Switch Mode

Chapter – 644

အခန်း (၆၄၄) ပန်ကူးရဲ့ သတ်ဖြတ်ငွေ့
ဟန်ကျွယ်ဟာ အံ့ဖွယ်နိမိတ်ကို ခံစားမိတာကြောင့် မအံ့ဩဘဲ မနေနိုင်ပါဘူး “မင်းက ရန်သူသေတာတောင် ဝမ်းနည်းနေသေးတယ်၊ မင်းကို ကယ်လိုက်လို့ ငါ့ကို အပြစ်တင်နေတာလား”
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို စောဒကတက်လိုက်တာ ဖြစ်ပါတယ်။ ကောင်းကင်တာအိုဟာ နိယာမတစ်ခုသာ ဖြစ်တာကြောင့် သက်ရှိတွေလို ခံစားချက်ရော လိုအင်ဆန္ဒ‌ရော မရှိပါဘူး။ ဟန်ကျွယ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပါတယ်။
‘ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိ သေချင်ယောင်ဆောင်တုန်းက မဟာတာအို အံ့ဖွယ်နိမိတ် မရှိခဲ့ဘူး၊ ဒါကို ဘာဖြစ်လို့ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိ တကယ်သေပြီလို့ ထင်ရတာလဲ…’
‘ဒီကောင်တွေက ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိ မသေသေးတာကို သိရက်သားနဲ့ အမှောင်သခင်ကြီးအပေါ် အပြစ်ပုံချဖို့ တမင်မသိချင်ယောင် ဆောင်တာလား… ဒါပဲ ဖြစ်နိုင်တယ်… ခွေးမသားတွေ…’
ဟန်ကျွယ်ဟာ သူ့အခြေအနေကို ပြုပြင်ပြီးတာနဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်တင်ပါတယ်။ လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မဟာညီညွတ်မှု ရုပ်သွင်ကို စပြီးတော့ ကျင့်ကြံတဲ့အချိန်မှာပဲ ဘို‌ဘေးရှီတျန်ရဲ့ စကားသံကို ကြားလိုက်ရပါတယ်။
“တာအိုပညာရှိအကုန်လုံး မဟာအန္တိမခန်းမကို လာခဲ့ချည်၊ ငါ မင်းတို့ကို ပြောစရာရှိတယ်”
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ စကားကို ကြားပေးမဲ့ ချက်ချင်း မသွားပါဘူး။ ဘိုးဘေးရှီတျန်က သူ့ထက် စွမ်းအားကြီးတယ် မဟုတ်ပါလား။ နောက်ပြီး ဘိုးဘေးရှီတျန်က ကောင်းကင်တာအိုထဲမှာ လှုပ်ရှားနိုင်ပါတယ်။ ဟန်ကျွယ်က ကောင်းကင်တာအို ပညာရှိ မဟုတ်တဲ့အတွက် ကောင်းကင်တာအိုပညာရှိလိုမျိုး အဆုံးမဲ့ ပြန်မမွေးဖွားနိုင်ပါဘူး။
“ဘိုးဘေးရှီတျန်က ငါ့ကို သတ်ချင်စိတ် ရှိလား”
[သက်တမ်း ၁၇၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တန်ဖိုးက ထပ်တိုးသွားပါ့လား…’
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲကထွက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ရောက်သွားပါတယ်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တဲ့ မဟာအန္တိမခန်းမဟာ နတ်အလင်းရောင်တွေ ထပ်မံထုတ်လွှတ်ကာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ အတောက်ပဆုံး တာအိုစက်ကွင်းတစ်ခု ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ မဟာအန္တိမခန်းမရှေ့ကို ရောက်သွားတဲ့အခါ တခြားတာအိုပညာရှိတွေ ရောက်နှင့်နေတာကို တွေ့လိုက်ရပါတယ်။ ဧကရီဟုတ်ထိုလည်း လာပါတယ်။
လီတောက်ခုံးဟာ သက်ပြင်းချလိုက်ပါတယ် “ဂိုဏ်းချုပ်… ကျွန်တော်တို့တွေ မဟာအန္တိမခန်းမမှာ အတူတူ တာအိုနားထောင်ခဲ့တာကို မှတ်မိသေးလား”
တာအိုပညာရှိတွေဟာ ထူးဆန်းတဲ့ အမူအရာတွေ ဖြစ်ကုန်ပါတယ်။ မပြောရင် ကိစ္စမရှိပေမဲ့ ဒီအကြောင်းကို‌ ပြောမိရင် တာအိုပညာရှိတွေဟာ သက်သောင့်သက်သာ မရှိတော့ပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းကို မေ့ပစ်ချင်ပါတယ်။ ဟန်ကျွယ်နဲ့ ယှဉ်ရင် သူတို့က သေမျိုးတွေလိုမျိုး ဘာအရည်အချင်းမှ မရှိဘူးလို့ ခံစားရပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို အဖြေပြန်မပေးပါဘူး။
ရှီတုတောက်ဟာ ဟန်ကျွယ်ကို သိချင်စိတ်နဲ့ စိုက်ကြည့်လိုက်ပါတယ်။ ရှီတုတောက်ဟာ တိတ်ဆိတ်ဂိုဏ်းချုပ် အကြောင်းကို တော်တော်လေး သိချင်နေပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးနဲ့ တူတယ်လို့ ရှီတုတောက် ခံစားနေရပါတယ်။ သူဘာလို့ ဒီလို့ခံစားနေရလဲဆိုတာ ရှီတုတောက် ကိုယ်တိုင်လည်း မသိပါဘူး။
ဒီအချိန်မှာပဲ မဟာအန္တိမခန်းမ ပွင့်သွားတဲ့အတွက် တာအိုပညာရှိတွေဟာ အထဲဝင်လိုက်ကြပါတယ်။
ဘိုးဘေးရှီတျန်ဟာ ကော်ဇောပေါ်မှာ ထိုင်နေပါတယ်။ တာအိုပညာရှိတွေ သူ့ရှေ့ရောက်တဲ့အခါ ဘိုးဘေးရှီတျန်ဟာ မျက်လုံးဖွင့်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ တာအိုပညာရှိတွေရဲ့ နောက်မှာ ကော်ဇောတစ်ချပ်ဆီ ပေါ်လာပါတယ်။ တာအိုပညာရှိတွေဟာ ကော်ဇောပေါ် ထိုင်လိုက်ကြပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်က ပထမဆုံး မေးလိုက်ပါတယ် “ဘိုးဘေး… ဘိုးဘေး နောက်ဆုံးတော့ ပြန်လာပြီပဲ၊ ဘိုးဘေးသာ ပြန်မလာရင် ကောင်းကင်တာအိုက ဘေးတွေ့တော့မှာ”
တခြားတာအိုပညာရှိတွေကလည်း ဘိုးဘေးရှီတျန်ကို စိတ်ရင်းနဲ့ ချီးမွမ်းခန်း ဖွင့်ကြပါတယ်။ မီးလျှံမျိုးနွယ်စု အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်တုန်းက သူတို့တွေအကုန်လုံး တော်တော်ကို ရင်ထိတ်နေခဲ့ကြတာပါ။
ကောင်းကင်တာအို ပြန်စပြီးတဲ့နောက် အင်မော်တယ်ကမ္ဘာရဲ့ အုတ်မြစ်ဟာ နည်းနည်းမှ မခိုင်သေးပါဘူး။ သက်ရှိတွေ အများကြီး ရှိပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ နည်းနေသေးတာပါ။
ဘိုးဘေးရှီတျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ငါ မတိုက်ခိုက်ခင်ကတည်းက ပုစီချီတောက်မှာ ကြမ္မာဆိုးရောင်ဝါ ရှိနေတယ်၊ တစ်ယောက်ယောက်က သူ့ကို ကျိန်စာတိုက်နေတာ”
တာအိုပညာရှိတွေဟာ မှင်သက်သွားကြပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်စိကိုကျဉ်းပြီး ပြောလိုက်ပါတယ် “အမှောင်သခင်ကြီး”
ကောင်းကင်တာအိုမှာပဲ ဖြစ်ဖြစ် အဆုံးသတ် အပျက်အစီး နတ်ဘုံမှာပဲဖြစ်ဖြစ် အမှောင်သခင်ကြီးယောင် ဆောင်တဲ့လူတွေ အများကြီးပါ။ ဒါပေမဲ့ အမှောင်သခင်ကြီးကသာ မဟာတာအိုပညာရှိကို ဒဏ်ရာရအောင် ကျိန်စာတိုက်နိုင်ပါတယ်။
တာအိုပညာရှိတွေဟာ သက်ပြင်းချလိုက်ကြပါတယ် “အမှောင်သခင်ကြီးပဲလား… ဒီလိုဆို အမှောင်သခင်ကြီးက ကောင်းကင်တာအိုကို ပံ့ပိုးပေးနေတာပေါ့”
“အမှောင်သခင်ကြီးက ဘယ်သူလဲ”
“အတိတ်မှာတုန်းက တာအိုရောင်းရင်းဟန်ကျွယ်ကို အမှောင်သခင်ကြီးလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာ တာအိုရောင်းရင်းဟန်က အမှောင်သခင်ကြီး မဖြစ်နိုင်တော့ဘူး၊ တာအိုရောင်းရင်းဟန်သာ ပုစီချီတောက်ကို သတ်နိုင်ရင် စောစောကတည်းက တစ်ခါတည်း တိုက်ခိုက်လိုက်မှာ…
“အဟွတ်..အဟွတ်… တာအိုရောင်းရင်းဟန်က ဒီနေရာမှာ ငါတို့နဲ့အတူ ရှိနေတယ်၊ မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ”
“ဟားဟား…”
ကပ်ဘေးတွေကို အတူတူရင်ဆိုင်ခဲ့ရလို့နဲ့ တူပါတယ်။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို စပြီးတော့ စနောက်လာကြပါတယ်။ ဟန်ကျွယ်ဟာ ဘာမှမပြောပေမဲ့ စိတ်ထဲမှာတော့ နှာခေါင်းရှုံ့သွားပါတယ် ‘ပြဿနာရှာချင်ရင် ရတယ်၊ လာတော့ မနောက်ကြနဲ့’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ချက်ချင်းမေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ငါ့ကို သတ်ဖြတ်လိုစိတ် ရှိလား”
[သက်တမ်း ၁၇၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “ပုစီချီတောက်က သေသွားပြီ၊ ငါ သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်ပေမဲ့ အမှောင်သခင်ကြီးက သူ့ကို သေအောင် ကျိန်စာတိုက်လိမ့်မယ်လို့ ထင်မထားဘူး… ဒါလည်း ကောင်းပါတယ်၊ အဆုံးသတ် အပျက်အစီး နတ်ဘုံက လောလောဆယ်မှာ ကောင်းကင်တာအိုကို မလာရဲတော့ဘူးပေါ့”
“ငါ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက ကြေညာစရာရှိလို့ပဲ၊ ငါ ကောင်းကင်တာအိုကနေ ထွက်ခွာတော့မယ်”
ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ လန့်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ ဘိုးဘေးရှီတျန်ကို ကောင်းကင်တာအိုမှာ ဆက်နေစေချင်ကြပါတယ်။ ဘိုးဘေးရှီတျန်က သူတို့ရဲ့ အကြီးမားဆုံး နောက်ခံပါ။ ဘိုးဘေးရှီတျန်သာ ထွက်သွားရင် အဆုံးသတ် အပျက်အစီး နတ်ဘုံက ပိုပြီးတော့ ရမ်းကားလာမှာပါ။
လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဖန်းလျန်ဟာ ဘာမှမပြောပေမဲ့ သူတို့လည်း ဘိုးဘေးရှီတျန် ထွက်သွားတာကို မမြင်ချင်ကြပါဘူး။ သူတို့တွေဟာ တာအိုကို မရရှိခင်ကတည်းက ကောင်းကင်တာအိုကို တကယ်ကာကွယ်တာက တာအိုပညာရှိတွေ မဟုတ်ဘဲ တာအိုဘိုးဘေးရဲ့ မိတ်ဆွေရင်း ဘိုးဘေးရှီတျန်ဆိုတာ သိခဲ့ကြပါတယ်။
ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “ငါ အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေနဲ့ ဆွေးနွေးပြီးပြီ၊ ငါတို့တွေ ရှေးပျက်သုဉ်းနယ်မြေကို အတူတူသွားဖိနှိပ်ကြမှာ၊ အချိန်တစ်ခုအတွင်းတော့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ကောင်းကင်တာအိုကို နှောင့်ယှက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့တွေ သတိမလွတ်စေနဲ့၊ ပဋိပက္ခထဲမှာ မီးလျှံမျိုးနွယ်စုလိုမျိုး မျိုးနွယ်စုတွေ အများကြီး ရှိတယ်၊ တချို့က ကောင်းကင်တာအိုထဲကနေ နှင်ထုတ်ခံထားရတာ၊ တချို့က စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ဖန်တီးမှုကနေ မွေးဖွားလာတာ၊ အချိန်ကြာတော့ သူတို့လည်း အင်အားကြီးလာတာပဲ”
“အနန္တကပ်ဘေးရဲ့ တည်ရှိမှုကြောင့် ကောင်းကင်တာအိုရဲ့ အင်အားက အမြဲတမ်း ကန့်သတ်ခံခဲ့ရတယ်၊ အဲဒါကြောင့် ကောင်းကင်တာအိုရဲ့ အင်အားက ပဋိပက္ခနောက်မှာ ကျန်နေခဲ့ပြီ၊ တာအိုဘိုးဘေးက ဘာဖြစ်လို့ ဒီစည်းမျဉ်းကို သတ်မှတ်ခဲ့လဲဆိုတာ ငါလည်း မခန့်မှန်းတတ်ဘူး”
ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် တာအိုပညာရှိတွေဟာ ခံစားချက် မကောင်းတော့ပါဘူး။ အမှန်အတိုင်းပြောရရင် မီးလျှံမျိုးနွယ်စုရဲ့ ကျူးကျော်မှုက သူတို့ကို တော်တော်လေး လှုံ့ဆော်လိုက်ပါတယ်။ သူတို့ဟာ ဒီကိစ္စအတွက် တာအိုဘိုးဘေးကိုတောင် အပြစ်တင်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “ရှေးပျက်သုဉ်းနယ်မြေမှာ ဘာရှိနေလို့ မဟာတာအိုပညာရှိတွေက အတူတူ ပူးပေါင်းပြီး ဆောင်ရွက်ရတာလဲ”
ဘိုးဘေးရှီတျန်က ပြန်ဖြေပါတယ် “ပန်ကူးရဲ့ သတ်ဖြတ်ငွေ့ပဲ”
တာအိုပညာရှိတွေဟာ ကြက်သေသေသွားကြပါတယ်။
“ပန်ကူး လောကကြီးကို ဖွင့်လှစ်လိုက်တော့ သူ့ခန္ဓာကိုယ်က အရာအားလုံးအသွင် ပြောင်းလဲသွားတယ်၊ ဒါပေမဲ့ သူ့သတ်ဖြတ်ငွေ့ကိုတော့ ဒဏ္ဍာရီမှာ မှတ်တမ်း တင်မထားခဲ့ဘူး၊ အဲဒီတုန်းက ပန်ကူးက တာအိုကို ရယူဖို့အတွက် ပဋိပက္ခနတ်ဘီလူး သုံးထောင်ကို သတ်ဖြတ်ခဲ့တယ်၊ သူ့ရဲ့ သတ်ဖြတ်ငွေ့က သူ့ရဲ့ တာအိုနှလုံးသားကို စပြီးတော့ ဖြားယောင်းလာလို့ ပန်ကူးက ရွေးချယ်စရာမရှိဘဲ သူ့သတ်ဖြတ်ငွေ့ကို ဆွဲနှုတ်ပြီး ကောင်းကင်တာအိုထဲမှာ ဖိနှိပ်ထားခဲ့တယ်”
“အချိန်ကြာလာတော့ ပဋိပက္ခနတ်ဘီလူးတွေ ပြန်‌ပေါ်လာပြီး ပန်ကူးရဲ့ သတ်ဖြတ်ငွေ့နဲ့ ပဲ့တပ်ထပ်မိကြတယ်၊ တာအိုပေါင်းစပ်မှုကို ပြုလုပ်ပြီးတဲ့အခါမှာ တာအိုဘိုးဘေးက ရွေးချယ်စရာ မရှိတာကြောင့် ပန်ကူးရဲ့ သတ်ဖြတ်ငွေ့ကို ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်လိုက်ရတယ်… ဒီသတ်ဖြတ်ငွေ့ ပြန်ပေါ်လာရင် ပဋိပက္ခမှာ သွေးချောင်းစီးလိမ့်မယ်”
ဘိုးဘေးရှီတျန်ဟာ သက်ပြင်းချလိုက်ပြီး တာအိုပညာရှိတွေလည်း တိတ်ဆိတ်သွားကြပါတယ်။ ဟန်ကျွယ်ကတော့ အတွေးနက်သွားပါတယ် ‘အဲဒီအထွက်အထိပ်စွမ်းအားက ပန်ကူးရဲ့ သတ်ဖြတ်ငွေ့များလား… ဒါပေမဲ့ နှစ်တွေ ဒီလောက်ကြာတောင် ပန်ကူးရဲ့ သတ်ဖြတ်ငွေ့က ဆက်ပြီးတော့ အားကောင်းနေတုန်းပဲလား…’
ယုတ္တိရှိရှိ စဉ်းစားရရင် ပန်ကူးက သေသွားပြီ ဖြစ်တာကြောင့် အချိန်အကြာကြီး ရှင်ကျန်ရစ်ခဲ့တဲ့ ပဋိပက္ခနတ်ဘီလူးတွေက ပန်ကူးကို ကျော်တက်သွားမှာပါ။
‘နေဦး… ပန်ကူးက အသက်ရှင်နေသေးတာလား…’
ဟန်ကျွယ်ဟာ ရင်ထဲမှာ တင်းကျပ်သွားပါတယ်။ ဒီကိစ္စက ဖြစ်နိုင်ချေများတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ သာမန်အခြေအနေမှာ ဘယ်သူကမှ သူတို့ကိုယ်သူတို့ စတေးပြီး လောကကြီးကို ဖန်တီးမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ကတော့ သူ့ကိုယ်သူ စတေးခံမှာ မဟုတ်ပါဘူး။ ကောင်းကင်တာအို တည်ထောင်ပြီးနောက် နောက်ပိုင်း စွမ်းအားကြီးပုဂ္ဂိုလ်‌တွေ သက်သေပြခဲ့တာ တစ်ခု ရှိပါတယ်။ အဲဒါက ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ကိုယ့်ကိုယ်ကိုယ် စတေးခံစရာ မလိုဘူးဆိုတဲ့အချက်ပါ။ ဥပမာအားဖြင့် လီမုယဲ့နဲ့ ဘိုးဘေးရှီတျန်တို့ဟာ သူတို့ကိုယ်ပိုင် ကောင်းကင်တာအိုငယ်လေးတွေကို ဖန်တီးခဲ့ကြပါတယ်။
ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ကို ရုတ်တရက်ကြည့်ပြီး မေးလိုက်ပါတယ် “ဟန်ကျွယ်… မင်းက ဘယ်ပဋိပက္ခ နတ်ဘီလူးလဲ”
တာအိုပညာရှိတွေကလည်း ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကောင်းကင်နက္ခ နတ်ဘီလူး”
ဘာပဲဖြစ်ဖြစ် ကောင်းကင်နက္ခ နတ်ဘီလူးက မွေးဖွားပြီးသားပါ။
ဘိုးဘေးရှီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တာအိုပညာရှိတွေကတော့ စိတ်ကျေနပ်သွားကြပါတယ်။ ဟန်ကျွယ်က ပဋိပက္ခ နတ်ဘီလူး ဖြစ်နေလို့ သူတို့တွေ မယှဉ်နိုင်တာက သာမန်ပဲ မဟုတ်ပါလား။
“ငါ ကောင်းကင်နက္ခ နတ်ဘီလူးကို သိတယ်၊ သူက အသက်ရှင်နေသေးတယ်၊ ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ” ဘိုးဘေးရှီတျန်က ထပ်မေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset