သူတောင်းစားအဖြစ်နဲ့ နေသွားကြရလိမ့်မယ်။ မိန်းမတွေကိုတော့ သူတို့က ကံကောင်းပါတယ်။ ဟဲဟဲ . . . ရုပ်ဆိုးတဲ့ မိန်းမတွေကို တစ်ခါတည်း သတ်ပစ်မယ်။ ချောချော လှလှလေးတွေ ဆိုရင် ဆောင်ကြာမြိုင်ကို ရောင်းစားပစ်မယ်။ သူတို့ကို ယောကျာ်းတွေနဲ့ အလကား ဆက်ဆံခိုင်းပစ်မယ်။ ဖန်ဇီလင် မင်းကတော့ ငါ့လက်ထဲ တစ်သက်လုံး နှိပ်စက်ခံရမှာပေါ့ကွာ ဟားဟား”
ရဲရှောင်မှ ခနဲ့တဲ့တဲ့ဖြင့် –
“မင်းလား . . . နောက်ဘဝမှသာ လုပ်နိုင်ဖို့ ဆုတောင်းတော့”
သူလည်း ဆက်လက်၍ ကျယ်လောင်သော အသံဖြင့် –
“ငါသေမယ် ဆိုရင်တောင်မှ မင်းကိုပါ ငါနဲ့ အတူ လိုက်သေစေရမယ်။ ငါ့ရဲ့ နောက်ဆုံးရိုက်ချက်ကို ခံလိုက်ပေတော့ သူတောင်းစား . . .”
လက်ထဲတွင် ဥကိုမြောက်ကိုင်လျက် ဂုဂျင်လုံ၏ ခေါင်းအား ပြင်းထန်စွာ ရိုက်ချပစ်လိုက်သည်။
“ဘုန်း . . .”
ရဲရှောင်သည် မျှော်လင့်ချက် မရှိတော့သဖြင့် နောက်ဆုံးအနေဖြင့် ကြိုးစားကြည့်လိုက်ခြင်း ဖြစ်ပေသည်။
အကြံအစည် ကြီးမားစွာဖြင့် စီစဉ်ထားသည့်တိုင် ဂုဂျင်လုံအား မသတ်နိုင်အောင် ဖြစ်နေသဖြင့် စိတ်ပျက်အားလျော့ကာ မျှော်လင့်ချက် မဲ့နေခဲ့သည်။
ထို့ကြောင့် နောက်ဆုံး မျှော်လင့်ချက် အနေဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဥသည် သူ၏ ဟင်းလင်းပြင်များအတွက် သော့ချက် တစ်ခုဆိုလည်း မမှားချေ။ ထိုအကြောင်းကို အစောကြီးကတည်းက သူသိနေပါသည်။
သူထိုဥဖြင့် ဂုဂျင်လုံကို ရိုက်လိုက်သည့်အခါ ဥမှာ ကွဲကြေသွားပြီး သူ၏ ဟင်းလင်းပြင်များသည် လည်း ပေါက်ကွဲထွက်သွားမည်ဟု စိတ်ထဲ တွေးထားမိပြီးသားပင် ဖြစ်သည်။ အကယ်၍ ဂုဂျင်လုံအား သတ်ဖြတ်ရန်အတွက် ဟင်းလင်းပြင်များအား အဆုံးရှုံး ခံရမည် ဆိုလျှင်ပင် ရွေးချယ်စရာ မရှိသဖြင့် သူကြိမ်းသေ လုပ်မည် ဖြစ်ပါသည်။
(အတူတူ သေတာပဲကောင်းတယ်။ အဲဒါက သူငါ့ကို နှိပ်စက်ပြီး သတ်လိုက်မှာထက်တော့ သာပါသေးတယ်။ ငါသေသွားရင်တောင်မှ သူ့ကိုလည်း အသက်ရှင်ခွင့် မပေးနိုင်ဘူး . . .)
ဥသည် ဂုဂျင်လုံ၏ ခေါင်းအား လျင်မြန်စွာပင် ထိမှန်သွားခဲ့သည်။
“တကယ်လား . . . လုပ်လိုက်စမ်း . . . မင်းမောနေပြီမလား။ ဟားဟား . . . အား . . .”
ရုတ်တရက် ဂုဂျင်လုံ ငယ်သံပါအောင် အော်ဟစ်သွားလေ၏။
တုန်လှုပ်မှုနှင့်အတူ အံ့သြသွားရပါတော့သည်။
ရဲရှောင်လည်း ကြောင်ငေးသွားလျက် ရှိပြီး အံ့သြသွားမိ၏။ ထိုကဲ့သို့ ဖြစ်လာမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးချေ။
ဂုဂျင်လုံ၏ မာကျောလှသော ဦးခေါင်းသည် ဥကြောင့် ကွဲကြေသွားရချေပြီ။ သွေးများ ပန်းထွက်လာကာ နေရာအနှံ့သို့ ပြန့်ကျဲသွားလေ၏။
အနီရောင် အချဉ်ရည်များ ပန်းထွက်သွားသကဲ့သို့ပင် ဖြစ်ပါတော့သည်။
မာကျောလှသော ခေါင်းသည် ဥတစ်လုံးကြောင့် အမှန်တကယ်ပင် ကွဲကြေသွားရခြင်း ဖြစ်သည်။
ဦးခေါင်းခွံရိုး တစ်ခုလုံး ရစရာ မရှိအောင် ကွဲကြေသွားရခြင်း ဖြစ်၏။
ဂုဂျင်လုံ၏ ခေါင်းသည် မည်သည့် လက်နက်နှင့်မျှ တိုက်ခိုက်၍ မရဘဲ အတော်ကို မာကျောသော ခေါင်းပင် ဖြစ်သည်။
သို့သော်လည်း ယခုအခါမှာတော့ ဥတစ်လုံးကြောင့် ကွဲသွားရချေပြီ။
“ကျောက်တုံးအား ဥဖြင့် ပစ်ပေါက်လျှင် အချည်းနှီးသာ ဖြစ်မည်” ဟူသော စကားပုံကိုပင် ပြန်ပြင်ပြောင်းရတော့မည် သကဲ့သို့ပါပင်။
ကျောက်တုံးတစ်တုံးအား ဥတစ်လုံးဖြင့် ပစ်ပေါက်၍ ခွဲရန်ကြိုးစားမှုသည် မဖြစ်နိုင်သော ယူဆချက် ဖြစ်သော်လည်း ယခုအခါတွင်မူ ရဲရှောင်သည် လက်တွေ့ လုပ်ပြလိုက်သကဲ့သို့ပင် ဖြစ်လေ၏။ ဥမှာမူ အကောင်းပကတိပင် ကျန်ရှိနေပါသည်။
ဂုဂျင်လုံသည် ယခုအခေါက်တွင် ငရဲရောက်သွားသကဲ့သို့ နာနာကျင်ကျင် အော်ဟစ်နေခြင်း ဖြစ်လေသည်။
ရဲရှောင်ကတော့ ကြောင်ငေးနေဆဲပင်။
သူသည် အစောပိုင်းတုန်းက မျှော်လင့်ချက် မဲ့နေသဖြင့် အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယခုလို အခြေအနေ ကောင်းသွားလိမ့်မည်ဟု တကယ်ကို မမျှော်လင့်ခဲ့ပေ။ ဂုဂျင်လုံအား အလွန်နာကျင် သွားစေရသည် မဟုတ်ပါလား။
ရဲရှောင်လည်း စိတ်ကို ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း သူ့အရှေ့ရှိလူအား ကိစ္စတုံးပစ်ရန် ပြင်လိုက်သည်။
ထိုကဲ့သို့ ဥမှ အလုပ်ဖြစ်သည်ကို တွေ့လိုက်ရသည့်အတွက် ထိုဥကိုပင် ဆက်လက် အသုံးချရန် စဉ်းစားလိုက်မိ၏။
“မင်းကို သေအောင် ရိုက်သတ်ပစ်မယ်။ သေစမ်း . . . သေစမ်း . . . ငါ့ဥအောက်မှ ကျရှုံးစမ်း။ ခွေးသူတောင်းစား ခွေးမသား . . .”
ရဲရှောင်လည်း တွေဝေတုန့်ဆိုင်းခြင်း မရှိတော့ဘဲ ဥကို မြောက်ကာ မြောက်ကာဖြင့် ရိုက်ချ နေပါတော့သည်။ ဂုဂျင်လုံသည် သူ့ပခုံးများသာ လှုပ်၍ ရသေးတာ ဖြစ်သဖြင့် ရဲရှောင်၏ တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲ ခံနေရကာ သတိလစ်လုမတတ် ဖြစ်နေပြီ ဖြစ်၏။ ခေါင်းကွဲသည့်အပြင် တစ်ကိုယ်လုံးလည်း ရစရာ မရှိတော့ချေ။ အစပိုင်းတွင် ငယ်သံပါအောင် အော်ဟစ်နေသော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ အော်သံပင် မထွက်တော့ချေ။
ရဲရှောင်သည် တခဏအတွင်း အကြိမ်ရာနဲ့ချီ ထုရိုက်ခဲ့ခြင်း ဖြစ်၏။
တစ်စက္ကန့်လေးကိုပင် မဖြုန်းတီးဘဲ တိုက်ခိုက်နေခြင်း ဖြစ်ကာ အကယ်၍ အနည်းငယ်သာ နောက်ကျခဲ့သည် ရှိသော် ယခုရလဒ်သည် ပြောင်းပြန် အနေအထား ဖြစ်သွားနိုင်ပေသည်။
ရဲရှောင်သည် ဂုဂျင်လုံအား ခေါင်းမှစ၍ ရင်ဘတ်ထိ တရစပ် ဥဖြင့် ရိုက်နှက်ခဲ့တာ ဖြစ်ပြီး ထို့နောက် ဆက်လက်၍ အောက်ကို ဆင်း၍ ဆင်း၍ သွားသည်။ အစပိုင်းတွင် အဓိက ချက်ကောင်းများကို သာ ရွေး၍ ရိုက်နှက်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် မည်သည့်နေရာကိုဖြစ်စေ ရိုက်နှက်နေမိသည်။
သူရပ်လိုက်သည့် အချိန်တွင် ဂုဂျင်လုံသည် တစစီဖြစ်သလိုပင် ဖြစ်နေချေပြီ။
အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။
ထူးဆန်းစွာပင် မူလတာအိုအဆင့် ရှိသူ ထိပ်တန်း ပညာရှင် တစ်ဦးသည် ဥဖြင့် သေအောင် ရိုက်နှက်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
ဥတစ်လုံးဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်လေ၏။ ရဲရှောင်၏ အစွမ်းကြောင့် မဟုတ်ဘဲ ဥကြောင့်သာ အောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ယခုအဖြစ်အပျက်အားလုံးသည် ဥကြောင့်သာ အောင်မြင်သွားခြင်း ဖြစ်၏။
(ဒီဥကြောင့်သာ မဟုတ်ရင် ဒီခွေးကောင်ကို ဘယ်လို သတ်ရမှန်း သိမှာတောင် မဟုတ်ဘူး . . .)
“ဟူး . . . ငါ့ရဲ့ တကယ် တန်ဖိုးရှိတဲ့ ဥလေးပဲ . . .”
ရဲရှောင်သည် ဥကိုကြည့်ရင်း ပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်ရှားမှုကိုပါ ခံစားနေရသည်။ သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်ခဲ့သလို ခံစားမှုမျိုးလည်း ဖြစ်ပေါ်နေမိသည်။
ထိုအချိန် မရဏကျောက်တုံးမှ အေးစက်သော ချီဓာတ်များလည်း မထွက်တော့ချေ။
အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားချေပြီ။
ရဲရှောင်သည် မြေပြင်ပေါ် ထိုင်ချလိုက်ရင်း အသက်ကို ဝအောင် ရှူနေမိသည်။
အဖြစ်အပျက်ကိုလည်း ယခုတိုင်အောင် ယုံရခက်နေမိ၏။
(ချွန်ထက် မာကျောလှပါတယ် ဆိုတဲ့ လက်နက်တွေ အကုန်လုံး သူ့ကို နာကျင်အောင် မလုပ်နိုင်ဘူး၊ ကျောက်တုံးတွေနဲ့လည်း မလုပ်နိုင်ဘူး။
ဒီဥတစ်လုံးနဲ့ ကျမှ ဘယ်လို ဖြစ်တာလဲ။ ငါ့အရှေ့မှာ ဒီကောင် တစစီ ဖြစ်သွားတာ အိပ်မက်လား လို့တောင် ထင်မိတယ် . . .)
ရဲရှောင်သည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ရုတ်တရက် အားအင် ကုန်ခမ်းသလို ခံစားလိုက်ရဥည်။
ယခုဘဝတွင် သူ့အတွက် အလွန်ကြိုးစားလိုက်ရသည့် လုပ်ဆောင်မှု တစ်ခုပင် ဖြစ်လေသည်။ အခက်ခဲဆုံး အလုပ်တစ်ခုဆိုလည်း မမှားချေ။
လူယုတ်မာ တစ်ယောက်ကို သတ်ဖြတ်ရန်အတွက် ရဲရှောင်သည် သေလောက်အောင် အပင်ပန်း ခံခဲ့ရလေသည်။
သူသည် ထိုလူအား သေသည့်တိုင်အောင် ရိုက်ပုတ်နိုင်ခဲ့သော်လည်း ဥတစ်လုံးဖြင့် ဘယ်လို အနိုင်ယူခဲ့နိုင်သလဲ ဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်နေလေ၏။
ထိုအချိန်တွင် တစစီ ဖြစ်နေသော ဂုဂျင်လုံ၏ ခန္ဓာကိုယ်မှ ရုတ်တရက် အဖြူရောင် အငွေ့ အမျှင်တန်းလေး တစ်ခု ထွက်ပေါ်လာကာ လေထဲတွင် လူတစ်ယောက်၏ ပုံသဏ္ဍာန် ပေါ်လာလေ၏။
မျက်နှာကိုလည်း ကောင်းစွာ မြင်နေရပြီး ဂုဂျင်လုံပင် ဖြစ်နေပါသည်။
ရဲရှောင်သည် တုန်လှုပ်နေရာမှ တစ်ခုခုကို သဘောပေါက်သွားခဲ့မိ၏။ အဆင့်မြင့် ပညာရှင် တစ်ဦးအနေဖြင့် ဝိညာဉ်တော်ကိုပါ ကျင့်ကြံနိုင်ကြောင်း သူမေ့တေ့တေ့ ဖြစ်နေခဲ့မိခြင်း ဖြစ်သည်။ အဆိုပါ ဝိညာဉ်တော်သည် လွင့်ပြယ်သွားခြင်း၊ ပျက်ဆီးသွားခြင်း မရှိပါက အချိန်အတိုင်းအတာ တစ်ခုထိ ရှိနေနိုင်မည် ဖြစ်ပြီး ထိုအချိန်အတွင်း သင့်တော်သော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်ရန် ရှာဖွေရပါသည်။ ထိုကဲ့သို့ ရှာတွေ့မှသာ ပြန်လည် ရှင်သန်လာနိုင်မည် ဖြစ်လေ၏။
အဆင့်မြင့်လေလေ ဝိညာဉ်တော် တည်ရှိနေနိုင်မှုမှာ ပို၍ ကြာလေလေ ဖြစ်သည်။ ရှောင်ဧကရာဇ် တုန်းက သူ၏ ဝိညာဉ်တော်သည် မထိခိုက် မပျက်ဆီးဘဲ ရှိခဲ့သဖြင့် လအတော်ကြာ နေထိုင်နိုင်ပေသည်။ ဂုဂျင်လုံမှာမူ မူလတာအိုအဆင့်၏ အဆင့် ၃ သာ ရှိသဖြင့် သူ၏ ဝိညာဉ်တော်သည် ၇ ရက်သာ ခံမည် ဖြစ်၏။
လူတစ်ယောက် မည်မျှပင် အစွမ်းထက်နေပါစေ သေလွန်သွားပြီး ပြန်လည် ဝင်စားနိုင်သည့် အခါတွင် အစမှသာ စ၍ ကျင့်ကြံမှုများ ပြုလုပ်ရမည် ဖြစ်သည်။
ရဲရှောင်သည် ထိုအချက်ကို ကောင်းစွာ သိရှိထားပြီး ဖြစ်၏။ ယခုဝိညာဉ်တော်ကိုတော့ သူဘာမှ လုပ်၍ မရမှန်း သိနေသည်။ သို့သော် အကယ်၍ ဂုဂျင်လုံ ကံကောင်းပြီး ဝင်စားစရာ ခန္ဓာကိုယ် တစ်ခုခုအား တွေ့ခဲ့မည် ဆိုလျှင်တောင် နောင်နှစ်ပေါင်း ၂၀ လောက်ထိ ရဲရှောင်အား ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဂုဂျင်လုံပင် ရဲရှောင်မှ သူ့ကို မမြင်တွေ့စေရန်အတွက် သတိထားနေရဦးမည် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အစွမ်းများ မရှိတော့သဖြင့် ရဲရှောင်သည် အလွယ်တကူ သတ်နိုင်မည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ယခုဝိညာဉ်တော် ထွက်လာခြင်းကို ရဲရှောင် သိပ်ပြီး ဂရုစိုက်မနေပါချေ။ မထူးခြားသလို ဟန်ပန်ဖြင့်သာ ကြည့်နေပေးလိုက်၏။
ဂုဂျင်လုံ၏ ဝိညာဉ်တော်သည် ရဲရှောင်အား ရွံမုန်းစွာ စိုက်ကြည့်ရင်း –
“ဘာကြောင့်လဲ . . .”
ဂုဂျင်လုံသည် လေထဲ မျောလျက် ရှိနေပြီး ထွက်ခွာသွားခြင်း မရှိသေးပေ။
“မင်းဘာလို့ ငါ့ကို သတ်ရတာလဲ။ ငါက မင်းကို အရမ်း ယုံကြည်စိတ်ချ ခဲ့ပြီးတော့ အများကြီးလည်း ကူညီခဲ့တယ်လေ။ သယံဇာတတွေ ရတနာတွေလည်း အများကြီး ပေးခဲ့တယ်။ မင်းကိုယ်တိုင် ဆေးပညာရဲ့ ဆရာသခင်အဆင့်ရောက်အောင် ငါအစအဆုံး ကူညီပေးခဲ့တဲ့အပြင် ကမ္ဘာကြီးကိုပါ အုပ်စိုးခွင့်ရအောင် လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ။ ငါ့အကူအညီနဲ့ဆို မင်းအချိန်ခဏလောက်ပဲ ပေးဖို့ လိုအပ်တာ။ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း အဆုံးသတ်လိုက်တာပဲ . . .”
ရဲရှောင်အား စိတ်ရှုပ်ထွေးပြီး နားမလည်ဟန်ဖြင့် ငေးကြည့်ရင်း ပြောလိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset