Switch Mode

Chapter – 643

အခန်း (၆၄၃) ဘိုးဘေးရှီတျန် ပြန်လာခြင်း၊ ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံရခြင်း
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မီးလျှံမျိုးနွယ်စုရဲ့ တာအိုပညာရှိအတုတွေကို ဟန့်တားနိုင်ပေမဲ့ မသတ်နိုင်ပါဘူး။
မီးလျှံမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟာ သူ့လက်လေးဖက်ကို မြှောက်ပြီး ဒေါသတကြီး‌ အော်ပြောလိုက်ပါတယ် “မီးလျှံမျိုးနွယ်စုဝင်တို့… မဟာတာအိုရဲ့ ကံတရား အထောက်အပံ့ကို ငါ့ဆီ ပေါင်းထည့်ပေးချည်” သူ့အသံက နားကွဲမတတ် ကျယ်လောင်လှတဲ့အတွက် စစ်မြေပြင်တစ်ခုလုံးကိုသာမက အင်မော်တယ်ကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။
မီးလျှံမျိုးနွယ်စုဝင် သန်းတစ်ရာကျော်ဟာ သူတို့ရဲ့ ကံတရား အထောက်အပံ့တွေကို စတေးလိုက်ပါတယ်။ အလင်းတန်းတွေဟာ သူတို့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး သူတို့ခေါင်းဆောင်ဆီကို တိုးဝင်သွားကြပါတယ်။ ဒီမြင်ကွင်းက ခမ်းနားလှပြီး မှောင်မိုက်တဲ့အာကာသကို လင်းထိန်သွားစေပါတယ်။
မီးလျှံမျိုးနွယ်စု ခေါင်းဆောင်က အင်မော်တယ်ကမ္ဘာ အပြင်ဘက်ကို ပြန်ဆုတ်ခွာသွားတဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ တာအိုပညာရှိအတုတွေဟာလည်း အနားယူချိန်မရတော့ဘဲ မီးလျှံမျိုးနွယ်စုကို ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ သူတို့တွေဟာ မီးလျှံမျိုးနွယ်စု‌ခေါင်း‌ဆောင်ကို ဒီထက်စွမ်းအားကြီးလာခွင့် မပေးနိုင်ပါဘူး။
စန့်ချွမ်အဂ္ဂဘိုးဘေးရဲ့ အကြောင်းဟာ အင်မော်တယ်ကမ္ဘာတစ်ခွင် ပျံ့နှံ့သွားပြီး သက်ရှိအားလုံးကို သက်ပြင်းချစေပါတယ်။ အင်မော်တယ်ကမ္ဘာမှာ စန့်ချွမ်အဂ္ဂဘိုးဘေးလိုမျိုး ထိပ်သီးကျင့်ကြံသူ ရှိနေတာက သူတို့အတွက် ကံကောင်းတာပါ။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အနှောင့်နှေးခံပြီး တိုက်ပွဲကို ကြည့်နေပါတယ် ‘ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး…’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ် “အမှောင်သခင်ကြီးက လောကကြီးကို ထပ်ကယ်ရဦးမှာပါလား… ကျော်ကြားမှုနဲ့ ကံကောင်းမှုတွေ အကုန်လုံးကိုတော့ တာအိုပညာရှိတွေက ယူထားတယ်၊ အပြစ်ကျတော့ ငါပဲ ယူရတယ်… ဟင်း… ဘာဖြစ်လို့ လောကကြီးမှာ ငါလိုမျိုး သိုသိုသိပ်သိပ်နေတဲ့ ကယ်တင်ရှင် ရှိနေရတာလဲ”
ဟန်ကျွယ်ဟာ ပုစီချီတောက်ကို ကျိန်စာ စတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျသွားပါတယ်။ ဒီငါးရက်အတွင်း အင်မော်တယ်ကမ္ဘာ အစွန်းက တိုက်ပွဲမှာ လူတွေ မရေမတွက်နိုင်အောင် သေကျေပျက်စီးပြီး အကုသိုလ်ကံတွေ ဘဝဂ်ထိအောင် ရောက်ကုန်ပါတယ်။
မီးလျှံမျိုးနွယ်စုရဲ့ တာအိုပညာရှိအတုတွေဟာ လူခွဲပြီး တိုက်ခိုက်တဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ရန်သူအကုန်လုံးကို မဟန့်တားနိုင်တော့ပါဘူး။ မီးလျှံမျိုးနွယ်စုဝင် အုပ်စုတစ်စုဟာ အင်မော်တယ်ကမ္ဘာထဲကို ထိုးဖောက် ဝင်ရောက်သွားပါတယ်။ ဒီအုပ်စုရဲ့ ခေါင်းဆောင်က တာအိုပညာရှိအတုတစ်ပါး ဖြစ်ပြီး သူ့လက်အောက်မှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ငါးဆယ် ရှိပါတယ်။
ဒီအုပ်စုကြောင့် အင်မော်တယ်ကမ္ဘာလည်း ဝရုန်းသုန်းကားဖြစ်ပြီး တာအိုပညာရှိတွေလည်း ခေါင်းကိုက်သွားပါတယ်။ မီးလျှံမျိုးနွယ်စုရဲ့ စိတ်ဓာတ်က သန်မာလွန်းပါတယ်။ သူတို့စိတ်ဓာတ်က အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိတွေထက်တောင် ပိုသန်မာနေပါသေးတယ်။ မီးလျှံမျိုးနွယ်စုဝင် အကုန်လုံးဟာ အရူးအမူးတိုက်ခိုက်ကြပြီး အသက်ယဲ့ယဲ့ပဲ ကျန်ရင်တောင် တိုက်ပွဲတစ်ရာကျော်ကို မရပ်မနားဘဲ တိုက်ခိုက်နိုင်ကြပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ဂရုမစိုက်ပါဘူး။ ကိုယ်ရေးအကျဉ်းနဲ့ စာစောင်တွေကိုသာ စိုက်ကြည့်နေပါတယ်။
၁ ထရီလီယံ။
၁၀ ထရီလီယံ။
၁၀၀ ထရီလီယံ။
၅၀၀ ထရီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပုစီချီတောက်၏ တာအိုနှလုံးသားသည် ထိခိုက်သွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာ ဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပုစီချီတောက်ကို တစ်ခါတည်း ပြတ်အောင် ကျိန်စာတိုက်ဖို့ စီစဉ်ထားပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံကို ခြိမ်းခြောက်နိုင်ရင် အကောင်းဆုံးပါ။ ဟန်ကျွယ်ဟာ အစွမ်းကုန် ကျိန်စာတိုက်ပါတယ်။
၈၀၀ ထရီလီယံ။
၁ ကွာဒလီယံ။
၂ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပုစီချီတောက်၏ တာအို ပျက်စီးသွားပြီး ကံတရား အထောက်အပံ့ ဖရိုဖရဲဖြစ်ကာ ဝိညာဉ်လည်း ထိခိုက်သွား၏။]
[သင့်ရန်သူ ပုစီချီတောက်သည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘အင်… ဘိုးဘေးရှိတျန် ပြန်လာပြီလား…’
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဘိုးဘေးရှီတျန် လှုပ်ရှားပြီ ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ သူ့သက်တမ်းကို အဆုံးရှုံးခံစရာ မလိုတော့ပါဘူး။ ဟန်ကျွယ် အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်တာအို အပြင်ဘက်မှာ ပုစီချီတောက် ယူထားတဲ့ နေရာက ကွဲကြေနေတာကို တွေ့လိုက်ရပါတယ်။
အဆုံးမဲ့ ပဋိပက္ခလျှပ်စီးတွေဟာ ရှုပ်ယှက်ခတ်နေပြီး ပုစီချီတောက်ရဲ့ ရောင်ဝါဟာ မှေးမှိန်သွားပါတယ်။ အဲဒီအစား ဟန်ကျွယ်ဟာ တခြားကျယ်ပြောတဲ့ ရောင်ဝါကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါရဲ့ ပိုင်ရှင်ကတော့ ဘိုးဘေးရှီတျန်ပါ။ ဘိုးဘေးရှီတျန်ဟာ တကယ့်အရေးကြီး အချိန်ကျမှ ပြန်ရောက်လာတာပါ။
ကောင်းကင်အရှင်ရွှမ်တုကလည်း ဒီကိစ္စကို ရှာတွေ့သွားပါတယ်။ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအို အပြင်ဘက်က မီးလျှံမျိုးနွယ်စုရဲ့ ဌာနချုပ်ကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ပါတယ်။ မီးလျှံမျိုးနွယ်စုဝင် ဆယ်သန်းကျော်ဟာ တစ်ယောက်ပြီးတစ်ယောက် အမှုန့်ဖြစ်သွားပါတယ်။ သူတို့တွေဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စွမ်းအားကို ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိပါဘူး။
မီးလျှံမျိုးနွယ်စုဝင်တွေဟာ အမှုန့်ဖြစ်သွားတဲ့ သူတို့မျိုးနွယ်စုဝင်တွေကို ကြည့်ရင်း မျှော်လင့်ချက်မဲ့သွားပါတယ်။ ဒါပေမဲ့ ဒီလိုမျှော်လင့်ချက်မဲ့တာက ကြာကြာမခံပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှူကြိမ် သုံးကြိမ်အတွင်း မီးလျှံမျိုးနွယ်စုဝင် အကုန်လုံး သေကျေပျက်စီးကုန်လို့ပါပဲ။ ဝိညာဉ် အစအနတောင် ကျန်မနေခဲ့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အရှင်ရွှမ်တုက ဒေါသတကြီး တိုက်ခိုက်လိုက်တယ်ဆိုတာ သိသာပါတယ်။
အင်မော်တယ်ကမ္ဘာမှာ တိုက်ခိုက်နေတဲ့ မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ မျက်လုံးတွေ နီရဲသွားပါတယ် “မဟုတ်ဘူး”
မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ အသံပြာကြီးနဲ့ အော်ဟစ်ကြုံးဝါးပြီး လှံလေးချောင်းကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်တဲ့အခါ မီးလျှံတွေ လှိမ့်ထွက်လာပြီး အင်မော်တယ်ကမ္ဘာက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။
သူတစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားမီးလျှံမျိုးနွယ်စုက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာလည်း သူတို့နောက်က အခြေအနေကို ရှာတွေ့သွားကြပါတယ် “မီးလျှံမျိုးနွယ်စုက ပြေးစရာနေရာ မရှိတော့ဘူး၊ ငါတို့တွေ ဒီကနေ ထွက်ခွာတာနဲ့ တာအိုပညာရှိတွေ သတ်ဖြတ်တာကို ခံရလိမ့်မယ်၊ ကလေးတို့… ငါတို့တွေ အဆုံးထိ သတ်ကြမယ်၊ မီးလျှံမျိုးနွယ်စုက ဆက်ပြီးတော့ ကြီးထွားလာလိမ့်မယ်၊ မီးလျှံမျိုးနွယ်စုက သေရမှာကို မကြောက်ဘူး”
“သတ်…”
မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ အော်ဟစ်ကြုံးဝါးလိုက်ပါတယ်။ သူ့ရောင်ဝါဟာ ထိုးတက်သွားပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ မြေပြင်ဟာ ကမ္ဘာအဆုံးသတ်ကို ရောက်တော့မဲ့အတိုင်း ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ နှာခေါင်းရှုံ့ပြီး စက်ဝိုင်းတစ်ခုကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်တဲ့အခါ သူ့ရှေ့မှာ တန်ခိုးကြီးမားတဲ့ နတ်အရိပ်သုံးပါး ပေါ်လာပါတယ်။ ဒီနတ်အရိပ်တွေဟာ ဓားတစ်ချောင်းစီ ကိုင်ထားပြီး ပြိုင်တူ ခုတ်ပိုင်းလိုက်တဲ့အခါ အစိမ်းရောင် အနက်ရောင် အဖြူရောင် ဓားချီတွေ ထွက်ပေါ်လာပြီး မီးလျှံမျိုးနွယ်စုခေါင်းဆောင်ကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ကောင်းကင်တာအို အပြင်ဘက်က မီးလျှံမျိုးနွယ်စုတွေ တာအိုပညာရှိလက်ချက်နဲ့ ဖျက်ဆီးခံလိုက်ရတာကို အာရုံခံမိကြတဲ့အတွက် စိတ်လှုပ်ရှားသွားကြပြီး ထပ်ပြီးတော့ အကောင်းဆုံး ကြိုးစားတိုက်ခိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်ကို စိုက်ကြည့်နေတဲ့အတွက် ဒီတိုက်ပွဲကို မြင်တွေ့ခြင်း မရှိပါဘူး။ ပုစီချီတောက်က ပြင်းပြင်းထန်ထန်ပဲ ဒဏ်ရာရသွားပြီး အသတ်မခံရတာကို ဟန်ကျွယ်ဟာ မကျေနပ်ပါဘူး။
‘ငါ သက်တမ်း ၂ ကွာဒလီယံတောင် သုံးထားတာကို… ဘိုးဘေးရှီတျန်က သူ့ကို မသတ်နိုင်ဘူးလား… ဘိုးဘေးရှီတျန်က လိုသေးတာပဲ’
ဟန်ကျွယ်ဟာ ဒီအကြောင်းကိုတွေးလေလေ စိတ်မချမ်းသာလေလေပါပဲ ‘မဖြစ်ဘူး… ငါပုစီချီတောက်ကို အသေသတ်ရမယ်’
မုန်းတီးမှု ကြယ်နှစ်ပွင့်က မမြင့်ဘူးဆိုပေမဲ့ ပုစီချီတောက်က ကောင်းကင်တာအိုကို ဖျက်ဆီးချင်နေတာပါ။ ကောင်းကင်တာအို မရှိတော့ရင် ဟန်ကျွယ် ဒုက္ခရောက်မှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ပုစီချီတောက်ကို ကျိန်စာ ဆက်တိုက်ပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ တစ်ချိန်တည်းမှာပဲ မီးလျှံမျိုးနွယ်စုဟာ အားကုန်ခမ်းသွားပါတယ်။ သူတို့ရဲ့ အားအနည်းဆုံး သက်ရှိက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဖြစ်ပြီး ၃၀၀ အောက်ပဲ ရှိပါတော့တယ်။ သူတို့တွေဟာ ပြေးစရာမြေ မရှိတော့တဲ့အတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိကြပါဘူး။
အင်မော်တယ်ကမ္ဘာ မြောက်ပိုင်းရဲ့ မြေပြင်ဟာ သွေးမိုးရွာချထားသလို ရဲရဲနီနေပါတယ်။ မီးလျှံမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟာ တိမ်တွေဆီ ရောက်နေတဲ့ တောင်ထိပ်လိုမျိုး မြေပြင်ပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ တိမ်ပင်လယ်ထက်မှာ အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ထောင်ချီက မီးလျှံမျိုးနွယ်စုခေါင်းဆောင်ကို ဝိုင်းတိုက်နေကြပါတယ်။ နတ်မင်းအဆင့် ကျင့်ကြံသူတောင် မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ကို ဝန်းရံရဲနေပါပြီ။
သွေးတွေ စိုရွှဲနေတဲ့ မီးလျှံမျိုးနွယ်စုခေါင်းဆောင်ဟာ အသက်ကို အားယူရှူရှိုက်နေပါတယ်။ နီရဲနေတဲ့ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေ ပြည့်နှက်နေပါတယ် “မီးလျှံမျိုးနွယ်စု… ရှုံးသွားပြီ…” မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ ဝမ်းနည်းကြေကွဲသွားပါတယ်။
အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေဟာ သူတို့အနိုင်ရတော့မယ်မှန်း သိတာကြောင့် အလွန်တရာမှ စိတ်လှုပ်ရှားပြီး မီးလျှံမျိုးနွယ်စုကို ဝိုင်းလှောင်ပြောင်ကြပါတယ်။
“မင်းတို့အဆင့်လောက်နဲ့ အင်မော်တယ်ကမ္ဘာကို ကျူးကျော်ရဲတာလား…”
“ဘာမီးလျှံမျိုးနွယ်စုလဲ၊ ငါတော့ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး”
“ဟမ်… မင်းတို့ကို ကာကွယ်ပေးတဲ့ တာအိုပညာရှိ ဘယ်ရောက်သွားပြီလဲ၊ သူ ထွက်ပြေးသွားပြီလား…”
“သနားဖို့ကောင်းလိုက်တာ… မင်းတို့မျိုးနွယ်စုနဲ့ ကောင်းကင်တာအိုကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား”
“ပဋိပက္ခက တခြားမျိုးနွယ်စုတွေကို သတိပေးတဲ့အနေနဲ့ သူ့ခေါင်းကိုဖြတ်ပြီး အင်မော်တယ်ကမ္ဘာ အစွန်းမှာ ထားရအောင်”
ဒီတိုက်ပွဲက တိုတောင်းပေမဲ့ အင်မော်တယ်ကမ္ဘာရဲ့ ထိခိုက်ဆုံးရှုံးမှုဟာ မီးလျှံမျိုးနွယ်စုထက် မနိမ့်ပါဘူး။ အနည်းဆုံး သက်ရှိ ဆယ်ဘီလီယံ သေကျေပျက်စီးသွားပါတယ်။ ဒီစစ်ပွဲကို ဝင်ရောက် တိုက်ခိုက်သူတိုင်းရဲ့ နှလုံးသားထဲမှာ ဒေါသမီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေပါတယ်။
မီးလျှံမျိုးနွယ်စု အညံ့ခံရင်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး။
မီးလျှံမျိုးနွယ်စုကလည်း အညံ့ခံဖို့ အစီအစဉ် မရှိပါဘူး။
အဝေးမှာရှိတဲ့ တစုန်ကောင်းကင်က ပြောလိုက်ပါတယ် “အဂ္ဂဘိုးဘေး… သူ့ကို မသတ်တော့ဘူးလား” တခြားတာအိုပညာရှိတွေဟာ တစုန်ကောင်းကင်ရဲ့ စကားကို သဘောတူကြပါတယ်။ သူတို့တွေဟာ စန့်ချွမ်အဂ္ဂဘိုးဘေးက ဘာကိုစောင့်နေတယ်ဆိုတာ နားမလည်နိုင်ကြပါဘူး။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ဘာမှပြန်မဖြေဘဲ မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေပါတယ်။ မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ ကြေကွဲစွာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါ့ကို လာသတ်ချည်၊ သနားစရာ‌ကောင်းတဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဘယ်နှယောက်ကို ငါနဲ့အတူ အပါခေါ်သွားနိုင်မလဲဆိုတာ ကြည့်ရအောင်”
လက်ရှိအဖြစ်အပျက်ကို လက်ခံပြီးနောက် မီးလျှံမျိုးနွယ်စု ခေါင်းဆောင်ဟာ ဘာဖိအားမှ မခံစားရတော့ပါဘူး။ မီးလျှံမျိုးနွယ်စုက မျိုးသုဉ်းတော့မှာ ဖြစ်တဲ့အတွက် မီးလျှံမျိုးနွယ်စုဟာ ဘာကိုမှ မစိုးရိမ်တော့ပါဘူး။
တခြား မီးလျှံမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာလည်း သေတဲ့အထိ တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြပါတယ်။ ဒါကြောင့် တိုက်ပွဲက အပြောင်းအလဲ မရှိပါဘူး။
နောက်ဆုံးမှာတော့ မီးလျှံမျိုးနွယ်စုဝင် အကုန်လုံး သေဆုံးသွားပါတယ်။
မျိုးဆက်သစ်တွေကို သတိပေးဖို့အတွက် မီးလျှံမျိုးနွယ်စုခေါင်းဆောင်ရဲ့ အလောင်းကို ပေတစ်သန်းကျော် မြင့်မားတဲ့ တောင်တစ်တောင်မှာ ချိပ်ပိတ်လိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ပုစီချီတောက်ကို သေချာအာရုံစိုက်ပြီး ကျိန်စာတိုက်နေပါတယ်။ လျင်မြန်စွာပဲ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ၁ ကွာဒလီယံ ကုန်ဆုံးသွားပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပုစီချီတောက်သည် တာအိုနှလုံးသား ကွဲကြေပြီး ရုပ်ခန္ဓာ ပျက်စီးသွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ပါဘူး။ ဟန်ကျွယ် လိုချင်တာက ပုစီချီတောက်ရဲ့ ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးတာကိုပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ အံကြိတ်ပြီး ကျိန်စာဆက်တိုက်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ၁ ကွာဒလီယံ ထပ်ကုန်သွားပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပုစီချီတောက်၏ ဝိညာဉ်နဲ့ ကျင့်ကြံမှုသည် လွင့်ပါး ပျောက်ကွယ်သွား၏။ ထို့ကြောင့် မဟာတာအိုတွင် ဝမ်းနည်းစိတ်များ ပြည့်နေ၏။]
ကောင်းကင်ဟာ ငိုကြွေးသလိုမျိုး မိုးကြိုးတိမ်တိုက်တွေ ထစ်ချုန်းသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset