Switch Mode

Chapter – 636

အခန်း (၆၃၆) သေခြင်းနတ်ဘုရား၊ ငရဲပြည်သို့ ဆင်းသက်ခြင်း
ဟန်ကျွယ်ဟာ ချက်ချင်း အဖြေမပေးပါဘူး။ လုံဟောင်ရဲ့ ကျင့်ကြံမှုက တကယ်ကို ပိတ်ဆို့မှုတွေ့ပြီး ရှေ့ဆက် မတက်နိုင်တာပါ။ လုံဟောင်တင် မဟုတ်ပါဘူး။ တခြားတပည့်ရင်းတွေရဲ့ ကျင့်ကြံမှုအလျင်ကလည်း ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်တဲ့အခါမှာ ရုတ်တရက် နှေးကွေးကုန်ပါတယ်။
ဒီအတိုင်းဆို သူတို့တွေ တာအိုပညာရှိအတုအဆင့်ကို ရောက်ဖို့က အတော်ကို ခက်ခဲမှာပါ။ တာအိုပညာရှိအတုက တစ်ချိန်လုံး ထိုင်ပြီး ကျင့်ကြံနေရုံနဲ့ ရောက်နိုင်တဲ့နေရာ မဟုတ်ပါဘူး။ ဟန်ကျွယ် လုပ်နိုင်တာက စနစ်ကြောင့်ပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ လုံဟောင်ကို အပြင်ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး ဟန်ကျွယ်ဆီမှာလည်း အစီအစဉ်တစ်ခု ရှိနေပါတယ်။
“မင်း အပြင်ရောက်ရင် နည်းလမ်းရှာပြီး နဂါးမျိုးနွယ်စုကို စုစည်းရမယ်၊ မင်းလုပ်နိုင်မလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ နဂါးမျိုးနွယ်စုက ထပ်ပြီးတော့ အင်အားကြီးလာပြီး အင်မော်တယ်ကမ္ဘာမှာ လျှော့တွက်လို့မရတဲ့ အင်အားစုတစ်စု ဖြစ်နေပါပြီ။
လုံဟောင်ဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်းပဲ ကတိပေးလိုက်ပါတယ်။ တကယ်တော့ လုံဟောင်ဟာ ဒီတစ်ခါ အပြင်ထွက်ရဖို့ မျှော်လင့်ချက် သိပ်မရှိပါဘူး။ သူ့ဆရာသခင်က အခုလိုမျိုး လွယ်လွယ် သဘောတူလိမ့်မယ်လို့လည်း ထင်မထားခဲ့ပါဘူး။
အဲဒီနေ့မှာပဲ ဟန်ကျွယ်ဟာ လုံဟောင်ကို အပြင်ဘက် ပို့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လုံဟောင်ကို အပြင်ထွက်ခွင့် ပေးလိုက်တာက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကြောင့်ဆို မမှားပါဘူး။
နောက်ပြီး တာအိုပညာရှိတွေကလည်း ကောင်းကင်တာအို လွတ်လပ်မှုကို ကြေညာလိုက်တဲ့အတွက် ဒီကိစ္စကို ပံ့ပိုးဖို့ အင်မော်တယ်ကမ္ဘာမှာ ပါရမီရှင်တွေ ပိုပြီးတော့ လိုအပ်လာမှာပါ။ ဟန်ကျွယ်ဟာ ဒီကိစ္စမှာ တိတ်ဆိတ်ဂိုဏ်းက နေရာများများ ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လုံဟောင် ထွက်သွားတာကို တွေ့ပေမဲ့ တခြားတပည့်တွေဟာ လိုက်ပြီးတော့ အပြင်ထွက်ခွင့် မတောင်းပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ စုချီကို ခေါ်လိုက်ပါတယ်။ စုချီရဲ့ ကျင့်ကြံမှုက တာအိုအရှင်သခင်ကို ကျော်တက်ပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ပဋိပက္ခ နတ်ဘီလူး သွေးစည်းက ပဋိပက္ခရုပ်ခန္ဓာ ယှဉ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
“ကျင့်ကြံရတာ အဆင်ပြေရဲ့လား…” ဟန်ကျွယ်က မေးလိုက်ပါတယ်။
စုချီက ပြန်ဖြေပါတယ် “မဆိုးပါဘူး… ထိပ်တန်းအရည်အချင်းရှိသူရဲ့ အတွေ့အကြုံကို ကျွန်တော့်ကို ခံစားခွင့်ပေးလို့ ဆရာသခင်ကို ကျေးဇူးတင်ပါတယ်”
“မင်း အပြင်ထွက်ချင်သေးလား”
စုချီဟာ ကြမ္မာဆိုးကို ထိန်းချုပ်နိုင်သွားပြီမို့ အရင်လိုမျိုး သွားလေရာ ကံဆိုးမိုးမှောင် မကျတော့ပါဘူး။ ဟန်ကျွယ်ဟာ စုချီ စွမ်းအားကြီးမလာခင် ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ဖို့ စီစဉ်ထားပါတယ်။ မဟုတ်လို့ရှိရင် အနာဂတ်မှာ စုချီကို တာအိုကို အရယူနိုင်ခဲ့ရင်တောင် ကောင်းကင်တာအိုထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒီဘဝမှာ စုချီက တာအိုစက်ကွင်းထဲမှာပဲ အမြဲတမ်းနေပြီး ကောင်းကင်တာအိုထဲကို တစ်ခါမှ မဝင်ရသေးပါဘူး။ ဟန်ကျွယ်ဟာ တာအိုကို မရယူခင်တုန်းက ကောင်းကင်တာအို ကုသိုလ်ကံ တော်တော်လေး ရရှိခဲ့ပါတယ်။
ဟန်ကျွယ်ရဲ့ မေးခွန်းကို ကြားတဲ့အခါမှာ စုချီက ဂရုတစိုက် ပြန်ဖြေပါတယ် “ဆရာသခင်က ကျွန်တော်ကို အပြင်မထွက်စေချင်ရင် ကျွန်တော် မထွက်ပါဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆို… မင်းကရော အပြင်ထွက်ချင်လား”
စုချီဟာ ဘယ်လိုပြန်ဖြေရမှန်း မသိတဲ့အတွက် တိတ်ဆိတ်သွားပါတယ်။ စုချီဟာ အပြစ်အများကြီး ကျူးလွန်မိခဲ့တာကြောင့် ထပ်ပြီးတော့ အပြင်မထွက်ရဲတော့ပါဘူး။
“မင်း အပြင်ထွက်လို့ ရတယ်၊ ဘာမှမဖြစ်ဘူး၊ သက်ရှိတွေကို ကူညီပြီး မင်းရဲ့ အပြစ်တွေကို သင်ပုန်းချေပေါ့” ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ်။ အရှေ့ဧကရာဇ်ကို မောင်းထုတ်လိုက်ပြီ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုက စည်းလုံးညီညွတ်သွားပြီလို့ ပြောလို့ရပါတယ်။ တာအိုပညာရှိတွေက အရင်လိုမျိုး အချင်းချင်း အကောက်ကြံကြတော့မှာ မဟုတ်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုနဲ့ တခြားတာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပါပြီ။ သူလျှိုတွေဆိုရင် ဒီလောက်ထိ သရုပ်ဆောင်မှာ မဟုတ်ပါဘူး။
စုချီကို ချက်ချင်း ပြန်ပြောလိုက်ပါတယ် “ကျွန်တော် ဆရာသခင်ရဲ့စကားကို မြေဝယ်မကျ နားထောင်ပါ့မယ်”
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး စုချီကို ကောင်းကင်ဘုံ ၃၃ ဘုံဆီ ခေါ်သွားပါတယ်။ အဲဒီနောက် စကြဝဠာခန်းမရှေ့မှာ ဆင်းသက်လိုက်ပါတယ်။ စကြဝဠာခန်းမတံခါး ပွင့်သွားတဲ့အခါ ဟန်ကျွယ်နဲ့ စုချီဟာ အထဲကို လျှောက်ဝင်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ စုချီကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပါတယ် ‘ဒီရောင်ဝါ… ဒါ ပဋိပက္ခနတ်ဘီလူးရဲ့ ရောင်ဝါပဲ…’
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရှေ့ကို လျှောက်သွားပြီး ပြောလိုက်ပါတယ် “ကောင်းကင်တာအိုနဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံက ရန်သူတွေ ဖြစ်တော့မယ်၊ ကောင်းကင်တာအိုက အချိန်အကြာကြီး တည်ငြိမ်ချင်တယ်ဆိုရင် အငယ်တွေကို ကျိန်းသေပေါက် ပံ့ပိုးပေးရမှာပဲ၊ ဒါက ငါ့တပည့် စုချီပဲ၊ သူ့အတိတ်ကို မင်းလည်း ကြားမိမှာပါ၊ အခု သူက ပြန်မွေးဖွားလာပြီး ကံကောင်းချင်တော့ ပဋိပက္ခနတ်ဘီလူး သွေးစည်းကို ရသွာတယ်၊ ငါ သူ့ကို ကောင်းကင်တာအိုနဲ့ ပေါင်းစပ်စေချင်တယ်၊ ပြီးခဲ့တဲ့ ကပ်ဘေးမှာ သူ ကျူးလွန်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ခိုင်းတာပေါ့”
ကောင်းကင်အရှင်ရွှမ်တုဟာ စုချီကို သေချာ အကဲခတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ပဋိပက္ခနတ်ဘီလူး သွေးစည်းက ဘယ်ကနေ လာတယ်ဆိုတာကို မမေးပါဘူး။ ကောင်းကင်တာအိုကို အင်အားကြီးစေချင်ရင် သူတို့တွေ ဟန်ကျွယ်ကို မှီခိုရဦးမှာ မဟုတ်ပါလား။
“သူ့မှာ သေခြင်းရောင်ဝါ ရှိတယ်၊ ငါတို့တွေ သူ့ကို သေခြင်းနတ်ဘုရားဘွဲ့ ပေးအပ်ပြီး လောကမှာရှိတဲ့ သေလူတွေကို ထိန်းချုပ်ခိုင်းရအောင်၊ သူ့ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းဆီ လွှတ်ပြီး ဧကရီဟုတ်ထိုကို စောင့်ကြည့်ခိုင်းလို့ရတယ်၊ ငရဲပြည်က ကောင်းကင်တာအိုနဲ့ အဝေးဆုံးပဲ၊ ဧကရီဟုတ်ထိုကလည်း ဒီနှစ်တွေမှာ ကောင်းကင်တာအိုကနေ မကြာခဏ ထွက်ခွာနေတယ်ဆိုတော့ သံသယဝင်ဖို့ ကောင်းတယ်” ကောင်းကင်အရှင်ရွှမ်တုဟာ တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
“ကောင်းပြီလေ၊ ဒါဆို ဒီကိစ္စကို မင်းလက်ထဲ အပ်ခဲ့မယ်၊ တခြားတာအိုပညာရှိတွေကိုတော့ မင်းဘာသာပဲ ဆက်သွယ်လိုက်တော့”
“အင်း… ငါ ကုသိုလ်ကံကို မင်းတပည့်ဆီပေးပြီး သူ့ကို ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ခိုင်းလိုက်မယ်”
“ကျေးဇူးပဲ”
“ရပါတယ်၊ အချင်းချင်းပဲဟာကိုး… ကျေးဇူးတင်စရာ မလိုပါဘူး”
ဟန်ကျွယ်ဟာ စုချီကိုကြည့်ပြီး ပြောလိုက်ပါတယ် “ဒီမှာနေပြီး ဒီစီနီယာ စီစဉ်တာကို စောင့်… သူက မင်းအတွက် အကုန်လုံး စီစဉ်ပေးလိမ့်မယ်”
စုချီဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
ကိစ္စပြီးတာနဲ့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမကနေ ပျောက်ကွယ်သွားပါတယ်။
စုချီဟာ ကောင်းကင်အရှင်ရွှမ်တုကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ စုချီဟာ ကောင်းကင်အရှင်ရွှမ်တုကို တာအိုပညာရှိမှန်း သိတာကြောင့် နည်းနည်းတော့ ရင်ထိတ်နေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ရှားရှားပါးပါး ပြုံးလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါ မင်းကို ဒီအတောအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ ပြောပြမယ်၊ ဒါမှ မင်းလည်း ကောင်းကင်တာအိုရဲ့ လက်ရှိအခြေအနေကို နားလည်မှာ”
စုချီဟာ ခေါင်းညိတ်လိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့မှာ စာတစ်ကြောင်း ပေါ်လာပါတယ်။
[ကောင်းကင်အရှင် ရွှမ်တုသည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်ခွဲ။]
‘နောက်ထပ် ကြယ်ခြောက်ပွင့်ခွဲပါလား… တော်တော် သိတတ်တာပဲ’ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို ပိုကြည်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တစ်ခါမှာ အကောက်မကြံခဲ့ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုဟာ ပြိုင်ဘက်ကင်းရန်သူကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိပြီး ကိုယ်ပိုင်မူလည်း ရှိပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုမျိုး တာအိုပညာရှိနဲ့ ပူးပေါင်းဆောင်ရွက်ရတာကို အတော်လေး ကျေနပ်အားရပါတယ်။
နောက်ရက်တွေမှာလည်း တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်အပေါ်ကို မျက်နှာသာပေးမှု တိုးသွားပါတယ်။ ဒီလိုမျက်နှာသာပေးမှု တိုးရတာက စုချီကြောင့်ဆိုရင် မှားမယ် မထင်ပါဘူး။ ပဋိပက္ခနတ်ဘီလူးက ဘာကိုဆိုလိုလဲဆိုတာ တာအိုပညာရှိတွေ ကောင်းကောင်းကြီး သိကြပါတယ်။
တာအိုပညာရှိတွေဟာ စုချီအတွက် ဟန်ကျွယ် ဘယ်ကနေ ပဋိပက္ခ နတ်ဘီလူးသွေးစည်းကို ရလာလဲ မသိပါဘူး။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ ကောင်းကင်တာအိုမှာ ပဋိပက္ခနတ်ဘီလူးတစ်ပါး ပိုရှိလာလေလေ အနာဂတ်မှာ ကောင်းကင်တာအိုအတွက် ပိုလုံခြုံလေလေပါပဲ။
တစ်နှစ်ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံဟာ အနန္တကမ္ဘာကို ပဲ့တင်ထပ်သွားပါတယ်။
“ဒီနေ့ ဒီအချိန်ကစပြီး တိတ်ဆိတ်ဂိုဏ်းတပည့် စုချီကို သေခြင်းနတ်ဘုရားဘွဲ့ ပေးအပ်တယ်၊ သူက သေခြင်းအာဏာစက်ကို ထိန်းချုပ်ပြီး ငရဲပြည်ကို စောင့်ကြပ်လိမ့်မယ်၊ ဒါက တာအိုပညာရှိတွေနဲ့ ကောင်းကင်တာအိုရဲ့ စီစဉ်မှုပဲ၊ သက်ရှိအားလုံး သေခြင်းနတ်ဘုရား အသစ်ကို ကိုးကွယ်နိုင်တယ်”
လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားကြပါတယ် ‘သေခြင်းနတ်ဘုရား… နောက်ထပ် တိတ်ဆိတ်ဂိုဏ်းတပည့်လား… တိတ်ဆိတ်ဂိုဏ်းထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်နှပါးတောင် ပုန်းနေတာလဲ…’
ငရဲပြည်။
သရဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ ရန်ထျန်တုန်းဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံကြောင့် မှင်သက်သွားပါတယ်။ အဲဒီနောက် ပြုံးပြီး ရေရွတ်လိုက်ပါတယ် “ဆရာတူညီလေး စုချီ…”
ရန်ထျန်တုန်းဟာ စုချီရောက်လာတာက သူ့ကို ကာကွယ်ဖို့ သူ့ဆရာသခင်က လွှတ်လိုက်တာလို့ တွေးလိုက်ပါတယ်။
ဒီအတောအတွင်း ငရဲပြည်က တကယ်ကို နည်းနည်း ဖရိုဖရဲ ဖြစ်နေတာပါ။ လျှို့ဝှက်ဆန်းကြယ်ပြီး ဘယ်ကမှန်းမသိတဲ့ တည်ရှိမှုတချို့ဟာ သရဲအမှုထမ်းတွေကို မကြာမကြာ တိုက်ခိုက်နေပါတယ်။ ရန်ထျန်တုန်းကိုယ်တိုင်လည်း တိုက်ခိုက်ခံခဲ့ရပေမဲ့ တစ်ဖက်လူရဲ့ သွင်ပြင်အစစ်အမှန်ကို မသိခဲ့ရပါဘူး။
အဲဒီနေ့မှာ စုချီဟာ ငရဲပြည်ကို ဆင်းသက်လာပါတယ်။ ငရဲပြည်ရဲ့ နတ်ဘုရားတွေနဲ့ သရဲအမှုထမ်းတွေဟာ စုချီကို လာရောက် ကြိုဆိုပါတယ်။ စုချီဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်နေတာမလို့ လူစုကို အသာလေး စည်းရုံးလိုက်နိုင်ပါတယ်။
အဲဒီနောက် စုချီဟာ ရန်ထျန်တုန်းနဲ့ စကားပြောဆိုပါတယ်။ ဒါကိုကြည့်ပြီး တခြားငရဲမင်းတွေဟာ စုချီနဲ့ ရန်ထျန်တုန်းက တစ်ဖက်တည်းဆိုတာကို သဘောပေါက်သွားပါတယ်။ ငရဲပြည်မှာ ငရဲမင်း အများကြီးရှိပါတယ်။ ငရဲမင်းအကုန်လုံးမှာ ကိုယ်ပိုင်အင်အားစုတွေရှိပြီး ရှေ့တင်ရော နောက်ကွယ်မှာရော တိုက်ခိုက်နေကြတာပါ။ စုချီရောက်လာတာက ရန်ထျန်တုန်း အင်အားကြီးလာတော့မယ်လို့ အချက်ပြလိုက်တာပါ။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရုံရှိသေး၊ သူ့မြင်ကွင်းထဲကို အသိပေးချက်တစ်ခု ရောက်လာပါတယ်။
[ဧကရီဟုတ်ထိုသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ ဆက်ဆံရေး ကောင်းပါတယ်။ စုချီကို ငရဲပြည်ဆီ လွှတ်လိုက်တာက ဧကရီဟုတ်ထိုကို စောင့်ကြည့်ဖို့ပါ။ ဧကရီဟုတ်ထို သူ့ကို အိပ်မက်ပေးချင်တာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ချင်လို့ ဖြစ်ပါလိမ့်မယ်။
တစ်ခဏ တုံ့ဆိုင်းပြီးတဲ့နောက် ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။
အိပ်မက်ထဲမှာ ဟန်ကျွယ်နဲ့ ဧကရီဟုတ်ထိုဟာ နွေဦးဝါဘေးမှာ ပေါ်လာပါတယ်။ ဧကရီဟုတ်ထိုဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “စုချီရဲ့ ရောင်ဝါက တစ်ခုခုမှားနေတယ်၊ သူက ပဋိပက္ခနတ်ဘီလူး ဖြစ်နေပြီလား”
“ဟုတ်တယ်၊ ငါ နတ်ဘီလူးခန္ဓာကိုယ်ကို အမှောင်တားမြစ်နယ်မြေကနေ မတော်တဆ ရခဲ့တာ”
ဧကရီဟုတ်ထိုက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ပဋိပက္ခနတ်ဘီလူး သွေးစည်းကို လုယူတာက လောကဦးခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး၊ ဟန်ကျွယ်… ရှင်က ဘယ်သူလဲ၊ ရှင်ကလည်း ပဋိပက္ခနတ်ဘီလူးပဲလား”
“အို… ဧကရီ သိသွားပြီလား..”
“တာအိုဘိုးဘေးက အသက်ရှင်နေသေးလား၊ သူက ရှင့်ကို နောက်ကနေ ပံ့ပိုးပေးနေတာလား..” ဧကရီဟုတ်ထိုဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်က ဘာမှမပြောတော့ပါဘူး။
“ကျွန်မ သိပြီ၊ ကျွန်မ စုချီကို ပံ့ပိုးပေးမယ်၊ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကို ကောင်းကင်တာအိုက ပိုင်တယ်၊ ကောင်းကင်တာအိုက ကျွန်မအဖေ ပန်ကူးကနေ ဖြစ်တည်လာတာ၊ ကောင်းကင်တာအိုကို ကာကွယ်ဖို့ ကျွန်မ အကောင်းဆုံး ကြိုးစားမှာပါ၊ ကျွန်မ သစ္စာဖောက်မှာကို ရှင် စိုးရိမ်စရာ မလိုပါဘူး၊ ကျွန်မ ကောင်းကင်တာအိုကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းက ကျွန်မအစ်ကိုတွေ ဆင့်ခေါ်လို့ပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset