Chapter – 121
“အလုပ်ဖြစ်သွားခြင်း”
(ခရမ်းရောင် ကြာပန်းသခင်က မကြာခင်မှာ ပြန်ပြီး ကျန်းမာလာဖို့အတွက် ဆေးလုံးတွေကို သွားယူမှာပဲ။ အဲဒီအခါ သူ့ကို သတ်လို့ရပြီ။ အချိန် ကြာလာတာနဲ့အမျှ သူ့အခြေအနေကလည်း ဆိုးသထက် ဆိုးလာမှာ သေချာတယ်။ ငါ့အတွက် ပိုတောင် ကောင်းသွားဦးမယ်။
နောက်ပြီး ငါသူ့ကို မသတ်ခင် ဟိုဆေးဆရာကို သတ်လိုက်ရင် ကြာပန်းသခင်လည်း ဘယ်လိုမှ ပြန်ပြီး ကျန်းမာလာနိုင်စရာ အကြောင်းမရှိတော့ဘူး။ ထားပါတော့ ဒါကတော့ နောက်ဆုံး အဆင့်ပေါ့။ တခြား ရွေးချယ်စရာ မရှိတော့ဘူး ဆိုမှသာ ဆေးဆရာ အဖိုးကြီးကို သတ်ရမှာပဲ . . .)
ဂုဂျင်လုံသည် သူ့ရှေ့ရှိ မရဏကျောက်တုံးကိုသာ အကြည့်ရောက်လျက် ရှိသည်။ လိုချင် တပ်မက် မှုများကို မျက်လုံးများတွင် အတိုင်းသား မြင်တွေ့နိုင်လေ၏။
“ဒါ . . . ဒါ . . . ဒဏ္ဍာရီထဲက နံပါတ် ၁ ရတနာ ပစ္စည်းပေါ့။ အခုတော့ ငါ့လက်ထဲ ရောက်ရတော့ မှာပါလား . . .”
ဂုဂျင်လုံသည် တစ်ကိုယ်လုံး တုန်ရီသလို ဖြစ်နေပြီး ရေရွတ်လိုက်သည်။
ထို့နောက် ကျောက်တုံး ရှိရာသို့ ဖြည်းညင်းစွာပင် လျှောက်လှမ်း သွားလေသည်။
ကျောက်တုံး၏ အပေါ်ဘက်တွင် ဝိညာဉ်တော် ကျောက်ပြားအချို့ တင်ထားသည်ကို မြင်တွေ့ လိုက်ရသည်။ ထိုကျောက်ပြားများမှ ထူးဆန်းသော အရောင်အနည်းငယ်လည်း ထွက်ပေါ် နေပါသည်။ ခရမ်းရောင် ကြာပန်းသခင်သည် လောလော လောလောဖြင့် သွားသဖြင့် ယခုပစ္စည်းများ မေ့ကျန်ခဲ့တာ ဖြစ်နိုင်သည်ဟု သူတွေးလိုက်မိ၏။
ဂုဂျင်လုံသည် မရဏကျောက်တုံးကိုသာ ငေးစိုက်၍ ကြည့်နေလေ၏။ ဝိညာဉ်တော် ကျောက်ပြား များကိုမူ သတိတောင် မရချေ။
သူမြင်နေရသည့် ရတနာနှင့် နှိုင်းစာပါက တန်ဖိုးမရှိသည့် ကျောက်ပြားများပင် မဟုတ်ပါလား။
“သူရိယဂိုဏ်းရဲ့ အဓိက ပညာရပ်က ယင်-ယန် စွမ်းအား ပညာရပ်ပဲ။ ကျင့်ကြံရတာ ခက်တယ် ဆိုပေမဲ့ တကယ်လည်း ကောင်းပါတယ်။ သာမန်အားဖြင့် ဒီပညာရပ်ကို နည်းနည်းလောက် အောင်မြင်ဖို့ ကိုပဲ နှစ်ပေါင်း ၃၀၀၀ လောက် အချိန်ယူရတယ်။ ဒါပေမဲ့ မရဏကျောက်တုံးနဲ့သာဆို ၃ နှစ်အတွင်း အောင်မြင်မှုတွေ အများကြီး ရနိုင်မှာ သေချာတယ် . . .”
ဂုဂျင်လု ရယ်မောရင်း ရေရွတ် နေမိ၏။
“ငါသာ ယင်-ယန် စွမ်းအား ပညာရပ်ကို လေ့ကျင့်အောင်မြင် သွားပြီးရင် ချင်းယန်နယ်ပယ် တစ်ခုလုံးမှာ ငါ့ကို ဆန့်ကျင်ရဲတဲ့ လူဆိုတာ ရှိမှာကို မဟုတ်တော့ဘူး . . .”
“အတုမရှိကို ဖြစ်သွားမှာ။ ငါ့အမိန့်ကို ဘယ်သူမှ ဖီဆန်ဝံ့တော့မှာ မဟုတ်ဘူး ဟားဟားဟား . . .”
ဂုဂျင်လုံသည် တွေးရင်းဖြင့် သဘောကျလာပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိလေ၏။
သူသည် ခံစားချက်ကို အပြင်ပိုင်းတွင် မဖော်ပြတတ်သော သိုသိုသိပ်သိပ် နေတတ်သည့် လူတစ်ဦး ဖြစ်လေ၏။ သို့သော်လည်း ယခု ဘယ်သူမှ မရှိမှန်း သေချာ သိနေသည့်အပြင် ရှိနေလျှင် တောင်မှ ဂရုစိုက်မည် မဟုတ်သောကြောင့် စိတ်လွတ်လက်လွတ် ရယ်မောလိုက်ခြင်း ဖြစ်သည်။ မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် သူ့ကို တိုက်ခိုက်နိုင်သော လူဆိုသည်မှာ မရှိနိုင်ပါချေ။
သူ့ဘဝတွင် အလိုချင်ဆုံးသော ပစ္စည်းသည် သူ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့်ပင် ရင်ထဲမှ ပျော်ရွှင် ကျေနပ်မှုများအား မဖုံးဖိထားနိုင်တော့ခြင်း ဖြစ်သည်။
ထို့ကြောင့် နှလုံးသား အလိုဆန္ဒအရ စိတ်လွတ်လက်လွတ်ဖြင့် ပြုမူ နေထိုင်လိုက်မိခြင်း ဖြစ်ပေသည်။
“ငါသာ ယင်-ယန် စွမ်းအား ပညာရပ်ကို လေ့ကျင့်ပြီးသွားရင် ဘယ်သူ့ကိုမှလည်း ကြောက်နေစရာ မလိုတော့ဘူး။ ဘာတဲ့ နံပါတ် ၁ မိစ္ဆာမင်းသမီး၊ ချုန်းဟွာ လဘုရင်၊ အင်အားစုကြီး သုံးခု ထာဝရ နန်းတော်၊ အဲဒါတွေ အားလုံးက ငါ့အတွက် အမှိုက်တစ်စလိုပဲ ဖြစ်သွားမှာ။ သူတို့တွေတောင် ငါ့ရဲ့ အစေခံတွေ ဖြစ်လာနိုင်သေးတယ် ဟားဟား . . .”
“ချင်းယန်နယ်ပယ်ကြီး တစ်ခုလုံးကို အုပ်ချုပ်မယ်၊ ငါဟာ အတုမရှိတဲ့ ဧကရာဇယ်တစ်ပါး ဖြစ်ရမယ်။ ချင်းယန်နယ်ပယ်ကို စုစည်းနိုင်ပြီးရင် မော်တယ်ကမ္ဘာမှာ နိုင်ငံ တစ်နိုင်ငံ တည်ထောင် ပစ်ဦးမယ်။ ထာဝရ ဘုရင်တစ်ပါးအဖြစ်နဲ့ ကမ္ဘာကြီးကို အုပ်စိုးပစ်မယ်ကွ . . .”
“ဟားဟားဟား ကမ္ဘာပေါ်မှာ ရှိသမျှ ပိုင်နက် အားလုံးဟာ ငါ့ပိုင်နက်ပဲ ဖြစ်ရမယ်။ အတော်ဆုံး ဆိုတဲ့ လူတွေကလည်း ငါ့လက်အောက်ခံပဲ၊ ဆန့်ကျင်တဲ့ လူမှန်သမျှ သေကြရမယ်။ မိန်းမတွေ အားလုံးကတော့ ငါ့ရဲက ပေါင်ကြားထဲ နေရာယူထားကြရမှာပေါ့ ဟားဟား . . .”
ဂုဂျင်လုံသည် မျက်လုံးကြီး ပြူးလျက် ရှိနေပြီး သူပြောနေရင်းဖြင့် ပိုပိုပြီး မာန်ပါ လာသလိုပါပင်။ ထိုအချိန်တွင် အပျော်လွန်နေသည်ဟု ဆိုရမည်ပင် ဖြစ်ပေသည်။
ရူးသွပ်သွားမတတ်ကို ရယ်မောနေခြင်း ဖြစ်၏။
ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး –
“ဟန်လေး . . . မင်းက ငါ့ကို ဘာလို့ ကျင့်ကြံမှုတွေ လုပ်သလဲလို့ မေးခဲ့တယ်နော် . . . ကျင့်ကြံမှုက ငါတို့ရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ ဘဝထက် ပိုပြီး ကောင်းလားလို့ မေးခဲ့တယ်။ အရာအားလုံးကို စွန့်လွှတ်ပြီး ကျင့်ကြံမှုတွေ လုပ်ခဲ့ရတာ ငါ့အတွက် တန်လားလို့လည်း မေးခဲ့သေးတယ်။ ဟားဟားဟား အခု ငါမင်းမေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ပြီကွ .. .”
သူသည် သားရဲကြီး တစ်ကောင်ကဲ့သို့ ရူးသွပ်ဟန်ဖြင့် အော်ဟစ် နေလေသည်။
“ကျင့်ကြံမှုဆိုတာ ဧကရာဇ် တစ်ပါး ဖြစ်လာဖို့ အတွက် နည်းလမ်းပဲ။ ငါ ကမ္ဘာကြီးကို အုပ်စိုး စေနိုင်မှာလေ။ အားလုံးရဲ့ ဘုရင်တစ်ပါး အဖြစ်နဲ့ပေါ့ . . . ဒီကာလတွေမှာ ငါကျင့်ကြံမှုတွေ လုပ်ခဲ့တယ် ဆိုတာ အခုလို ငါလုပ်ချင်တာ လုပ်နိုင်စေဖို့ အတွက်ပဲ . . .”
“ဟန်လေး . . . ငါအခု လုပ်နိုင်ခဲ့ပြီ . . .”
“သမိုင်းမှာ ငါ့ကိုသာ လူသားထဲက အတုမရှိ နတ်ဘုရားလို့ ခေါ်ထိုက်အောင် လုပ်နိုင်တော့မယ်”
“ငါက တကယ့် နတ်ဘုရား တစ်ပါးပဲ။ နယ်ပယ်သုံးခု လို့ခေါ်တဲ့ လောကသုံးပါးလုံး ငါ့လက်အောက်ကို ရောက်စေရမယ်။ ငါ့အပိုင်ပဲ . . .”
သူသည် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်ပြန်လေ၏။
မရဏကျောက်တုံးပေါ်မှ ဝိညာဉ်တော် ကျောက်ပြားများ အရောင်ထွက်မှု အတော်ကြီး မှေးမိန် သွားသည်ကိုလည်း သူသတိ မထားမိသေးချေ။
မရဏကျောက်တုံးမှ ထူးဆန်းသော ဆွဲအားတစ်ခုအား ထုတ်လွှတ်လျက် ရှိနေပါသည်။
လူတစ်ဦး၏ စိတ်ကိုပါ ရူးသွပ်မတတ် ဆွဲဆောင်နိုင်သည့် စွမ်းအားမျိုးလည်း ရှိနေပုံပါပဲ။ ထို့ကြောင့် ပင် ဂုဂျင်လုံ ထိုမျှလောက်ထိ စိတ်လွတ်သွားခြင်း ဖြစ်ပေလိမ့်မည်။
အသိစိတ် ပျောက်စေသလို ဖြစ်ကာ ရူးသွပ်သလို ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်။
သို့သော်လည်း သူသည် ထိုအချင်းအရာကို သတိ မပြုမိချေ။
အစောပိုင်းကတည်းက လိုဏ်ဂူအား သေချာ ကြည့်ရှု စစ်ဆေးထားခြင်း ဖြစ်ပြီး မည်သူမျှ မရှိမှန်း သေချာနေသည့်အတွက် စိတ်အေးလက်အေးပင် ဖြစ်နေမိခြင်း ဖြစ်၏။
မရဏကျောက်တုံးဆီ လှမ်းသွားနေရင်း ပျော်ရွှင်စွာဖြင့် အော်ဟစ်နေမိသည်။ သူ၏ မျက်လုံးများ တွင် ကျေနပ်နေသည့် အရိပ်အယောင်များ ဖြစ်နေပြီး ကျောက်တုံးအား မျက်ရည်များ စီးကျရင်း လှမ်းကိုင် လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် ကျလာခြင်း ဖြစ်ပါသည်။
“ငါ့ဘဝမှာ အလိုချင်ဆုံးပစ္စည်း၊ ငါ့တစ်ဘဝလုံးကို မြှင့်တင်ပေးမဲ့ ပစ္စည်း။ အခုကစပြီး . . . ငါက လောကသုံးပါးလုံးမှာ ဧကရာဇ် တစ်ပါး ဖြစ်ရတော့မယ်။ ဧကရာဇ်ရဲ့ ခရီးလမ်း အစက ဟောဒီ နေရာကပေါ့ . . .”
ပြောနေရင်းဖြင့် သူ့လက်သည် မရဏကျောက်တုံးကို ထိလိုက်လေသည်။
သူသည် အလွန်ညင်သာ နူးညံ့စွာဖြင့် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ မင်္ဂလာဦးညတွင် ယောကျာ်း ဖြစ်သူမှ မိန်းမဖြစ်သူအား ပြုမူသော ညင်သာမှုမျိုးဖြင့် လှမ်းကိုင်လိုက်ခြင်း ဖြစ်၏။
ထိုကဲ့သို့ ကိုင်တွယ်လိုက်သည့် အချိန် မမျှော်လင့်စွာပဲ ရုတ်တရက် အလန့်တကြားဖြင့် –
“အား . . . ဘယ် . . . ဘယ်လို ဖြစ်တာလဲ . . .”
သူကျောက်တုံးကို ထိလိုက်သည့် အချိန်တွင် ကျောက်တုံးပေါ်မှ ဝိညာဉ်တော် ကျောက်ပြား ၉၉ ချပ်သည် အရောင်လွင့်ပျံသွားပြီး အမှုန်များအဖြစ် မြေပြင်ပေါ်သို့ ကျဆင်း သွားကြလေ၏။
တချိန်တည်းမှာပင် မရဏ ကျောက်တုံး အတွင်းမှ အလွန် ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာပြီး ဂုဂျင်လုံအား အရူးအမူးကို စုပ်ယူနေပါတော့သည်။
အစွမ်းထက်လှသော မိစ္ဆာတစ်ကောင်ကောင်မှ သားကောင်အား စုပ်ယူရန် ကြိုးစားနေသလိုပါပင်။
ဂုဂျင်လုံသည် တတ်စွမ်းသမျှ ပညာရပ်များ၊ စွမ်းအားများကို ထုတ်၍ ခုခံကာကွယ်လိုက်သည်။ တောင်ကြီး တစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရုံမှ လွဲ၍ မည်သို့မျှ မထူးခြားလာချေ။
ခုခံ၍ မရနိုင်တော့အောင်ကို ဖြစ်နေချေပြီ။
“ဖောက် . . .”
အေးစက်လှသော စွမ်းအင်လှိုင်းများဟာ ရုတ်တရက် ပိုမို တိုးလာပြီ ဖြစ်သည်။
မရဏ ကျောက်တုံးမှ ဂုဂျင်လုံအား လုံးဝကို ဆွဲယူနေပြီ ဖြစ်၏။
ထိုအချိန်တွင် မရဏကျောက်တုံးသည် ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး သံလိုက် တစ်ခုကဲ့သို့ ရှိနေချေတော့သည်။
ဂုဂျင်လုံမှာမူ သံလိုက်၏ ဆွဲငင်မှုအား ရုန်းကန်နေသော သံတိုသံစလေး တစ်ခုနှင့်ပင် တူနေပါသေး သည်။
သူ၏ မျက်လုံးများတွင် ကြောက်ရွံ့ တုန်လှုပ်သည့် ဟန်ပန်များ ပြည့်နှက်နေပြီး တတ်နိုင်သမျှ ခုခံ၍ နေပါသည်။ သူ၏ အစွမ်းထက် ကျင့်စဉ်များ၊ စွမ်းအားများကို လည်ပတ်စေလျက် ခုခံသော်လည်း လက်ချောင်းလေး တစ်ချောင်းပင် လှုပ်နိုင်စွမ်း မရှိပါချေ။
ကျောက်တုံးမှ ရုတ်တရက် ထိုကဲ့သို့ စွမ်းအားများ ထွက်ပေါ်လာပြီး စုပ်ယူလာခြင်း ဖြစ်ပါသည်။ သူ့လို မူလတာအိုအဆင့်၏ တတိယ အဆင့် ပညာရှင်ပင် မခုခံနိုင်ချေ။
ကျောက်တုံး၏ ဆွဲစုပ်ယူမှု ပိုမို ပြင်းထန်လာသည့်အခါ ဂုဂျင်လုံ၏ ဆံပင်များ၊ အမွှေးအမှင်များ၊ မျက်တောင်မွှေးများ အားလုံးသည် ကျောက်တုံး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်တော် စွမ်းအင်များပါ ကျောက်တုံး၏ စုပ်ယူခြင်း ခံနေရသည်ဟု ခံစားနေမိ ပါတော့သည်။
“ဘယ်လိုတွေ ဖြစ်တာလဲ။ ဘာတွေ ဆက်ဖြစ်မှာလဲ . . .”
ဂုဂျင်လုံသည် ကြောက်ရွံ့ တုန်လှုပ် နေမိလေသည်။ သူ၏ မျက်လုံးများသည်ပင် မရဏ ကျောက်တုံးနှင့် ကပ်နေပြီ ဖြစ်သဖြင့် အလွန် ထိတ်လန့် တုန်လှုပ် နေပါတော့သည်။
မည်သို့ပင် ရုန်းကန် ခုခံပါစေ ပိုပို၍သာ ဆိုးလာလေ၏။
မည်သို့ပင် ကြိုးစားပါစေ သူ၏ ဝိညာဉ်တော် စွမ်းအားများသည် ခဏချင်းပင် စုပ်ယူခံလိုက်ရပါ တော့သည်။
တခဏအတွင်း စုပ်ယူမှုအားသည် ပိုမို ပြင်းထန်လာခဲ့ပြီး ယခုအခါတွင် ဂုဂျင်လုံသည် အနည်းငယ် မျှပင် မလှုပ်ရဲတော့ချေ။
ထိုအချိန် ဂူအဝမှ လူတစ်ဦး ဝင်ရောက်လာပြီး ရိုးသား ဖြူစင်သော အသံဖြင့် –
“ဘာ . . . ဘာတွေ ဖြစ်နေတာလဲ . . .”
ဂုဂျင်လုံသည် ကောင်းကင်ဘုံမှ အသံကို ကြားလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူသည် ပျော်ရွှင်စွာဖြင့် –
“ညီလေးဖန် . . . လာပါဦး။ ငါ့ကို ကယ်ပါဦးကွာ၊ ဒီကျောက်တုံးက ငါ့ကို ဆွဲစုပ်နေတယ် . . .”
ရဲရှောင်သည် ဂူအတွင်းသို့ ဝင်ရောက်လာသည့်အခါ ထူးဆန်းသော မြင်ကွင်းအား မြင်တွေ့ လိုက်ရပါသည်။ စိတ်ထဲ ချက်ချင်းပင် ဝမ်းမြောက်သွားမိပြီး ရယ်မောမိတော့မတတ် ဖြစ်သွားလေ၏။ သူ့စိတ်ထဲတွင်လည်း –
(ဟုတ်ပြီကွ . . . တကယ်ပဲ အလုပ်ဖြစ်သွားတာကိုး . . .)
သူ၏ မျက်နှာပေါ်တွင်မူ တုန်လှုပ်သည့် ဟန်ပန်မျိုးဖြင့် –
“နောင်ကြီးဂုလား . . . ခင်ဗျားက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။ ဘာတွေ ဖြစ်နေတာလဲဗျာ . . .”
ဂုဂျင်လုံမှ ခပ်ညည်းညည်း လေသံဖြင့် –
“ငါ့ရဲ့ ကျင့်စဉ် နည်းလမ်းတွေကို အသုံးပြုပြီးတော့ ငါ့မျိုးနွယ်ပိုင် ရတနာ ဖြစ်တဲ့ မရဏ ကျောက်တုံးကို လိုက်ရှာနေတာ။ အဲဒီအချိန် မရဏကျောက်တုံးကို ခံစားမိလိုက်တဲ့အတွက် ဒီကို ရောက်လာခဲ့ရတာပဲ။ ငါလည်း ဒီကို ရောက်လာတော့ ကျောက်တုံးကို တွေ့ရတယ်လေ။ အဲဒါနဲ့ ဝမ်းသာ အားရနဲ့ လှမ်းယူလိုက်တာ ထောင်ချောင် ဆင်ထားသလို ငါ့ကို ဆွဲစုပ်ပါလေရော။ အဲဒါကြောင့် နည်းနည်း လေးတောင် လှုပ်လို့ မရဘူး။ နည်းနည်းလောက် လှုပ်မိတာနဲ့ တစ်ခါတည်း ပါသွားတော့မှာ . . .”
ဂုဂျင်လုံသည် တကယ်ကို ထူးချွန်သော ပညာရှင်တစ်ဦး ဖြစ်လေသည်။ ယခုကဲ့သို့ အခြေအနေ မျိုး ကြုံတွေ့နေရသည့် အချိန် တခဏ အတွင်းမှာပင် လုပ်ကြံ ဇာတ်လမ်း တစ်ခုအား ဆင်၍ ပြောနိုင်သေး၏။ ဖန်ဇီလင်မှ သူ့ကို သနားပြီး ကယ်တင်ပေးရန်ပင် ဖြစ်ပါတော့သည်။
သို့သော်လည်း ရဲရှောင်မှာမူ ပို၍ သရုပ်ဆောင်ကောင်းသူ တစ်ဦး ဖြစ်၏။ အလွန်အံ့သြသွားဟန် လုပ်လိုက်ပြီး စိုးရိမ်သော လေသံဖြင့် –
“ဒီအေးစက်တဲ့ ပစ္စည်းလေးက ထောင်ချောက် ဟုတ်လား။ ခင်ဗျား ပေါက်ကရတွေ ပြောနေပြန်ပါပြီ။ ခင်ဗျားက မလှုပ်နိုင်ဘူး ဟုတ်လား၊ ဘာလို့လဲ၊ ဒါလေးက အဲဒီလောက်တောင် တကယ်ပဲ အစွမ်းထက်တာလား . . .”
ဂုဂျင်လုံသည် အလိုမကျသဖြင့် ဒေါသသံဖြင့် –
“ငါသတိမမူမိ လိုက်လို့ ရန်သူထောင်ချောက်ထဲ ကျသွားတာကွ။ ငါ့ရဲ့မျိုးနွယ်ပိုင် ပစ္စည်းကို ငါကောင်းကောင်း သိတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတာကိုလည်း သိတယ်။ မင်းရဲ့ အကူအညီလေး နည်းနည်းပဲ လိုအပ်တာ။ မင်းလက်နဲ့ ငါ့ကို ဆွဲခေါ်ပေး။ ငါ့လက်ကို ကျောက်တုံးကနေ နည်းနည်းလောက် လွတ်အောင် လုပ်လိုက်နိုင်တာနဲ့ အားလုံး အဆင်ပြေသွားမယ် . . .”
သူ၏ လက်အား ဆွဲယူန်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စပင်။
ဂုဂျင်လုံကဲု့သိ့ မော်တယ်ကမ္ဘာတွင် ပြိုင်ဘက်မရှိ အစွမ်းထက်လှသည့် လူတစ်ဦးပင် မရဏကျောက်တုံး၏ အစွမ်းကို မတွန်းလှန်နိုင်လျှင် ဖန်ဇီလင်ကဲ့သို့ ပုရွတ်ဆိတ်သာသာ လူတစ်ဦးမှာ မည်သို့မျှ ဆွဲယူနိုင်မည် မဟုတ်ပေ။
အကယ်၍ ရဲရှောင်သာ ဂုဂျင်လုံ၏ လက်ကို ထိလိုက်မည် ဆိုပါက တစ်စက္ကန့်အတွင်း ဂုဂျင်လုံမှာ လွတ်မြောက်သွားမည် ဖြစ်ပြီး ရဲရှောင်မှာမူ ဂုဂျင်လုံအစား ကျောက်တုံးနှင့် ကပ်မိသွားမည်ပင် ဖြစ်ပါတော့ သည် . . .။