Chapter – 123
“ဘာကြောင့်လဲ”
အလုပ်ဖြစ်လာ ဆိုသော်လည်း အချည်းနှီးပါပင်။
ဂုဂျင်လုံ၏ မျက်ခွံအား ထိမှန်သည်နှင့် ရာဘာတုံးအား ထိသကဲ့သို့ ပြန်ကန်တက်လာပါတယ်။ နတ်မိစ္ဆာအသွားအပ်သည် ဂုဂျင်လုံကို တခြားလက်နက်များထက် ပို၍ အန္တရာယ် ပေးနိုင်သည်ကတော့ အမှန်ပင် ဖြစ်၏။
သို့သော်လည်း ထိုမျှထိ အစွမ်းထက်သည့် အပ်ပင် ဂုဂျင်လုံအား ထိခိုက်အောင် စွမ်းနိုင်ခြင်း မရှိချေ။
ရဲရှောင်လည်း သူ၏ ကျင့်စဉ်များကို လည်ပတ်စေ၍ အားကုန်သုံးကာ ခပ်ကြမ်းကြမ်း ထိုးစိုက် ချလိုက်လေ၏။
ရဲရှောင်ရော ဂုဂျင်လုံပါ အော်သံကိုယ်စီ ထွက်နေကြခြင်း ဖြစ်သည်။
တခဏ အကြာတွင်မူ ရဲရှောင်သည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချ၍ နောက်သို့ ဆုတ်လိုက်လေ၏။
သို့သော်လည်း တခြားအရာများ ထက်စာလျှင်တော့ မဆိုးဘူးဟု ဆိုရပေမည်။ ဂုဂျင်လုံ၏ မျက်ခွံပေါ်တွင် သွေးစို့သွားခဲ့ပြီး သို့သော်လည်း မျက်လုံး သူငယ်အိမ်ကိုတော့ မထိခိုက်မိပါချေ။
နတ်မိစ္ဆာအသွား အပ်သည် တခြားသော လက်နက်များကဲ့သို့ ကျိုးကြေသွားခြင်း မရှိဘဲ ပုံစံ မပျက်ပင် ရှိနေကာ အသစ်အတိုင်းပါပင်။
ထိုအချိန် ဂုဂျင်လုံလည်း အပြင်းအထန် ချောင်းများ ဆိုးလာပါသည်။ သူသည် ကြောက်ရွံ့ တုန်လှုပ်မှု အနည်းငယ် ဖြစ်နေဟန်ရှိပြီး ဒေါသတကြီး အမူအယာဖြင့် –
“ငါမင်းကို သတ်ပစ်မယ်။ မင်းကို သတ်မယ်။ သေချာပေါက် သတ်ပစ်မယ် . . .”
သူ၏ မျက်လုံးများသို့ အပ်သည် အနည်းငယ် ဒုက္ခပေးနိုင်ကြောင်း သူကောင်းစွာ ခံစားမိနေသည်။ ထို့ကြောင့်ပင် လန့်နေမိခြင်း ဖြစ်လေသည်။ အကယ်၍ ရဲရှောင်သာ အားဖြင့် ဆက်တိုက် ဖိနှိပ်နေမည် ဆိုပါက ရာဘာလုံးကဲ့သို့ ဖြစ်နေသော မျက်လုံးသည် ပေါက်ကွဲထွက်သွားနိုင်ပြီး သူ့အတွက် အလွန်ပင် အန္တရာယ် ရှိနိုင်ပါသည်။
သို့သော် ရဲရှောင်မှ ရပ်တန့်လိုက်သဖြင့် ကံကောင်းသွားခဲ့ရလေ၏။
(တော်သေးတာပေါ့ . . . ဒီကောင် ကောင်းကင်အဆင့်ကို ရောက်နေမယ်လို့ ငါမထင်ထား ခဲ့မိဘူး။ ဒီထက်သာ နည်းနည်းလောက် အဆင့်မြင့်နေရင် ဒီနေ့တော့ ငါသေလောက်တယ် . . .)
ရဲရှောင်သည် မျက်လုံးကို တိုက်ခိုက်မှု မအောင်မြင်သဖြင့် ဘယ်နေရာကို ထပ်မံ ထိုးစိုက်ရမလဲဟု စဉ်းစားနေလေ၏။ ထို့နောက် ဂုဂျင်လုံ၏ လိင်တံကို ကိုင်လိုက်ရင်း ခုတ်ခြင်း၊ ပိုင်းခြင်း၊ ဖြတ်ခြင်း စသည့် နည်းအမျိုးမျိုးသုံးကာဖြင့် တိုက်ခိုက်လိုက်သည်။ ရဲရှောင် တစ်ချက် လှုပ်ရှားတိုင်း ဂုဂျင်လုံသည် စူးခနဲ စူးခနဲဖြင့် နင့်နေအောင် ခံစားလိုက်ရကာ နာကျင်နေမိလေ၏။ သို့သော်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခြင်းတော့ မရှိချေ။
ဂုဂျင်လုံသည် သူ့ကို ယခုကဲ့သို့ နှိပ်စက်နေသည်ကို အလွန် မုန်းတီးနေပြီ ဖြစ်၏။
သူသည် အစပိုင်းတွင် အမှန်တကယ် ကြောက်ရွံ့ နေမိခဲ့သော်လည်း ရဲရှောင် ကြိုးစားသမျှ အရာမထင်သည်ကို မြင်တွေ့ရသောအခါ ကြောက်ရွံ့မှုများ ကင်းမဲ့လာလေသည်။ ဖန်ဇီလင်မှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဟု သဘောပေါက်မိသွားသဖြင့် ကျယ်လောသော ရယ်သံကြီးကို ပြုလိုက်ရင်း –
“ငါ ဒီကနေ လွတ်တယ် ဆိုတာနဲ့ မင်းကိုရော၊ မင်းဆရာကိုရော၊ မင်းတို့ တစ်မျိုးနွယ်လုံး ကိုရော တစ်ယောက်မကျန် သတ်ပစ်မယ်လို့ ကျိန်ဆိုတယ် . . .”
ရဲရှောင်သည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားပြီး အပ်ကို ပြန်သိမ်းလိုက်ရင်း အနီးနားရှိ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ကာ ဂုဂျင်လုံ၏ ခေါင်းအား ပြင်းထန်စွာ ရိုက်ချလိုက်ပါတယ်။
“ခွပ် . . .”
ကျောက်တုံးသည် ကြေမွသွားခဲ့လေ၏။ ဂုဂျင်လုံ၏ တစ်ကိုယ်လုံးတွင် ဖုန်များ သဲများ ပေကျန်နေပြီး ခေါင်းကို ခါယမ်းလိုက်ရင်း ဒေါသတကြီး လေသံဖြင့် –
“ဖန်ဇီလင် . . . မင်းစောင့်နေလိုက်၊ ခွေးသူတောင်းစား အမျိုးယုတ်ကောင် . . .”
ရဲရှောင်လည်း ထိုအချိန် အတော်ကြီး ဒေါသထွက်နေမိပြီ ဖြစ်သည်။
“မင်းက ငါ့အတွက်တော့ သားကောင်း တစ်ခုပဲ။ ငါမင်းကို သတ်ပစ်မယ် ခွေးကောင် . . .”
အကယ်၍ ရဲရှောင်သာ ဂုဂျင်လုံအား ယခုနေ မသတ်နိုင်ဘူး ဆိုပါက ဂုဂျင်လုံ လွတ်မြောက်သည် နှင့် သေချာပေါက် သေဆုံးရမည် ဖြစ်လေသည်။
ထို့ကြောင့် ရဲရှောင် စိတ်ညစ်နေမိ၏။
“ဘုန်း ဘုန်း ဘုန်း . . .”
ရဲရှောင်သည် ယခုအခါ အကြံကုန်နေပြီ ဖြစ်သဖြင့် ဂုဂျင်လုံအား ရိုက်နိုင်လောက်မည့် ပစ္စည်းဟူသမျှအား ကိုင်ဆောင်ကာ အဆက်မပြတ် ရိုက်ပုတ်နေလေ၏။ ဘေးနားရှိ ကျောက်တုံးပုံကြီးမှာ လည်း ကုန်သလောက် ဖြစ်သွားပြီ ဖြစ်ပြီး ဂုဂျင်လုံ၏ ခေါင်းသည် ကျောက်တုံး အတုံး ၄၀၀ ကျော်လောက် ထိမှန်ပြီးနေပြီ ဖြစ်ပါသည်။
ထိုနေရာတဝိုက်တွင် ဖုန်များ သဲများဖြင့် ဖုံးလွှမ်းနေတော့၏။
ဂုဂျင်လုံသည်လည်း ကျောက်တုံး အပိုင်းအစများကြား နစ်မြုပ်သလို ဖြစ်နေပြီး ခေါင်းသာ ကျန်ရှိပါ တော့သည်။ ထို့နောက် ခနဲ့တဲ့တဲ့ အသံဖြင့် –
“အရူး . . . မင်းက မင်းရဲ့ အချိန်တွေကို ဖြုန်းတီးနေတာပဲ။ မင်းငါ့ကို မသတ်နိုင်ပါဘူးကွာ။ ငါတစ်ခု အကြံပေးရရင် အခုနေ မင်းတစ်နေရာကို ထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာ ပိုကောင်းမယ်။ အဲဒါ မင်းအတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပဲ။ နည်းနည်းလောက် စဉ်းစားကြည့်စမ်း . . . ငါဒီနေရာကနေ လွတ်တာနဲ့ မင်းကိုယ်မင်းတောင် သတ်သေခွင့် ရတော့မှာ မဟုတ်ဘူး။ မသေအောင် ညှင်းပြီး နှိပ်စက်နေမှာကွ။ မင်းရဲ့ လက်ကျန် တစ်ဘဝလုံး စက္ကန့်နဲ့အမျှ ခံစားနေရအောင် လုပ်ပစ်မှာ . . .”
ထို့နောက် ရယ်မောလိုက်ရင်း ဆက်လက်၍ –
“မင်းကို သတင်းကောင်းတစ်ခု ပြောရဦးမယ်။ ဒီသောက်ကျောက်တုံးက ဆွဲအားလည်း တဖြည်းဖြည်း အားပျော့လာပြီ။ ငါခံစားနေရတယ်လေ . . . အဲဒါ ဘာကို ဆိုလိုသလဲ သိလား။ ဟားဟား ဖန်ဇီလင် . . . မင်းရဲ့ အလှည့် ရောက်တော့မယ်ကွ။ အခုအချိန်က မင်းဘဝမှာ ပျော်လို့ရတဲ့ နောက်ဆုံး မိနစ်တွေပဲ။ စိတ်မလှုပ်ရှားမိဘူးလား ဒါမှမဟုတ် ကြောက်ပဲ ကြောက်နေသလား ဟားဟားဟား . . .”
“မင်းက ဒီလိုထောင်ချောက်ကို ဆင်ထားတာ တကယ် အံ့သြစရာ ကောင်းပါတယ်။ အမှန်တိုင်း ပြောရရင် အခုလို အဖြစ်ဆိုးမျိုးကို ငါ့အတွက် ပထမဆုံးအကြိမ် ကြုံလိုက်ရတာပဲ။ ချင်းယန် နယ်ပယ်မှာ အစွမ်းထက်ဆုံး ဖြစ်တဲ့ ရှောင်ဧကရာဇ်နဲ့ ရင်ဆိုင်ခဲ့ရတုန်းကတောင် ငါသက်တောင့်သက်သာ ဖြစ်ခဲ့ရသေးတယ်။ ငါ့ထိန်းချုပ်မှု အောက်ကို ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ဒီနေ့မှ သောက်ကျိုးနည်း ပုရွတ်ဆိတ်တစ်ကောင် အဆင့်လောက်ရှိတဲ့ ကောင်ရဲ့ လက်ထဲမှာ ဘဝပျက်မလို ဖြစ်ခဲ့ရတယ်။ မင်းရဲ့ ဉာဏ်ကတော့ လေးစားဖွယ်ရာပါပဲ။ ဒါပေမဲ့ မင်းက ငါ့ကို သတ်လို့မရဘူး။ ဒီထက်သာ နည်းနည်းလောက် ပိုပြီး အစွမ်းထက်မယ် ဆိုရင် သတ်နိုင်ပြီးလောက်ပြီလေ။ နတ်ဘုရားတွေက င့ါဘက်မှာ ရှိတယ်ကွ။ မင်းကတော့ တကယ့်ကို အသုံးမကျတဲ့ ငတုံးလေးပါကွာ . . .”
ရဲရှောင်သည် သူ့ရှေ့ရှိ ဘယ်လိုလုပ်လုပ် မသေနိုင်သော လူကို ငေးကြည့်နေမိသည်။ သူ့စိတ်ထဲ တွင်လည်း အနည်းငယ် စိုးရိမ်နေမိပြီ ဖြစ်၏။
ဂုဂျင်လုံ ပြောသကဲ့သို့ မရဏကျောက်တုံး၏ ဆွဲအားသည် လျော့နည်းလာနေပြီ ဖြစ်၏။
သို့သော်လည်း ယခုတိုင်အောင် သူသည် ဂုဂျင်လုံအား မည်ကဲ့သို့ သတ်ရမည်ကို မသိရှိသေးချေ။
သူကြိုးစားခဲ့သမျှ သဲထဲ ရေသွန်သလို ဖြစ်တော့မည် ဖြစ်၏။
(ငါဒီမိစ္ဆာကို ဘယ်လိုများ သတ်ရပါ့မလဲ . . . ဒီလို အခြေအနေနဲ့သာဆို ဂုဂျင်လုံက ငါ့ကို ပြန်သတ် သွားနိုင်တယ်။ အဲဒါဆို နယ်ပယ်ကြီး သုံးခုလုံးမှာ ငါက ရယ်စရာ အကောင်းဆုံ လူတစ်ယောက် ဖြစ်သွားလိမ့်မယ် . . .”
ရဲရှောင်သည် အလျော့မပေးဘဲ ဇွဲကောင်းကောင်းဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေပြန်သည်။
ဂုဂျင်လုံမှာမူ အော်ဟစ် ဆဲဆို၍သာ နေလေ၏။
နောက်ဆုံးတွင် ဂုဂျင်လုံပေါ် ပိနေသော ကျောက်တုံးများသည် အနည်းငယ် လှုပ်ခါလာခဲ့သည်။
ရဲရှောင်သည် ဂုဂျင်လုံ၏ ပခုံးများ လှုပ်ခါ၍ ရလာသည်ကို မြင်သောအခါ ထိတ်လန့်မိသွား၏။
အနည်းငယ်မျှသာ လှုပ်ခါနိုင်ခြင်း ဖြစ်သော်လည်း ရဲရှောင်အဖို့ ဇောချွေးပြန်စရာပါပင်။
မရဏကျောက်တုံး၏ ဆွဲအားများ အနည်းငယ် အားဖျော့သွားဟန် ရ၍ ဂုဂျင်လုံသည် အချိန်မရွေး ပြန်လည် ကောင်းမွန် လာနိုင်ပါသည်။
ဂုဂျင်လုံ ကိုယ်တိုင်လည်း ထိုအခြေအနေကို သေချာပေါက် သတိပြုမိသဖြင့် ပခုံးအား အထက်အောက် လှုပ်ခါရင်း ရယ်မောလိုက်ကာ –
“ဖန်ဇီလင် . . . အံ့သြစရာပဲ . . . မင်းအခုထိ ငါ့ကို ဘယ်လို သတ်ရမလဲ ဆိုတာ မသိသေးဘူး မလား။ ဒါက နတ်ဘုရားတွေရဲ့ အလိုကျပဲကွ။ မင်းစိတ်ကြိုက် ငါ့ကို ရိုက်နှက်ခဲ့တာတောင် ငါကတော့ ဘာမှ မဖြစ်ခဲ့ဘူးလေ။ နတ်ဘုရားတွေက အမြဲတမ်း ငါ့ ဘက်မှာ ရှိတယ်။ မင်းငါ့ကို လှည့်စားနိုင်တာကို တော့ ချီးကျူးမိပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုတော့ လှည့်စားလို့ မရဘူးကွ ဟား ဟား ဟား . . .”
ရဲရှောင်သည် စိတ်မရှည် ဖြစ်နေပြီ ဖြစ်၏။ တိုက်ခိုက်စရာ တစ်ခုခု ရှာဖွေသော်လည်း ဘာမှ မကျန်ရှိတော့ချေ။ ကျောက်တုံးကြီးများ ရှိလိုရှိငြား လိုက်ရှာသော်လည်း မတွေ့ရှိရသဖြင့် အကြံအိုက်နေ မိလေသည်။
ထိခိုက်နာကျင်အောင် လုပ်နိုင်မည့် မည်သည့်ပစ္စည်းမှကို ရှိမနေတော့ခြင်း ဖြစ်သည်။
ဂုဂျင်လုံမှာမူ လွတ်မြောက်ရန် နီးနေပြီ ဖြစ်၏။
ဂူအပြင်ဘက်သို့ ထွက်၍ တစ်ခုခု သွားရန်လည်း အချိန်မမီလောက်တော့ပေ။
သူ ကျရှုံးတော့မည်လော . . .
ရဲရှောင် အံကို တင်းတင်းကြိတ်၍ ဟင်းလင်းပြင်များ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထိုဟင်းလင်ပြင်များအတွင်း ဂုဂျင်လုံအား ထိခိုက်အောင် လုပ်နိုင်သည့် မည်သည့် ပစ္စည်းများ ရှိမလဲဟု သွားရောက် ရှာဖွေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ထိုဟင်းလင်းပြင်များအတွင်း နာကျင်အောင် လုပ်နိုင်မည့် ပစ္စည်းဟူ၍ မရှိနိုင်ကြောင်း သူသိနေလေသည်။ ရတနာများ၊ ဆေးပင်များနှင့် ဝိညာဉ်တော် ချီဓာတ်များသာ ရှိလေသည်။ ထိုအရာများအပြင် ထူးဆန်းသော ဥတစ်လုံးလည်း ရှိနေပါသေးသည်။ ယခုအချိန်တွင် ဥမှ အလင်းရောင် အနည်းငယ်ပင် ထွက်နေလေတော့၏။
ထိုဥကို ကြည့်ရင်း ရဲရှောင်သည် ဒေါသထွက်လာခဲ့သည်။
(ငါကတော့ ထောင်ချောက်တွေ အများကြီးဆင်ပြီး ဂုဂျင်လုံကို မိအောင် ကြိုးစားလိုက်ရတာ။ အခု င့ါကို လည်တောင် စင်းပေးနေပြီ။ ငါ့မှာတော့ ဘယ်လိုမှကို မသတ်နိုင်သေးဘူး။ ငါဘာလို့ မသတ်နိုင်လဲ မင်းသိလား . . . ဘာလို့လဲဆိုတော့ ငါက အားနည်းနေလို့ကွ။ ဘာကြောင့် ငါဒီလောက်ထိ အားနည်း နေရတာလဲ။ ငါ့မှာတော့ အချိန်တိုင်း ရတနာတွေ စုဆောင်းခဲ့ရပေမဲ့ ဒီစောက်ဥကပဲ အကုန်လုံးကို စုပ်ယူသွားတယ်။ ဒီလောက်ထိ ရတနာတွေ အများကြီး သုံးထားလည်း အခုထိ အကောင်ပေါက် မလာသေးဘူး။ အခု ငါသေရတော့မယ်။ စောက်သုံးမကျတဲ့ဥ . . .
နောက်ပြီးတော့ မင်းက ဒီမှာ အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်သေးတယ်။ ဘာမှ မဖြစ်သလို နေနေတာ တကယ်ကို အမြင်ကတ်စရာ ကောင်းတယ်။ ဒါနဲ့များ ဘာလို့ လင်းလတ် နေသေးတာလဲ . . .)
ရဲရှောင်သည် စဉ်းစားရင်းဖြင့် အလွန်ဒေါသထွက်လာလေ၏။ ဥမှာလည်း ရဲရှောင် ရောက်ရှိလာသည်ကို အာရုံခံမိဟန်ဖြင့် အနည်းငယ်ပင် တုန်ခါပြလိုက်လေသည်။
ရဲရှောင်အား လှောင်ပြောင်နေသကဲ့သို့ပင် ဖြေနေပါတော့သည်။
(မင်းက တုန်ပြတယ် ဟုတ်လား . . . စောက်ရေးမပါတဲ့ဥကွာ . . .)
ရဲရှောင် တော်တော်ကြီးကို စိတ်ဓာတ်ကျနေပြီ ဖြစ်သလို ဒေါသလည်း ထွက်နေမိ၏။ ဥကို ကိုင်ကြည့်လိုက်သည့်အခါ အံ့သြသွားမိသည်။ ယခင်က သူထိ၍ မရခဲ့သော ဥသည် ယခုကအခါ ထိမိနိုင်ရုံသာမက လက်ထဲမှာပင် ဖမ်းဆုပ်ထားနိုင်ပြီ ဖြစ်လေသည်။
သူသည် စိတ်ဆိုးမာန်ဆိုးဖြင့် ဟင်းလင်းပြင် အတွင်းမှ ပြန်ထွက်လာခဲ့လေ၏။ ပါးစပ်မှလည်း –
“ငါ့ကိုတောင် ပြောင်ရဲတယ် ဟုတ်လား။ ငါသေသလို မင်းလည်း သေရမယ်။ ဒါပေမဲ့ မင်းကတော့ အရင်သေ . . .”
ထိုအချိန် ဂုဂျင်လုံသည် ပျော်ရွှင်နေမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လွတ်မြောက်ရန် နီးနေပြီ မဟုတ်ပါလား။ ရုတ်တရက် ရဲရှောင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရ သည့်အတွက် ထူးဆန်းသလိုလည်း ခံစားမိလိုက်၏။ ထိုအချိန် မရဏကျောက်တုံး၏ စွမ်းအားများသည် ပိုပို၍ လျော့ကျလာသဖြင့် တခြားသော အစိတ်အပိုင်းများကိုလည်း လှုပ်လာနိုင်ပြီ ဖြစ်လေ၏။
တစ်ကိုယ်လုံးကိုတော့ လှုပ်လို့မရသေးသော်လည်း သူ၏ ပခုံး ၂ ဖက်လုံးကို ကောင်းစွာ လှုပ်ရှား နိုင်နေပြီ ဖြစ်သည်။
ဂုဂျင်လုံသည် ထိုကဲ့သို့ လှုပ်၍ ရလာသဖြင့် ကျေနပ်နေမိလေ၏။ ယခုအဖြစ်အပျက်သည် သူ့အတွက် သွေးပျက်ဖွယ်ရာ အဖြစ်အပျက် တစ်ခုပင် ဖြစ်ပြီး ယခု အဖြစ်အပျက်များအရ မရဏကျောက် တုံး၏ အစွမ်းသည် အလွန်ကို ထူးခြား အစွမ်းထက်လွန်းနေသည် မဟုတ်ပါလား။ ထိုကျောက်တုံးအား လက်ဝယ်ပိုင်ဆိုင် ရရှိသည့် အခါမှသာ သေချာလေ့လာမည်ဟုလည်း တွေးနေမိပါသေးသည်။
သူ၏ လျို့ဝှက်လက်နက်တစ်ခု ဖြစ်လာနိုင်သလို အောင်မြင်မှုများကို ယူဆောင်ပေးနိုင်မည့် သော့ချက် တစ်ခုလည်း ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့ လွတ်မြောက်ရန် နီးလာသည့် အခါမှသာ ဆဲဆိုနေခြင်းအား ရပ်တန့်လိုက်တာ ဖြစ်၏။ ယခုအခါ သူကံကောင်းသည့် အချက်မှာ ခရမ်းရောင် ကြာပန်းသခင် အနီးအနားတွင် ရှိမနေ၍ပင် ဖြစ်သည်။ အကယ်၍ ခရမ်းရောင် ကြာပန်းသခင်သာ ပြန်လာမည် ဆိုပါက သူသေဖို့က သေချာသလောက်ပါပင်။
သူ့အထင် ဖန်ဇီလင်မှ သူ့ကို မသတ်နိုင်သော်လည်း ခရမ်းရောင်ကြာပန်းသခင်မှာမူ ကြိမ်းသေ သတ်နိုင်မည်ဟု ထင်နေမိ၏။
(ငါ့ကိုတော့ ဘုရားမနေတာပဲ . . .”
ယခုအခါ ဂုဂျင်လုံသည် ခရမ်းရောင် ကြာပန်းသခင်အား သူလွတ်မြောက်ပြီးပါက သတ်ရန် အတွက် အကြံထုတ်နေမိသည်။ သူသည် ဆေးပညာရှင် ဖြစ်သူအား အလွယ်တကူ သတ်ဖြတ်နိုင်မည် ဖြစ်သော်လည်း ခရမ်းရောင် ကြာပန်းသခင်ကိုမူ အနည်းငယ် လန့်နေမိ၏။
(ဖန်ဇီလင် . . . ဟမ့် . . .)
ဂုဂျင်လုံ၏ စိတ်ထဲ ဒေါသများ အလိပ်လိုက် ထွက်နေသည်။
(ငါသူ့ကို အသက်ရှင်လျက် ဖမ်းမိမှ ဖြစ်မယ်။ အနည်းဆုံး နောက်နှစ်တစ်ရာ လောက်ထိ ပက်ပက်စက်စက် ခံစားစေမှ ဖြစ်မယ်။ နေ့တိုင်း စက္ကန့်တိုင်း သေချင်နေအောင်ကို လုပ်ပစ်မယ်။ အမြဲတမ်း ငါ့ကို တောင်းပန်နေစေရမယ်။ ငါ့ကိုများ ဒီလို လုပ်ရဲသေးတယ်။ မင်းကိုယ်မင်း ဘာများ ထင်နေလဲ . . .)
ဂုဂျင်လုံသည် သူ့ရင်ထဲ နှလုံးသားထဲမှ ဖန်ဇီလင်အား မုန်းတီးနေမိလေ၏။ ဖန်ဇီလင်မှ အဘယ်ကြောင့် ယခုကဲ့သို့ သူ့ကို သတ်ချင်နေသလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေပါတော့သည်။
(အဓိပ္ပါယ်တော့ မရှိဘူး . . . ငါကလည်း သူ့ကို လိုအပ်သမျှ ပေးနေတာတောင် ငါ့ကိုသူက ဘာလို့ သတ်ချင်နေတာပါလိမ့် . . .)
ဂုဂျင်လုံ စဉ်းစားရ ကြပ်နေပါတော့သည် . . .။