အခန်း (၆၄၁) အဆင့်တက်ခြင်း
‘သုံးဘီလီယံတောင် ကြာဦးမှာလား… ဒီလောက်ဆို မဆိုးသေးဘူး…’
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် နောက်ထပ် မေးခွန်းတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားတာကြောင့် ထပ်မေးလိုက်ပါတယ် “ငါ ကြမ္မာဆိုးစာအုပ်ကိုသုံးပြီး တခြားလူတွေကို ကျိန်စာတိုက်ရင် ကျိန်စာနတ်ဘီလူးကို ပိုအားကောင်းလာစေမှာလား”
ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ကြမ္မာဆိုးစာအုပ်က သုံးစားရတော့မှာ မဟုတ်ပါဘူး။
[မဖြစ်နိုင်ပါ။]
ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ကြမ္မာဆိုးစာအုပ်ကြောင့်သာ မဟုတ်ရင် ဟန်ကျွယ်ဟာ သူ့ထက် စွမ်းအားကြီးမားတဲ့ ရန်သူတွေကို သတ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရွေးချယ်မှု လုပ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပြီး ကျိန်စာနတ်ဘီလူးနှင့် ခပ်ဝေးဝေးနေမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ စတင်ပေါင်းစပ်လိုက်ပါတယ်။ လေးငါးလအကြာမှာတော့ ကြမ္မာဆိုးစာအုပ်ဟာ နောက်တစ်ဆင့်ကို အောင်မြင်စွာ တက်သွားပါတယ်။ ကြမ္မာဆိုးစာအုပ်ဟာ လွတ်လပ်မှု စိတ်ဝိညာဉ်ရတနာကနေ လွတ်လပ်မှု အကောင်းစား ရတနာ ဖြစ်သွားပါတယ်။
ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦးပဋိပက္ခ အလယ်အဆင့်ကို ထိုးဖောက်ချင်နေပါပြီ။
ကျိန်စာနတ်ဘီလူး မွေးဖွားလာတာက အင်မော်တယ်ကမ္ဘာကို ဘာမှမသက်ရောက်စေပါဘူး။ တာအိုပညာရှိတွေ ဆွမ်တိသေဆုံးမှုကို ဆွေးနွေးပြီးကတည်းက တာအိုပညာရှိ ဂိုဏ်းအသီးသီးဟာ စတင်လှုပ်ရှားလာပါတယ်။
တာအိုပညာရှိဂိုဏ်းတွေဟာ သူတို့ရဲ့ တပည့်တွေကို သေမျိုးကမ္ဘာအသီးသီးဆီ စေလွှတ်ပြီး တာအိုကျင့်စဉ်တွေ သင်ကြားပေးပါတယ်။ ဒါကြောင့် အင်မော်တယ်ကမ္ဘာတင်မကဘဲ သေမျိုးကမ္ဘာတွေပါ လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အင်မော်တယ်ကမ္ဘာအစွန်းက ပဋိပက္ခမြို့တွေဟာလည်း သက်ရှိတွေကို စတင်စုဆောင်းပြီး အနီးအနားက အမှောင်တားမြစ်နယ်မြေကို စူးစမ်းရှာဖွေပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းသွားလာနိုင်တဲ့ အစီအမံတွေ တည်ဆောက်ပြီး အင်မော်တယ်ကမ္ဘာ ကျယ်ပြန့်အောင် ကူညီပါတယ်။
အချိန်တစ်ခုအတွင်း ကောင်းကင်တာအို တစ်ခုလုံး အလုပ်ရှုပ်သွားကြပါတယ်။ တာအိုပညာရှိတွေဟာ တာအိုဟောကြားတာကို မရပ်ဘဲ ဆက်ဟောကြားတဲ့အတွက် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာပါတယ်။ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံရဲ့ တည်ရှိမှုအပြင် သူတို့ရဲ့ ဂုဏ်သတင်းတွေကလည်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။
နှစ်ငါးထောင်က ပလျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်လည်း ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို တာအိုဟောကြားပေးပါတယ်။ အန္တိမမူလ မဟာတာအိုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်တစ်ခုလုံးကို လွှမ်းမိုးသွားတဲ့အချိန်မှာ ဟန်ကျွယ်ရဲ့ အကြည့်ဟာ အင်မော်တယ်ကမ္ဘာဆီ ရောက်သွားပါတယ်။
ဟန်ယွီဟာ မကြာသေးခင်ကမှ နတ်မင်းအဆင့်ကို ရောက်ရှိသွားပါတယ်။ သူက လူသားမျိုးနွယ်စုရဲ့ စစ်နတ်ဘုရား ဆယ်ပါးထဲက တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ သူ့ကံတရား အထောက်အပံ့ကလည်း လူသားမျိုးနွယ်စုနဲ့ ဆက်နွှယ်နေပါတယ်။
လီတောက်ခုံး တာအိုပညာရှိ ဖြစ်လာကတည်းက လူသားမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ဟာ ပုံမှန်တိုးတက်လာပါတယ်။ အခုဆိုရင် လူသားမျိုးနွယ်စုက အင်မော်တယ်ကမ္ဘာရဲ့ အင်အားအကြီးမားဆုံး မျိုးနွယ်စုဆယ်စုထဲမှာ တစ်စု အပါအဝင် ဖြစ်နေပါပြီ။
နတ်ဆိုးတွေ ပြန့်ကွဲသွားကတည်းက အင်မော်တယ်ကမ္ဘာဟာ အေးချမ်းလာပါတယ်။ မျိုးနွယ်စု အသီးသီးကလည်း ကျင့်ကြံအားထုတ်တာနဲ့ အလုပ်များနေတဲ့အတွက် နယ်မြေချဲ့ထွင်ဖို့ အချိန်မရှိပါဘူး။ တာအိုပညာရှိတွေကလည်း အင်မော်တယ်ကမ္ဘာ ပိုပိုကြီးလာမယ်ဆိုတဲ့ အယူအဆကို အမြဲတမ်း ထည့်ဟောပါတယ်။ ဒါကြောင့် အခုအချိန်မှာ နယ်မြေအတွက် တိုက်ခိုက်တာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။
ဟန်ကျွယ်ဟာ ဟန်ယွီကို အများကြီး မျှော်လင့်မထားပေမဲ့ ဟန်ယွီရဲ့ တိုးတက်မှုကိုတော့ မျှော်ကြည့်နေတုန်းပါ။ ဟန်ယွီသာ အင်မော်တယ်ကမ္ဘာရဲ့ ပါရမီရှင်တစ်ပါး ဖြစ်လာမယ်ဆိုရင် ဟန်ကျွယ်က ဝမ်းသာပေးမှာပါ။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ယွီက လူသားတွေနဲ့ ချည်နှောင်နေမိပြီ ဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ လူသားတွေက ဟန်ယွီ လုပ်ချင်တာ မလုပ်နိုင်အောင် တားဆီးမဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ငရဲပြည်ဆီ ရောက်သွားပါတယ်။ ငရဲပြည်ကလည်း တိုးတက်နေပါတယ်။ မကြာမကြာဆိုသလို ဧကရီဟုတ်ထိုက သရဲနတ်တွေကို တာအိုဟောကြားပေးပြီး နွေဦးဝါရဲ့အဆုံးမှာ ပဋိပက္ခမြို့တစ်မြို့ကို တည်ဆောက်ထားပါတယ်။
နွေဦးပင်လယ်က ကောင်းကင်တာအိုရဲ့ အားအနည်းဆုံးနေရာလို့ ပြောကြပါတယ်။ ရန်သူသာ ကောင်းကင်တာအိုကို ကျူးကျော်ချင်ရင် ငရဲပြည်က ကျိန်းသေပေါက် တိုက်ခိုက်ဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင် အမှောင်ဘုရင် တာအိုပညာရှိ သေဆုံးသွားကတည်းက ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေကို တာအိုပညာရှိတွေက ချိပ်ပိတ်လိုက်ပါတယ်။ ဒီနယ်မြေရဲ့ ဝင်ပေါက်ကိုလည်း တာအိုပညာရှိအတုတွေက တစ်ချိန်လုံး စောင့်ကြပ်နေကြပြီး ဘယ်သက်ရှိကိုမှ အနားကပ်ခွင့် မပြုပါဘူး။
အရာအားလုံးက လမ်းမှန်ပေါ်ကို ရောက်နေတဲ့အတွက် ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပြီး စာစောင်တွေကို စတင်စစ်ဆေးလိုက်ပါတယ်။
ဘိုးဘေးရှီတျန်လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်တောင် အမင်္ဂလာ မကောင်းဆိုးဝါးတွေ၊ လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတွေ၊ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုက်ခိုက်တာကို ခံရပါသေးတယ်။ တကယ်ကို သနားဖို့ကောင်းပါတယ်။
‘တကယ်ကို ကောင်းကင်တာအိုက အလုံခြုံဆုံးပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
[ကျိန်စာနတ်ဘီလူးသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်ခွဲ။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး ကျိန်စာနတ်ဘီလူးက အသိဉာဏ်ရှိသွားပြီဆိုတာကို သိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။
နှစ်တစ်ရာကြာလို့ တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါ ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံပါတယ်။ နှစ်ငါးရာကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံရင်း စပြီးတော့ အဆင့်တက်ပါတယ်။
အဆင့်လေးတစ်ဆင့် တက်တာက ဘာပိတ်ဆို့မှုမှ မတွေ့ရပါဘူး။ ဟန်ကျွယ် စိတ်ရှည်ဖို့ပဲ လိုပါတယ်။ နှစ် ၈၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပါတယ်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ အဆင့်တက်မှုက ဟန်ကျွယ်ရင်ကို တော်တော်လေး ထိရှသွားစေပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁၆၂,၁၂၀/၃,၀၄၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လွပ်လပ်မှု လောကဦးပဋိပက္ခ အလယ်အဆင့်(ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဘာလိုလိုနဲ့ ဟန်ကျွယ်တောင် အသက် ၁၆၀,၀၀၀ ပြည့်သွားပါပြီ။ သက်ရှိတွေရဲ့ ရှုထောင့်ကနေကြည့်ရင် ဟန်ကျွယ်က ရှေးဟောင်းတည်ရှိမှုတစ်ခု ဖြစ်နေပါပြီ။ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး သူ့ကျင့်ကြံမှုကို ခိုင်မြဲအောင် လုပ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာရဲ့ အပြင်ဘက် မြောက်အရပ်ကို မျှော်ကြည့်လိုက်မယ်ဆိုရင် ခမ်းနားထည်ဝါတဲ့ မီးပင်လယ်က အမှောင်ထုထဲမှာ ခရီးနှင်နေတာကို တွေ့နိုင်ပါတယ်။ မီးပင်လယ်က ဘယ်လောက်ကျယ်လဲ မသိနိုင်ပါဘူး။ တရစပ် တောက်လောင်နေတဲ့ မီးလျှံတွေကြားမှာ ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်လွှတ်နေတဲ့ ရုပ်သွင်တွေဟာ မီးလျှံကြားထဲကနေ ထွက်ပေါ်လာပါတယ်။
ခေါင်းဆောင်ဖြစ်ဟန်ရှိသူက ပေတစ်သန်းကျော် မြင့်မားပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိပါတယ်။ ဒီလူဟာ ခရမ်းရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်ထက် ရှည်လျားတဲ့ လှံတံလေးချောင်းကို လက်လေးဖက်မှာ ကိုင်ထားပါတယ်။ ခါးမှာလည်း မီးနဂါးတွေ ဝန်းရံနေပြီး မီးနဂါးတွေရဲ့ နှာခေါင်းကနေ မီးလျှံတွေကို ဆက်တိုက်ကို မှုတ်ထုတ်နေပါတယ်။
“မီးလျှံမျိုးနွယ်စုရဲ့ ကလေးတွေ… ရှေ့မှာ ကောင်းကင်တာအိုပဲ၊ ငါတို့တွေ ကောင်းကင်တာအိုကို ထိုးဖောက်နိုင်တာနဲ့ မီးလျှံမျိုးနွယ်စုက ထပ်ပြီးတော့ ပုန်းအောင်းနေစရာ မလိုတော့ဘူး”
ပေတစ်သန်းကျော် မြင့်မားတဲ့ ရုပ်သွင်ဟာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ပါတယ်။ သူ့အသံဟာ အင်မော်တယ်ကမ္ဘာအစွန်းက ပဋိပက္ခမြို့ကို တပ်လှန့်လိုက်ပါတယ်။ ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ ဘီလီယံချီတဲ့ မီးလျှံမျိုးနွယ်စုဝင်တွေဟာ လှိုင်းလုံးကြီးတွေလို ကောင်းကင်တာအိုဆီ ချီတက်သွားပါတယ်။ ပဋိပက္ခမြို့ဟာ ထိတ်လန့်သွားပြီး ဂိုဏ်းအသီးသီးက တပည့်တွေကို စုစည်းကာ တိုက်ပွဲအတွက် ပြင်ဆင်ပါတယ်။
ဒီလိုနဲ့ ကမ္ဘာပျက်မတတ် တိုက်ပွဲဟာ စတင်ဖြစ်ပွားပါတော့တယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ သူ့တာအိုစက်ကွင်းထဲကနေ ထွက်လာပြီး ညာလက်ကိုဝှေ့ယမ်းကာ မန္တန်နဲ့ မီးလျှံမျိုးနွယ်စုကို တစ်ခါတည်း ဖျက်ဆီးပစ်ဖို့ ပြင်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်နှာပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဓမ္မစွမ်းအား ကောင်းကင်တာအိုကနေ ထွက်ခွာတာနဲ့ စိုးမိုးခြယ်လှယ်လွန်းတဲ့ အားတစ်ခုရဲ့ ချေမှုန်းတာကို ခံလိုက်ရလို့ပါပဲ။ တာအိုပညာရှိထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခုက အမှောင်ထဲမှာ ချောင်းမြောင်းနေပါတယ်။
“ဟမ်… တာအိုပညာရှိအဆင့်အောက်က တိုက်ပွဲကို ဝင်မပါနဲ့” အေးစက်တဲ့အသံကြောင့် တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ စကြဝဠာခန်းမကနေ ဓားချီတစ်စ ထွက်ပေါ်လာပြီး အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။
“မင်းကလည်း ကိုယ့်အကန့်အသတ် ကိုယ်မသိဘူးပဲ” အေးစက်တဲ့အသံဟာ ထပ်မံထွက်ပေါ်လာပါတယ်။
ကောင်းကင်အရှင်ရွှမ်တုရဲ့ ဓားချီဟာ ကောင်းကင်တာအိုကနေ ထွက်ခွာတာနဲ့ လွင့်ပါးပျောက်ကွယ်သွားပါတယ်။
မကြာခင်မှာပဲ တာအိုပညာရှိတွေဟာ စကြဝဠာခန်းမမှာ စုဝေးလိုက်ကြပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ မှောင်မည်းနေပါတယ် “ခုနကလူက ပုစီချီတောက်ပဲ၊ သူက တာအိုဘိုးဘေးခေတ်မှာ ပေါ်ထွက်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပဲ၊ မဟာတာအိုနဲ့ ရင်ပေါင်တန်းနိုင်တယ်၊ ငါတို့တွေ သူ့ကို မနိုင်ဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါ မီးလျှံမျိုးနွယ်စုကို ခုခံဖို့ ကျယ်ကျောင်းတော်ကို အမိန့်ပေးပြီးပြီ၊ ဒါပေမဲ့ မီးလျှံမျိုးနွယ်စုက သန်မာလွန်းတယ်၊ သူတို့မှာ တာအိုပညာရှိအတု ဆယ်ပါးနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တစ်ထောင်ကျော်တောင် ရှိတယ်၊ သေစမ်း… ဒီမီးလျှံမျိုးနွယ်စုက ဘယ်ကနေ ရောက်လာတာလဲ”
ကောင်းကင်အရှင်ဝူဖာက ပြောလိုက်ပါတယ် “ပဋိပက္ခက အဆုံးမရှိဘူး၊ အဲဒီမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီး မျိုးနွယ်စုတွေ အများကြီးပဲ၊ ပုစီချီတောက် တာအိုပညာရှိတွေကို ဝင်ပါခွင့်မပေးတာက မီးလျှံမျိုးနွယ်စုရဲ့ ကျူးကျော်မှုကို လွယ်ကူစေချင်လို့ပဲ၊ ကောင်းကင်တာအိုက တာအိုပညာရှိ အထက်မှာရှိတဲ့ တည်ရှိမှုတွေကိုပဲ ဟန့်တားနိုင်တာ၊ မီးလျှံမျိုးနွယ်စုမှာက တာအိုပညာရှိ မရှိဘူး၊ သူတို့တွေ ခံစစ်တန်းကို ချိုးဖျက်နိုင်တာနဲ့ ကောင်းကင်တာအိုထဲကို ဝင်နိုင်တယ်၊ သူတို့တွေ ကောင်းကင်တာအိုထဲက သက်ရှိအကုန်လုံးကို သတ်ဖြတ်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စွန့်ပစ်မယ်ဆိုရင် ကောင်းကင်တာအိုက သေသွားလိမ့်မယ်”
“အားလုံးပဲ… အကုန်လုံးကို စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်တော့၊ မီးလျှံမျိုးနွယ်စုနဲ့ တိုက်ပွဲကလွဲရင် တခြားပဋိပက္ခမြို့တွေကိုလည်း လူအင်အားတိုးရလိမ့်မယ်”
“နားလည်ပြီ”
တာအိုပညာရှိတွေဟာ အသံလွှင့်ပြီး သူတို့အင်အားစုတွေကို အမိန့်ပေးလိုက်ကြပါတယ်။
ဧကရာဇ်ရှောင်က မေးလိုက်ပါတယ် “ငါတို့တွေ ဟန်ကျွယ်ကို အကူအညီတောင်းသင့်လား”
ကောင်းကင်အရှင်ရွှမ်တုက ဖြေလိုက်ပါတယ် “ပုစီချီတောက်က အမှောင်ဘုရင် တာအိုပညာရှိထက် အများကြီး စွမ်းအားပိုကြီးတယ်၊ တာအိုရောင်းရင်းဟန်သာ ယုံကြည်ချက်ရှိရင် သူ့ဘာသာ တိုက်ခိုက်လိမ့်မယ်၊ ပြီးခဲ့တဲ့ ကောင်းကင်မိစ္ဆာ ကပ်ဘေးမှာ သောင်းကျန်းခဲ့တဲ့ တာအိုကောင်းကင်မိစ္ဆာက ပုစီချီတောက်ရဲ့ လက်အောက်ငယ်သားပဲ၊ သူက ကောင်းကင်တာအိုကို တော်တော်မုန်းတာ၊ သူက သူ့ကိုယ်သူ တာအိုဘိုးဘေးထက် စွမ်းအားကြီးတယ်လို့ ခံယူထားတာ၊ ဒါပေမဲ့ ကောင်းကင်တာအိုက သူ့ကို မရွေးချယ်ခဲ့ဘူးလေ”
တခြားတာအိုပညာရှိတွေဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ရှီတုတောက်ကလည်း ရေရွတ်လိုက်ပါတယ် “ကြည့်ရတာ ကျွန်တော် တာအိုကို ခပ်စောစော ရယူမိခဲ့ပြီနဲ့တူတယ်”
ရှီတုတောက်ဟာ သူ့အစွမ်းကို သူယုံပါတယ်။ အဆင့်တူရင် သူ့ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ လီတောက်ခုံးတောင် သူ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ရှီတုတောက်ဟာ ပွဲကြည့်ပရိသတ်ပဲ လုပ်နိုင်ပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 641
? Views, Released on December 11, 2024