Chapter – 122
“နည်းအမျိုးမျိုးဖြင့်သတ်ဖြတ်ရန်ကြိုးစားခြင်း”
ထိုကဲ့သို့ ထောင်ချောက်ဆင်မှုမျိုးသည် မော်တယ်ကမ္ဘာတွင် ရှိနိုင်မည် မဟုတ်သော်လည်း ချင်းယန် နယ်ပယ်မှာတော့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။
ထိုအချက်အား ဂုဂျင်လုံသည် ကောင်းစွာ သိရှိလေ၏။
ယခုအခါ သူသည် မရဏကျောက်တုံးတွင် လုံးဝ ကပ်နေပြီဖြစ်ပြီး အကယ်၍ ဉာဏ်တုံးသော ဖန်ဇီလင်သာ သူ့လက်ဖြင့် ဆွဲလိုက်မည် ဆိုပါက အခြေအနေအားလုံး ပြောင်းလဲသွားမည် ဖြစ်ပေသည်။ ထိုကျောက်တုံးမှ လွတ်မြောက်သွားနိုင်မည် ဖြစ်၏။
ယခုအခါ ဖန်ဇီလင်အား စတေးမှသာ သူလွတ်မြောက်နိုင်ပေလိမ့်မည်။
ဖန်ဇီလင်သည် နောက်ပိုင်း သူ့အတွက် အကျိုးကျေးဇူးများ ပေးနိုင်မည့် လူတစ်ဦး ဖြစ်သော်လည်း သူ့အသက်ထက်တော့ အရေးမကြီးပါချေ။
ဂုဂျင်လုံသည် သူ့အစား ဖန်ဇီလင်ကို အသေခံခိုင်းမည်ပင် ဖြစ်၏။
(မိတ်ဆွေဆိုတာ သစ္စာဖောက်ပြီး အသုံးချဖို့ အတွက် ဖြစ်လာရတာပဲ။ အခု ငါလည်း ဖန်ဇီလင်ကို အသုံးချပြီး ငါ့အသက်ကို ကယ်တင်နိုင်တော့မယ်။ တော်သေးတာပေါ့ . . .)
ဂုဂျင်လုံသည် ထိုကဲ့သို့ လုပ်ရသည့်အတွက် သူ့လုပ်ရပ် မှားသည်ဟု မထင်မိချေ။
သူ့အား နှစ်ပေါင်း ၅၀ တိုင်တိုင် စောင့်စားနေခဲ့သည့် မိန်းမဖြစ်သူကိုပင် သတ်ဖြတ်ပစ်ခဲ့သူ မဟုတ်ပါလား။ ထို့ကြောင့် တခြားသူစိမ်းတစ်ယောက်အား စတေးမည့် အဖြစ်သည် အံ့သြစရာတော့ မဟုတ်ချေ။
ဂုဂျင်လုံသည် ဖန်ဇီလင်မှာ အမြဲတမ်း ရိုးရိုးသားသားဖြင့် ကူညီတတ်သူ တစ်ဦး ဖြစ်သဖြင့် သူ့အား လက်ဆွဲ၍ ကူညီမည်ဟု တထစ်ချ ယုံကြည်ထားမိလေသည်။
ထို့ကြောင့် ဖန်ဇီလင် သေဆုံးပါက သူ့အသက်ကို ကယ်တင်ပေးခဲ့သည့် အတွက် အမြဲတမ်း အမှတ်ရနေမည်ဟုလည်း တွေးနေမိလေ၏။
သို့သော်လည်း ထိုအချိန်ထိ ဖန်ဇီလင်သည် မလှုပ်မယှက်ဖြင့် ရပ်နေဆဲပင်ဖြစ်ပြီး လုပ်ချင်သည့် အမူအယာမျိုး မပြချေ။
“မင်းဘာလို့ မကယ်သေးတာလဲ . . .”
ဂုဂျင်လုံသည် ခေါင်းကို စောင်းငဲ့၍ မကြည့်နိုင်ဘဲ မရဏကျောက်တုံးကို မျက်နှာမူလျက် အနေအထားဖြင့်ပင် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“ဟက် ဟက် . . .”
ရဲရှောင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“ဂုဂျင်လုံ . . . မင်းက ငါ့ကို လုပ်စေချင်တယ်ပေါ့ . . .”
ဂုဂျင်လုံ တုန်လှုပ်သွားလေ၏။ သူထင်ထားသလို ကိစ္စချောတော့မည် မဟုတ်မှန်း ခံစားလိုက်ရ သဖြင့် –
“မင်း . . . မင်း . . .”
ရဲရှောင်မှ –
“ငါ့မှာ ဒီလို ပြီးပြည့်စုံလှတဲ့ ထောင်ချောက်ထဲ ဝက်တစ်ကောင်လို မင်းမိဖို့ အတွက် အများကြီး အားထုတ်ခဲ့ရတာကွ။ အဲဒါတောင်မှ မင်းက ငါ့ကို ကူညီစေချင်နေတယ်ပေါ့လေ။ မင်းအတွက် သေပေးရ မယ်ပေါ့ ဟုတ်လား . . . မင်းကို ငါထိလိုက်ရင် ဘာဖြစ်မလဲ ဆိုတာကို ငါမသိဘူးများ ထင်နေတာလား ”
“နောက်ပြီး မင်းက ငါ့ကိုတောင် မာန်မဲနေသေးတယ်။ မင်းကတော့ တွေးနေမှာပေါ့ ‘ညီလေးဖန်၊ ငါမင်းရဲ့ ကြင်နာမှုတွေကို အမြဲတမ်း အမှတ်ရနေပါ့မယ်ကွာ’ ဆိုပြီးတော့လေ ဟုတ်တယ်မလား။ ဟားဟား ဟား . . . ဂုဂျင်လုံ၊ မင်းကတော့ တော်တော်ကို တုံးတဲ့ကောင်ပဲ . . .”
ဂုဂျင်လုံ သွေးအန်လုနီးပါး ဖြစ်နေချေပြီ။ ဒေါသတကြီး အမူအယာဖြင့် –
“မင်း . . . မင်း . . . မင်း ဘာတွေ ပြောနေတာလဲ။ ဘယ်လိုတွေ ဖြစ်ရတာလဲ . . .”
ရဲရှောင်မှ –
“ကောင်းပြီ . . . ငါလည်း မလိုအပ်တာတွေ ပြောမနေတော့ပါဘူး။ မင်းက ငါ့ကို တစ်ခုခုလုပ်ဖို့ တိုက်တွန်းနေတာမလား။ မင်းအတွက် လုပ်ပေးရမှာပေါ့ . . .”
ပြောနေရင်းဖြင့် သူသည် အစောပိုင်းကတည်းက ပြင်ဆင်ထားခဲ့သော ဓားတစ်ချောင်းအား ထုတ်လိုက်ပြီး ဂုဂျင်လုံ၏ ခေါင်းအား အားကုန် ထိုးချလိုက်ပါတော့သည်။
ပါးစပ်မှလည်း ကြုံးဝါးလျက် ရှိနေလေ၏။
“ဒါပဲ ရမယ်ကွ”
ဂုဂျင်လုံသည် ကြောက်လန့်တကြား လေသံဖြင့် –
“မလုပ်ပါနဲ့ . . . ညှာတာပေးပါ . . .”
သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် မူလတာအိုအဆင့်ရှိ ထိပ်သီး ပညာရှင် ဂုဂျင်လုံသည် တောင်းပန်နေရပြီ ဖြစ်လေသည်။
“သနားညှာတာရမယ် ဟုတ်လား . . .”
ရဲရှောင် အော်လိုက်ရင်း ဂုဂျင်လုံ၏ ခေါင်းအား ခုတ်ချပြန်ပါသည်။
“အား . . .”
ဂုဂျင်လုံမှာလည်း အော်ဟစ်နေလေ၏။
“ဟင် . . .”
ရဲရှောင် အံ့သြနေမိလေ၏။
ဂုဂျင်လုံသည် သူ့ခေါင်းကို ပြင်းထန်စွာ တိုက်ခိုက်နေကြောင်း သိသဖြင့် ထိတ်လန့် တုန်လှုပ်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်နေခြင်း ဖြစ်လေသည်။
ရဲရှောင်မှာမူ သူ့ဓားသည် ခေါင်းအား ခုတ်မိခြင်း မဟုတ်ဘဲ အလွန်မာကျောသော သံမဏိသား အား ခုတ်နေရသလို ခံစားနေရလေ၏။ သူ့လက်များပင် တုန်ရီ၍ သွေးခြေဥလာသလို ဖြစ်လာပေသည်။
“ခွမ်း . . .”
ဓားသည် ၂ ပိုင်း ကျိုးသွားလေတော့၏။
ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ဂုဂျင်လုံ၏ခေါင်း မည်မျှထိ မာကျောသလဲ ဆိုတာကို သိနိုင်ပေသည်။
ဂုဂျင်လုံလည်း အခြေအနေကို ချက်ချင်း ရိပ်စားမိသွားသဖြင့် ရယ်မောလိုက်လေ၏။ ထို့နောက် ကြောက်ရွံ့တုန်လှုပ်မှု ကင်းမဲ့သွားပြီး –
“ငါ့ရဲ့ ခန္ဓာကိုယ်ကို နှစ်ပေါင်း ၅၀၀၀ ကျော် လေ့ကျင့်ထားခဲ့တာကွ။ ငါ့ရဲ့ ဝိညာဉ်တော် စွမ်းအားတွေနဲ့ ခန္ဓာကိုယ်ကို ပိုပြီး ကြံ့ခိုင်အောင် မလုပ်နိုင်နေဘူး ဆိုပေမဲ့ သံမဏိလို မာကျော နေတုန်းပဲ။ ဖန်ဇီလင် . . . မင်းက သိပ်ပြီး အားနည်းနေတယ်။ ငါ့ကို သတ်လို့ မရပါဘူးကွာ . . . ဘာမှကို မလုပ်နိုင်ဘဲ ငါပြန်ကောင်းလာတာကိုသာ ထိုင်ကြည့်သလို ဖြစ်နေမှာ။ ငါအခု ဒီက လွတ်တာနဲ့ မင်းဘယ်ကို ပြေးပြေး ရအောင် လိုက်သတ်မယ်လို့ ကျိန်ဆိုတယ်။ မင်းကများ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ ဟားဟားဟား . . .”
ဓားသည် ဂုဂျင်လုံအား နာကျင်စေခြင်း မရှိပုံပေ။ ထို့ကြောင့်ပင် ဂုဂျင်လုံသည် မာန်မာန ထောင်ကြွားနေတာ ဖြစ်ပြီး တောင်းပန်ခြင်း မရှိတော့ဘဲ ကျယ်လောင်စွာ ရယ်မောနေခြင်း ဖြစ်လေ၏။
ရဲရှောင်လည်း နောက်ထပ် ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဂုဂျင်လုံ၏ လည်ပင်းအား ခုတ်ချ လိုက်ပြန်သည်။
“ရွှစ် . . .”
ဦးခေါင်းသည် ခန္ဓာကိုယ်တွင် အမာကျောဆုံး အဆိပ်အပိုင်း ဖြစ်သဖြင့် ဓားဖြင့် ထိတွေ့သောအခါ ကျိုးကြေသွားရခြင်း ဖြစ်မည်ဟု ရဲရှောင် တွေးလိုက်မိသည်။ လည်ပင်းနေရာမှာမူ လူတစ်ဦးအတွက် အလွန်အရေးပါသော နေရာဖြစ်ပြီး သွေးကြောများ အားလုံး စုဆုံရာ နေရာလည်း ဖြစ်ပါသည်။ နူးညံ့ပျော့ပြောင်းမှုလည်း ရှိမည်ဖြစ်ပြီး ထို့ကြောင့် လည်ပင်းအား ပိုင်းဖြတ်ခြင်းမှာ အလုပ်မည်ဟု ရဲရှောင်ထင်နေမိလေ၏။
သို့သော်လည်း ယခင်ကဲ့သို့ပါပင်။
“ခွမ်း . . .”
ဓားသည် ၂ ပိုင်း ပြတ်သွားရပြန်လေ၏။
ရဲရှောင် စိတ်ထဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ ယခုအချိန်တွင် သူသည် အလွန်အားနည်း နေသေးတာဖြစ်ပြီး သူ၏ ရန်သူမှာ လည်စင်းပေးနေသည့်တိုင် ရအောင် မသတ်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
အနည်းငယ်ပင် စိုးရိမ်စိတ် ဝင်မိသွားပြီး မရပ်မနား တိုက်ခိုက်လိုက်ပြန်သည်။ ဂုဂျင်လုံ၏ ခန္ဓာကိုယ်အား လက်နက်အမျိုးမျိုးဖြင့် တိုက်ခက်နေခြင်း ဖြစ်ပြီး တစ်နေရာမှ မလွတ်အောင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါသည်။ သူ့ရှေ့ရှိ ဂုဂျင်လုံအား အလွန် သတ်ချင်နေမိပြီ ဖြစ်၏။
ဂုဂျင်လုံသည် သူ၏ လျို့ဝှက်အပ်သော နေရာများကိုပါ တိုက်ခိုက်ခြင်း ခံရသဖြင့် မနှစ်မြို့ဟန်ဖြင့် ဒေါသတကြီး အော်ဟစ်နေလေသည်။
“ဖန်ဇီလင် . . . မင်းက ငါ့ကို စော်ကားလွန်းနေပြီ။ မင်းကို သတ်မယ် ခွေးကောင်။ မင်းကို တစစီ လုပ်ပစ်မယ်။ မင်းရဲ့ ဝိညာဉ်တော်ကိုပါ နှစ်ထောင်သောင်းချီ အကျဉ်းချပစ်မယ်။ ထာဝရ ခံစားနေစေရမယ်”
ရဲရှောင်သည် ဂုဂျင်လုံ၏ ဆဲဆို ကြိမ်းမောင်းသံများကို နားထောင်နေရသော်လည်း သူ့မျက်နှာမှာတော့ မပြောင်းလဲဘဲ ရှိနေလေ၏။ သို့သော် သူ့စိတ်ထဲမှာမူ အံ့သြနေမိလေတော့၏။
တကယ်ကိုပင် ဂုဂျင်လုံ၏ ခန္ဓာကိုယ်သည် မာကျောလွန်းလှပြီး ရဲရှောင်အနေဖြင့် အနည်းငယ်မျှပင် နာကျင်အောင် မလုပ်နိုင်ခဲ့ပေ။ ထိုကဲ့သို့ ဖြစ်နေခြင်းမှာ မရဏကျောက်တုံးကို အသုံးပြုခဲ့ခြင်းကြောင့်လည်း ဖြစ်သည် ဆိုတာကို ရဲရှောင် ရိပ်စားမိလေသည်။
ရဲရှောင်သည် မရဏကျောက်တုံးတွင် ထူးခြားသော အစွမ်းသတ္တိမျိုး ရှိနေကြောင်း သိထားပြီး ဖြစ်၏။ ဂုဂျင်လုံ၏ ခန္ဓာကိုယ်အား စုပ်ယူနေရုံသာမက ဂုဂျင်လုံ၏ ခုခံနိုင်သည့် ဝိညာဉ်တော် စွမ်းအား များကိုပါ စုပ်ယူနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အဆိုပါ စွမ်းအားများ ထွက်နေခြင်းကြောင့် ခန္ဓာကိုယ် သာမန်ထက်ကို ပို၍ မာကျောနေခြင်း ဖြစ်၏။ အစီအစဉ်များသည် ရဲရှောင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ လမ်းတဝက်မှာတင် ရပ်နေသလို ဖြစ်နေချေပြီ။
(ဂုဂျင်လုံက အခု မလှုပ်နိုင်ဘူး။ ငါ့အတွက် သူက သေလူတစ်ယောက်လို ဖြစ်နေပြီ။ ငါသာ သူ့ကို ဒီအခြေအနေမှာ မသတ်နိုင်ဘူး ဆိုရင် ငါ့တစ်ဘဝလုံးအတွက် အရယ်ရဆုံး ဟာသတစ်ခု ဖြစ်နေလိမ့်မယ်)
မရဏကျောက်တုံးသည် အလွန်ကို အစွမ်းထက်လွန်းလှပေသည်။ ဂုဂျင်လုံအား ဆွဲစုပ်နေလျက် ရှိပြီး သို့သော်လည်း အတိုင်းအတာတော့ ရှိမည်မှာ သေချာလှ၏။ ယခုကဲ့သို့ ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မလဲ ဆိုတာကိုလည်း ရဲရှောင် သေချာမသိရှိနိုင်ပေ။
အကယ်၍ ဂုဂျင်လုံ၏ စွမ်းအားများသာ အကုန်အစင် စုပ်ယူခြင်း မခံရဘူး ဆိုပါက အနှေးနဲ့ အမြန်ဆိုသလိုပင် ဂုဂျင်လုံလည်း လွတ်မြောက်လာမည် ဖြစ်၏။
ထိုကဲ့သို့သာ ဆိုပါက ယခုအခြေအနေနှင့် ပြောင်းပြန်ဖြစ်သွားမည် ဖြစ်ပြီး ရဲရှောင်မှာ သေလူ အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဂုဂျင်လုံ၏ လည်စိ၊ လည်တိုင်၊ ခေါင်း၊ မျက်လုံးများ၊ နားများ၊ နောက်ကျော၊ ခါး၊ ခြေများ၊ လက်များနှင့် လိင်တံကိုပါမကျန် ရဲရှောင် တိုက်ခိုက်ခဲ့ပြီး ဖြစ်၏။
လက်နက်အမျိုးမျိုးကို အသုံးပြု၍ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ဂုဂျင်လုံမှာမူ မလှုပ်မယှက် ဖြင့်သာ ငြိမ်ခံနေရခြင်း ဖြစ်ပေသည်။ မည်သို့ပင် ထုရိုက်ပါစေ လုံးဝကို နာကျင်မှု ရှိဟန် မပေါ်ချေ။
သူ၏ အဝတ်အစားများမှာမူ စုတ်ပြဲကုန်လျက် ရှိပြီး ယခုအချိန်တွင် ကိုယ်လုံးတီးနီးပါး ဖြစ်နေချေပြီ။ သူ၏ တစ်ကိုယ်လုံး အရှက်ကုန်အောင် ပေါ်နေပြီဖြစ်ပြီး ရဲရှောင်၏ တိုက်ခိုက်မှုကြောင့် ခြစ်ရာလောက်သာ ဖြစ်ပေါ်ကာ ဒဏ်ရာဟူ၍ ကြီးကြီးမားမားပင် မရှိချေ။
သူသည် မလှုပ်ရှားနိုင်သဖြင့် ပါးစပ်မှ ကျိန်ဆဲ၍သာ နေပါတော့သည်။
သူသည် ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း နာကျင်မှု အနည်းငယ်ကိုတော့ ခံစားနေရပါသည်။ အထူးသဖြင့် သူ၏ လိင်အင်္ဂါကို တိုက်ခိုက် ခံရသည့် အချိန်မျိုးတွင် ရှက်ရွံ့မှုလည်း ဖြစ်နေမိ၏။
မရဏကျောက်တုံးမှာ ဂုဂျင်လုံအား ဆက်လက်၍ စုပ်ယူနေဆဲပင် ဖြစ်သည်။
စုပ်ယူမှု စွမ်းအားအပြင် အေးစက်သော ရေခဲချီဓာတ်များသည်လည်း ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲလာပါတော့သည်။ တခဏအကြာတွင် တောင်တစ်ခုလုံး အေးခဲသွားပြီး ချီဓာတ်များ ပြန့်လွင့်နေမှုကြောင့် ရေခဲတောင်ကြီး လုံးလုံးပင် ဖြစ်နေပါချေပြီ။
နေရောင်အောက်တွင် တောက်ပနေသည့် ရေခဲတောင်ကြီးသည် အလွန်ကို လင်းလတ်၍ လှပလှပေ၏။
လိုဏ်ဂူ၏ ဝင်ပေါက်တွင်လည်း ရေခဲများဖြင့် ပိတ်သွားခဲ့ချေပြီ။
ထိုကဲ့သို့ အေးစက်နေသည့် ရေခဲကမ္ဘာသို့ ရောက်ရှိနေသည့်တိုင် ရဲရှောင်သည် ချွေးစေးများ ပြန်လျက် ရှိနေ၏။ အဆက်မပြတ် တိုက်ခိုက်လျက် ရှိပြီး ဖြစ်နိုင်သမျှ နည်းလမ်းအမျိုးမျိုးကို သုံးကာ ဂုဂျင်လုံအား သတ်ဖြတ်နေခြင်း ဖြစ်ပေသည်။
သူဂူထဲတွင် စီစဉ်ထားခဲ့သည့် လက်နက်များအားလုံးလည်း ကုန်သလောက် ဖြစ်နေပြီ ဖြစ်သည်။
ခုတ်ခြင်း၊ ပိုင်းခြင်း၊ ထိုးသွင်းခြင်း၊ ပင့်ထိုးခြင်း၊ စိုက်ချခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက် နေလေသည်။
“ခွပ် . . . ဒေါင် . . . ဒင် . . . ခွမ်း . . .”
ကြမ်းပြင်ထက်တွင်လည်း လက်နက်အကျိုး အပိုင်းအစများစွာ ရှိနေပြီ ဖြစ်၏။
ဂုဂျင်လုံ၏ အရေပြားပေါ်တွင်မူ အဖြူရောင် ခြစ်ရာလေး အနည်းငယ်သာ ထင်ကျန်နေပါသည်။
လက်နက်များအားလုံး ကုန်သွားသည့်တိုင် ဂုဂျင်လုံမှာမူ အေးအေးဆေးဆေးပင် ရှိနေပါသေးသည်။
ရဲရှောင်လည်း လက်များအား ဝေ့ယမ်းလိုက်သောအခါ အပ်တစ်ချောင်း ပေါ်လာပြီး ဂုဂျင်လုံ၏ မျက်လုံးအိမ်အတွင်း ထိုးဖောက်ကြည့်ရန် ကြိုးစားလိုက်သည်။
ဂုဂျင်လုံသည် လက်နက်များ ကုန်သွားသည့်အခါမှသာ အပ်အမည်းလေး တစ်ချောင်းကို ထုတ်ယူလိုက်သဖြင့် သာမန်တော့ မဟုတ်ဘူး ဆိုတာကို သိလိုက်သည်။ သူ့အနေဖြင့် သူ့မျက်လုံးများအား အဆိုပါ အပ်ဖြင့် ထိုးဖောက်ခံရမည်ကို မဝံ့မရဲ ဖြစ်နေမိသည်။ မျက်လုံးဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင် အနူးညံ့ဆုံး အစိတ်အပိုင်းပင် ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် ဂုဂျင်လုံလည်း မျက်လုံးကို အတင်းမှိတ်၍သာ ထားလိုက်၏။
ထိုအခြေအနေမှာ ဂုဂျင်လုံ လုပ်နိုင်သည့် တစ်ခုတည်းသော လှုပ်ရှားမှုပင် ဖြစ်သည်။
ချွန်မြလှသော အမည်းရောင် အပ်လေးသည် သူ၏ မျက်ခုံအား တိုးဝင်လာတာကို ခံစားမိလိုက် လေ၏။
“အား . . .”
ဂုဂျင်လုံလည်း နာကျင်စွာ အော်ဟစ်လိုက်ပါတော့သည် . . .။