Switch Mode

Chapter – 119

ကလဲ့စားချေရန်အတွက် အဆင်သင့်ဖြစ်ပြီ

Chapter – 119
“ကလဲ့စားချေရန်အတွက်အဆင်သင့်ဖြစ်ပြီ”

ရဲရှောင်သည် သူ့ယခင်ဘဝ တစ်ဘဝလုံးတွင် သန့်စင်သော ယန်ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့သူ တစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ပေါင်ကြားနေရာမှ တဖြည်းဖြည်း ကြီးထွားလာ၍ တောင်မတ်လာသလို ခံစားလိုက်ရလေသည်။ ယခုလို အရက်ကြောင့် ရဲရှောင်သည် ပထမဆုံးအကြိမ် ထိုကဲ့သို့ ခံစားမှုမျိုးအား ခံစားလိုက်ရခြင်း ဖြစ်၏။
ထို့အပြင် သူ့အနေဖြင့် ဖိနှိပ်၍ ချုပ်တည်းထားရန်လည်း အလွန်ခက်ခဲနေပေတော့သည်။
အိမ်တော်ထိန်းကြီးမှ –
“ရှောင်ရှောင် . . . မင်းသောက်လိုက်တဲ့ အရည်တွေက အဆင့်မြင့် အမျိုးသား လိပ်အားတိုးဆေး တွေကွ . . .”
ရဲရှောင် ကြောင်ငေးသွားမိသည်။ ထို့နောက် ထခုန်လိုက်မိပြီး –
“အဆင့်မြင့် အမျိုးသား လိင်အားတိုးဆေး ဟုတ်လား . . . အဲဒါဘာလဲ . . .”
ရဲရှောင် အလန့်တကြား မေးလိုက်သည်။
(ငါက ၂ ဘဝလုံး လူပျိုစစ်စစ် အဖြစ်နဲ့ နေခဲ့တာလေ။ အခုနေလည်း ငါဒါမျိုး မလိုပါဘူး . . . ဟာသပဲကွာ . . .)
အိမ်တော်ထိန်းကြီးမှ –
“အာ . . . မင်း . . . တကယ်ပဲ မသိဘူးပေါ့ . . .”
ရဲရှောင်သည် ပုဇွန်ထုပ်ကြီးကဲ့သို့ ကွေးကွေးလေး နေနေရင်း သူ့ငယ်ပါအား ဖိနှိပ်ထားရန် ကြိုးစားနေလေသည်။
“ခင်ဗျား ဘာတွေ ပြောနေတာလဲ၊ ဒါမျိုး ကျုပ်တစ်ခါမှ မလုပ်ဖူးဘူးဗျ။ ဘယ်လိုလုပ် သိမှာလဲ။ ဒီခံစားမှုက တော်တော် ဆိုးတာပဲ အား . . .”
(တစ်ခါမှ မလုပ်ဖူးဘူး . . .)
အိမ်တော်ထိန်းကြီးသည် စဉ်းစားရင်း အံ့သြလာမိသည်။
“မင်း . . . မင်း . . . မင်းက လူပျိုစစ်စစ်လား . . . လုံးဝ လူပျိုပေါ့ . . .”
ရဲရှောင်မှ အထင်သေးဟန်ဖြင့် –
“ခင်ဗျား အပိုတွေ ပြောမနေနဲ့တော့ . . . အား . . .”
အိမ်တော်ထိန်းကြီးသည် မျက်မှောင်ကြုတ်သွားမိသည်။
(လူပျိုတစ်ယောက်က အမျိုးသား လိင်အားတိုးဆေး ၂ ဘူးခွဲတောင် သောက်လိုက်တယ်ပေါ့၊ ဘယ်လိုလုပ်ကြမလဲ၊ ငါ ဒီသောက်ရေးမပါတဲ့ လူပျိုကောင်ကို ဘယ်လိုကယ်ရတော့မလဲ . . .)
ထို့နောက် အိမ်တော်ထိန်းကြီးလည်း ဒေါသသံဖြင့် –
“မတတ်နိုင်ဘူး . . . မင်းပဲ ကောင်မလေးတွေနဲ့ ပလူးပလဲ လုပ်နေကြ မဟုတ်လား။ အဲဒါတောင်မှ ဘယ်လိုဖြစ်ပြီး လူပျိုစစ်စစ် ဖြစ်နေရတာလဲ။ ဒီလိုအရည်က ဘာလဲ ဆိုတာတောင် တကယ်မသိခဲ့ဖူးပေါ့”
ရဲရှောင်အား အိမ်တော်ထိန်းကြီး မာန်မဲနေမိခြင်းမှာ မှားတော့မမှားပေ။ မိန်းကလေးတွေနဲ့ ပလူးပလဲ နေသော်လည်း လူပျိုဖြစ်နေသေးသည့် ရဲရှောင်အား အံ့သြဒေါသထွက် နေမိခြင်းသာ ဖြစ်ပေသည်။
ရဲရှောင်သည် ညည်းညူလျက် ရှိနေ၏။ ကြာလေ သူ၏ သရုပ်မှန် ပေါ်လာလေ ဖြစ်မည်ကိုလည်း သူစိုးရိမ်နေမိလေ၏။
“ကျုပ်က ကောင်မလေးတွေနဲ့ တွေ့တယ်ဆိုတာ ကျုပ်ရဲ့ ဘဝအကြောင်းတွေ၊ ကျုပ်အိပ်မက်တွေ အကြောင်းရယ်ကို သွားပြီး ပြောပြနေတာလေ . . .”
အိမ်တော်ထိန်းကြီး ရဲရှောင်အား မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေမိသည်။ ထို့နောက် ဒေါသတကြီး လေသံဖြင့် –
“မင်းဘာပြောလိုက်တယ် . . . မင်းက တစ်ညလုံးထိုင်ပြီး ကောင်မလေးတွေကို ဘဝအကြောင်း၊ အိပ်မက်အကြောင်းတွေ ပြောပြနေတယ် ဟုတ်လား . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း –
“ဟုတ်တယ်လေ . . . ဘာလုပ်စရာ ရှိသေးလို့လဲ . . .”
အိမ်တော်ထိန်းကြီး ပါးစပ်အဟောင်းသား ဖြစ်သွားပြန်ပြီး ချက်ချင်းဆိုသလို ဒေါသလည်း ဖြစ်သွားမိ၏။
“ငါ့ကို ဘာလို့ စောစောကတည်းက မပြောလဲ . . . မင်း . . . မင်း . . . မင်းက သောက်ကျိုးနည်း သူတော်ကောင်းကြီးပါလားဟ . . .”
(ကောင်မလေးတစ်ယောက်နဲ့ တစ်ညလုံး ရှိနေတာတောင် သူတော်ကောင်းလို လုပ်နေတယ်ပေါ့၊ ဒါမျိုးက ပါရမီရင့်သန်တဲ့ သူတော်ကောင်းတွေပဲ လုပ်နိုင်တာ မဟုတ်ဘူးလား . . . ဒါဆို ဖြစ်နိုင်ချေ တစ်ခုက သူက မြုံနေလို့များလား . . . အခု သူ့ဂွကြားကို ကြည့်ရသလောက် မြုံနေတဲ့ ပုံလည်း မပေါ်ပါဘူး သောက်ကျိုးတော့ နည်းပါပြီ . . .)
“ဟုတ်ပြီ . . . အခု ဘာလုပ်ကြမလဲ . . .”
အိမ်တော်ထိန်းကြီး ဒေါသတကြီး မေးလိုက်၏။
(ငါလည်း အခု ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ဘူး။ သူသာ ပုံမှန်အတိုင်းဆို ဘာမှ ပြောမနေဘဲ ဆောင်ကြာမြိုင် အချို့ကို ပို့ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ သူက လူပျို စစ်စစ် ဖြစ်နေတော့ အဲဒီလို အရာတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို မသိလောက်သေးဘူး . . . ဒုက္ခတော့ ရောက်ပါပြီ)
ရဲရှောင်သည် ညည်းညူရင်းဖြင့် –
“မစိုးရိမ်ပါနဲ့ . . . ကျုပ် ရေသွားချိုးလိုက်မယ်။ ကျုပ်ကို ရေအေးအေးတွေနဲ့ ဝိုင်းလောင်းပေးကြစမ်းပါ . . .”
အိမ်တော်ထိန်းကြီးလည်း ပုဇွန်ထုပ် တစ်ကောင်ကဲ့သို့ ကွေးကွေးလေး သွားနေသော ရဲရှောင်အား ကြည့်နေမိ၏။
တခဏအကြာတွင် ရေကန်ဆီမှ တဗွမ်းဗွမ်းဖြင့် ရေသံများကို ကြားလိုက်ရသည်။
(နောက်ဆုံးတော့ ဒီကောင်လေး သင်ခန်းစာ ကောင်းကောင်း ရသွားလောက်ပြီ . . .)
အိမ်တော်ထိန်းကြီးလည်း အလျင်အမြန်ပင် လိုက်သွားရင်း –
“တစ်ယောက်ယောက် လာကြစမ်း၊ ရေတွင်းကနေ ရေခပ်ပေးလိုက်ကြ . . .”
သွေးသောက် ရဲမက် ၃၆ ယောက် ရောက်ရှိလာခဲ့ပြီး ကန်ထဲမှ ရေများမှာ လောက်ငှခြင်း ရှိမည် မဟုတ်ဘူး ဆိုတာကို သိသည့်အတွက် ရေခပ်ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။
ထိုနေ့ည ရဲအိမ်တော်တွင် ရေကျသံများသည် ရပ်တန့်ခြင်း မရှိတော့ချေ။
ရဲရှောင်အား ရေအေးများဖြင့် တစ်ခွက်ပြီးတစ်ခွက် ဝိုင်းလောင်းပေးနေကြလေ၏။
ရဲရှောင်ကိုယ်တိုင်လည်း ပထမပိုင်းတွင် ရေထဲ ခေါင်းနှစ်ထားပြီးနောက် သူ့ကိုယ်သူ လောင်းချိုး နေမိပါတော့သည်။
“ဗွမ်း . . . ဗွမ်း . . . ဗွမ်း . . .”
အစောင့်ရဲမက်များ အားလုံးသည် အတွေ့အကြုံ ရင့်ကျက်သော လူများ ဖြစ်ကြလေ၏။ သူတို့၏ သခင်လေး ရှက်ရွံ့နေသည့် ဟန်ကိုလည်း သတိပြုမိကြသည်။ ထို့အပြင် ရေလောင်းပေးနေရင်း ဘောင်းဘီဂွကြားမှ ဖောင်းကားနေသည်ကိုလည်း တွေ့မြင်မိကြလေ၏။ အားလုံးသည် မရယ်မိအောင် ကြိုးစား၍ နေနေကြရခြင်း ဖြစ်ပါတော့သည်။
တချို့မှာလည်း ရေလောင်းပြီး ရေသွားပြန်ခပ်သည့် အချိန်တွင် မထိန်းနိုင်ဘဲ ရယ်မောမိကြသည်။
တကယ်ကိုပင် ရယ်စရာ ကောင်းနေသည် မဟုတ်ပါလား။
အစောင့်တစ်ဦးမှ အိမ်တော်ထိန်းကြီးနားသို့ ကပ်လိုက်ရင်း လေသံတီးတိုးဖြင့် –
“ခေါင်းဆောင် . . . ဒါက ခက်တဲ့ ကိစ္စမှ မဟုတ်တာပဲ။ သူ့ကို ဆောင်ကြာမြိုင် တစ်ခုခုကို ပို့လိုက်ပါလား။ အားလုံး အဆင်ပြေသွားလိမ့်မယ်။ ကျုပ်တို့ရဲ့ သခင်လေးကလည်း အဲဒီလို နေရာမှာ ကျွမ်းကျင်အဆင့်ပဲလေ . . .”
အိမ်တောင်ထိန်းကြီးသည် အစောင့်အား ကြည့်လိုက်ရင်း –
“သောက်ရေးမပါတာ . . . ငါ့ကို အရူးလို့များ မင်းတို့က ထင်နေကြတာလား။ သူက ကျွမ်းကျင် အဆင့် ဟုတ်လား . . . ဟမ့် . . . သောက်ကျွမ်းကြီးပေါ့ . . . သူက လူပျိုလေးပဲ ရှိသေးတာကွ။ မင်း သူအခု ဘယ်လို ဖြစ်သွားတာလဲ ဆိုတာကို မသိသေးဘူးထင်တယ်။ သူက သူစီးတဲ့မြင်း အထီးမှန်း အမမှန်း မသိသလို ကိုယ်သောက်တဲ့ အရည်က ဘာဆိုတာလည်းတောင် မသိဘူးကွ။ အဲဒါတောင်မှ အကုန်ကုန်အောင် သောက်ပစ်တယ်လေ။ ကျွမ်းကျင်အဆင့် သောက်ကျွမ်းကြီးက ဒီအရည်ကိုတောင် ဘာဆိုတာ ခွဲခြား မသိဘူးလား . . .”
အစောင့်ဖြစ်သူသည် အံ့အားသင့်မိသွားလေသည်။ သူ့နေရာသို့ သူပြန်သွားလိုက်ရင်း စတင် ရယ်မောလိုက်မိပါတော့သည်။ အိမ်တော်ထိန်းကြီး ပြောသည့် စကားများကို ကြားယောင်ရင်း ရဲရှောင် အဖြစ်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။
(လူပျိုလေး . . . လူပျိုလေးပဲ ရှိသေးတယ် ဟုတ်လား ဟားဟားဟား . . .)
ထို့နောက် ရဲရှောင်၏ ဂွကြားမှ ဖောင်းနေသည်ကို ကြည့်ရင်း –
(သာမန် လူပျိုတော့ မဟုတ်လောက်ဘူး၊ သူ့ဂွကြားကို ကြည့်ရသလောက် ရှယ်ကြီးဟ . . . တော်တော်ကြီးတယ် . . .)
သူသည် ရယ်မောနေရင်းဖြင့် တွေးနေမိသည်။ သို့သော်လည်း ချက်ချင်းပင် အရယ်ရပ်သွား လေတော့၏။ ခေါင်းကို ငုံ့လိုက်ရင်း သူ့ကိုယ်ပိုင်နေရာကိုလည်း ကြည့်လိုက်မိကာ သူ့ကိုယ်သူ တွေးမိရင်း ဝမ်းနည်းသလို ဖြစ်သွားမိပါတော့သည်။
ထိုနေ့က အစောင့်ရဲမက်များ အားလုံးသည် အလုပ် အလွန်ရှုပ် သွားကြလေတော့၏။
အရုဏ်တက်ချိန်သို့ ရောက်ရှိလာချေပြီ . . .
ရဲရှောင် ခံစားနေရသော ဝေဒနာသည် အနည်းငယ် လျော့သွားသလို ခံစားလိုက်ရသည်။
“ရပြီ . . . ရပြီ . . . အားလုံး တော်ကြတော့၊ တောက် ငါ့ဘဝမှာ တစ်ညလုံး ရေချိုးဖူးတာ ဆိုလို့ ဒီတစ်ခါပဲ ရှိဦးမယ်။ အရေပြားတောင် အသစ်လဲသွားပြီထင်တယ် . . .”
ရဲရှောင်သည် စကားဆုံးသည်နှင့် အားလုံးလည်း ရယ်မောလိုက်ကြလေ၏။
ထိုနေ့ညကတည်းက ရဲရှောင်သည် ဇုဝူကျီ၏ ပုလင်းများအား မျက်စောင်းပင် မထိုးရဲတော့ချေ။ သူ့တစ်ဘဝလုံး မသောက်တော့ ဟူ၍ပင် ဆုံးဖြတ်နေမိလေ၏။ သူ့အတွက် အလုပ်ရှက်စရာ ကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး သူ့ကိုယ်သူပင် မနှစ်မြို့သလို ဖြစ်ခဲ့မိပါသည်။
သို့သော်လည်း ပုလင်းများကိုမူ သိမ်းထားပါသေးသည်။ သောက်ရန်အတွက် မဟုတ်ဘဲ ပြောင်းလဲမှု အချို့ လုပ်ဆောင်ရန် အတွက်ပင် ဖြစ်ပါသည်။
ထိုအရည်ကို အသုံးပြု၍ ဒုက္ခပေးရန် ကြံစည်ထားခြင်းကြောင့် ဖြစ်ပေသည်။
ရဲရှောင်သည် ထိုနေ့ညမှ အဖြစ်အပျက်ကြောင့် ဇုဝူကျီ၏ အိမ်ဘက်သို့ ထွက်လာခဲ့ပြီး ဇုဝူကျီအား ပြင်းပြင်းထန်ထန်ကို ရိုက်နှက်ပစ်မိသည်။
မည်သို့မျှ ပြောဆို မေးမြန်းခြင်း မရှိဘဲ ရိုက်ပုတ်နေမိခြင်းသာ ဖြစ်ပေသည်။
ဇုဝူကျီသည် အပြစ်ကင်းစင်သော လူတစ်ဦးကဲ့သို့ ရှိနေကာ ရဲရှောင် အဘယ်ကြောင့် သူ့ကို ရိုက်သလဲ ဆိုတာကို စဉ်းစား မရ ဖြစ်နေပါတော့သည်။
ဖြစ်ကြောင်းကုန်စင် သိပြီးသည့် အခါမှသာ သေလုမတတ် ခွက်ထိုးခွက်လန် ရယ်မောသွားမိလေ ၏။ ဇုဝူကျီ၏ ဘဝ တလျှောက်လုံးတွင် ရယ်စရာ အကောင်းဆုံး ဟာသတစ်ခုကဲ့သို့ပင် ဖြစ်သွား လေတော့သည်။
ရဲရှောင်၏ အဖြစ်ကို တွေးမိသည့် အချိန်တိုင်း ရဲရှောင်အား ချောက်ချမိလိုက်လေခြင်း ဟူ၍ ဂုဏ်ယူနေမိလေ၏။
သူ၏ ယခင်ဘဝ ဇာတ်ကြောင်းကိုသာ သိမည် ဆိုလျှင် ပို၍ပင် ဆိုဦးမည် ဖြစ်ပါသည်။
“မင်းတို့တွေ ရှောင်ဧကရာဇ်ကို သိကြလား၊ ဟားဟားဟား သူက ငါပေးလိုက်တဲ့ အမျိုးသား လိင်အားတိုးဆေးတွေကို တစ်ပုလင်းလုံး သောက်ပစ်ခဲ့တာကွ။ သူသောက်လိုက် ဘာဆိုတာလည်း သူမသိဘူးလေ။ နောက်တော့ သောက်ကျိုးတွေ နည်းပါလေရော ဟားဟား . . .”
ထိုကဲ့သို့ တခြားလူများအား ဂုဏ်ယူစွာ ဖောက်သည်ချမည့် အဖြစ်ကိုလည်း ရဲရှောင် မြင်ယောင် နေမိလေ၏။
ရဲရှောင် ခံစားခဲ့ပြီးနောက် ၂ ရက်ခန့် ကြာသောအခါ မြို့ပြင်ဘက်သို့ ထွက်လာခဲ့ပြန်သည်။
အိမ်တော်ထိန်းကြီးသည် ရဲရှောင်၏ ခြေလှမ်းများကို သိချင်သဖြင့် တိတ်တဆိတ်ဖြင့် ၂ ကြိမ် တိုင်တိုင် နောက်ယောင်ခံ လိုက်ခဲ့ဖူးပါသည်။ သို့သော်လည်း အမြဲလိုလို မျက်ခြေပြတ်ခဲ့ရလေ၏။
သူ့လက်ရှိ အနေအထားအရ ရဲရှောင်အား နောက်ယောင်ခံ လိုက်နိုင်ရန်မှာ မဖြစ်နိုင် သလောက်ပင်။
အိမ်တော်ထိန်းကြီးလည်း ရှက်ရွံ့သလို ဖြစ်နေမိပြီး အမြဲလိုလို သူပြောလေ့ ရှိသည်မှာ ‘ငါမင်းကို ရိုက်မိတော့မယ်နော်’ ဟူ၍သာ ဖြစ်ပါသည်။
သို့သော် တကယ်တမ်း ရဲရှောင် ပြန်ရောက်လာသည့် အခါမျိုးတွင်မူ ထိုကဲ့သို့ မပြောဖြစ်ဘဲ သူမျက်ခြေပြတ်ခဲ့သည့် အဖြစ်ကို ရဲရှောင်သိပါက ရှက်စရာ ဖြစ်မည် စိုး၍ပင် ဖြစ်ပါတော့သည်။
သူသည် ကျင့်ကြံမှု များစွာကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့်တိုင် ဆယ်ကျော်သက် တစ်ဦးဖြစ်သူ ရဲရှောင်အား နောက်ယောင်ခံ မလိုက်နိုင်ခြင်းသည် တကယ်ကို ရှက်စရာ ကောင်းသော အဖြစ်တစ်ခုပင် ဖြစ်လေ၏။ တစ်ခါတရံ ဆောင်ကြာမြိုင်တစ်ခု အတွင်းသို့ပင် မှား၍ လိုက်မိသည့် အခေါက်များလည်း ရှိခဲ့ဖူးလေသည်။
ထိုကဲ့သို့ မျက်ခြေဖြတ်ခံလိုက်ရသည့် အချိန်တိုင်းတွင် အိမ်တော်ထိန်းကြီးသည် ကြိတ်မနိုင် ခဲမရ ဖြစ်နေရပါတော့သည်။
ဂုဂျင်လုံမှာလည်း နေ့တိုင်းလိုလို ရဲရှောင်၏ လှုပ်ရှားမှုများအား ခံစားမိနေသည်။
“ဖန်ဇီလင် ဒီနေ့ မြို့ထဲ ရောက်လာတယ်၊ အခု ပြန်ထွက်သွားပြန်ပြီဟ၊ ဖန်ဇီလင် . . .”
အရာရာတိုင်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အတွက် ကျေနပ်နေမိလေ၏။
ဖန်ဇီလင်တစ်ယောက် သူ့ထိန်းချုပ်မှုအောက် ရောက်နေသည်အား မသိရှိဟု တွေးမိသည့် အခါ ပို၍ပင် ကျေနပ်နေမိပါတော့သည်။
သူ့အနေဖြင့် ဖန်ဇီလင်အား ကောင်းကောင်းကြီး အရူးလုပ်နိုင်မည် ဟူ၍ တွေးနေမိပြီး ဖန်ဇီလင်မှာ သူ့ကိုလည်း အလွန်ယုံကြည်သူဟု ထင်မြင်နေမိလေ၏။ ထူးခြားအစွမ်းထက်သော ဆေးလုံးများနှင့် မရဏကျောက်တုံးတို့ မကြာမီအချိန်တွင်း သူ့လက်ထဲသို့ ရောက်ရှိမည်ဟု တထစ်ချ ယုံကြည်နေမိပါသည်။ ထိုကဲ့သို့ စဉ်းစားမိလေလေ ဂုဂျင်လုံ ပျော်ရွှင်လေလေပါပင်။
အမြဲလိုလို ပြုံးနေလေ့ရှိပြီး သူ၏ အပြုံးတွင် ကျေနပ်မှု၊ ဂုဏ်ယူမှု၊ ယုံကြည်ချက်ရှိမှု စသည့် အဓိပ္ပါယ်မျိုးစုံ ပါဝင်နေ၏။
ဝမ်ဇန်းဟိုမှ ထိုကဲ့သို့ အပြုံးမျိုးကို လှမ်းမြင်တွေ့လိုက်ရသည့် အချိန်တိုင်း ကျောချမ်းနေမိသည်။
ထိုအပြုံးကို မြင်တွေ့ရချိန် ကျောရိုးထဲထိ စိမ့်ခနဲနေအောင် ခံစားမိနေခြင်းပင် ဖြစ်သည်။
အကယ်၍ သူသာ ရဲရှောင်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်တွေ့ခွင့် ရမည် ဆိုလျှင် ဆိုဖွယ်ရာပင် ရှိမည် မဟုတ်ချေ။
ရဲရှောင်၏ အပြုံးမှာမူ ဂုဂျင်လုံထက် အများကြီး လေးနက်၍ ပီပြင်လှလွန်းသဖြင့်ပင် ဖြစ်သည်။
ယခုအခါ ရဲရှောင်သည် ပြွန်တောင်၏ အနီးနားရှိ တောင်မြင့်ကြီး တစ်ခုထက်သို့ ရောက်ရှိနေပြီး နောက်ထပ် အစီအရင်တစ်ခုကို ပြင်ဆင်နေခြင်း ဖြစ်လေသည်။ သူသည် ပြုံးလျက်ရှိပြီး ထိုအပြုံးအား ခေါင်းစဉ်တပ်ရမည် ဆိုလျှင် စိတ္တဇဆန်သော အပြုံးဟု ဆိုရမည် ဖြစ်၏။
ယခုအကြိမ်တွင် သူသည် ပျောက်ကွယ်ရေး အစီအရင်အား ပြုလုပ်နေခြင်းပင် ဖြစ်၏။
ဂုဂျင်လုံအနေဖြင့် ယခု သူလုပ်သည့် အစီအရင်ကို သေချာပေါက် ချိုးဖျက်နိုင်မည် ဆိုသည်ဟု လည်း သိရှိနေသည်။
ထိုတောင်တွင် ရဲရှောင်သည် ရက်အတန်ကြာ အချိန်ဖြုန်းနေပြီး လေဝင်လေထွက် ရစေသည့် ဂူတစ်ခု တူးကာ လိုဏ်ခေါင်းများဖြင့် ဆက်သွယ်ထား၏။
ကျယ်ဝန်းသော ဂူတစ်ခုပင် ဖြစ်ပေသည်။
သူသည် ပြင်ဆင်မှုအချို့ပင် ပြုလုပ်ထားပြီး နံရံများထက်တွင် ကြာပန်းပုံစံ သင်္ကေတများကိုပင် ရေးခြယ်ထားပါသေးသည်။
ထို့နောက် ထိုနေရာ တစ်ခုလုံးအား ထပ်တလဲလဲ စစ်ဆေးလိုက်ပြန်သည်။
အားလုံးပြည့်စုံ ကောင်းမွန် သေချာပြီ ဆိုမှသာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း လိုဏ်ခေါင်းကို ကြည့်နေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset