Switch Mode

Chapter – 633

အခန်း (၆၃၃) လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး ရန်သူ
ကောင်းကင်စစ်သားတွေရဲ့ အော်ဟစ်သံကို ကြားပြီး ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားရပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ကောင်းကင်ရုံးတော်က ကောင်းကင်တာအိုကို ကာကွယ်ပေးတယ်… ခေတ်ကလည်း လေးငါးခြောက်ခေတ် ရှိနေပြီတဲ့လား…’
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က နှစ်အနည်းငယ်အတွင်း သူများတွေ လျှို့ဝှက်ကြံစည်တာကို ခံရပြီး ဒုက္ခ‌ရောက်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က အဆုံးသတ် အပျက်အစီး နတ်ဘုံကိုတောင် သွားသိမ်းပိုက်လိုက်ပါသေးတယ်။ ကြည့်ရတာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က အမှောင်ဘက်ခြမ်းကို လုံးဝ ရောက်မသွားပုံပါပဲ။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်က အမှောင်ထုမှာ အလင်းရောင် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီအလင်းရောင်ဟာ အလွန်လျင်မြန်စွာ ကြီးမားကျယ်ပြန့်သွားပြီး အမှောင်တားမြစ်နယ်မြေကို လင်းထိန်သွားစေပါတယ်။
ဟန်ထော်ဟာ နေရာကနေ ရုတ်တရက် ခုန်ထွက်ပြီး အနက်ရောင် သင်္ကေတတွေရှိတဲ့ ရွှေရောင်လှံကို ထုတ်ယူလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ထော်ဟာ အော်ဟစ် သတိပေးလိုက်ပါတယ် “သူ ရောက်လာပြီ၊ တိုက်ပွဲအတွက် ပြင်ဆင်ကြ” ကြောက်မက်ဖွယ် ရုပ်သွင်တစ်ခုဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်က ပဋိပက္ခနတ်ဘီလူးရဲ့ ဓမ္မရုပ်တုပါ။
ယီတျန်ကလည်း ကောင်းကင်ကိုကြည့်ပြီး အော်ဟစ်လိုက်ပါတယ်။ ယီတျန်ရဲ့ ခန္ဓာကိုယ်ဟာ လျင်မြန်စွာ ကြီးထွားသွားပြီး ပေပေါင်းဆယ်သန်းကျော် မြင့်မားတဲ့ ကြောက်မက်ဖွယ်ရုပ်သွင်အဖြစ် အသွင် ပြောင်းလဲသွားပါတယ်။ ယီတျန်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက လူသားနဲ့တူပြီး ခန္ဓာကိုယ် အောက်ပိုင်းကတော့ ရေလွှမ်းနဂါးနဲ့ တူပါတယ်။ ယီတျန်ရဲ့ ကြွက်သွားတွေက သံမဏိနဲ့ သွန်းလုပ်ထားသလိုပါပဲ။
ယီတျန်ဟာ‌ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာသွင်ပြင် ရှိပါတယ်။ သူ့ရဲ့ ဆံပင်ဖြူတွေ လေထဲလူးလွန့်သွားတဲ့အခါ သူ့မျက်နှာမှာ ဒေါင်လိုက် မျက်လုံးလေးလုံး ပေါ်လာပါတယ်။
ဟန်ကျွယ် ကြည့်နေတုန်းမှာပဲ အလင်းရောင်က ကြောက်မက်ဖွယ်အလျင်နဲ့ တစ်ဟုန်ထိုး ပျံသန်းလာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် နတ်ဘုရားတွေကို အမှုန့်ဖြစ်အောင် လုပ်လိုက်ပါတယ်။
ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။ ပုံရိပ်ယောင် ကွဲမကြေခင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်တစ်ဝက်က အမှုန့်ဖြစ်သွားတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
ဟန်ကျွယ် မျက်လုံးထပ်ဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ သိစိတ်က အစစ်အမှန်ကို ပြန်ရောက်သွားပါပြီ။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်းကင်ရုံးတော်က ဘယ်သူ့ကို ရင်ဆိုင်နေတာလဲ’
ဒီကိစ္စက နောက်လေးငါးခြောက်ခေတ်လွန်မှ ဖြစ်ပျက်မှာဆိုပေမဲ့ ဘာမှန်းမသိတဲ့ ရန်သူကို ရင်ဆိုင်ရတာမို့ ကြိုသိထားပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဟန်ကျွယ်ဟာ ကြောက်ဖို့ကောင်းတဲ့ ရန်သူတွေကို ငယ်ငယ်ကတည်းက သတ်ရတာ အကြိုက်ဆုံးပါ။
ဒီလိုမဟုတ်ဘဲ ရန်သူ တံခါးလာခေါက်တဲ့ အချိန်ကို စောင့်နေရင် တော်‌တော်လေး အန္တရာယ်များမှာပါ။
“ပုံရိပ်ယောင်ထဲ ကောင်းကင်ရုံးတော် ရင်ဆိုင်ရတဲ့ ရန်သူက ဘယ်သူလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[စနစ်၏ အကန့်အသက်ထက် ကျော်လွန်သော ကံတရား ပါဝင်နေ၍ တွက်ချက်မရပါ။]
‘ဒီလောက်ထိတောင် စွမ်းအားကြီးတာလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တာအိုဘိုးဘေးက မကောင်းဆိုးဝါး ဖြစ်သွားတာလား… မဟုတ်သေးဘူး… တာအိုဘိုးဘေးကို လူမြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် ဖိအားပေးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုများလား’
ဟန်ကျွယ်ဟာ စဉ်းစားမရတဲ့အတွက် ဆက်ပြီးတော့ မစဉ်းစားတော့ပါဘူး။ အဲဒီရန်သူနဲ့ တွေ့ဖို့ကလည်း အချိန်အများကြီး လိုပါသေးတယ်။ တခြားစကားနဲ့ ပြောရရင် ဟန်ထော် မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို လိုက်တာက ကောင်းတဲ့ကိစ္စပါ။ နောက်ဆုံးမှာ တွေ့ရတဲ့ ကြောက်မက်ဖွယ် တည်ရှိမှုက ကောင်းကင်ရုံးတော် တစ်ခုတည်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ပဋိပက္ခတစ်ခုလုံးကို ပစ်မှတ်ထားတာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ဟန်ထော်ကို မိစ္ဆာ ကောင်းကင်ဧကရာဇ်‌နောက် လိုက်ခွင့် ပြုလိုက်ပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ် မိစ္ဆာ ကောင်းကင်ဆီမှာ အမှုမထမ်းခဲ့တာကို သူ့သား ဟန်ထော်က အစားအနေနဲ့ အမှုထမ်းပေးတယ်လို့ ပြောလို့ရပါတယ်။
‘ငါ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ပြန်ပြီးတော့ တန်ဖိုးဖြတ်ရလိမ့်မယ်၊ သူက ကောင်းကင်တာအို ပညာရှိတွေကိုပဲ မုန်းတာ၊ ကောင်းကင်တာအိုကိုတော့ ဂရုစိုက်သေးတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က မဖောက်ပြန်သေးရင် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ပံ့ပိုးပေးဦးမှာပါ။ ဟန်ကျွယ်ဟာ ဒီဘဝမှာ မိတ်ဆွေကောင်းတွေ သိပ်မရှိပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ ကျိန်းသေပေါက် ဟန်ကျွယ်ရဲ့ မိတ်ဆွေကောင်းပါ။ ဟန်ကျွယ်ဟာ အနာဂတ်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ် ကောင်းစားတာကို တွေ့ရတဲ့အတွက် ပျော်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ကလဲ့စားချေလိုစိတ်ကြောင့် စိတ်ထင်တိုင်း လျှောက်မလုပ်ပါဘူး။ ဒါကို တွေးလေလေ ဟန်ကျွယ်ဟာ ပိုပျော်လေလေပါပဲ။
အဲဒီနောက် ဟန်ကျွယ်ဟာ တစုန်ကောင်းကင်ကို ကြည့်လိုက်ပါတယ်။ ဒီနှစ်တွေမှာ တစုန်ကောင်းကင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ လုံးဝ အသားကျသွားပါတယ်။ တစုန်ကောင်းကင်ဟာ ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေပါတယ်။ ပြောစရာရှိတာဆိုလို့ တစုန်ကောင်းကင်ဟာ ဘဝဟောင်းမှာ ချူရှီရန်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့ပါတယ်။
ပထမတော့ တစုန်ကောင်းကင်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်ကို ကြည့်ပြီး ထိတ်လန့်သွားပါတယ်။ အင်မော်တယ်ဧကရာဇ် အရေအတွက်က တော်တော်ကို ကြောက်ဖို့ကောင်းတာပါ။ အခုအချိန်မှာ တစုန်ကောင်းကင်ဟာ သူ့ကိုယ်သူ တိတ်ဆိတ်ဂိုဏ်းသားလို့ ခံယူထားလိုက်ပါပြီ။ တစုန်ကောင်းကင်ဟာ ကိုယ်ပိုင်တပည့်တွေနဲ့ တွေ့တဲ့အခါ အပေါ်စီးကနေပြီး မဆက်ဆံပါဘူး၊ တန်းတူထားပြီး ဆက်ဆံပါတယ်။
‘ဒီကောင်ကို မဟာတာအို ခရမ်းရောင်ချီ ပေးဖို့က မဖြစ်နိုင်ဘူး၊ တခြား တပည့်ရင်းတွေက ကျိန်းသေပေါက် ကန့်ကွက်မှာပဲ’
ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ အထူးချွန်ဆုံးဖြစ်တဲ့ တာအိုအရှင်သခင်တောင် တာအိုရယူဖို့ လိုပါသေးတယ်။ တခြားတပည့်တွေကတော့ ထည့်ပြောစရာတောင် မလိုပါဘူး။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ကနေ တာအိုပညာရှိအတု အဆင့်ကို ရောက်ဖို့က အချိန်အကြာကြီး ယူရမှာပါ။ တာအိုပညာရှိအတု ကနဦးအဆင့်ကနေ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်ဖို့က ပိုလို့တောင် ကြာပါသေးတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်က တာအိုပညာရှိတွေ အဆင့် ဘယ်လိုထိုးဖောက်လဲဆိုတာ သိချင်သွားပါတယ်။ ဟန်ကျွယ်ဟာ လောကဦး ခရမ်းရောင်ချီက မရှိမဖြစ် မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ ကျိန်းသေပေါက် တခြားနည်းလမ်း ရှိနေမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ တခြားတပည့်တွေကို လိုက်ကြည့်ပါတယ်။
မယ်တော်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ထိပ်သီးအင်အားစုတစ်စု ဖြစ်နေပါပြီ။ မယ်တော်ဂိုဏ်းမှာ တပည့်ပေါင်း သန်းတစ်ရာကျော်ရှိပြီး အကုန်လုံးက အမျိုးသမီးတွေချည်းပါပဲ။ သူတို့ရဲ့ ကျင့်ကြံမှုကလည်း အလွှာပေါင်းစုံ ပါဝင်ပြီး သူတို့အင်အားတွေက သေမျိုးကမ္ဘာတချို့အထိတောင် ပျံ့နှံ့ တည်ရှိပါတယ်။
လီယောင်ကလည်း အင်မော်တယ်ကမ္ဘာမှာ နာမည်ကျော်ကြားလာပါတယ်။ မယ်တော်ဂိုဏ်းရဲ့ ကံတရား အထောက်အပံ့ကြောင့် လီယောင်ရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်သွားပြီး တာအိုအရှင်သခင်ကို အမီလိုက်နေပါတယ်။ တာအိုအရှင်သခင်ကတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ခါစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တာအိုပညာရှိအတု ဖြစ်လာဖို့က မလွယ်ကူပါဘူး။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကောင်းကင်ဘုံ ၁၃ ဘုံ မြောက်ကို ရောက်သွားပါတယ်။ မုန့်ရှောင်ရဲ့အမှု ပြီးသွားကတည်းက မိုးကောင်းကင်မျိုးနွယ်စုဟာ ခြောက်ကပ်သွားပါတယ်။ အင်မော်တယ် နတ်ဘုရား တော်တော်များများကလည်း ကောင်းကင်တာအိုဂိုဏ်းထဲ ဝင်သွားကြပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ အင်အားစုအသီးသီးကလည်း မိုးကောင်းကင်မျိုးနွယ်စုကို မကြိုက်ကြပါဘူး။ နိဂုံးချုပ်လိုက်ရင် မိုးကောင်းကင်မျိုးနွယ်စုဟာ လူတွေရဲ့ နှလုံးသားကို ဆုံးရှုံးသွားပါတယ်။ ဒီကိစ္စက ဂျိရှင်းရှန်ကို အထိဆုံးပါ။ ဂျိရှင်းရှန်ဟာ ဂူအောင်းနေပြီး မိုးကောင်းကင်မျိုးနွယ်စုရဲ့ ပုံရိပ်ကို ဂရုမစိုက်တော့ပါဘူး။
ကြည့်စရာရှိတာ ကြည့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး ဆက်လက် ကျင့်ကြံပါတယ်။
လွတ်လပ်မှုအဆင့်မှာ ကျင့်ကြံအားထုတ်ရတာက တော်တော်ခက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ပြေလက်ပျောက် မနေနိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က မဟာတာအိုပညာရှိတွေကို အမီလိုက်ပြီး သူတို့ကို ကျော်တက်နိုင်ဖို့ပါ။
နွေဦးကုန်ဆုံးပြီး ဆောင်းဦးကို ရောက်လာပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကလည်း ပြောင်းလဲလို့နေပါတယ်။
နောက်ထပ် နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ နတ်ဆိုးတွေ မရှိတော့ပါဘူး။ ရှေးဟောင်းမျိုးနွယ်စုနဲ့ နာမည်ရှိမျိုးနွယ်စုက အချင်းချင်း ဆန့်ကျင်နေကြပါတယ်။ သက်ရှိ အရေအတွက်ကတော့ အသင်္ချေပါ။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ပြီး မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအတောအတွင်းရတဲ့ စာစောင်တွေက အတိတ်က စာစောင်တွေနဲ့ သိပ်မကွာပါဘူး။ ဘယ်သတင်းကမှ ဟန်ကျွယ်ရဲ့ အာရုံကို မဆွဲဆောင်နိုင်ပါဘူး။ ပြောစရာရှိတာဆိုလို့ ကောင်းကင်တာအို အပြင်ဘက်မှာ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ တာအိုမိစ္ဆာတွေ သောင်းကျန်းနေတာပါ။
ဟန်ကျွယ် စာအိတ်ကို ပိတ်လိုက်ပြီး တာအိုပညာရှိအာရုံနဲ့ အင်မော်တယ်ကမ္ဘာကို လွှမ်းခြုံလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို ပဋိပက္ခချီတွေက အင်မော်တယ်ကမ္ဘာရဲ့ အရှေ့ဘက်မှာ စုစည်းနေတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ ပဋိပက္ခချီတွေက အမှောင်ထုထဲမှာ ပျောက်ကွယ်သွားတဲ့ တံတားရှည်တစ်စင်းလိုပါပဲ။
ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ဘာမှမမြင်ရပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေက စကြဝဠာခန်းမမှာ စုစည်းပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေတာ တွေ့လိုက်ရပါတယ်။ ဒီအထဲမှာ အရှေ့ဧကရာဇ်တောင် ပါနေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို အာရုံခံမိတာကြောင့် ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်… လာလို့ရမလား”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ဦးတည်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ကောင်းကင်တာအိုထဲမှာ အကြွင်းမဲ့လုံခြုံပါတယ်။ ခန်းမထဲကို ရောက်တဲ့အခါမှာတော့ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ခေါင်းညိတ်ပြပါတယ်။
လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဖန်းလျန်တို့လည်း ရှိနေပါတယ်။ လီတောက်ခုံးနဲ့ ဖန်းလျန်ဟာ မတ်တတ်ရပ်ပြီးတော့တောင် ဟန်ကျွယ်ကို ကြိုဆိုပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို သူ့ဘေးမှာထိုင်ဖို့ အချက်ပြပါတယ်။ ဟန်ကျွယ်လည်း ယဉ်ကျေးမနေတော့ဘဲ တစ်ခါတည်း ကောင်းကင်အရှင်ရွှမ်တုရဲ့ ဘယ်ဘက်မှာ ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အကြည့်တစ်ခုကို ခံစားမိပါတယ်။ အရှေ့ဧကရာဇ်က သူ့ကို ကြည့်နေတာပါ။ အရှေ့ဧကရာဇ်က နာမည်နဲ့လိုက်အောင် ဧကရာဇ်တစ်ပါးရဲ့ ဩဇာရှိပါတယ်။ အရှေ့ဧကရာဇ်ဟာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး တခြား တာအိုပညာရှိတွေနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ သူက တာအိုပညာရှိတွေထဲမှာ ထင်ပေါ်နေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါ အဆုံးသတ် အပျက်အစီး နတ်ဘုံကို မကြာသေးခင်ကမှ သွားခဲ့တာ၊ အဲဒီမှာ ဝရုန်းသုန်းကား ဖြစ်နေတယ်၊ ပဋိပက္ခအာဏာကို ထိန်းချုပ်တဲ့ ပဋိပက္ခနတ်မင်းက အမှောင်သခင်ကြီးလက်ချက်နဲ့ သေသွားတယ်လို့ ပြောကြတယ်၊ ပဋိပက္ခနတ်မင်း သေသွားတော့ ပဋိပက္ခနတ်မင်း ကန့်သတ်ထားခဲ့တဲ့ အဲဒီမကောင်းဆိုးဝါးတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ စပြီးတော့ သောင်းကျန်းနေပြီ၊ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက သူတို့ တာအိုစက်ကွင်းတွေကို အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ အပြင်ဘက်ကို ရွှေ့ပြီးနေကြပြီ”
တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။
ရှီတုတောက်ဟာ မျက်နှာတစ်ချက် ပြောင်းမသွားပေမဲ့ စိတ်ထဲမှာတော့ အတော်လေး ကျေနပ်အံအားသင့်သွားပါတယ် ‘အမှောင်သခင်ကြီးက ဒီလောက်တောင် စွမ်းတာလား… ကြည့်ရတာ ငါ့ရွေးချယ်မှုက မှန်တာပဲ’
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “အခုအချိန်မှာ အေးချမ်းတာဆိုလို့ ကောင်းကင်တာအိုပဲ ရှိတော့တယ်၊ ဒါက ငါတို့အတွက် အခွင့်အရေးပဲ၊ အဲဒါကြောင့် ငါ ကောင်းကင်တာအိုကို ချဲ့ထွင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကောင်းကင်တာအို နယ်မြေကို ချဲ့ထွင်ပြီး သက်ရှိတွေ ပိုဆံ့ဝင်အောင် လုပ်ရအောင်၊ ဒီလိုဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်တာအိုက တာအိုပညာရှိတွေကိုလည်း ပိုထမ်းဆောင်နိုင်လာလိမ့်မယ်”
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါတို့နယ်မြေကို ချဲ့ထွင်တာနဲ့ တာအိုပညာရှိကို ပိုထမ်းဆောင်နိုင်တာလား”
တခြားတာအိုပညာရှိတွေကလည်း ထူးဆန်းသွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေပါတယ် “ငါတို့တွေ ကြိုးစားကြည့်သင့်တယ်လို့ ထင်တယ်၊ မင်းတို့ အကုန်လုံး သမိုင်းကို ပြန်ကြည့်ကြည့်ပါလား၊ ပန်ကူးနတ်ဘုရား ဖန်တီးခဲ့တဲ့ လောကကြီးက ကျုံ့ဝင်နေတာကို သတိမထားမိဘူးလား၊ တာအိုပညာရှိတွေ တိုက်ခိုက်တိုင်း တာအိုဘိုးဘေးက အခွင့်အရေးယူပြီး ကောင်းကင်တာအိုကို ခွဲထုတ်လိုက်တယ်၊ အဲဒီခွဲထုတ်လိုက်တဲ့ လောကကြီးက ဘယ်ကိုရောက်သွားတယ်လို့ ထင်လဲ”
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဟန်ကျွယ်ကတော့ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတယ် ‘ဒီကောင်က ကောင်းကင်တာအို စည်ကားတာကို တကယ်လိုချင်တာပဲ၊ ဒီအတွက်နဲ့ တာအိုဘိုးဘေးကိုတောင် မေးခွန်းထုတ်ရဲတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset