Switch Mode

Chapter – 118

တစ်ခုခုတော့မှားနေပြီ

Chapter – 118
“တစ်ခုခုတော့မှားနေပြီ”

ရက်အနည်းငယ် ကြာသည်အထိ ရဲရှောင်သည် ကျင့်ကြံမှုများ အပေါ်မှာပဲ စိတ်နှစ်လျက် ရှိနေသည်။ အပြင်ထွက်ခြင်း မရှိသဖြင့် မည်သည့် ပြဿနာမျှ တက်ခြင်းလည်း မရှိခဲ့ပေ။ သူမရှိလည်းပဲ ကမ္ဘာကြီးသည် ဆက်လက်၍ သူ့လုပ်ငန်းစဉ်များအတိုင်း လည်ပတ်နေမည်သာ မဟုတ်ပါလော။ ထိုအတောအတွင်း ကိစ္စများစွာ ဖြစ်ပွားခဲ့ပါသေးသည်။
ဘုရင်မှ မင်းသားဟွာရန်းအား တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ချမှတ်ခဲ့လေသည်။
အိမ်ရှေ့မင်းသားတို့ ဘက်အခြမ်းကတော့ ငြိမ်သက်နေလျက် ရှိပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်း နေဟန်ပါပင်။
သူ၏ သေဆုံးမှုကိုပါ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ရဲရှောင် ကောင်းစွာ ရိပ်မိလေ၏။
သူသည် အရိုးပျော်လက်ဝါးရိုက်ချက်ဖြင့် အရိုက်ခံခဲ့ရသည်မှာ တစ်ပတ်ကျော်ကြာပြီ ဖြစ်သည်။
သို့သော်လည်း ထိုကာလလောက်ဖြင့် ဒဏ်ရာရရှိရန်မှာ မဖြစ်နိုင်သေးပေ။
ဒဏ်ရာသည် မသိမသာ တိုးလာခြင်းဖြစ်ပြီး ပေါက်ကွဲလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်မည်ဟု အိမ်ရှေ့မင်းသားတုိ့ဘက်မှ ယူဆမိကြပုံပင်။
ထို့ကြောင့် ရဲရှောင်လည်း လိမ္မာပါးနပ်စွာပင် သရုပ်ဆောင်နေမိ၏။ သာမန်အားဖြင့် ကျင့်ကြံမှုများ ဖြင့်သာ အချိန်ကုန်ဆုံးချင်နေသော်လည်း လူအများအမြင်တွင် သူသည် ကောင်းကောင်းမွန်မွန်ပင် ရှိနေသေးသည် ဆိုတာကို တစ်ခါတရံ ထွက်ထွက်ပြနေရ၍ပင် ဖြစ်ပါသည်။
ကွမ်ဇန်းဝမ်မှာ ရဲရှောင်အား တစ်ခါ လာရောက်အကဲခတ်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသားအား အကျိုးအကြောင်း ပြန်ပြောပြ၏။
“ရဲရှောင် အေးအေးဆေးဆေးပဲ ရှိနေသေးပေမဲ့ သူ့မျက်လုံးတွေ အပြာရောင် သန်းလာနေပြီ။ ကျုပ်ထင်တာတော့ မကြာခင်မှာ ဒဏ်ရာပေါ်လာမယ်ထင်တယ် . . .”
သခင်ကြီးကွမ်၏ စကားကို ကြားသောအခါ အိမ်ရှေ့မင်းသားနှင့် ဇနီးတို့သည် ကျေနပ် သွားမိ ကြလေ၏။
အိမ်ရှေ့မင်းသားမှ –
“တကယ်တော့ ဖြစ်သင့်တာ ကြာပြီ။ ဒီရဲရှောင် ဆိုတဲ့ကောင် အမှိုက်ပဲ . . .”
ရဲရှောင်၏ အပြုအမူ အပြောအဆိုများအား အိမ်ရှေ့မင်းသားသည် မြင်ပြင်းကတ်ခဲ့မိခြင်း ဖြစ်သည်။
သို့သော်လည်း မကြာခင် ရဲရှောင် အရိုးပျော်လက်ဝါးရိုက်ချက်ကြောင့် မရှုမလှ သေဆုံးရတော့ မည်ကို သိသောအခါ ကျေနပ်နေမိကြလေ၏။
မူမျိုးနွယ်မှ လူများသည်လည်း ထိုရက်ပိုင်းအတွင်း မြို့ထဲတွင် ပေါ်ကို မပေါ်လာတော့ချေ။ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် မုန်တိုင်းအိမ်တော်မှ သခင်ကြီးဘိုင်အား တောင်းပန်ရန် ကြိုးစားနေကြပုံပင်။
သို့သော်လည်း . . .
မုန်တိုင်း အိမ်တော် ဆိုသည်မှာ အလွန်လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုပင် ဖြစ်၏။ မူမျိုးနွယ် မည်မျှပင် ကြိုးစားပါစေ စိတ်ဝင်စားမည့်ပုံ မပေါ်ချေ။
ထိုရက်ပိုင်းအတွင်း ဇုဝူကျီလည်း ပေါ်မလာချေ။ သူသည် အချိန်နှင့်အမျှ ဗဟုသုတ ရစရာများအား လေ့လာမှတ်သားနေခြင်း ဖြစ်ပြီး သို့သော်လည်း ထိုကာလမှာပင် ရဲရှောင်ထံသို့ ယစ်ရွှေရည်ပုလင်း အချို့ ပို့ပေးလိုက်လေ၏။
အဆိုပါ ယစ်ရွှေရည် ဆိုသည်မှာ တကယ်တော့ နာမည်ပြောင်တစ်ခုသာ ဖြစ်ပေသည်။ အမှန် အဆိုပါ ယစ်ရွှေရည်သည် ယောကျာ်းအားကို တိုးစေသော လိင်အားတိုးဆေး တစ်မျိုးပင် ဖြစ်၏။ ကြာကြာဆက်ဆံနိုင်သော ဆေးဟုပင် ဆိုရမည် ဖြစ်သည်။ ဇုဝူကျီသည် စွမ်းဆောင်ရည် ရှိသော လူတစ်ဦး မဟုတ်သည့်အတွက် သူ့အတွက် အသုံးမလိုတော့သဖြင့် ရဲရှောင်နှင့် လန်လန့်လန့်တို့အား လက်ဆောင် ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
လန်လန့်လန့်မှာ အဆိုပါ ပုလင်းများ ရရှိခြင်းအတွက် သေချာပေါက် ပျော်ရွှင်ကျေနပ်နေမည် ဖြစ်ပြီး အဖိုးမဖြတ်နိုင်သော ရတနာပစ္စည်းများကို ရရှိလိုက်ရသလို ဖြစ်နေမည် ဖြစ်ပေသည်။
ရဲရှောင်မှာမူ ထိုကဲ့သို့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ရဲရှောင်သည် ကာမေသုမိစ္ဆာစာရနှင့် အဗြဟ္မစရိယကို ရှောင်ကြဉ်သော သူတော်ကောင်းတစ်ဦးပင် မဟုတ်ပါလား။
တကယ်ကို သူတော်ကောင်းတစ်ဦးပင် ဖြစ်ပြီး သူသည် ယခင်ဘဝကတည်းက လူပျို စစ်စစ် ဘဝဖြင့် နေထိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အရာမျိုးအား မည်ကဲ့သို့ အသုံးပြုရမည်ကို လုံးဝကို မသိရှိပါချေ။ ယခု ဇုဝူကျီပေးသော အရည်များသည် မည်သည့်နေရာတွင် အသုံးပြုရသလဲ ဆိုတာကိုလည်း မသိရှိသဖြင့် ပစ္စည်းကောင်းရလျှင် မိတ်ဆွေကောင်များကို သတိရတတ်သူတို့၏ ထုံးစံအတိုင်း ဝေမျှ၍ သုံးချင်နေမိသည်။ ထို့ကြောင့်ပင် သူ့အိမ်မှ မီးဖိုချောင်ရှိ လူများအား စားသောက်စရာ များ စီစဉ်ခိုင်းကာ အိမ်တော်ထိန်းကြီးနှင့် အတူတူ သောက်ရန်အတွက် ဖိတ်ခေါ်လိုက်လေ၏။
သူ့သူငယ်ချင်း ဖြစ်သူမှ တန်ဖိုးရှိသော အရက်အချို့ ပေးသဖြင့် သူ၏ အရင်းနှီးဆုံး လူဖြစ်သော အိမ်တော်ထိန်းကြီးအား တိုက်ချင်နေမိသည်မှာ သူ့စိတ်ရင်းအမှန်ပင် ဖြစ်သည်။
အိမ်တော်ထိန်းကြီးသည်လည်း ရဲရှောင်မှ ကြီးကြီးကျယ်ကျယ် စီစဉ်ထားသည် ဆိုသည့်အတွက် စိတ်အားတက်ကြွစွာဖြင့် ရောက်လာလေ၏။
ရွှေလက်တိုက်ကွက်ကြောင့် အိမ်တော်ထိန်းကြီးသည် အရက်သေစာအား ရှောင်ထားခဲ့တာ အတော်ကြာပြီဖြစ်ပြီး ယခုအခါ ဖိတ်ခေါ်သူလည်း ရှိနေသဖြင့် အားတက်သရော ရောက်လာမိခြင်း ဖြစ်လေသည်။
စားသောက်စရာများ အသင့်ဖြစ်သည့် အခါမှာတော့ ရဲရှောင်လည်း သူ၏ ယစ်ရွှေရည်ပုလင်းအား ထုတ်လိုက်ပြီး အိမ်တော်ထိန်းကြီးဆီ ဂုဏ်ယူဟန်ဖြင့် ကြွားသလို ပြလိုက်သည်။
“ဒီမှာကြည့်ပါဦး ဦးလေးဆောင် . . . တကယ်ကောင်းတဲ့ အရက်ဗျ . . .”
ထိုအချိန် အိမ်တော်ထိန်းကြီးလေး ကြောင်ငေး သွားမိလေ၏။
(ငါ့တူလေးက ငါ့အတွက် စားပွဲအပြည့် စားသောက်စရာတွေတောင် ပြင်ဆင်ပေးထားတာ တကယ် ကောင်းတယ်။ ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး ယောကျာ်းအားတိုးဆေး အရည်တွေ ထုတ်လာရတာလဲ . . . ငါက အရက်နဲ့ စိမ်းတဲ့ လူတစ်ယောက် မဟုတ်ဘူး၊ ဒီအရာမျိုးကို အရက်လို သောက်ရတယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး . . .)
အိမ်တော်ထိန်းကြီး၏ မျက်နှာသည် မဲ့သွားသည် သူတကယ်တမ်းတွင် ‘ငါဒါသောက်ဖို့ မလိုဘူး’ ဟု ပြောချင်နေမိလေ၏။
သို့သော်လည်း ပြောမထွက်ဘဲ ရဲရှောင်ကိုသာ ငေး၍ ကြည့်နေမိသည်။
ရဲရှောင်မှ စိတ်ရှုပ်သော ပုံစံဖြင့် –
“ဦးလေးဆောင် . . . ဘာဖြစ်နေတာလဲ။ ခင်ဗျားက သောက်ရတာကို ကြိုက်တဲ့ လူတစ်ယောက် လေ ဟုတ်တယ်မလား . . . အဲဒါတောင် ဘာလို့ ခွက်အလွတ်ကြီးပဲ ကိုင်ထားရတာလဲ၊ လာစမ်းပါ အတူတူ သောက်ကြတာပေါ့ . . .”
အိမ်တော်ထိန်းကြီးလည်း ခွက်အလွတ်အား ကိုင်ထားရင်း ရဲရှောင်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ –
“ရှောင်ရှောင် . . . မင်းက ငါ့ကိုပါ မင်းနဲ့ အတူ လိုက်သောက်စေချင်နေတယ်ပေါ့ . . .”
ရဲရှောင်လည်း ချက်ချင်းပင် –
“ဟုတ်တယ်လေ . . . ကျုပ်ကြားတာတော့ ဒါက တော်တော် ကောင်းတဲ့ အရက်တဲ့ဗျ။ သာမန်လူ အဖို့ သောက်ခွင့်တောင် ရမှာ မဟုတ်ဘူးတဲ့လေ။ ဇုဝူကျီတောင်မှ သူ့အဖိုး အဆက်အသွယ်နဲ့ ရတာ ဆိုပဲ။ သူ့မှာ ပုလင်းနည်းနည်း ရှိတာကနေ ကျုပ်ကို ခွဲပေးတာလေ။ အဲဒီကောင်က တကယ်ကို သစ္စာရှိပြီး သူငယ်ချင်းကို ပေးဖို့ကမ်းဖို့ သတိရရှာတယ်။ ခင်ဗျားကလည်း အရက်ကောင်းကောင်း ကြိုက်တတ် တယ်မလား . . . အဲဒါကြောင့် ဒါမျိုးရတုန်း အတူတူသောက်ဖို့ ခင်ဗျားကို ဘယ်မေ့လိမ့်မတုန်း၊ သောက်နိုင်သလောက်သာ သောက်စမ်ပါ . . .”
အိမ်တော်ထိန်းကြီး မျက်နှာ ရှုံ့မဲ့သွားပြန်သည်။ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေလေ၏။
ရဲရှောင် ပြောသည့် စကားများအား နားထောင်ရင်း စိတ်ထဲ အတွေးများစွာဖြင့် ရှုပ်ထွေးနေမိသလို စိတ်မသက်မသာလည်း ခံစားနေရလေ၏။
တကယ်တမ်းတွင် ထိုအရည်များသည် အလွန်တန်ဖိုးရှိသည်မှာ မှန်၏။
သာမန်လူများအဖို့ မြင်ပင် မမြင်ဖူးလောက်ချေ။
သို့သော်လည်း . . .
(ဒါက ဘာအတွက် သုံးရတာလဲ ဆိုတာကို မင်းတကယ် မသိဘူးပေါ့ . . . မင်းလောက် မြို့ပတ်ပြီး အပျော်ရှာ ဆိုးသွမ်းခဲ့တာ မင်းပဲရှိတယ်။ အဲဒါတောင် အခု မသိချင်ယောင် ဆောင်နေတာလား။ မင်း သူတော်ကောင်း ဖြစ်ခဲ့တယ် ဆိုတာကို ငါယုံအောင် လာလုပ်နေတာလား . . .
ငါဘယ်တုန်းကများ ဒါမျိုး သောက်တာ မြင်ဖူးလို့လဲ ပြောစမ်းပါဦး . . .
ခွေးကောင်လေး . . . ငါ့ကို တမင် ချောက်တွန်းနေတာ မဟုတ်လား၊ ကြည့်ရတာ အရိုက်ခံချင်နေပြီထင်တယ် . . .)
အိမ်တော်ထိန်းကြီးသည် သူ့ကိုယ်သူပင် ရဲရှောင်အစား ရှက်ရွံ့နေမိလေ၏။ တူဖြစ်သူနှင့်အတူ ထိုကဲ့သို့ အရာမျိုးအား အတူတတူ ထိုင်သောကမိသည့် အဖြစ်အား သူ့အစ်ကိုဖြစ်သူ စစ်သူကြီးသာ သိရှိသွားမည် ဆိုပါက မိုးမီးလောင်သွား နိုင်ပါသည်။
အိမ်တော်ထိန်းကြီးအား စုတ်ပြတ်သတ်သွားအောင် လုပ်ပစ်နိုင်သည့်အပြင် ထိုကဲ့သို့ ခံရမည် ကိုလည်း အိမ်တော်ထိန်းကြီး ကြောက်နေမိလေ၏။
ထိုကဲ့သို့ အဖြစ်ဆိုးမှ ရှောင်ရှားနိုင်ရန်အတွက် အိမ်တော်ထိန်းကြီးသည် ရဲရှောင်အား သူနေလို့ သိပ်မကောင်းသဖြင့် မသောက်လိုတော့ကြောင်း ပြောလိုက်လေသည်။
ရဲရှောင်လည်း အိမ်တော်ထိန်းကြီးမှ ငြင်းဆန်လိုက်သဖြင့် အံ့သြသွားမိလေသည်။ ထို့ကြောင့် သူ့ခွက်အတွင်းသို့သာ ငှဲ့လိုက်လေတော့၏။
အိမ်တော်ထိန်းကြီး၏ စိတ်ထဲတွင်မူ –
(ကောင်းပြီ . . . မင်းငါ့ကို လာနောက်နေတာလား အတည်ပြောနေတာလား ဆိုတာကို သက်သေပြစမ်းပါ။ မင်းတကယ်သောက်မယ် ဆိုရင်တော့ လုံးဝမသိ နားမလည်လို့ပဲ။ အေး မသောက်ဘူး ဆိုရင်တော့ ငါ့ကို အရူးလုပ်နေတာ . . . အဲဒါဆိုရင် ငါကိုယ်တိုင် မင်းကို ရိုက်ပြီး ဆုံးမပေးမယ်။ ဒါနဲ့ မင်းကို ငါရိုက်နိုင်ချင်မှ ရိုက်နိုင်လိမ့်မယ် ဆိုပေမဲ့ ကြိုးစားကြည့်ရမှာပဲ . . .)
ရဲရှောင်မှာမူ အိမ်တော်ထိန်းကြီး ဘာတွေး နေသလဲ ဆိုတာကို လုံးလုံး မသိချေ။
တကယ်တမ်းတွင် သူသည် ယခင်ဘဝမှာတုန်းက အရက်သောက်ရခြင်းအား ခုံမင် နှစ်သက်သူ တစ်ဦးဖြစ်ပြီး ဖန်ခွက်အတွင်းရှိ ကြည်လင်နေသော အရည်လေးများသည် ဆွဲဆောင်မှု ရှိလွန်းသည်ဟု ထင်မြင်နေမိသည်။ အနံ့မှာလည်း အလွန်မွှေးပျံ့လွန်းလှပြီး အလွန်သောက်ချင် နေမိပြီဖြစ်သည်။ တခဏအတွင်းမှာပင် တစ်ခွက်ပြီးတစ်ခွက် သောက်နေမိပါတော့သည်။
သူသည် အိမ်တော်ထိန်းကြီး ရှေ့မှာပင် အမြည်းစားလိုက် သောက်လိုက်ဖြင့် ဇိမ်ယူနေလျက် ရှိသည်။
အိမ်တော်ထိန်းကြီး ရယ်ရမလို ငိုရမလို ဖြစ်သွားလေသည်။
တံတွေးတစ်ချက် မြိုချလိုက်ရင်း တွေးမိသည်မှာ –
(သူက ဒါကို တကယ်ပဲ မသိတာလား . . . ဒါမှမဟုတ် နားမလည်သေးတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရည်တွေက သူ့ကို အချိန်အတော်ကြာကြာ ဒုက္ခပေးတော့မှာ မြင်ယောင်နေတယ် . . .)
မသန်မစွမ်း၍ မြုံနေသူပင် ထိုမျှလောက် ပမာဏထိ သောက်သုံးရန် မလိုအပ်ပေ။
သို့သော် ရဲရှောင်မှာမူ တော်တော်များများကို သောက်လိုက်ခြင်း ဖြစ်လေသည်။
(မင်းခဏနေ ဘာဆက်ဖြစ်မလဲ သိချင်လိုက်တာ . . . အခုချိန် မင်းကို အပြင်ထွက်ခွင့်လည်း ပေးမှာ မဟုတ်ဘူးနော်။ ဒီလောက်ထိသောက်လို့ မင်းခံစားရလည်း တစ်ညပေါ့ကွာ . . .
အဲဒါကိုတောင် ခွေးကောင်လေးက ငါ့ကို သောက်ဖို့ လာဆွယ်နေသေးတယ်။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံပေတော့ . . .)
ရဲရှောင်သည် သောက်နေရင်းဖြင့် –
“အရသာကတော့ တော်တော် မိုက်တယ်ဗျာ . . . နောက်ပြီး ဆေးတစ်ခုခုရဲ့ အနံ့လည်း ရသလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်။ ခင်ဗျား မသောက်ချင်တာ သေချာလား ဦးလေးဆောင် . . .”
အိမ်တော်ထိန်းကြီး မျက်စိမျက်နှာပျက်စွာ ခေါင်းခါယမ်းပြလိုက်သည်။
ထို့နော်က ရဲရှောင်လည်း ခေါင်းညိတ်လိုက်ရင်း –
“ခင်ဗျားက မသောက်ချင်ဘူး ဆိုတော့လည်း ခင်ဗျားအတွက် သိမ်းထား မနေတော့ပါဘူး။ တကယ်ကို အဖိုးတန်တဲ့ အရက်ပဲ။ ဟိုကောင်က ငါ့ကို ဒီလို အဖိုးတန် အရက်တောင် လက်ဆောင်ပေးတာ တကယ်သဘောကျမိတယ် . . .”
ထို့နောက် ပုလင်းကြီးအား ဆွဲကိုင်လိုက်ရင်း ပုလင်းလိုက်ပင် မော့ပါတော့သည်။
“ဂလု . . . ဂလု . . .”
အိမ်တော်ထိန်းကြီးသည် အံ့သြတုန်လှုပ်သည့် အကြည့်ဖြင့် ရဲရှောင်အား ကြည်နေမိလေ၏။
သူသည် အံ့သြလွန်း၍ ရဲရှောင်အား တားဆီးရန်ပင် မေ့လျော့နေလေသည်။
သူသတိပြန်ဝင်လာချိန်မှာတော့ ရဲရှောင်သည် ထိုအရည် ၂ လီတာခွဲ (ရေသန့်ဘူး ၂ ဘူးခွဲ) လောက်ကို သောက်မိပြီး ဖြစ်လေသည်။
“အာ . . . အရူးကောင်။ မင်းအဲဒါကို ဒီလို သောက်လို့ မဖြစ်ဘူးကွ . . .”
အိမ်တော်ထိန်းကြီးလည်း ခြေကိုဆောင့်ရင်း ပြောလိုက်သည်။
(သွားပါပြီ . . . ဒုက္ခပါပဲ။ ဒီကောင် ဒီအရည်အကြောင်း ဘာမှ မသိဘူးထင်တယ်။ သူ့ပုံစံလည်း ကြည့်ပါဦး ဘယ်လိုတောင် လုပ်ရတော့မလဲ မသိဘူး . . . ဒုက္ခတွေ များတော့မှာ . . .)
ရဲရှောင်သည် ပုလင်းအား ပြန်ချလိုက်ပြီးနောက် ပါးစပ်ကိုသုတ်ရင်း –
“ကျုပ် ဒီလို သောက်လို့ မဖြစ်ဘူး ဟုတ်လား . . . ဘာလို့လဲ၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ်က တစ်ခါတည်းနဲ့ အများကြီး သောက်တာ ဖြုန်းတီးသလို ဖြစ်နေလို့ ပြောတာလား။ စိတ်မပူပါနဲ့၊ ကျုပ်မှာ ပုလင်းအချို့ ကျန်ပါသေးတယ်။ ခင်ဗျား ကြိုက်တတ်တယ်ဆိုရင် ကျန်တဲ့ ပုလင်းတွေကို တစ်ယောက်တည်း အကုန်သောက်လို့ရအောင် ပေးမယ်ဗျာ။ ဘယ်လိုလဲ ဟဲဟဲ . . .”
အိမ်တော်ထိန်းကြီး ဆွံ့အသွားမိပြန်သည်။
(ဘယ်လိုတောင်လား . . . အကုန်သောက်ဖို့ ပေးမယ် ဟုတ်လား . . . ငါက ဒါမျိုး ကြိုက်တတ် တယ်လို့များ မင်းထင်နေတာလားကွာ။ မင်းလည်း မကြာခင် သိလာပါလိမ့်မယ် . . . ဒီလိုဟာမျိုးကို ငါ ဘယ်လိုနားလည်အောင် ရှင်းပြရမှာလဲကွာ . . .)
အိမ်တော်ထိန်းကြီး ချောင်းအနည်းငယ် ဟန့်လိုက်ရင်း –
“ငါမသောက်ပါဘူး၊ ငါ့ကို ဘာမှ မပို့နဲ့။ ဒီအရည်တွေကို မင်းဒီလိုနည်းနဲ့ သောက်လို့မရဘူးကွ။ အများကြီးလည်း သောက်ရတာ မဟုတ်ဘူး။ မကြာခင် သိလာပါလိမ့်မယ် . . .”
ရဲရှောင်မှ မထူးဆန်းသလို ဟန်ပန်မျိုးဖြင့် –
“ဦးလေးဆောင် . . . ခင်ဗျားက လူကောင်းတစ်ယောက် ဆိုပေမဲ့ တော်တော် သဘောထား သေးသိမ်တာပဲဗျ။ ခင်ဗျားက ဒီနေ့ နေမကောင်းဘူးဆိုပြီး မသောက်တာလေ။ ကျုပ်အများကြီး သောက်တယ် ဆိုပေမဲ့ ခင်ဗျားအတွက်လည်း အများကြီး ကျန်ပါသေးတယ်ဗျ . . .”
ရဲရှောင်သည် ပုလင်းထဲ အနည်းငယ် ကျန်နေသည့် အရည်များအား မော့ချလိုက်ပြန်သည်။
ထို့နောက် ပါးစပ်အား သုတ်လိုက်ရင်း –
“ကောင်းလိုက်တာ . . .”
ထိုမြင်ကွင်းကို အိမ်တော်ထိန်းကြီးသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိပြီး ဘာပြောရမှန်း မသိအောင်ပင် ဖြစ်နေမိ၏။
(ကောင်းလိုက်တာ ဟုတ်လား . . . မင်းမကြာခင် ပိုကောင်းတာ ခံစားရတော့မှာကွ . . . ဒါမှမဟုတ် ဒီလိုဟာမျိုးတွေ သောက်နေကျ မို့လို့များ သူဘာမှ မဖြစ်ဘဲ နေတာများလား . . .)
အိမ်တော်ထိန်းကြီး တွေးထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် ရဲရှောင်မျက်နှာသည် ထူးဆန်းသလို ဖြစ်လာပြီး နီရဲလာလေ၏။ ထို့နောက် ပါးစပ်မှလည်း –
“ဘယ်လို ဖြစ်တာလဲ . . . ဘယ်လိုကြီးလဲ . . .”
အိမ်တော်ထိန်းကြီးလည်း ရယ်ရခက် ငိုရခက်သည့် လေသံဖြင့် –
“ကောင်းတယ်ဆို ရှောင်ရှောင် . . .”
“တစ်ခုခုတော့ မှားနေပြီ . . .”
ရဲရှောင် ခေါင်းထဲ မိုက်ခနဲ ဖြစ်လာပြီး သူ၏ ပေါင်ကြားနေရာမှ သံမဏိကဲ့သို့ မာတင်းလာသည်ကို တွေ့လိုက်ရသည်။ ခြေထောက်ကို ချိတ်၍ ဖိထိုင်လိုက်ရင်း အသက်ပြင်းပြင်းရှူကာ –
“ဘာတွေ ဖြစ်နေတာလဲ . . .”
ရဲရှောင် အလန့်တကြား ဖြစ်နေမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset