Switch Mode

Chapter – 631

အခန်း (၆၃၁) အဆုံးသတ် အပျက်အစီး နတ်ဘုံ ဝရုန်းသုန်းကား ဖြစ်ခြင်း
ပဋိပက္ခနတ်မင်းကို ကျိန်စာတိုက်ပြီးနောက် ဟန်ကျွယ်ရဲ့ ဘဝဟာ တစ်ဖန်ပြန်ပြီးတော့ သက်သောင့်သက်သာ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို မသိပါဘူး။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ တည်ငြိမ်နေပါတယ်။ တာအိုပညာရှိငါးပါးရဲ့ တိုက်ခိုက်မှုကို ခံရပြီးနောက် အရှေ့ဧကရာဇ်ဟာ နည်းနည်းလိမ္မာသွားပြီး နောက်ခြေတစ်လှမ်း ထပ်မတိုးတော့ပါဘူး။ အင်အားစု အသီးသီးရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ နတ်ဆိုးတွေဟာ လုံးဝကို ကွဲပြားသွားပါတယ်။
နောက်ဆုံး ရွှေကျီးကန်း နတ်ဆိုးဧကရာဇ်က နတ်ဆိုးမျိုးနွယ်စုကနေ နတ်ရွှေကျီးကန်း မိသားစု ခွဲထွက်ကြောင်း ကြော်ငြာလိုက်ရပါတယ်။ ဒီလိုနဲ့ နတ်ဆိုးတွေမှာ ခေါင်းဆောင်မဲ့သွားပြီး လုံးဝကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပါတယ်။ နတ်ဆိုးဘုရင်တွေနဲ့ နတ်ဆိုးသူတော်စင်တွေကလည်း သူတို့ကိုယ်သူတို့ နတ်ဆိုးလို့ မခေါ်ကြတော့ပါဘူး။
ဒီလိုနဲ့ နတ်ဆိုးတွေဟာ အင်အား ယုတ်လျော့သွားပါတယ်။
နတ်ဆိုးတွေဟာ အင်အားစု အသီးသီးကို မုန်းတီးတဲ့အတွက် နာမည်ရှိမျိုးနွယ်စုထဲ မဝင်ချင်ကြပါဘူး။ အဲဒါကြောင့် လွန်ခဲ့တဲ့နှစ်တစ်သိန်းကျော်က ရှေးဟောင်းမျိုးနွယ်စု နာမည်ကို စပြီးတော့ အသုံးပြုလာကြပါတယ်။ တာအိုပညာရှိတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကန့်ကွက်မှုမှ မရှိပါဘူး။ တာအိုပညာရှိတွေက အရှေ့ဧကရာဇ်နဲ့ပဲ မတည့်တာပါ။ နတ်ဆိုးတွေနဲ့ မဟုတ်ပါဘူး။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ထောင် ကြာသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ်။ ပဋိပက္ခက ကောင်းကင်တာအိုကို မသက်ရောက်ပါဘူး။ ဒါကြောင့် ကောင်းကင်တာအို အပြင်ဘက်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ကောင်းကင်တာအိုထဲကလူတွေ တစ်ယောက်မှ မသိကြပါဘူး။
ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးရင် နှလုံးလှုပ်သွားပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာ တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၃၆၂၉
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၉၃၀
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၂၉၃
[သင့်တပည့် ကျိုးဖန်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅၉၄
[သင့်မိတ်ဆွေ ကောင်းကင်အရှင် ရွှမ်တုသည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၂၈၂၀၂
‘တိုက်ခိုက်ခံရတာ များလှချည်လား… အမင်္ဂလာ မကောင်းဆိုးဝါး… လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာ…’
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုလည်း တိုက်ခိုက်ခံရတာကို သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ အပေါ်မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်အရှင်ရွှမ်တုက သူ့တာအိုစက်ကွင်းထဲမှာ ရှိမနေတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက အဆုံးသတ် အပျက်အစီး နတ်ဘုံကို သွားနေတာ ဖြစ်နိုင်ပါတယ်။
‘ဒီအတိုင်းဆို အဆုံးသတ် အပျက်အစီး နတ်ဘုံက ဝရုန်းသုန်းကား ဖြစ်နေပြီပဲ’
ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။ ဟန်ကျွယ်ဟာ သူ ကျိန်စာတိုက်တာက ဒီလိုမျိုး သက်ရောက်မှု ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဒီကိစ္စက အပြစ်မဲ့လူတွေ အများကြီးကို ထိခိုက်စေတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ အဲဒီလောက်ကြီး ဂရုမစိုက်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ကိုယ်သေမဲ့အစား သူများသေတာကိုပဲ ထိုင်ကြည့်မှာပါ။ ပဋိပက္ခနတ်မင်းရဲ့ မုန်းတီးမှုနဲ့ သိပ်မကြာခင်မှာ ဟန်ကျွယ်ကို ပြဿနာရှာမှာ ကျိန်းသေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ပဋိပက္ခနတ်မင်းက ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်တော့ပါဘူး။
အဆုံးသတ် အပျက်အစီး နတ်ဘုံသာ ဝရုန်းသုန်းကား ဖြစ်ရင် အဲဒီမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ကောင်းကင်တာအိုကို အချိန်တိုအတွင်း လျှို့ဝှက်ကြံစည်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း အရှေ့ဧကရာဇ်က ငြိမ်နေတာ ဖြစ်နိုင်ပါတယ်။
‘ဟင်း… ငါက ကောင်းကင်တာအိုကို အကြီးမားဆုံး အကျိုးဆောင်သူ ဖြစ်နေတုန်းပါလား…’ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘အို… တာအိုဘိုးဘေး… ခင်ဗျားသာ ဒီကိစ္စကို မြင်ရင် ကျုပ်ရဲ့ ကြင်နာမှုကို ထောက်ပြီး ကျုပ်ကို အကောက်ကြံဖို့ မကြိုးစားနဲ့’
စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ လီတောက်ခုံး တာအိုကို ရယူပြီးကတည်းက ဟန်ယွီဟာ ဘွဲ့ရသွားပြီလို့ ပြောလို့ရပါတယ်။ အခုဆိုရင် ဟန်ယွီဟာ အင်မော်တယ်ကမ္ဘာကို တစ်ကိုယ်တော် ခရီးနှင်ပြီး သူ့ဂုဏ်သတင်းကလည်း ထိုးတက်သွားပါတယ်။
ဟန်ယွီရဲ့ ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် အဆင့်ကို ရောက်နေပါပြီ။ အခုအချိန်မှာ ဟန်ယွီဟာ တောအုပ်တစ်အုပ်ထဲ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေပါတယ်။ လောလောဆယ်မှာတော့ ဟန်ယွီဟာ ဘာအခက်အခဲမှ မတွေ့ကြုံရသေးပါဘူး။
အခုလက်ရှိ အင်မော်တယ်ကမ္ဘာက ကပ်ဘေးမတိုင်ခင် အင်မော်တယ်ကမ္ဘာကို ကျော်တက်သွားပါပြီ။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ တာအိုပညာရှိတွေဟာ အလှည့်ကျ တာအိုဟောကြားလို့ပါပဲ။ ဒီလို တာအိုပညာရှိတွေ အလှည့်ကျ တာအိုဟောကြားတဲ့အတွက် ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုအဆင့်ဟာ အလွန်လျင်မြန်စွာ တိုးတက်လို့ လာခဲ့ပါတယ်။ ဒီအချိန်မှာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက အင်မော်တယ်ကမ္ဘာဟာ ခြောက်ကပ်နေတယ်လို့ပြောရင် ဘယ်သူမှယုံမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပြီး နတ်ဘီလူးလောင်းလျာတွေကို ကြည့်ရှုလိုက်ပါတယ်။ ရန်တုဟာ မြေအင်မော်တယ်ကမ္ဘာကနေ ထွက်ခွာသွားပါပြီ။ ဟန်ကျွယ် တွက်ချက်ကြည့်တာတော့ ရန်တုဟာ ဘေးအန္တရာယ် မရှိပါဘူး။ အဲဒီအစား အခွင့်အရေး ကြီးကြီးမားမား တစ်ခုမကရပြီး ကံတရား အထောက်အပံ့ကလည်း တော်တော်လေးကို တိုးတက်သွားပါတယ်။
တခြား နတ်ဘီလူးလောင်းလျာတွေထဲမှာတော့ နှစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတော့တယ်။ ဒီနှစ်ယောက်ကတော့ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ပဲ ဖြစ်ပါတယ်။ ယင်ဟုန်ချန်က အမျိုးသမီးပါ။ သူမရုပ်ရည်က ပြည်ပျက်လောက်တဲ့အထိ မချောမောပေမဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာတော့ ရက်စက်တာထက်ကို ပိုပါတယ်။ ယင်ဟုန်ချန်ဟာ သူများကို ရန်မစတတ်ပေမဲ့ တစ်ယောက်ယောက်က သူ့ကို ခြိမ်းခြောက်လာရင်တော့ တတ်နိုင်သလောက် ခပ်မြန်မြန် ရှင်းပစ်ပါတယ်။
ရွမ့်ကန်းကတော့ အမှန်တရား ဘက်တော်သား ဖြစ်ပြီး အလွယ်တကူ မိတ်ဆွေဖွဲ့လေ့ ရှိပါတယ်။ သစ္စာရှိမှုကို အခြေပြုပြီး အခြေအနေတွေကို အမြဲတမ်း ပြောင်းပြန်လှန်ပစ်တာချည်းပါပဲ။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် သူတို့နှစ်ယောက်ရဲ့ အိပ်မက်ထဲကို သွားလည်ကာ ဆန်းကြယ်စွမ်းအားတစ်မျိုးစီ သင်ပေးလိုက်ပါတယ်။ ရန်တုတုန်းကလိုပဲ ဟန်ကျွယ်ဟာ သူဘယ်သူဘယ်ဝါ ဆိုတာကို ထုတ်မပြပါဘူး။
သူတို့နှစ်ယောက်အတွက် စီစဉ်စရာရှိတာ စီစဉ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ထွက်ပြီး မုရုံချီ၊ ကြက်သွေးရောင် မြေခွေးနီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးဆီ သွားလည်ပါတယ်။ သူတို့သုံးယောက်ရဲ့ ကျင့်ကြံမှုက အလွန်လျင်မြန်စွာပဲ တိုးတက်လာပါတယ်။ ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုကလည်း အင်မော်တယ်ကမ္ဘာထက် အများကြီး ပိုသိပ်သည်းတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူတို့သုံးယောက်ကို သီးသန့် တာအိုရှင်းပြပါတယ်။ အန္တိမမူလ မဟာတာအိုမှာက မဟာတာအို အကုန်လုံးရဲ့ နက်နဲမှုတွေ ပါဝင်နေပြီး သူတို့ကို အသိဉာဏ်တချို့ ပွင့်လင်းစေပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
အ‌မှောင်တားမြစ်နယ်မြေ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဧရာမ ဥက္ကာခဲပေါ်မှာထိုင်ပြီး ကျင့်ကြံ အားထုတ်နေပါတယ်။ အနက်ရောင်ချီက သူ့ကို ဝန်းရံထားတဲ့အတွက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရောင်ဝါဟာ ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ ဒီအချိန်မှာပဲ အရိပ်နက်တစ်ခု ပေါ်လာပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။
“အရှင်မင်းကြီး… အဆုံးသတ် အပျက်အစီး နတ်ဘုံက ဝရုန်းသုန်းကား ဖြစ်နေပြီ၊ ခုနစ်ပါး တာအိုပညာရှိက စွမ်းအားကြီး တာအိုမိစ္ဆာတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားတယ်၊ ကောင်းကင်တာအိုကို ထွက်ပြေးတဲ့ သက်ရှိတွေ ပိုပိုများလာပြီ” အရိပ်နက်က စိတ်လှုပ်ရှားစွာ လျှောက်တင်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “ကြည့်ရတာ ပဋိပက္ခနတ်မင်းက တကယ် ပျက်စီးသွားပုံပဲ၊ အမှောင်သခင်ကြီးက ဘယ်သူများပါလိမ့်၊ သူက တကယ်ကို စွမ်းအားကြီးတာပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးက ဟန်ကျွယ် ဟုတ်ရင်ဟုတ် မဟုတ်ရင်လည်း ဟန်ကျွယ်ရဲ့ ဆရာသခင် ဖြစ်ရမယ်လို့ တစ်ခါတုန်းက သံသယဝင်ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အဲဒီလို မတွေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခနတ်မင်းက အရမ်းစွမ်းအားကြီးလို့ပါပဲ။
ပဋိပက္ခနတ်မင်းက ပဋိပက္ခအာဏာကို ထိန်းချုပ်ထားတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် စစ်စစ်ပါ။ ကောင်းကင်တာအိုပညာရှိတွေ ပဋိပက္ခကို လာရင်တောင် ပဋိပက္ခရဲ့ စည်းမျဉ်းတွေကို မလိုက်နာလို့ မရပါဘူး။ ဒီလိုမျိုး သာမန်မဟုတ်တဲ့ တည်ရှိမှုတစ်ခု သေဆုံးသွားတာက ပျောက်ဆုံးနေတဲ့ တာအိုဘိုးဘေးရဲ့ ပယောဂ မကင်းလောက်ဘူးလို့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရင်ဆုံး တွေးမိပါတယ်။ တာအိုဘိုးဘေးပဲ ပဋိပက္ခနတ်မင်းကို သတ်နိုင်တဲ့အထိ စွမ်းအားကြီးတာပါ။
“အရှင်မင်းကြီး… ကျွန်တော်တို့တွေ လှုပ်ရှားမှာလား၊ ဒါက ကောင်းကင်ရုံးတော်အတွက် စစ်သားစုဆောင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ” အရိပ်နက်က မေးလိုက်ပါတယ်။
“အလျင်မလိုနဲ့၊ အဆုံးသတ် အပျက်အစီး နတ်ဘုံက လုံးဝကို ဝရုန်းသုန်းကား ဖြစ်သွားတော့မှ ငါတို့တွေ လှုပ်ရှားကြမယ်၊ အဲဒီ ကောင်းကင်တာအိုငယ်လေးတွေကရော အခြေအနေ ဘယ်လိုရှိလဲ”
အရိပ်နက်က ပြန်ဖြေပါတယ် “ပဋိပက္ခနတ်မင်း သေသွားတော့ ကောင်းကင်တာအိုငယ်လေးတွေကို ကန့်သတ်ထားတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံဆီ စုပြုံတိုးဝင်သွားတယ်၊ အဲဒါကြောင့် ကောင်းကင်တာအိုငယ်လေးတွေရဲ့ ကံတရား အထောက်အပံ့က တော်တော်မြန်မြန်ကို တိုးတက်လာတယ်”
“ရှေးပျက်သုဉ်းနယ်မြေကရော…”
“တာအိုဖြတ်ကျော်ဆရာကြီး ဆယ်ပါးကျော် စောင့်ကြပ်နေတယ်လို့ ကြားတယ်၊ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ တာအိုမိစ္ဆာတွေက ရှေးပျက်သုဉ်းနယ်မြေကို အရူးအမူး အပြေးအလွှား သွားနေကြတာ၊ အရှင်မင်းကြီး… ရှေးပျက်သုဉ်းနယ်မြေထဲမှာ ဘာတွေ ဝှက်ထားလို့လဲ” အရိပ်နက်ဟာ သိချင်စိတ်ကို မျိုသိပ်မထားနိုင်တာကြောင့် အခုလို မေးလိုက်တာ ဖြစ်ပါတယ်။ အခြေအနေတွေကလည်း တကယ်ကို ဆန်းကြယ်လွန်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရိပ်နက်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ ပေါ်လာပါတယ်။
“ဒါနဲ့ အရှင်မင်းကြီး… ကျွန်တော် ဒီကြားထဲမှာ ကောင်းကင်ရုံးတော် နယ်မြေထဲ ကျူးကျော်လာတဲ့ ကောင်းကင်တာအိုသက်ရှိနှစ်ကောင်ကို ဖမ်းထားတယ်၊ ကျွန်တော်ကိုယ်တိုင် ဖမ်းလိုက်တာ၊ ဒီနှစ်ယောက်ရဲ့ ကံတရား အထောက်အပံ့က မရိုးရှင်းဘူး၊ သူတို့က ပဋိပက္ခနတ်ဘီလူးတွေနဲ့ တော်တော်တူတယ်၊ အဲဒါကြောင့် ကျွန်တော်လည်း လက်လွတ်စပယ် မသတ်ရဲဘူး၊ ကျေးဇူးပြုပြီး အရှင်မင်းကြီး ဆုံးဖြတ်ချက် ချပေးပါ” အရိပ်နက်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့မေးခွန်းကို မဖြေချင်မှန်း သိတဲ့အတွက် စကားလမ်းကြောင်း ပြောင်းလိုက်တာ ဖြစ်ပါတယ်။
“အို… ပဋိပက္ခ နတ်ဘီလူးလား၊ သူတို့ကို ခေါ်လာခဲ့ချည်”
“အမိန့်တော် အတိုင်းပါ” အရိပ်နက်ဟာ ပျောက်ကွယ်သွားပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ အရိပ်နက်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့ ပြန်ပေါ်လာပါတယ်။ အဲဒီနောက် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ လူနှစ်ယောက် ကြမ်းပြင်ပေါ်ကို ကျသွားပါတယ်။ ဒီလူနှစ်ယောက်ကတော့ ဟန်ထော်နဲ့ ယီတျန်တို့ပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အနက်ရောင် ရောင်ဝါရဲ့ ရစ်ပတ်မှုကြောင့် လွတ်အောင် မရုန်းနိုင်ကြပါဘူး။ ယီတျန်က ကျိန်ဆဲလိုက်ပါတယ် “မင်းတို့ကောင်တွေ ဘာလုပ်ပြန်ပြီလဲ၊ သတ်တာတို့ နှိပ်စက်တာတို့ လုပ်ချင်ရင်တောင် တစ်ခုခုတော့ ပြောဦးလေ…”
ဟန်ထော်ဟာ ဘေးဘီဝန်းကျင်ကို သတိကြီးစွာ လိုက်ကြည့်ရင်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ အကြည့်ရောက်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်သွင်က လူကောင်းပုံ မပေါ်တဲ့အတွက် ဟန်ထော်ကို ပိုပြီးတော့ ရင်ထိတ်သွားစေပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ကတော့ ဟန်ထော်ကို တွေ့လိုက်ရတဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ဟိန်တျန် ကောင်းကင်စစ်သူကြီး… အရင်ထွက်သွားပါ”
“အမိန့်တော် အတိုင်းပါ” အရိပ်နက်ဟာ ထပ်ပြီးတော့ ပျောက်ကွယ်သွားပါတယ်။
ယီတျန်ဟာလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး ရင်ထိတ်သွားပါတယ်။ ယီတျန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က အတိတ်မှာ သူရင်ဆိုင်ဖူးခဲ့တဲ့ ရန်သူတွေနဲ့ မတူဘူးဆိုတာကို ခံစားမိပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သိမ်မွေ့နက်နဲပြီး လျှို့ဝှက်ဆန်းကြယ် နေပါတယ်။
ဟန်ထော်က အံကြိတ်ပြီး ပြောလိုက်ပါတယ် “စီနီယာ… ကျွန်တော်တို့က စီနီယာရဲ့ နယ်မြေကို မတော်တဆ ဝင်ရောက်မိတာပါ၊ ကျွန်တော်တို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုမှ မရှိပါဘူး၊ ဘာဖြစ်လို့ ကျွန်တော်တို့ကို ဖမ်းထားပြီး မလွှတ်ပေးတာလဲ”
“မင်းနာမည် ဘယ်လိုခေါ်လဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ထော်ကို မေးလိုက်ပါတယ်။
“ထန်စန်းပါ”
ဒီအဖြေကြောင့် ယီတျန်ဟာ ဟန်ထော်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ်။
‘မင်းတို့က ငါ့ကို အသားယူချင်တာလား…’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပြီး သူ့ပတ်လည်က ကြောက်မက်ဖွယ် ရောင်ဝါကို ရုပ်သိမ်းလိုက်ပါတယ် ‘ဒီကောင်လေးက ဟန်ကျွယ်နဲ့ တော်တော်တူတာပဲ၊ ရုပ်ရည်တင်မကဘူး၊ အပြောအဆိုပါတူတာ…’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နှုတ်ခမ်းဟာ မဆိုစလောက် တွန့်သွားပါတယ်။ အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “မင်းတို့တွေ ရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့၊ ဒီနေ့ ဒီအချိန်ကစပြီး မင်းတို့နှစ်ယောက် ငါ့ဆီမှာ အမှုထမ်းပေတော့…”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset