အခန်း (၆၃၇) ပဋိပက္ခ၏ အထွတ်အထိပ်စွမ်းအား
ဟန်ကျွယ်က တအံ့တဩ မေးလိုက်ပါတယ် “ဘိုးဘေးမှော်ဆရာက သေသွားပြီ မဟုတ်ဘူးလား”
“သေသွားတာက ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မ သူတို့ခေါ်သံကို ကြားနေရတယ်”
“ဧကရီ သူတို့ကို ရှာတွေ့ပြီလား…”
“မတွေ့သေးဘူး”
“ဂရုလည်းစိုက်ဦး… တော်ကြာ ထောင်ချောက် ဖြစ်နေဦးမယ်” ဟန်ကျွယ်ဟာ သတိပေးလိုက်ပါတယ်။ ဧကရီဟုတ်ထိုက ကောင်းကင်တာအို ပညာရှိ မဟုတ်ပေမဲ့ သူ့အဆင့်အတန်းက ကောင်းကင်တာအိုမှာ အရမ်း အရေးပါပါတယ်။ ငရဲပြည်ကိုသာ ဆုံးရှုံးသွားရင် တော်တော် ဒုက္ခရောက်မှာပါ။
“ကျွန်မ သိပါတယ်၊ ကျွန်မ ထပ်ပြီးတော့ မသွားတော့ပါဘူး၊ ကျွန်မ ရှင့်ကို ဒီတစ်ခါ အိပ်မက်ပေးရတာက စုချီကို ရှင် စီစဉ်တာလားဆိုတာ သိချင်လို့ပဲ၊ စုချီကို ရှင်စီစဉ်ထားတာဆိုတော့ ကျွန်မ သူ့ကို လမ်းခြောက်သွယ် ကံတရား အထောက်အပံ့ပေးပြီး ကျင့်ကြံမှုတိုးလာအောင် ကူညီလိုက်မယ်၊ သူ့ကို ပြန်လည်မွေးဖွားခြင်းစွမ်းအား ထိန်းချုပ်ခိုင်းရအောင်…”
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဧကရီဟုတ်ထိုက တော်တော် သဘောကောင်းနေပါ့လား…’
ဧကရီဟုတ်ထိုဟာ ဟန်ကျွယ် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းမိတာကြောင့် ရှင်းပြလိုက်ပါတယ် “ကျွန်မ ဒီနေရာမှာရှိနေခဲ့တဲ့ နှစ်ပေါင်း မရေတွက်နိုင်တော့ဘူး၊ ကျွန်မ ကျင့်ကြံမှုကလည်း တိုးမလာတော့ ကျွန်မ ထုံနေပြီ၊ စုချီက ပဋိပက္ခနတ်ဘီလူးဆိုတော့ သူ့ဦးဆောင်မှုအောက်မှာ ပြန်လည်မွေးဖွားခြင်းက ဒီထက် ပိုကောင်းလာနိုင်တယ်၊ ကျွန်မက တာအိုပညာရှိတွေကို မယုံဘူး၊ ရှင့်ကိုပဲ ယုံတယ်၊ ကျွန်မ ရှင့်ကို ယုံကြည်တာကလည်း ရှကျဲ့မျိုးနွယ်စုတွေ ကြီးပြင်းလာတာကို ကျွန်မ အာရုံခံနိုင်လို့ပဲ၊ ကောင်းကင်တာအိုမှာ ခေါင်းဆောင်တစ်ယောက် လိုအပ်လာရင် ရှင်က အသင့်တော်ဆုံးပဲ”
[ဧကရီဟုတ်ထိုသည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်အပေါ်ထားတဲ့ ဧကရီဟုတ်ထိုရဲ့ မျက်နှာသာပေးမှုက အတော်ကို မြင့်ပါတယ်။ ဒါပေမဲ့ ဒီမျက်နှာသာပေးမှုက ဒီနှစ်တွေမှာ တက်လာလိုက် လျော့သွားလိုက်နဲ့ ပုံမှန်မရှိပါဘူး။ အခု မျက်နှာသာပေးမှု တိုးလာတယ်ဆိုတော့ ဧကရီဟုတ်ထိုရဲ့ စကားက အမှန်ဖြစ်နိုင်ပါတယ်။
သေချာတွေးကြည့်ရင် ဒီကိစ္စက အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး။ ဧကရီဟုတ်ထိုသာ အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ပတ်သက်နေရင် ဒီလောက်နဲ့ရပ်မှာ မဟုတ်ပါဘူး။ ကောင်းကင်ဖွင့်လှစ်ပြီးကတည်းက ကောင်းကင်တာအိုပညာရှိတွေ ဘယ်လောက်ပြောင်းပြောင်း ဧကရီဟုတ်ထိုက ဒီနေရာမှာ ပိတ်မိနေတုန်း မဟုတ်ပါလား။
“ငါ ကောင်းကင်တာအိုရဲ့ အရှင်သခင် ဖြစ်လာဖို့ စိတ်ကူးမရှိဘူး၊ ကောင်းကင်တာအိုက ငါ့ကို ကာကွယ်ပေးနိုင်ရုံပဲ၊ ဧကရီ စိတ်ချပါ၊ ကောင်းကင်တာအိုကို ငါ အတတ်နိုင်ဆုံး ကာကွယ်မှာပါ”
ဧကရီဟုတ်ထိုဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက် စကားနည်းနည်းပါးပါး ထပ်ပြောကြပြီး ဧကရီဟုတ်ထိုက အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဧကရီဟုတ်ထိုတောင် ကောင်းကင်တာအိုကို ကာကွယ်ချင်တယ်လို့ ပြောတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ကောင်းကင်တာအိုက လုံးဝကို စည်းလုံးညီညွတ်သွားပါပြီ။ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘တခြားလူတွေကို စည်းလုံးစေချင်ရင် ငါ့မှာ အကြွင်းမဲ့စွမ်းအားရှိဖို့ လိုအပ်ပါလား…’
ဟုတ်ပါတယ်။ ဟန်ကျွယ်သာ စွမ်းအားမကြီးဘူးဆိုရင် တာအိုပညာရှိတွေက ဒီလောက်ထိ စည်းလုံးမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ကောင်းကင်တာအို ဒီအတိုင်း ဆက်သွားရင် ဘာဖြစ်မလဲဆိုတာကို သိချင်တာပါ။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ် နှလုံးခုန် မြန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံရိပ်ယောင်ထဲကို ဝင်သွားတာက ရလဒ်တစ်ခု ထွက်လာတယ်ဆိုတာကို သိလိုက်လို့ပါပဲ။ တကယ်လို့သာ ကောင်းကင်တာအိုက ဆက်ပြီးတော့ ငြိမ်းချမ်းနေမယ်ဆိုရင် တိကျတဲ့ ရလဒ်ထွက်လာမှာ မဟုတ်ပါဘူး။
တခြားစကားနဲ့ ပြောရရင် ကောင်းကင်တာအိုက ဘေးအန္တရာယ်တွေ့ဦးမှာပါ။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ စကြဝဠာခန်းမရှေ့ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေဟာ စကြဝဠာခန်းမရှေ့မှာ ရပ်နေကြပါတယ်။ သူတို့အကုန်လုံးဟာ စွမ်းအားကြီးမားတဲ့ ရောင်ဝါတွေ ထုတ်လွှတ်နေကြပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်တွေကို တစ်ချက်ကြည့်လိုက်ပါတယ်။
‘ဝိုး… တာအိုပညာရှိတစ်ရာကျော်… ကျန်တာအကုန်လုံးက တာအိုပညာရှိအတုတွေပါလား…’
‘နှစ်ဘယ်လောက်ကြာသွားလို့ ကောင်းကင်တာအိုက ဒီလောက်တောင် တိုးတက်သွားရတာလဲ…’
“ဝုန်း…”
စကြဝဠာခန်းမတံခါး ပွင့်သွားပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့ တာအိုပညာရှိတစ်စု ထွက်လာပါတယ်။ ဒီထဲက တချို့တာအိုပညာရှိတွေကို ဟန်ကျွယ် မရင်းနှီးပါဘူး။
လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဖန်းလျန်တို့လည်း ဒီအထဲမှာ ရှိနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ လေးနက်တဲ့ မျက်နှာထားရှိနေပါတယ်။ တခြား တာအိုပညာရှိတွေကလည်း အတူတူပါပဲ။
“မင်းတို့တွေ ပဋိပက္ခရဲ့ အထွတ်အထိပ်စွမ်းအားကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးပြီလား” ဧကရာဇ်ရှောင်ရဲ့ အော်မေးသံဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ပဲ့တင်ထပ်သွားပါတယ်။
“ကောင်းကင်တာအိုကို ကာကွယ်ဖို့ ကျိန်ဆိုပါတယ်” စကြဝဠာခန်းမ ဝန်းကျင်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တညီတညွတ်တည်း ပြန်ဖြေပါတယ်။
ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ရဲ့ အနာဂတ်ကို တွေးမိသွားပါတယ် ‘သူတို့ရင်ဆိုင်ရတဲ့ ရန်သူက အတူတူပဲလား’
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် မော့ကြည့်လိုက်တဲ့ ကောင်းကင်တာအိုထိပ်က အမှောင်ထုမှာ မျက်လုံးတစ်စုံ ပေါ်လာပြီး ကောင်းကင်တာအိုကို ငုံ့ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ဒီမျက်လုံးတစ်စုံရှေ့မှာ ကောင်းကင်တာအိုက အတော်လေးကို သေးငယ်သွားပါတယ်။
‘တော်တော် အေးစက်တဲ့ အကြည့်ပဲ’ ဟန်ကျွယ်ဟာ ကျောထဲစိမ့်တက်သွားပါတယ်။ ဒါက ကျင့်ကြံမှုအဆင့်ရဲ့ ဖိနှိပ်မှုပါ။ ဟန်ကျွယ်ဟာ ခေါင်းကို အလိုလိုငုံ့လိုက်ပြီး တစ်ဖက်လူကို မကြည့်ရဲတော့ပါဘူး။ ဟန်ကျွယ်တောင် ဒီလိုဖြစ်နေတဲ့အတွက် တခြားလူတွေကတော့ ပြောမနေပါတော့နဲ့။
“အရာအားလုံးက လုပ်ဇာတ်ချည်း၊ ငါ အစစ်အမှန်ကို ဖန်တီးချင်တယ်”
အသံတစ်သံ ထွက်ပေါ်လာပြီး ရုတ်ခြည်းဆိုသလို တောက်ပတဲ့ အလင်းရောင်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ပြည့်သွားပါတယ်။ ဒီအလင်းရောင်ရှေ့မှာ အရာအားလုံး အရောင်မဲ့ကုန်ပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။ ဒါက ကောင်းကင်တာအို ပျက်စီးသွားတာကို ပြနေပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကို အရင်တုန်းကလည်း ကြားဖူးပါတယ်။ ဟိုးအရင်တုန်းက ဟန်ကျွယ်ကို တစ်စုံတစ်ခုက အိပ်မက်ထဲ ဆွဲသွင်းပြီး ဒီလိုစကားမျိုး ပြောခဲ့ပါတယ်။
‘အရာအားလုံးက ပုံရိပ်ယောင်… ဒီစကားပြောတာ ဘယ်သူများပါလိမ့်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်က အနာဂတ်မှာ မွေးဖွားလာတာ မဖြစ်နိုင်ပါဘူး။ အခုကတည်းက စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေလောက်ပါတယ်။
အဆုံးသတ် အပျက်အစီး နတ်ဘုံကို သိမ်းပိုက်ခဲ့တဲ့ ကောင်းကင်ရုံးတော်လည်း သူ့ကို မတားဆီးနိုင်ပါဘူး။ ကိုယ်ပိုင်နိယာမရှိတဲ့ ကောင်းကင်တာအိုကလည်း လွယ်လင့်တကူ ဖျက်ဆီးခံလိုက်ရပါတယ်။ ဒီစွမ်းအားက တာအိုဖြတ်ကျော် ဆရာကြီးဆီမှာ ရှိနိုင်တဲ့ စွမ်းအားမဟုတ်ပါဘူး။ ဒီထက် အများကြီး စွမ်အားပိုကြီးမှာပါ။
ဟန်ကျွယ်ဟာ ဖိအားများသွားပါတယ်။ ရန်သူ ဘယ်လောက်များများ ကြောက်ဖို့ မကောင်းပါဘူး။ ရန်သူ ဘယ်သူလဲ မသိရတာက ကြောက်ဖို့အကောင်းဆုံးပါ။
ဟန်ကျွယ်ဟာ အသံပိုင်ရှင်က ဘယ်သူလဲဆိုတာ စနစ်ကို မေးလိုက်ပါတယ်။
[စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော ကံတရား ပါဝင်နေ၍ တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ ထပ်ပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ မြန်မြန် ကျင့်ကြံမှာပဲ၊ နတ်ဘီလူးတပ် အစီအစဉ်ကိုလည်း မြန်မြန်လုပ်ရမယ်’
ခုနက ပုံရိပ်ယောင်ထဲမှာ ဟန်ကျွယ် ပေါ်မလာပါဘူး။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ အဲဒီအချိန်မှာ ဟန်ကျွယ်က ကြောက်လို့ ပြေးရင်ပြေး မပြေးရင်လည်း မအားတာ ဖြစ်နိုင်ပါတယ်။ မအားတာဆိုရင်တော့ တစ်ဖက်လူက တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက လောလောဆယ်မှာ ကောင်းကင်တာအိုကို လာတိုက်ဦးမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားဟာ ကျောက်တောင်လို တည်တံ့ခိုင်မြဲတာမို့ ကျင့်ကြံတဲ့ အခြေအနေကို ခပ်မြန်မြန်ပဲ ဝင်သွားပါတယ်။
အမှောင်တားမြစ်နယ်မြေ၊ ဥက္ခာခဲတွေ စုဝေးတဲ့ နေရာတစ်ခုမှာ ရုပ်သွင်နှစ်ခုဟာ အချင်းချင်း တိုက်ခိုက်နေကြပါတယ်။ ဆန်းကြယ်စွမ်းအားမျိုးစုံဟာ ဥက္ကာခဲတွေကို ကွဲကြေစေပြီး အာကာသကို ပွက်လောရိုက်သွားစေပါတယ်။
အဝေးတစ်နေရမှာမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ဟိန်တျန် ကောင်းကင်စစ်သူကြီးတို့ဟာ လေပေါ် ပေါလောမျောပြီး တိုက်ပွဲကို တိတ်တဆိတ် ကြည့်နေပါတယ်။ ရုတ်တရက်ဆိုသလို ဟိန်တျန် ကောင်းကင်စစ်သူကြီးက သက်ပြင်းချလိုက်ပါတယ် “ပဋိပက္ခ နတ်ဘီလူးလို့ မပြောရဘူး၊ သူတို့နှစ်ယောက်က တော်တော်စွမ်းအားကြီးတာပဲ၊ ဆန်းကြယ်စွမ်းအားကို လေ့ကျင့်ဖို့လည်း ဘယ်လောက်မှ အားမစိုက်ရဘူး၊ သူတို့ရဲ့ တိုက်ရည်ခိုက်ရည် ဗီဇကလည်း တော်တော်ကို သန်မာတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “သူတို့နှစ်ယောက်က ကောင်းကင်ရုံးတော် အင်အားကြီးလာဖို့အတွက် အရင်းအနှီးပဲ၊ ဟိန်တျန် ကောင်းကင်စစ်သူကြီး… စီနီယာ တစ်ယောက်အနေနဲ့ မင်းသူတို့ကို ပိုပြီးတော့ လမ်းညွှန်ပေးရလိမ့်မယ်၊ ကောင်းကင်စစ်သူကြီးသုံပါး နေရာက ပြောင်းလဲမှာ မဟုတ်ဘူး၊ မင်းတို့သုံးယောက်သာ စည်းလုံးညီညွတ်မယ်ဆိုရင် အဆုံးသတ် အပျက်အစီး နတ်ဘုံက မကြာခင်မှာ ငါ့ခြေထောက်အောက်ကို ရောက်လာလိမ့်မယ်”
ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ ချက်ချင်းပဲ ပြန်ဖြေပါတယ် “အရှင်မင်းကြီး ပြောတာ အမှန်ပါပဲ၊ ကျွန်တော် မနာလိုဝန်တိုဖြစ်ပြီး သူတို့ကို မဖိနှိပ်ပါဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမှထပ်မပြောဘဲ ဟန်ထော်နဲ့ ယီတျန် တိုက်ခိုက်နေတာကိုသာ ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ညာဘက်မှာ အက်ကြောင်းတစ်ခု ပေါ်လာပါတယ်။ အက်ကြောင်းထဲမှာ မျက်လုံးတစ်လုံး ပေါ်လာပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို စိုက်ကြည့်လိုက်ပါတယ်။
“အရှင်မင်းကြီး… ကျွန်တော် အမင်္ဂလာ မကောင်းဆိုးဝါးတွေ ချိုးဖျက်ထားတဲ့ ကောင်းကင်တာအိုငယ်လေး တစ်ခုကို တွေ့ထားတယ်၊ အဲဒီ ကောင်းကင်တာအိုငယ်လေးက သက်ရှိတွေကို ကျွန်တော် လက်ခံသင့်လား”
“အင်း… သူတို့ကို အမှောင်ထုနယ်မြေနဲ့ ဆက်သွယ်ပေးလိုက်၊ ပြီးရင် သူတို့ကို မင်းဘာသာကြည့်ပြီး နေရာချပေးလိုက်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြန်ဖြေလိုက်ပေမဲ့ သူ့မျက်လုံးတွေက ဟန်ထော်နဲ့ ယီတျန်ဆီက ခွာမသွားပါဘူး။
“အမိန့်တော် အတိုင်းပါ”
အက်ကြောင်းဟာ ကျုံ့ဝင်ပြီး အသံလည်း ပျောက်ကွယ်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟိန်တျန်စစ်သူကြီးဘက်လှည့်ပြီး ပြောလိုက်ပါတယ် “ငါ သူတို့နှစ်ယောက်ကို မင်းလက်ထဲ အပ်ခဲ့မယ်၊ ငါ့ကို စိတ်မပျက်စေနဲ့” စကားအဆုံးမှာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ နောက်ထပ် နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဒီနှစ်တစ်ထောင်က တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တာအိုပညာရှိတွေဟာ တာအိုစက်ကွင်းထဲမှာ တစ်ပါးပြီးတစ်ပါး တာအိုဟောကြားကာ တပည့်တွေ အများကြီး လက်ခံပါတယ်။ ဒါ့အပြင် ကောင်းကင်ဘုံတွေကို လျှောက်သွားပြီး တာအိုကျင့်စဉ်တွေကိုလည်း သင်ကြားပေးပါတယ်။
တာအိုပညာရှိတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် နှစ်တစ်ထောင်အတွင်းမှာပဲ အင်မော်တယ်ကမ္ဘာမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာပါတယ်။ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကလည်း အများကြီး တိုးတက်သွားပါတယ်။
ဒါတင် မကသေးပါဘူး။ တာအိုပညာရှိတွေဟာ အင်မော်တယ်ကမ္ဘာရဲ့ အစွန်းမှာ ပဋိပက္ခမြို့တွေ တည်ဆောက်ပါသေးတယ်။ အခုဆိုရင် ပဋိပက္ခမြို့က ကိုးမြို့ ရှိသွားပါပြီ။ ပြောစရာရှိတာဆိုလို့ ဒီနှစ်တွေမှာ မျိုးနွယ်စုတစ်စုက လျင်မြန်စွာ အင်အားကြီးထွားလာပါတယ်။ အဲဒီမျိုးနွယ်စုကတော့ လူသားမျိုးနွယ်စုပါ။ လီတောက်ခုံးရဲ့ ကူညီမှုနဲ့အတူ လူသားမျိုးနွယ်စုကလည်း ကိုယ်တိုင် ကြိုးစားတာကြောင့် တစ်ဖန်ပြန်ပြီးတော့ အင်အားကြီးထွားလာတာ ဖြစ်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 637
? Views, Released on December 11, 2024