Chapter – 120
“ဂုဂျင်လုံရောက်ရှိလာခြင်း”
နောက်ဆုံးတွင် ရဲရှောင်သည် ကျောက်တုံးအချို့အား စုပုံကာဖြင့် ထားလိုက်ပြီး ထိုကျောက်တုံး နောက်တွင် လက်နက်အချို့ ထားလိုက်ပြန်လေ၏။
“ဖတ် ဖတ် ဖတ် . . .”
ရဲရှောင် လက်ဝါးများအား ခါရမ်းလိုက်ရင်း ပြုံးလိုက်သည်။ သူဆင်ထားသည့် ထောင်ချောက်အား ကြည့်ရင်း သူ့ကိုသူ ကျေနပ် နေမိပါတော့သည်။
“အခု ငါဟိုကောင် ဂုဂျင်လုံကို စောင့်နေရုံပဲ ရှိတော့တာပေါ့ . . . ခွေးကောင်တော့ ငါ့ရှေ့ ရောက်လာဖို့ပဲ လိုတော့တယ် . . .”
ထိုအချိန် ဂုဂျင်လုံသည် လေလံခန်းမအတွင်း ထိုင်၍ နေလေသည်။
ရုတ်တရက် မျက်လုံး ပြူးကျယ်သွားပြီး မတ်တတ်ထရပ်မိလိုက်သည်။
သူအာရုံခံရလိုက်သည့် အရာသည် သူ့ကို အလွန် စိတ်လှုပ်ရှား သွားစေ၏။
(ဒါ . . . မရဏကျောက်တုံးရဲ့ အငွေ့အသက်မျိုးပဲ။ နောက်ဆုံးတော့ တွေ့ပြီပေါ့။ အေးစက်တဲ့ ရေခဲချီဓာတ်တွေက ဘယ်လိုမှ မှားနိုင်စရာ အကြောင်း မရှိဘူး။ ဖန်ဇီလင်ကလည်း မြို့ပြင်ဘက်မှာ ရောက်နေတဲ့ အတွက် ငါ့လက်စွပ်ကတော့ မဟုတ်တာကို အာရုံမခံမိလောက်ဘူး။
နောက်ဆုံးတော့လည်း ခရမ်းရောင် ကြာပန်းသခင် လူလုံးပြလာပြီပေါ့ . . .)
“ဝှစ် . . .”
ဂုဂျင်လုံသည် ရုတ်တရက် သက်တန့်တစ်ခုအသွင်ဖြင့် ပျောက်ကွယ်သွားပါသည်။
သက်တန့်သည် လျင်မြန်စွာဖြင့် ပျံသန်းထွက်သွားပြီး တစ်စက္ကန့်လောက် အတွင်းမှာတင် မြို့ပြင်ဘက်သို့ ရောက်ရှိလာလေ၏။
ထိုအကွက်သည် သက်တန့်ပြေးထွက်ခြင်း အကွက်ပင် ဖြစ်၏။
သူ၏ ရွှေ့လျားမှုကြောင့် လေထုပင် စုတ်ပြဲသွားမတတ်ပါပင်။
သို့သော်လည်း သူသည် အလွန်အကျွံ အစွမ်းသုံးလိုက်ခြင်း မဟုတ်ဘဲ တခြားသူများ ရိပ်မိမည်ကို စိုးရိမ်၍ ဖြစ်၏။
ခရမ်းရောင် ကြာပန်းသခင်သည် သေခါနီး ဖြစ်သည့်တိုင် သူ့အနေဖြင့် ရဲရဲတင်းတင်း မပြုမူရဲချေ။
အနည်းငယ်သော အမှားအယွင်းလေးကပင် သူ့ကို ကျရှုံးမှု ဖြစ်စေမည် မဟုတ်ပါလား။
ခရမ်းရောင် ကြာပန်းသခင် ဆိုသည်မှာ ရှောင်ဧကရာဇ်နှင့်ပင် တိုက်ခိုက်ခဲ့သော လူတစ်ဦး ဖြစ်သည့်အတွက် သာမန်လူ တစ်ယောက်တော့ မဟုတ်ချေ။
ထိုရှောင်ဧကရာဇ် ဆိုသည်မှာလည်း အင်အားစုကြီး ၃ စုမှ လူအများစုကို သတ်ဖြတ်ခဲ့သူ တစ်ဦးပင် ဖြစ်သည်။
ထိုအချိန် ဂုဂျင်လုံသည် အစစအရာရာကို သတိထား၍ လှုပ်ရှားနေလေ၏။ သူအာရုံခံ ရရှိသည့် ချီဓာတ်လှိုင်းများ ရှိရာသို့ တတ်နိုင်သမျှ မြန်မြန်လေး သွားနေမိသည်။
နီးလာလေ ချီလှိုင်း တုန်ခါမှုမှာ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။
မရဏ ကျောက်တုံး ဆိုတာကတော့ သေချာနေချေပြီ။
ယခုအခါတွင် သူသည် မရဏကျောက်တုံး ရှိရာနှင့် ဘယ်လောက်မှ မဝေးကွာတော့ချေ။
ဂုဂျင်လုံလည်း စိတ်ကို လျော့ချထားရင်းဖြင့် တဖြည်းဖြည်း လာနေလေရာ ထိုအချိန်မှာပင် ဖန်ဇီလင်၏ ဆရာရှိရာ ပြွန်တောင်နားသို့ ရောက်လာလေ၏။
(ဟာ . . . မရဏကျောက်တုံးက ပြွန်တောင်ထဲမှာ မဟုတ်ဘူးလား . . .)
ဂုဂျင်လုံလည်း အရှိန်မလျော့ဘဲ ပြွန်တောင်ကိုပါ ကျော်လာခဲ့သည်။ ရုတ်တရက် တိမ်များ မြူခိုးများ ရစ်သိုင်းနေသည့် တောင်မြင့်ကြီး တစ်တောင်အား တွေ့လိုက်ရပါတော့သည်။
အဝေးမှ လှမ်းကြည့်ပါက တိမ်များသည် တောင်ကြီး တစ်ခုလုံးအား ဝါးမျို နေသကဲ့သို့ပါပင်။
ဂုဂျင်လုံသည် ထိုတောင်ကြီးကို ကြည့်ရင်း အံ့သြကျေနပ်နေမိလေ၏။
“ပျောက်ကွယ်ရေး အစီအရင်ပါလား . . .”
(ခရမ်းရောင် ကြာပန်းသခင်က သူ့နေတဲ့ နေရာကို ပျောက်ကွယ်ရေး အစီအရင် သုံးထားတယ်ပေါ့၊ ဟမ့် . . . မော်တယ်ကမ္ဘာအနေနဲ့ ဆိုရင်တော့ ဒီအစီအရင်ကို ဘယ်သူမှ မချိုးဖျက် နိုင်လောက်ဘူး။ ဒါပေမဲ့ ချင်းယန် နယ်ပယ်က လူတွေ အတွက်တော့ အေးဆေးပေါ့။ အဲဒီတော့ ငါလည်း ချိုးနိုင်တယ်)
ဂုဂျင်လုံသည် ပြောရင်းဖြင့် ကျေနပ် ပျော်ရွှင် နေမိလေသည်။
“ဆေးဆရာ နေတဲ့ တောင်မှာ သူလုပ်ထားတဲ့ အစီအရင်က အတော်ကြီးကို လျို့ဝှက် ဆန်းကြယ်ပြီး ခိုင်မာတယ်။ ဘယ်လိုမှ ချိုးလို့ မရဘူး။ အခုအစီအရင်ကလည်း အလွယ်တကူ ချိုးနိုင်တာ မဟုတ်ပေမဲ့ ငါကတော့ ကြိမ်းသေ ချိုးဖျက်နိုင်မှာပဲ။ ဖြစ်နိုင်ချေ ၂ ခုပဲရှိတယ်။ တစ်ခုက သူ့မှာ အစီအရင် လုပ်ဖို့အတွက် ပစ္စည်း လုံလုံလောက်လောက် မရှိတာလား၊ ဒါမှမဟုတ် နောက်တစ်ခုက ဒဏ်ရာ ရထားတဲ့အတွက် နောက်ထပ် အစွမ်းထက်တဲ့ အစီအရင်ကို မလုပ်နိုင်တော့တာလား ဒါပဲရှိတယ် . . .”
“သူ့ကို လူတွေ ပြောနေကြသလောက်တော့ ပစ္စည်းမဲ့ လူတစ်ယောက် မဟုတ်တာ သေချာတယ်။ ဒီလောက်ထိ ကြွယ်ဝတဲ့ လူတစ်ယောက်က အစီအရင်လေး လုပ်ဖို့တောင် ရှားပါးနေမတဲ့လား . . . ကြည့်ရ သလောက်တော့ သူ့ရဲ့ နောက်ဆုံး အချိန်ကို ရောက်နေပြီ ထင်တယ်။ အခုကို သေခါနီးနေပြီ ထင်တယ်။ အဲဒါကြောင့်မို့ မရဏကျောက်တုံးရဲ့ ချီဓာတ် ပြန့်ကွဲမှုကို ထုတ်လိုက်မိတာ . . .”
ဂုဂျင်လုံသည် ပြုံးရွှင်လျက် ရှိနေလေသည်။
“ခရမ်းရောင် ကြာပန်းသခင်လည်း နောက်ဆုံးတော့ ငါ့လက်ထဲ သေရတော့မှာပေါ့ . . .”
ဂုဂျင်လုံသည် တောင်နားသို့ ရောက်လာပြီး အစီအရင်အား ချိုးဖောက်ပစ်နေပါသည်။
ခရမ်းရောင် ကြာပန်းသခင်သည် သေရန် သေချာနေသော လူတစ်ဦး ဖြစ်သည့်တိုင် သူသည် အစီအရင်အား ကြမ်းကြမ်းတမ်းတမ်း မချိုးဖျက်ရဲချေ။ အစီအရင် ပျက်ဆီးသွားကြောင်း သိသည်နှင့် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ရသလောက် ထွက်ပြေးသွားနိုင်သည် မဟုတ်ပါလား။
ခရမ်းရောင် ကြာပန်းသခင်သည် ချင်းယန်နယ်ပယ်မှ အတွေ့အကြုံ ကြွယ်ဝလှသည့် ပညာရှင် တစ်ဦးဖြစ်သည့်အတွက် အသက်ဘေးနှင့် ကြုံတွေ့ရသည့် အချိန်မျိုးတွင် ဉာဏ်နီဉာဏ်နက်များ ထွက်လာနိုင်ပါသည်။
ဂုဂျင်လုံသည် အစီအရင်အား ဖျက်နေရင်း စိတ်ထဲမှ ချီးကျူးနေမိလေ၏။
(ခရမ်းရောင်ကြာပန်းသခင်က တော်တော် တော်တဲ့လူပဲ . . . သေခါနီး ဖြစ်နေတာတောင်မှ ဒီလို အစီအရင်ကို လုပ်ထားနိုင်သေးတယ် . . .)
တဖြည်းဖြည်းဖြင့် သူသည် အစီအရင်အား ဖျက်နိုင်တော့မည် ဖြစ်သည်။
ဂုဂျင်လုံ အစီအရင်အား ဖျက်ပြီးနောက် တဖြည်းဖြည်း ရှေ့တိုးလာခဲ့သည်။ သူသည် ယခုအခါ လမ်းလေး တစ်ခုထဲသို့ ရောက်နေခြင်း ဖြစ်ပြီး တစ်စုံတစ်ယောက်မှ အပြင်ဘက်ကနေ လှမ်းကြည့်ပါက သူ့ကို မြင်နိုင်မည် မဟုတ်ပေ။
ဂုဂျင်လုံသည် ထိုမှတဆင့် မြေပြင်တွင် မြွေတစ်ကောင်ကဲ့သို့ တွားသွားနေပြီး တောင်ထိပ်သို့ တဖြည်းဖြည်း ရွေ့လျား သွားနေပါတော့သည်။
သူ သွားနေသည့် ပုံစံမှာ ကြည့်ရဆိုးသော်လည်း အတော်ကို မြန်ဆန်လှလေ၏။
မရဏကျောက်တုံးနှင့်လည်း တဖြည်းဖြည်း ပိုပိုနီးလာသလို ခံစားနေမိသည်။
ထိုအချိန် ရုတ်တရက် သူ့အရှေ့ဘက် ပေ ၃၀၀ လောက်တွင် ဂူတစ်ခုအား မြင်တွေ့လိုက်ရ၏။
မရဏကျောက်တုံး၏ ချီဓာတ်လှိုင်းများ ပြန့်နှံ့နေမှုသည် အဆိုပါ လိုဏ်ဂူအတွင်းမှ လာနေခြင်း ဖြစ်သည်။
ထိုဂူအတွင်း ခရမ်းရောင် ကြာပန်းသခင် ရှိနေမည်ဟု ဂုဂျင်လုံ အတပ်သိနေလေတော့၏။
ဂုဂျင်လုံသည် နှလုံးခုန် ရပ်မတတ်ပင် ဖြစ်နေပါသည်။
မကြာမီတွင် သူ့ရည်ရွယ်ချက် အထမြောက် အောင်မြင်တော့မည် မဟုတ်ပါလား။
ဂုဂျင်လုံ၏ စိတ်ထဲတွင် အသေအချာ နှလုံးသွင်းနေမိသည်မှာ –
(ငါအရမ်းပျော်နေလို့ မဖြစ်ဘူး၊ သတိထားရမယ်။ ဂရုစိုက်ရမယ်။ မရဏကျောက်တုံးကို မရသေးသ၍ ခရမ်းရောင် ကြာပန်းသခင်ကို မသတ်နိုင်သေးသ၍ သတိရှိနေမှ ရမယ် . . .)
ဂုဂျင်လုံလည်း သူ့ကိုယ်သူ သတိပေးရင်း ဂူအနီးသို့ တဖြည်းဖြည်း ကပ်လာလေ၏။
သူသည် အလွန်ကို သတိထား၍ ဂရုတစိုက် လှမ်းလာနေခြင်းပင်။
ဂူအတွင်းမှ မည်သည့် လှုပ်ရှားမှုနှင့် အသံကိုမျှ မကြားရချေ။
ဂုဂျင်လုံလည်း အရာအားလုံး သူထင်ထားသည့်အတိုင်း ဖြစ်လာတော့မည် ဖြစ်သဖြင့် အပေါ်တိုးရင် ဂူထဲသို့ ဝင်ရန် ပြင်လိုက်သည်။
သူသည် ယခုအခါတွင် ပြုံးလျက် ရှိနေပါသည်။
သူအခိုင်အမာ ယုံကြည်နေမိသည်မှာ ယခုအချိန်တွင် ခရမ်းရောင်ကြာပန်း သခင်သည် အလွန် အားနည်းနေမည် ဆိုတာကိုပါပင်။ ထိုကဲ့သို့သာ မဟုတ်ပါက သူအနီးရောက်လာကတည်းက သတိထားမိသွားမည် ဖြစ်၏။
ယခုအခေါက်တွင် အကျိုးအမြတ် များစွာ ရရှိတော့မည်ဟု တွေး၍လည်း ပျော်ရွှင်နေမိပါသေးသည်။
ခရမ်းရောင် ကြာပန်းသခင်ဆီ၌ သူလိုချင်သော ရတနာများလည်း ရှိနေမည်ဟုလည်း ထင်နေမိသည်။
ရုတ်တရက် လိုဏ်ဂူအတွင်းမှ အေးစက်စက် အက်ကွဲသည့် အသံတစ်သံ ထွက်လာလေ၏။
“ဘယ်သူလဲ . . .”
အသံသည် အလွန်တရာ ကြောက်ရွံ့ဖွယ် ကောင်းလှ၏။
ဂုဂျင်လုံမှာမူ အေးအေးဆေးဆေးပင် ရှိနေပြီး ပြုံး၍ပင် နေသည်။
အသံမှာ အက်ကွဲကွဲဖြင့် ကြောက်ဖို့ကောင်းသည် မှန်သော်လည်း အားနည်းနေသူ တစ်ဦး၏ အသံ ဆိုတာကို သူကောင်းစွာ သိရှိလေသည်။
သာမန်လူအဖို့ ထိုအသံကို ကြားသည်နှင့် လိပ်ပြာလွင့်မတတ် လန့်မိမည်မှာ မှန်သော်လည်း သူ့အတွက်ကတော့မူ သေခါနီး လူတစ်ယောက်၏ အသံဟုသာ မှတ်ယူနေမိ၏။
“ခရမ်းရောင် ကြာပန်းသခင်များလား . . .”
ဂုဂျင်လုံသည် ပုန်းအောင်းနေခြင်း မရှိတော့ဘဲ မတ်တတ်ရပ်လိုက်ရင်း ဂူအတွင်းသို့ သာမန်လိုပင် ဝင်လာခဲ့၏။ ထို့နောက် ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ကျုပ်က ဂုဂျင်လုံပါ။ ခင်ဗျားဆီ လာလည်တယ်ပဲ ဆိုပါတော့။ ချင်းယန်နယ်ပယ်မှာ ထင်ရှား ကျော်ကြားလှတဲ့ ခရမ်းရောင် ကြာပန်းသခင်ကြီး အိမ်မရှိ ရာမရှိတဲ့ ခွေးတစ်ကောင်လို ဖြစ်နေတာကို တွေ့ရတာ တော်တော် အံ့သြဖို့ ကောင်းတာပဲ . . . ဟားဟားဟား . . .”
ဂုဂျင်လုံသည် ရိုင်းပြသည့် ဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် ဂူအတွင်းသို့ လျင်မြန်စွာ ပြေးဝင်လာသည်။
သူ့ဓားမှ အရောင်တလတ်လတ် တောက်ပနေပြီး လျစ်ခနဲနေအောင်ပင် ထိုဓားကို ဂုဂျင်လုံသည် မြဲမြံစွာ ကိုင်ဆောင်ထားသည်။
“ဂုဂျင်လုံ . . .”
ဂူအတွင်းပိုင်းမှ အသံနက်ကြီးဖြင့် အော်သံထွက်လာပြန်၏။ ကြောက်ရွံ့မှုနှင့်အတူ အံ့သြမှုတို့ပါ ရောယှက်နေသည့် အသံမျိုးပင် ဖြစ်သည်။
ဂုဂျင်လုံလည်း လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးသွားရင်း ထိုအချိန်မှာပဲ ဂူအတွင်းပိုင်းမှ လူတစ်ဦး သူနှင့် အရှိန်တူတူလောက်ပင် ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူသည် လျှပ်စီးကဲ့သို့ လျှင်မြန်လှပြီး ဂုဂျင်လုံကဲ့သို့လူပင် ထိုလူ၏ နောက်ကျောကိုသာ မြင်တွေ့လိုက်ရလေသည်။ ချက်ချင်း ဆိုသလို ဂူအပြင်ဘက်သို့ ရောက်ရှိသွားပြီး ပျောက်ကွယ် သွားပါတော့သည်။
ထိုလူ ထွက်ခွာသွားပြီးနောက် လိုဏ်ဂူအတွင်းတွင် အသံတစ်သံ ပဲ့တင်ထပ်၍ ကျန်ခဲ့လေသည်။
“ဂုဂျင်လုံ . . . မင်းက သူရိယဂိုဏ်းက ဆိုတာကို ငါသိတယ်။ ငါ့ရဲ့ ဒီလို အခြေအနေကို အခွင့် ကောင်းယူရဲတယ်ပေါ့။ ငါဒီကိစ္စကို ဘယ်တော့မှ မမေ့ဘူး။ ငါပြန်ကောင်းလာတဲ့ အခါကျရင် မင်းတို့ သူရိယ ဂိုဏ်းတစ်ခုလုံးကို ပြာချပစ်မယ်။ ဒီနေ့ စော်ကားမှုအတွက် ပေးဆပ်စေရမယ်ကွ . . .”
ထိုအသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍သွားပြီး နောက်ဆုံးတွင် ကြာပန်းသခင်၏ ချောင်းဆိုးသံ များကိုပင် ကြားလိုက်ရလေသည်။
“မင်းပြန်ကောင်းလာရင် ဟုတ်လား . . . မင်းက ဒီနေ့ ငါ့လက်ကနေ လွတ်မြောက်ဖို့ ထင်နေသေး တယ်ပေါ့ . . .”
ဂုဂျင်လုံသည် သေချာပေါက် ကြာပန်းသခင်အား လိုက်သတ်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ ထွက်ခွာရန် ပြင်လိုက်သည့် အချိန်မှာပင် ချက်ချင်း ရပ်လိုက်မိ၏။
သူ၏ အကြည့်စူးစူးများသည် တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရ၍ပင် ဖြစ်သည်။
လိုဏ်ဂူအတွင်း ကျောက်တုံးလေး တစ်တုံးအား မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
ထိုကျောက်တုံးသည်ကား မရဏကျောက်တုံးပင် ဖြစ်ချေသည်။
သူအလိုချင်ဆုံး ပစ္စည်းတစ်ခုပါပင်။
ထိုရတနာနှင့် နှိုင်းစာပါက ခရမ်းရောင် ကြာပန်းသခင်သည် ဘာမှ မဟုတ်တော့သလိုပင် ခံစား လိုက်ရသည်။
ခရမ်းရောင် ကြာပန်းသခင်သည် အလွန်အားနည်းနေပြီး အားကုန်သုံးကာ ထွက်ပြေးသွားခဲ့လေသည်။ ဂုဂျင်လုံ နဂိုတုန်းက မရဏကျောက်တုံးအား ရရှိရန်အတွက် ရေကုန်ရေခမ်း တိုက်ခိုက်ရမည်ဟု ထင်ခဲ့မိ၏။ ယခုအခါ တိုက်ခိုက်စရာ မလိုတော့သဖြင့် စိတ်သက်သာရာ ရသွားမိပြန်သည်။ သို့သော်လည်း သူသည် အလွန် နောင်တရမိနေ၏။ အဘယ်ကြောင့်ဆိုသော် သူသာ ရဲရဲတင်းတင်းဖြင့် ဝင်လာပြီး တိုက်ခိုက်ခဲ့မည် ဆိုပါက ခရမ်းရောင် ကြာပန်းသခင်အား သတ်နိုင်လိုက်မည် မှာ သေချာလှပေသည်။ ယခုအခါမှာတော့ လွတ်မြောက်သွားခဲ့ရ၏။
(ခရမ်းရောင် ကြာပန်းသခင်က လွတ်သွားပြီ။ ထားလိုက်တော့၊ သူ့ကို သတ်ဖို့အတွက် ငါဖန်ဇီလင် ကို အသုံးချလို့ရတယ်။ နောက်ပိုင်း မင်းကို သတ်နိုင်ဖို့ဆိုတာ ဘာမှ မခက်ပါဘူးကွာ ဟားဟား . . .)
ဂုဂျင်လုံ စဉ်းစားနေမိပါတော့သည် . . .။