အခန်း (၆၄၅) ဘိုးဘေးရှီတျန် ထွက်ခွာခြင်း
မဟာအန္တိမခန်းမ တစ်ခုလုံး ငြိမ်ကျသွားပါတယ်။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ ဖြေရှင်းချက်ကို စောင့်ပါတယ်။ ဟန်ကျွယ်ဟာ အပြင်ပန်းမှာ တိတ်ဆိတ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော် လန့်သွားပါတယ်။
ဒါပေမဲ့ သေချာတွေးကြည့်တော့ တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ကောင်းကင်နက္ခ နတ်ဘီလူးကို ဖန်တီးပြီးပါပြီ။ တကယ်လို့ နောက်ထပ် ကောင်းကင်နက္ခ နတ်ဘီလူးသာ ရှိခဲ့မယ်ဆိုရင် ကောင်းကင်နက္ခ နတ်ဘီလူးနှစ်ပါးက အချင်းချင်း အာရုံခံမိကြမှာပါ။ သူတို့နှစ်ယောက်လုံးက တူညီတဲ့ မဟာတာအို ရှိနေကြတာ မဟုတ်ပါလား။
‘ဒီအဘိုးကြီးက ငါ့ကို လိမ်နေတာလား’ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ငါ့ကို လိမ်ညာဖို့ ကြိုးစားနေတာလား”
[သက်တမ်း ၁၇၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဘိုးဘေးရှီတျန်ကို တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ် ‘ခင်ဗျားက ဘာအကြောင်းမှမရှိဘဲ ဘာဖြစ်လို့ ကျုပ်ကို လှည့်စားချင်ရတာလဲ၊ ကျုပ်ကို ပြဿနာ ရှာချင်နေတာလား၊ ကြည့်ရတာ ခင်ဗျားက အေးဆေးမနေချင်ဘူးနဲ့ တူတယ်’
ဟန်ကျွယ်က မဖြေတဲ့အတွက် ဘိုးဘေးရှီတျန်က ဆက်မေးပါတယ် “ဘာလဲ… မင်းမှာ ပြောစရာ မရှိတော့ဘူးလား”
ဟန်ကျွယ်ဟာ ခါးသီးချင်ယောင် ဆောင်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် ဘိုးဘေးပြောတာကို နားမလည်ဘူး၊ ကျွန်တော်က ကောင်းကင်နက္ခ နတ်ဘီလူးပဲ၊ ကောင်းကင်နက္ခ နတ်ဘီလူးကလည်း ကျွန်တော်ပဲ၊ ဘိုးဘေးက ကျွန်တော့်ကို ဘာပြောစေချင်တာလဲ၊ ကျွန်တော် ဘိုးဘေးကို အပြစ်လုပ်မိထားလို့လား၊ ကျွန်တော်က ကောင်းကင်တာအိုအတွက်ဆို ကြိုးကြိုးစားစား လုပ်ပေးခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်ရဲ့ ကျင့်ကြံမှုက ကောင်းကင်တာအိုကို မှီပြီး ကျင့်ကြံခဲ့တာ မဟုတ်ဘူး၊ ကျွန်တော်က ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်၊ တကယ်လို့ ကောင်းကင်တာအိုက လက်မခံနိုင်ဘူးဆိုရင် ကျွန်တော် ထွက်သွားလို့ရတယ်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်ပါတယ်။
တခြားတာအိုပညာရှိတွေက ဟန်ကျွယ်ကို ဝိုင်းပြီးတော့ ဖျောင်းဖျကြပါတယ် “တာအိုရောင်းရင်းဟန်… ဘာလုပ်နေတာလဲ”
“ဘိုးဘေးရှီတျန်က အဲဒီလို ဆိုလိုတာ မဟုတ်ဘူး၊ သူက ပဟေဠိ ဖြစ်ရုံပါ”
“ဘိုးဘေး… ဟန်ကျွယ်က ကောင်းကင်တာအိုအတွက် တကယ်ပဲ ကြိုးစားပေးခဲ့တာပါ၊ ဘိုးဘေး ထွက်သွားတဲ့ အတောအတွင်းမှာ သူသာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေ ပြိုလဲတာ ကြာပြီ”
“ဟုတ်ပါတယ်၊ ဟန်ကျွယ် ကောင်းကင်နက္ခ နတ်ဘီလူး မဟုတ်တော့ရော ဘာဖြစ်လဲ၊ သူက ကောင်းကင်တာအိုကပဲလေ”
“ဂိုဏ်းချုပ်… ဂိုဏ်းချုပ် ထွက်သွားရင် ကျွန်တော်လည်း ထွက်သွားမယ်”
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ဘက်မှာ ရပ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုကနေ ထွက်ခွာတော့မှာမို့လို့ပါ။ သူတို့မှာ မှီခိုစရာဆိုလို့ ဟန်ကျွယ်ပဲ ရှိပါတော့တယ်။
ဘိုးဘေးရှီတျန်က မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ငါက ဒီအတိုင်း မေးလိုက်ရုံပါ၊ တကယ်တော့ ငါ ကောင်းကင်နက္ခ နတ်ဘီလူးကို မသိပါဘူး၊ မိတ်ဆွေလေး ဟန်ကျွယ် ဒေါသမထွက်ပါနဲ့”
ဟန်ကျွယ်ဟာ ဒေါသတကြီး ပြန်ထိုင်ပြီး သက်ပြင်းချလိုက်ပါတယ် “ဘာဖြစ်လို့လဲ မသိဘူး၊ ကျွန်တော်က အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာကို… အမြဲတမ်း ပြဿနာလာရှာတဲ့လူနဲ့ ကျွန်တော် ဘယ်သူလဲဆိုတာကို မေးခွန်းထုတ်တဲ့လူနဲ့၊ အေးဆေးကို မနေရဘူး၊ ဒီကိစ္စက တာအိုဘိုးဘေးပြောခဲ့တဲ့ မသိကိန်းဆိုတာနဲ့ ပတ်သက်နေတယ် ထင်တာပဲ၊ တာအိုဘိုးဘေးက ကျွန်တော်ကို တော်တော် ဒုက္ခပေးတယ်၊ အရင်တုန်းက ကောင်းကင်တာအိုပညာရှိတွေတင် မကဘူး၊ အဆုံးသတ် အပျက်အစီးနတ်ဘုံက သိကျွင်းနဲ့ ဧကရီနွီဝါကပါ ကျွန်တော်ကို လာစည်းရုံးကြတယ်”
တာအိုပညာရှိတွေဟာ မျက်တောင်ခတ်လိုက်ကြပြီး တာအိုဘိုးဘေး ပြောခဲ့တဲ့ မသိကိန်းကိစ္စကို ပြန်သတိရသွားကြပါတယ်။ ဒါပေမဲ့ သူတို့တွေ မထင်ထားတာက အဆုံးသတ် အပျက်အစီး နတ်ဘုံကပါ ဟန်ကျွယ်ကို စည်ရုံးဖို့ ကြိုးစားနေတာကိုပါ။
ဘိုးဘေးရှီတျန်ဟာ မျက်နှာသေနဲ့ ရှိနေပေမဲ့ သူလည်းပဲ သိကျွင်းကို မကျေနပ်ပါဘူး။ သိကျွင်းက သူ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်နေခဲ့တယ် မဟုတ်ပါလား။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “မင်းက ကောင်းကင်နက္ခ နတ်ဘီလူးဆိုမှတော့ ငါ ကောင်းကင်တာအိုကို မင်းလက်ထဲ အပ်ခဲ့မယ်၊ ဒီမှာက မင်းတစ်ယောက်တည်း လွတ်လပ် တာအိုပညာရှိ၊ ကောင်းကင်တာအိုကို မင်း ကာကွယ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ငါ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် ငါ မင်းကို အခွင့်အရေးကြီးတစ်ခု ပေးမယ်”
ဟန်ကျွယ်ဟာ ခပ်ဆိတ်ဆိတ် နေလိုက်ပါတယ် ‘ငါ့ကို ဘာဖြစ်လို့ လှည့်စားဖို့ ကြိုးစားနေရတာလဲ… ကြည့်ရတာ ငါ ဒီအဘိုးကြီးကို ယုံလို့ မရဘူးပဲ’
ကောင်းကင်အရှင်ဝူဖာက မနေနိုင်ဘဲ ဝင်ပြောလိုက်ပါတယ် “စီနီယာ… စီနီယာရဲ့ ကျင့်ကြံမှုက ဒီလောက်မြင့်တာ၊ ဘာဖြစ်လို့ အသက်အန္တရာယ်ရှိတဲ့ ရှေးပျက်သုဉ်းနယ်မြေကို သွားချင်ရတာလဲ”
ကောင်းကင်အရှင်ဝူဖာရဲ့ အမြင်မှာ ပန်ကူးရဲ့ သတ်ဖြတ်ငွေ့ ပေါ်ထွက်လာရင်တောင် ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုထဲမှာ ပုန်းလို့ရပါသေးတယ်။ ပန်ကူး တာအိုကို ရယူတုန်းကလည်း တချို့ ပဋိပက္ခနတ်ဘီလူးတွေ ရှင်သန်ကျန်ရစ်ခဲ့ပါတယ်။
ဘိုးဘေးရှီတျန်ဟာ ကောင်းကင်အရှင်ဝူဖာကို စိုက်ကြည့်လိုက်ပါတယ် “ပန်ကူးရဲ့ သတ်ဖြတ်ငွေ့ကို ဖျက်ဆီးတာက ကောင်းကင်တာအိုနဲ့ ပဋိပက္ခကို ကယ်တင်ရုံတင် မဟုတ်ဘူး၊ တာအိုကို ရယူဖို့လည်း ပါတယ်၊ ပန်ကူးရဲ့ သတ်ဖြတ်ငွေ့ကို အနိုင်ယူနိုင်တဲ့သူ ဘယ်သူမဆို ပန်ကူးရဲ့ ကျယ်ပြောတဲ့ ကံတရား အထောက်အပံ့ကို အမွေဆက်ခံနိုင်လိမ့်မယ်”
‘ဒီလိုကိုး…’ တာအိုပညာရှိတွေဟာ နားလည် သဘောပေါက်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ အချင်းချင်းမို့ တာအိုပညာရှိ အကြောင်းကို အသိဆုံးပါ။ တာအိုပညာရှိတွေဟာ အမှန်တရားအတွက် သူ့တို့အသက်ကို သိပ်စွန့်စားလေ့ မရှိပေမဲ့ အခွင့်အရေးအတွက်ဆိုရင်တော့ သူတို့အသက်ကို အလောင်းအစားထပ်ဖို့ ဝန်လေးလေ့ မရှိပါဘူး။
ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “တော်ပြီ၊ ငါ ပြောစရာရှိတာ ပြောပြီးပြီ၊ ငါ ကောင်းကင်တာအိုကို မင်းတို့လက်ထဲ အပ်ခဲ့မယ်” စကားဆုံးတာနဲ့ ဘိုးဘေးရှီတျန်ရဲ့ ရုပ်သွင်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဟန်ကျွယ်လည်း မတ်တတ်ရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ကောင်းကင်အရှင် ရွှမ်တုဟာ ဟန်ကျွယ်ကို တားပြီး ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… စကြဝဠာခန်းမကို လိုက်ခဲ့ပါအုန်း” ဟန်ကျွယ်လည်း ခေါင်းညိတ်ပြီး ကောင်းကင်အရှင်ရွှမ်တုနောက်ကို လိုက်သွားပါတယ်။
တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တု ဘာလုပ်မလဲဆိုတာကို မသိချင်ကြပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ တခြား တာအိုပညာရှိတွေကိုလည်း ဒီလိုပဲ တစ်ဦးချင်း တွေ့ဆုံလေ့ ရှိပါတယ်။ တာအိုပညာရှိတွေကလည်း သူတို့အချင်းချင်း သီးသန့် ဆက်သွယ်ကြတာပါပဲ။ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအို ကိစ္စတွေကိုသာ စီမံဆောင်ရွက်ပြီး ကိုယ်ကျိုးရှာလိုစိတ် လုံးဝ မရှိပါဘူး။
စကြဝဠာခန်းမ။
ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ထိုင်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက အရင်ဆုံး စပြောပါတယ် “ဘိုးဘေးရှီတျန်က တာအိုရောင်းရင်းဟန်ကို သံသယဝင်နေတယ်၊ တာအိုရောင်းရင်းဟန် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်”
“ငါ နားလည်ပါတယ်”
ကေင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာသာပေးမှုက ဘိုးဘေးရှီတျန်ထက် ပိုများပါတယ်။ ဟန်ကျွယ် ကိုယ်နှိုက်ကလည်း ကောင်းကင်အရှင်ရွှမ်တုကို သဘောကျပါတယ်။
“ငါ မင်းကို ဒီတစ်ခေါက် ခေါ်လိုက်ရတာက လွမ်ဟွေအာကာသ အကြောင်း ပြောချင်လို့ပဲ၊ ငါ မြေအင်မော်တယ်ကမ္ဘာကို နေရာယူဖို့ ဆုံးဖြတ်လိုက်ပြီ၊ ငါတို့တွေ နောက်ထပ်လုပ်ရမှာက အနန္တအာကာသကို အစွမ်းကုန်တိုက်ခိုက်ပြီး မြေအင်မော်တယ်ကမ္ဘာကနေ မောင်းထုတ်ဖို့ပဲ၊ အနန္တအာကာသ ထွက်သွားရင် လွမ်ဟွေ အာကာသက မြေအင်မော်တယ်ကမ္ဘာကို တစ်ဦးတည်း မောင်ပိုင်စီးလို့ရပြီ၊ အဲဒီအချိန်ကျရင် ငါကိုယ်တိုင် မြေအင်မော်တယ်ကမ္ဘာရဲ ကံတရား အထောက်အပံ့ကို ကောင်းကင်တာအိုနဲ့ ဆက်သွယ်ပြီး ကောင်းကင်တာအိုကို ကျယ်ပြန့်စေမယ်” ကောင်းကင်အရှင်ရွှမ်တုက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မြေအင်မော်တယ်ကမ္ဘာရဲ့ ကိစ္စမှာ ဝင်ပါလိုစိတ် မရှိပေမဲ့ တစ်ခုခုမှားသွားမှာ စိုးတာကြောင့် မေးလိုက်ပါတယ် “မင်းမှာ ယုံကြည်ချက်ရှိလား”
“မစိုးရိမ်ပါနဲ့၊ အခု အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အချိန်တစ်ခုအတွင်း မလှုပ်ရှားနိုင်ဘူး၊ ကျန့်ယွမ်ဇီကလည် ရှေးပျက်သုဉ်းနယ်မြေကိုသွားဖို့ ဖိတ်ခေါ်ခံထားရတယ်၊ မြေအင်မော်တယ်ကမ္ဘာရဲ့ ပဋိပက္ခ နတ်ဘီလူးနဲ့ အနန္တအာကာသ နောက်မှာရှိတဲ့ တာအိုပညာရှိက လွတ်လပ် တာအိုပညာရှိ မဟုတ်တော့ ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒီတာဝန်အတွက် ငါက အသင့်တော်ဆုံးပဲ၊ ငါ့ဆရာသခင်က သူတို့ကို အခြိမ်းခြောက်နိုင်ဆုံးပဲ၊ ငါ ထွက်သွားရင် တာအိုရောင်းရင်းဟန်က ဂိုဏ်းချုပ်တျန်ကျွယ်ကို စောင့်ကြည့်ပေးပါ”
‘ဂိုဏ်းချုပ်တျန်ကျွယ်လား…’
ဟန်ကျွယ်ဟာ ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်ခံထားရတဲ့ မိုးကောင်းကင်ဂိုဏ်းချုပ်ကို တွေးမိလိုက်ပါတယ် ‘ဂိုဏ်းချုပ်တျန်ကျွယ်က နောက်ကျောကို ဓားနဲ့ထိုးဖို့ စီစဉ်နေတာလား…’
“အင်း ငါ သူ့ကို ကြည့်ထားလိုက်မယ်”
“ကောင်းပြီ၊ ငါတို့တွေ ကောင်းကင်တာအိုအကြောင်း ဆက်ပြောရအောင်…” ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုအတွက် သူ့ရဲ့ နောက်ထပ် အစီအစဉ်တွေကို ရှင်းပြပါတယ်။
ကောင်းကင်တာအိုက ဆက်ပြီးတော့ ချဲ့ထွင်ဦးမှာပါ။ မီးလျှံမျိုးနွယ်စုက တာအိုပညာရှိတွေကို တော်တော်လေး လှုံ့ဆော်ပေးလိုက်ပါတယ်။ ကောင်းကင်တာအို တစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေက ပဋိပက္ခက မျိုးနွယ်စုတစ်စုကို အနိုင်ယူနိုင်စွမ်း မရှိသေးပါဘူး။ ဒါက တကယ်ကို အရှက်စရာကိစ္စပါ။
တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီ တိုးလာဖို့ နည်းလမ်းရှာနေကြပြီး တာအိုကျင့်စဉ်တွေကို ဆက်တိုက်သင်ပေးကာ သက်ရှိအားလုံးရဲ့ စွမ်းအား တိုးတက်လာအောင် လုပ်ပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုမှာ စည်းမျဉ်းတွေ ရှိတာကြောင့် ဘာမှ စိုးရိမ်စရာမလိုဘဲ ကောင်းကင်တာအို အင်အားကြီးလာဖို့က မဖြစ်နိုင်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုဟာ ဖန်းလျန်အကြောင်းကို ထည့်ပြောပါတယ်။ တာအိုပညာရှိတွေဟာ ဖန်းလျန်အတွက် ဖန်တီးရှင် ကျောက်စိမ်းပြားကို ဘယ်လိုစုဆောင်းရမလဲဆိုတာ တွေးနေကြပါတယ်။ ဖန်းလျန်က ကောင်းကင်တာအိုကို ချဲ့ထွင်ဖို့ နည်းလမ်းရှိတယ်လို့ ပြောခဲ့တယ် မဟုတ်ပါလား။
နှစ်နာရီ ကြာတဲ့အခါမှာတော့ ဖန်းလျန်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကနေ ထွက်ခွာသွားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး စနစ်ကို မေးလိုက်ပါတယ် “ဂိုဏ်းချုပ်တျန်ကျွယ်က ကောင်းကင်တာအိုကို သစ္စာဖောက်ဖို့ စီစဉ်နေတာလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးမသားက တကယ်ကို သစ္စာဖောက်ပဲ၊ မင်းက ဒီလိုဆိုမှတော့ ငါကလည်း ယဉ်ကျေးမနေတော့ဘူး’
နောက်နေ့မှာ ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ တာအိုစက်ကွင်းဆီ သွားပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တံခါးဖွင့်ပြီး ဟန်ကျွယ်ကို အပြုံးနဲ့ ကြိုဆိုပါတယ်။
“တာအိုရောင်းရင်းဟန်… တာအိုရောင်းရင်းဟန်က တကယ့်ကို ရှားရှားပါးပါး ဧည့်သည်ပဲ၊ ဒါက တာအိုရောင်းရင်းဟန် ကျုပ်ဆီ ပထမဆုံးအကြိမ် လာလည်တာနဲ့တူတယ်” ဂိုဏ်းချုပ်တျန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ကလည်း အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ ငါ မင်းကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ လာလည်ဖို့ လာဖိတ်တာ၊ ကျယ်ကျောင်းတော်က မယ်တော်ဂိုဏ်းကို ဂရုစိုက်ထားတယ် မဟုတ်လား၊ ဒီတော့ ငါတို့တွေ ပိုရင်းနှီးသင့်တာပေါ့”
သူတို့နှစ်ယောက်ဟာ တာအိုစက်ကွင်း ဝင်ပေါက်မှာ ပြောဆိုတာ ဖြစ်တဲ့အတွက် တခြားတာအိုပညာရှိတွေဟာ သူတို့စကားပြောတာကို ကြားကြပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ အပြုံးဟာ ပိုလို့တောင် ကျယ်သွားပါတယ် “ဒါက ကောင်းတဲ့ကိစ္စပဲ”
ဟန်ကျွယ်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ လက်ကောက်ဝတ်ကို ခင်မင်ရင်းနှီးစွာ ကောက်ကိုင်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဟန်ကျွယ်ဟာ ချုပ်နှောင် နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး ဂိုဏ်းချုပ်တျန်ကျွယ်ကို မလှုပ်နိုင်အောင် လုပ်လိုက်တာပါ။ ဘေးကနေကြည့်ရင် ဟန်ကျွယ်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်က အရမ်းရင်းနှီးတဲ့လူတွေလိုပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 645
? Views, Released on December 11, 2024