အခန်း (၆၄၂) စန့်ချွမ်အဂ္ဂဘိုးဘေး အစွမ်းပြခြင်း
“ဟမ်” လီတောက်ခုံးဟာ နှာခေါင်းရှုံ့သွားပါတယ်။ လီတောက်ခုံးဟာ ရှီတုတောက်ရဲ့ ယုံကြည်မှုနဲ့ ပတ်သက်ပြီး သိပ်မကြိုက်ပါဘူး။ ဒါပေမဲ့ ရှီတုတောက်က သူ့ကို လျစ်လျူရှုထားပါတယ်။ တခြားတာအိုပညာရှိတွေဟာ သူတို့နှစ်ယောက် မတည့်တာကို နေသားကျနေကြပါပြီ။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “မင်းတို့အကုန်လုံး… ဓမ္မရတနာတွေကို မင်းတို့တပည့်တွေဆီ လွှဲပေးလိုက်၊ မီးလျှံမျိုးနွယ်စုက အင်နဲ့အားနဲ့လာတာ၊ အင်မော်တယ်ကမ္ဘာက သူတို့ကို တောင့်ခံနိုင်မဲ့ပုံ မရှိဘူး”
တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာရဲ့ အပြင်ဘက် မြောက်ဘက်မှာ တိုက်ပွဲစတင် ဖြစ်ပွားပါတော့တယ်။ တာအိုပညာရှိအတု ဆယ်ပါးနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တစ်ထောင်ကျော်ဟာ ပဋိပက္ခမြို့ကို အလုံးအရင်းနဲ့ ချီတက် တိုက်ခိုက်ပါတယ်။ ဗုဒ္ဓဂိုဏ်းက တာအိုပညာရှိအတု တစ်ပါးဟာ မဟာဆန်းကြယ်စွမ်းအားကိုသုံးပြီး စစ်မြေပြင်ကို သီးခြားခွဲထုတ်ပေမဲ့ မီးလျှံမျိုးနွယ်စု တာအိုပညာရှိအတုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို မခံနိုင်ဘဲ ပျက်စီးသွားရပါတယ်။ အခြေအနေက မီးလျှံမျိုးနွယ်စုဘက်ကို အားသာနေပါတယ်။
တာအိုပညာရှိဂိုဏ်းတွေဟာ တပည့်အများကြီးကို စစ်မြေပြင်ဆီ စေလွှတ်လိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ အင်မော်တယ် ကျင့်ကြံသူတွေဟာ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ထက်မှာ ပေါ်လာပြီး မြောက်ဘက်ကို ဦးတည်ပျံသန်းသွားကြပါတယ်။ ဒီမြင်ကွင်းက တကယ်ကို ခမ်းနားကြီးကျယ်လွန်းပါတယ်။ ဒီကိစ္စက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ သက်ရှိတွေဟာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။
တစ်နာရီအကြာမှာတော့ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ် “ပဋိပက္ခက ကောင်းကင်တာအိုကို တိုက်ခိုက်နေတယ်၊ မီးလျှံမျိုးနွယ်စုက ရက်စက်ယုတ်မာတဲ့ မိစ္ဆာ ဘီလီယံချီနဲ့ တိုက်ခိုက်နေတာ၊ တစ်ဖက်အင်အားစုမှာ တာအိုပညာရှိတွေထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု ရှိနေတယ်၊ သူက တာအိုပညာရှိတွေ ဝင်မပါနိုင်အောင် တားထားတယ်”
“အနန္တကမ္ဘာက ကျင့်ကြံသူတွေ စစ်မြေပြင်ကိုသွားပြီး ကူညီထောက်ပံ့ကြပါ၊ ဒါက ကောင်းကင်တာအိုသမိုင်းမှာ သက်ရှိအကုန်လုံး စည်းလုံးညီညွတ်ပြီး ရန်သူကို ခုခံတိုက်ခိုက်တဲ့ ပထမဆုံးတိုက်ပွဲပဲ၊ မီးလျှံမျိုးနွယ်စုက ကောင်းကင်တာအိုထဲကို ဝင်လာနိုင်ခဲ့ရင် သက်ရှိအကုန်လုံး ဘေးအန္တရာယ် ကျရောက်လိမ့်မယ်၊ ကောင်းကင်တာအိုလည်း ဘေးတွေ့လိမ့်မယ်၊ မျိုးနွယ်စုအသီးသီးနဲ့ ဂိုဏ်းအသီးသီးတို့ ရှင်သန်ကျန်ရစ်ဖို့အတွက် အတူတူ အလုပ်လုပ်ကြရလိမ့်မယ်”
အဲဒီနောက် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ကောင်းကင်ဘုံ ၃၃ ဘုံကနေ အင်မော်တယ်ကမ္ဘာကို ဆင်းသက်ပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက တာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းမှာ တာအိုနားထောင်ကြသူတွေပါ။
တခြားတစ်ဖက်မှာတော့ ဒီကိစ္စဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လှုပ်နိုးလိုက်ပါတယ်။ တပည့်ရင်းတွေဟာ တာအိုဘုံကျောင်းရှိရာကို ရောက်လာကြပါတယ်။ သူတို့တွေဟာ ကောင်းကင်တာအို ဒုက္ခရောက်တာကို ထိုင်ကြည့်မနေနိုင်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက အင်အားစု တော်တော်များများကို ပံ့ပိုးပေးထားတဲ့အတွက် သူတို့ဆရာသခင်က အင်မော်တယ်ကမ္ဘာမှာ အမြစ်တွယ်ချင်တယ်ဆိုတာ ထင်ရှားပါတယ်။
တပည့်တွေဟာ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်ပြီး မသက်မသာနဲ့ စောင့်နေကြပါတယ်။
တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “လီရွှမ်အောက်… နတ်မင်းအဆင့်နဲ့ နတ်မင်းအဆင့်အထက်က ကျင့်ကြံသူတွေကို စုစည်းပြီး ကောင်းကင်တာအိုကို သွားကာကွယ်ချည်၊ တပည့်ရင်းတွေလည်း လိုက်သွားလို့ရတယ်”
ဒီကိစ္စက ရုတ်တရက် ဖြစ်ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ အပြင်မထွက်ရဘူးဆိုတဲ့ သူ့ရဲ့စည်းကမ်းကို တစ်ထစ်လျှော့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ စစ်မြေပြင်ကို စစ်ဆေးပြီးပါပြီ။ မီးလျှံမျိုးနွယ်စုရဲ့ အုတ်မြစ်က တော်တော်ကို ကြောက်ဖို့ကောင်းတာပါ။ သူတို့မှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ တစ်ထောင်ကျော် ရှိနေပါတယ်။
ကောင်းကင်တာအို တစ်ခုလုံးမှာရှိတဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က မီးလျှံမျိုးနွယ်စုထက် နည်းပါးနေပါတယ်။ ဒီကိစ္စကို တကယ်ကို သေရေးရှင်ရေး အခြေအနေပါ။
“ဟုတ်ကဲ့ပါ”
လီရွှမ်အောက်ဟာ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး တပည့်တွေကို စတင်စုစည်းပါတယ်။ တပည့်ရင်းတွေလည်း လူစုခွဲလိုက်ပါတယ်။ ဒါပေမဲ့ ငရဲကြက်နက်ကတော့ ကျန်နေခဲ့ပါတယ်။
ငရဲကြက်နက်က အော်မေးပါတယ် “သခင်… ကောင်းကင်တာအို နိုင်နိုင်ချေ ရှိလား”
“ဘာဖြစ်လို့ မေးတာလဲ”
“ကျွန်တော်တို့တွေ ပြေးဖို့ ပြင်ထားသင့်လား” ငရဲကြက်နက်ရဲ့အသံဟာ တုန်ယင်သွားပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ မီးလျှံမျိုးနွယ်စုက တကယ်ကို အင်နဲ့အားနဲ့ လာတိုက်တာပါ။ ဒါပေမဲ့ ဒီကိစ္စက ဟန်ကျွယ်အတွက် သေရေးရှင်ရေး အခြေအနေ မဟုတ်သေးပါဘူး။ ဟန်ကျွယ်ဟာ ပထမဆုံး တားဆီးဖို့ ကြိုးစားကြည့်မှာပါ။ တားလို့မရရင်တော့ ဟန်ကျွယ်ဟာ ဆင့်ခေါ်တာအိုနဲ့ တပည့်အကုန်လုံးကို ပြန်ဆင့်ခေါ်ပြီး ထွက်ပြေးမှာပါ။ တာအိုစက်ကွင်းရဲ့ အစီအမံက မဟာတာအို တည်ရှိမှုကိုတောင် ခုခံနိုင်ပါတယ်။ ကောင်းကင်တာအို မရှိရင်တောင် ဟန်ကျွယ်ဟာ တစ်ခါတည်း မသေနိုင်ပါဘူး။ ပဋိပက္ခက ကြီးမား ကျယ်ပြန့်လွန်းတဲ့အတွက် ဟန်ကျွယ်ပုန်းဖို့ နေရာတစ်နေရာတော့ ကျိန်းသေပေါက် ရှိမှာပါ။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ပြေးမယ်၊ ဘယ်ကို ပြေးမှာလဲ”
ငရဲကြက်နက်က ဖြေပါတယ် “သခင် ဘယ်သွားသွား ကျွန်တော်လည်း လိုက်မယ်”
“သွားစမ်းပါ”
“ဟုတ်ကဲ့” ငရဲကြက်နက်ဟာ ချက်ချင်း ပျံထွက်သွားပါတယ်။
အဲဒီနေ့မှာပဲ လီရွှမ်အောက်ဟာ နတ်မင်းအဆင့် ကျင့်ကြံသူ ၂၀,၀၀၀ ကို စုစည်းလိုက်ပါတယ်။ တပည့်ရင်းတွေထဲမှာလည်း ငရဲကြက်နက်နဲ့ ပဋိပက္ခ ကောင်းကင်ခွေးကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက အပြင်ထွက်ပြီး မီးလျှံမျိုးနွယ်စုနဲ့ တိုက်ခိုက်ဖို့ ဆန္ဒရှိကြပါတယ်။ သူတို့ထဲမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ ချူရှီရန်နဲ့ လီရွှမ်အောက်တို့က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ဖြစ်ကြပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သူတို့တွေကို အပြင်ဘက် ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုစွန်းက စစ်ပွဲဟာ တော်တော်လေး ကြေကွဲဝမ်းနည်းဖို့ ကောင်းတာကို တွေ့လိုက်ရပါတယ်။ ကျင့်ကြံသူ တော်တော်များများ ကျဆုံးသွားပါပြီ။ မီးလျှံမျိုးနွယ်စုဘက်ကလည်း အထိအခိုက် တော်တော်လေး များပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုစွန်းမှာ လျင်မြန်စွာ ခရီးနှင်ပြီး အသွင်တူလက်ရည်စမ်းပွဲနဲ့ စစ်ဆေးပါတယ်။ အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ ပုစီချီတောက်ကို စစ်ဆေးမိသွားပါတယ်။
ပုစီချီတောက်ဟာ ဟန်ကျွယ်ကို မုန်းတီးမှု ကြယ်နှစ်ပွင့်ရှိပါတယ်။ ဒီမုန်းတီးမှုဟာ အမှောင်တာအိုပညာရှိ သေတုန်းက ပေါ်လာတာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး တစ်ခါတည်း အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ကာ ပုစီချီတောက်နဲ့ တိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက်ရှူကြိမ် ဆယ်ကြိမ် မပြည့်ခင်မှာပဲ ရှုံးနိမ့်သွားပါတယ်။ ဟန်ကျွယ်ဟာ အကောင်းဆုံး ကြိုးစားပေမဲ့ ပုစီချီတောက်ရဲ့ ဗိုလ်ကျလွန်းတဲ့ ဓမ္မစွမ်းအားကို မဟန့်တားနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ထပ်ပြီးတော့ မကြိုးစားပါဘူး။ စွမ်းအားချင်း ကွာခြားလွန်းတာက အတွေ့အကြုံနဲ့ ဖြည့်လို့မရပါဘူး။ ဟန်ကျွယ်ဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “ဘိုးဘေးရှီတျန် မရှိတာက ကောင်းကင်တာအို အခြေအနေကို တကယ်ပြောင်းလဲစေတာပဲ”
ဘိုးဘေးရှီတျန် ရှိနေတုန်းက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကြောင့် ကောင်းကင်တာအို သက်ရှိတွေရဲ့ ၉၀ ရာခိုင်နှုန်း သေကျေသွားတာတောင် ပဋိပက္ခက ကောင်းကင်တာအိုကို မကျူးကျော်ရဲခဲ့ပါဘူး။ အခု ဘိုးဘေးရှီတျန် ထွက်သွားတာနဲ့ ရန်သူမျိုးစုံ ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ပုစီချီတောက်ကို သေအောင် ကျိန်စာတိုက်ဖို့ တုံ့ဆိုင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ သူ့သရုပ်မှန် ပေါ်သွားမှာစိုးလို့ပါ။ ဒါပေမဲ့ ကောင်းကင်တာအို ပျက်စီးသွားလို့ ကြုံတွေ့ရမဲ့ အန္တရာယ်က သူ အမှောင်သခင်ကြီးဆိုတာ လူသိသွားလို့ ကြုံတွေရမဲ့ အန္တရာယ်ထက် ပိုများပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ အင်မော်တယ်ကမ္ဘာက ထိပ်သီးကျင့်ကြံသူတွေ စစ်မြေပြင်ထဲ ရောက်သွားတဲ့အတွက် ခံစစ်တန်း နောက်ဆုတ်မှုအလျင်က လျော့ကျသွားပါတယ်။ ဒါပေမဲ့ မီးလျှံမျိုးနွယ်စုရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့က ခက်ခဲနေပါသေးတယ်။
မီးလျှံမျိုးနွယ်စုရဲ့ စိတ်ဓာတ်က အတော်လေး သန်မာပါတယ်။ သူတို့ထဲက အားအနည်းဆုံး မျိုးနွယ်စုဝင်တောင် အသက်စွန့်ပြီး တိုက်ခိုက်ပါတယ်။
ဟန်ကျွယ်ဟာ မီးလျှံမျိုးနွယ်စုရဲ့ အလတ်တန်း အင်အားက သိပ်မရှိတာကို ရှာတွေ့သွားပါတယ်။ မီးလျှံမျိုးနွယ်စုက နတ်မင်းအဆင့် ကျင့်ကြံသူတွေ တော်တော်လေး နည်းပါတယ်။ သက်ရှိအများစုက မဟာညီညွတ်မှု မြေအင်မော်တယ်နဲ့ မဟာညီညွတ်မှု အင်မော်စစ် အဆင့်ပဲ ရှိကြပါတယ်။
ကြည့်ရတာ မီးလျှံမျိုးနွယ်စုရဲ့ တိုးတက်မှုက သာမန်မဟုတ်ပုံပါပဲ။ သူတို့ရဲ့ ကျင့်စဉ်တွေနဲ့ ပတ်သက်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအတိုင်းဆို အင်မော်တယ်ကမ္ဘာ စစ်ရှုံးဖို့က မသေချာတော့ပါဘူး။
ဟန်ကျွယ်ဟာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်းကင်တာအို သက်ရှိတွေကလည်း စည်းလုံးညီညွတ်နိုင်ဖို့ ကပ်ဘေးတစ်ခု လိုအပ်နေတာ မဟုတ်ပါလား။
ကျင့်ကြံသူတွေ ကောင်းကင်တာအို အပြင်ဘက်က စစ်မြေပြင်ကို ဦးတည်လေလေ အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာ စစ်မြေပြင်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်လာပါတယ်။
“မီးလျှံမျိုးနွယ်စုမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တစ်ထောင်ကျော် ရှိတယ်လို့ ပြောကြတယ်”
“များလှချည်လား…”
“တိုက်ပွဲက တော်တော်ရက်စက်တယ်၊ ငရဲပြည်တောင် ပြည့်တော့မယ်တဲ့”
“မီးလျှံမျိုးနွယ်စုက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား”
“မင်း ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကို မကြည့်ဘူးလား၊ ထိပ်ဆုံး စွမ်းအားကြီးပုဂ္ဂိုလ် ၂၀ က သူတို့ရဲ့အဆင့်တွေကို ဆုံးရှုံးသွားပြီ၊ သူတို့တွေ စစ်မြေပြင်မှာ သေခါနီး အန္တရာယ်နဲ့ ကြုံရလို့ ရွေးချယ်စရာမရှိတဲ့ ကံတရား အထောက်အပံ့ကိုသုံးပြီး သူတို့ဝိညာဉ်တွေကို ကာကွယ်လိုက်ရတယ်”
ကြောက်မက်ဖွယ် ကောလဟာလမျိုးစုံဟာ တောမီးလို ပျံ့နှံ့သွားပါတယ်။ သက်ရှိအားလုံး ချောက်ချားကုန်ပေမဲ့ ကပ်ဘေးကတော့ ပြီးမသွားပါဘူး။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာလည်း နိုးကြွလာပြီး စစ်မြေပြင်ဆီကို အပြေးသွားကြပါတယ်။ သူတို့တွေဟာ နောင်တရမဲ့အစား အသေခံမဲ့လူတွေပါ။
အင်မော်တယ်အဆင့်ရှိတဲ့ တပည့်အားလုံး စစ်မြေပြင်ကို သွားရမယ်လို့ မျိုးနွယ်စုတွေက တစ်စုပြီးတစ်စု အမိန့်ထုတ်လာကြပါတယ်။ ဒီအထဲမှာ အင်အားကြီးလာတာ မကြာသေးတဲ့ လူသားမျိုးနွယ်စုလည်း ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးလျှံမျိုးနွယ်စုက အင်မော်တယ်ကမ္ဘာထဲကို ခြေချလာပြီ ဖြစ်လို့ပါပဲ။ မီးလျှံမျိုးနွယ်စုဟာ တားဆီးမရပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ အင်မော်တယ်ကမ္ဘာထဲကို ခြေပဲချနိုင်ပြီး ရှေ့ဆက်မတက်နိုင်ကြပါဘူး။
အင်မော်တယ်ကမ္ဘာရဲ့ မြောက်ဘက်စွန်းမှာ ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဟာ ကောင်းကင်အောက်မှာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေပါတယ်။ သူဟာ မြင်းမြီးယပ်ကို ဆက်တိုက်ဝှေ့ယမ်းပြီး ကြောက်ခမန်းလိလိ ဓမ္မစွမ်းအားကို ကြောက်မက်ဖွယ် ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒီမုန်တိုင်းတွေဟာ စက်ဝန်းပြတ်ပုံစံ ပျံ့နှံ့ပြီး ကီလိုမီတာ သန်းပေါင်း ၈၀၀ ကျော်ကို နေရာယူကာ မီးလျှံမျိုးနွယ်စုရဲ့ တာအိုပညာရှိအတုတွေ အင်မော်တယ်ကမ္ဘာထဲကို မထိုးဖောက်နိုင်အောင် ဟန့်တားထားပါတယ်။
ဒီစွမ်းအားကြီးပုဂ္ဂိုလ်ကတော့ စန့်ချွမ်အဂ္ဂဘိုးဘေးပဲ ဖြစ်ပါတယ်။
အခုအချိန်မှာ အင်မော်တယ်ကမ္ဘာက ဒုက္ခရောက်နေပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကိုလည်း မေ့မထားပါဘူး။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ အင်မော်တယ်ကမ္ဘာမှာ ပြိုင်ဘက်ကင်းပါတယ်။ တာအိုပညာရှိအတုတွေထဲမှာ ကျိန်းသေပေါက် အစွမ်းအထက်ဆုံး တည်ရှိမှုပါ။ သူက အင်မော်တယ်ကမ္ဘာရဲ့ နယ်ခြားကို စောင့်ကြပ်ဖို့ အသင့်တော်ဆုံးပါပဲ။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
စန့်ချွမ်အဂ္ဂဘိုးဘေး တိုက်ခိုက်တာကို တွေ့ရတဲ့အတွက် တာအိုပညာရှိတွေဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “ထူးဆန်းတယ်လို့ မထင်မိဘူးလား၊ လီမုယဲ့က သေသွားပြီ၊ စန့်ချွမ်အဂ္ဂဘိုးဘေးက အခု ဘယ်သူ့စကားကို နားထောင်နေတာလဲ”
ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “သူ့မှာ ကောင်းကင်တာအိုကို ကာကွယ်လိုစိတ်တောင် မရှိရတော့ဘူးလား”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားက အဓိပ္ပာယ်ရှိတဲ့အတွက် သံသယ ဆက်မဝင်တော့ပါဘူး။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ စစ်မြေပြင်ကို ဆက်ပြီးတော့ ကြည့်ပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မီးလျှံမျိုးနွယ်စုရဲ့ တာအိုပညာရှိအတုတွေကို တစ်ယောက်တည်း ဟန့်တားလိုက်တာကြောင့် အင်မော်တယ်ကမ္ဘာကို အနားယူဖို့ အခွင့်အရေးတစ်ကြိမ် ပေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 642
? Views, Released on December 11, 2024