Chapter – 117
“ရက်စက်ယုတ်မာတတ်သော”
ကောင်မလေးသည် ဂုဂျင်လုံအား တစ်ဘဝလုံး စိတ်ဆင်းရဲ ပင်ပန်းကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် သူမ ချစ်ရသူ ကိုယ်တိုင် သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ရဲရှောင် သူကြားလိုက်ရသည့် စကားကြောင့် သူ့နားပင် သူမယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
(ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုများ သူလုပ်ရက် ရတာလဲ။ ယုံတောင် မယုံနိုင်ဘူး . . .)
“ဘာလို့လဲ . . .”
ရဲရှောင်သည် နားထောင်ရင်းဖြင့် ဒေါသထွက်လာမိ၏။ ထိုဒေါသများကို ချိုးနှိမ်ထားလိုက်ရင်း ဆက်လက်၍ –
“ဘာလို့ ခင်ဗျားက သူ့ကို သတ်တာလဲ။ သူက ခင်ဗျားကို သူ့တစ်ဘဝလုံး စောင့်နေတာလေ။ သူ့ဘဝက ခင်ဗျားကြောင့် ရှင်သန်နေခဲ့ရတာ။ ခင်ဗျားကသာ သူအသက်ဆက်နိုင်မဲ့ မျှော်လင့်ချက် . . . နောက်ဆုံး ခင်ဗျား ပြန်ရောက်ပြီး သူ့ကို တွေ့တဲ့ အချိန်မှာ ခင်ဗျား အနေနဲ့ ကိုယ်အချစ်ဆုံး မိန်းမ တစ်ယောက်ကို အကောင်းဆုံး ဆက်ဆံ သင့်တယ်မလား . . . သူ့ကို ကြင်နာပေးဖို့၊ ဂရုစိုက်ပေးဖို့၊ ဝမ်းနည်းစာနာပေးဖို့ နေနေသာသာ သတ်တောင် သတ်ပစ်လိုက်ရလား . . .”
လူသားဆန်သော လူတစ်ယောက် အနေဖြင့် ထိုကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
စိတ်ခံစားမှု နုနယ်လှသော မိန်းကလေးသည် သူမ တစ်ဘဝလုံး ယောကျာ်းဖြစ်သူအား စောင့်ဆိုင်း နေတာဖြစ်ပြီး သူမ သိပ်ချစ်ရသည့် ယောကျာ်းမှာ လူသားအဖြစ်မှ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားမည်ဟု မထင်ထားခဲ့မိချေ။
တစ်ဘဝလုံး စောင့်ဆိုင်းနေရခြင်း၏ ရလဒ်မှာ နွေးထွေးစွာ ပွေ့ဖက် ခံရခြင်း မဟုတ်ဘဲ ဓားတစ်ချောင်းသာ ဖြစ်နေသည် မဟုတ်ပါလား။
ဂုဂျင်လုံသည် မျက်လုံးများကို မှိတ်လိုက်သည့်အခါ မျက်ရည်များ စီးကျ လာလေသည်။ ထို့နောက် ဒေါသတကြီး လေသံဖြင့် –
“သတ်ရမှာပေါ့ . . . ငါ့နှလုံးသားထဲမှာ ငယ်ရွယ်နုပျိုပြီး ချောမောတဲ့ ဟန်လေး တစ်ယောက်ပဲ ရှိတယ်။ သူ့အသံလေးကလည်း နတ်သမီးလေးတစ်ပါး အသံလို ချိုသာတယ်။ ငါ့နှလုံးသားထဲမှာ ရှိတဲ့ အလှပဆုံး ပုံရိပ်တစ်ခုဆိုလည်း ဟုတ်တယ်။ ငါ့မှာ ပြန်လာခဲ့ရပြီး ရုပ်ဆိုးဆိုး အဖွားကြီး တစ်ယောက်ကို မြင်တွေ့လိုက်ရတဲ့ ခံစားချက် မင်းစိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး . . .”
“သူ့မျက်နှာမှာကလည်း အရေးအကြောင်းတွေ အပြည့်ပဲ။ တစ်ကိုယ်လုံးကလည်း ညစ်ပတ်နေ သေးတယ်။ သူ့ရင်သားတွေဆိုရင် ရှုံတွ ပြားကပ်ပြီး ကျက်သရေ တုန်းတယ်။ နောက်ပြီး တုန်ရီ အက်ကွဲ နေတဲ့ အသံကြီးနဲ့ ငါ့နာမည်ကို ခေါ်နေတာ အဲဒီမိန်းမကြီးက ဟန်လေး တဲ့လား . . . မဟုတ်ဘူး၊ သူက ငါ့ရဲ့ ဟန်လေး မှ မဟုတ်တာ . . .”
ဂုဂျင်လုံ ရူးသွပ်ဟန်ဖြင့် အော်ပြောလိုက်သည်။
ရဲရှောင်မှာမူ မထူးခြားသလို မျက်နှာထားမျိုးဖြင့်သာ ကြည့်နေမိလေ၏။
(သူက အသက်ကြီးတယ်၊ ရုပ်ဆိုးတယ်၊ အဲဒါကြောင့် မင်းရဲ့ ဟန်လေး မဟုတ်တော့ဘူးပေါ့ ဟုတ်လား . . . သူ့တစ်ဘဝလုံး မင်းကို စောင့်နေခဲ့တာကရော . . .)
ယခုအချိန်တွင် ရဲရှောင်ရင်ထဲ ခံစားနေရသည့် မခံချင်စိတ် ဒေါသများကို မည်သို့မျှ ဖော်ပြ နိုင်မည် မဟုတ်ပေ။
“ငါ့ရဲ့ ဟန်လေး မဟုတ်ဘူး၊ အဲဒါ သေချာတယ်။ ဟန်လေး ဆိုတာ ငါ့ရင်ထဲက အလှဆုံး နတ်မိမယ်လေးပဲ။ အဲဒီ အရုပ်ဆိုးဆိုး အသက်ကြီးကြီး အဖွားကြီးက ငါ့ဟန်လေးကို မဟုတ်တာ . . .”
ဂုဂျင်လုံ အေးစက်စက် ပြောလိုက်ပြန်သည်။ ဆက်လက်၍ –
“အဲဒီ အဖွားကြီးက ငါ့ဟန်လေးကို သိက္ခာချနေတာ။ ငါ့ရင်ထဲက ဟန်လေးရဲ့ အလှအပတွေကို ဖျက်ဆီးပစ်လိုက်တာ။ အဲဒါကြောင့် ငါသူ့ကို သတ်တာ။ တုန့်ဆိုင်းမှု မရှိဘဲ နဲ့ကို သတ်ခဲ့တာ။ နောက်တော့ ငါသူ့ကို ဒီမှာပဲ မြုပ်ခဲ့တယ်လေ။ ဟိုအဖွားကြီးကြောင့် ငါ့ဟန်လေး သေရတာ . . .”
ရဲရှောင်သည် ခေါင်းစောင်း၍ မြေပုံလေးအား ကြည့်လိုက်သည်။
အထီးကျန်ဆန်ဆန် မြေပုံလေးသည် ယခုနေရာတွင် နှစ်ပေါင်းများစွာ ဝမ်းနည်းစရာ ပုံပြင် တစ်ပုဒ်အဖြစ် ရှိနေခဲ့သည်။
ရုတ်တရက် ဆိုသလို သူ့ရင်ထဲ အေးစက်သော ခံစားမှုမျိုး ခံစားလိုက်ရသည်။
သူသည် မရဏကျောက်တုံးမှ အေးစက်သော ရေခဲချီဓာတ်များအား စုပ်ယူခဲ့ဖူးသည့်အတွက် ကမ္ဘာပေါ်တွင် မည်သည့်အေးစက်မှုမျိုးမျှ သူ့ကို တုန်လှုပ်အောင် မလုပ်နိုင်တော့ဟု ခံယူထားမိတာ ဖြစ်ပါသည်။ သို့သော်လည်း ယခုခံစားလိုက်ရသည့် အေးစက်စက် ခံစားမှုမျိုးမှာ တစ်ကိုယ်လုံး စိမ့်တက် လာမိခြင်း ဖြစ်လေ၏။
သူ့ကို အေးစက်စက် ဖြစ်စေသည်မှာ ဂုဂျင်လုံ မဟုတ်ပေ။ မြေပုံအတွင်းရှိ အလောင်းမှသာ ဖြစ်ပေလိမ့်မည်။
သူမသည် တစ်ဘဝလုံး ယောကျာ်းဖြစ်သူအား မျှော်လင့် လွမ်းဆွတ်နေခဲ့ပြီး ပြန်ရလိုက်သည့် အရာမှာမူ တကယ်ပင် ရင်နာစရာ ကောင်းလှ၏။
ဓားတစ်ချောင်းသာ မဟုတ်ပါလား။
ရက်စက်လှသည့် ဝံပုလွေ တစ်ကောင်မှ သူမအား အဆုံးစီရင်ခဲ့ခြင်း ဖြစ်လေသည်။
ရဲရှောင်သည် စိတ်ထဲ အတော်ကြီး ခံစားနေမိလေ၏။
အကယ်၍ ဟန်လေး ဆိုသည့် မိန်းကလေးသာ သေဆုံးသွားပြီးနောက် အသိစိတ် ဝိညာဉ် ကျန်ရစ်နေဦးမည် ဆိုပါက မည်သို့ ပြောလိမ့်မည်နည်း . . .။
ရဲရှောင် စဉ်းပင် မစဉ်းစား ချင်တော့ပေ။ တွေးရင်းဖြင့်ပင် မွန်းကြပ်၍ အေးစက်မှုများ ခံစားနေမိ လေ၏။
သူသည် ယခုဒုတိယ ဘဝအနေဖြင့် နေထိုင်နေခြင်း ဖြစ်ကာ အမြဲတမ်း ရဲရင့်သည့် လူတစ်ဦး အဖြစ် ရပ်တည်နေသူ တစ်ဦးပင် ဖြစ်၏။ သူလုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရဲရှောင် ယခုလို ဆက်၍ မစဉ်းစားချင်လောက်အောင် ဖြစ်စေသည့် ကိစ္စမှာ မရှိသလောက်ကို ရှားလေ၏။ ယခုအခါတွင်မူ သေဆုံးသွားပြီးဖြစ်သည့် လူတစ်ဦးအတွက် မတွေးဝံ့လောက်အောင် ဖြစ်နေခြင်းပင် ဖြစ်ပါတော့သည်။
ထိုအချိန် ဂုဂျင်လုံအား ယခင်ကထက် အဆပေါင်းများစွာ သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့သည်။
ယခု ဟန်လေးအပေါ် ကောက်ကျစ်ယုတ်မာမှုများကြောင့် ပိုမို မုန်းတီးမိခြင်း ဖြစ်လေ၏။
(သူက လူတစ်ယောက် မဟုတ်ဘူး . . . တိရစ္ဆာန်၊ ဝံပုလွေ တစ်ကောင်ပဲ . . . လူသားဆန်မှု ဆိုတာ သူ့မှာ မရှိဘူး။ ဒေါသထွက်တိုင်း လုပ်တတ်တဲ့ လူ့ငနွားတစ်ယောက်ပဲ . . . မကောင်းဆိုးဝါး . . .)
ဂုဂျင်လုံသည် ဝမ်းနည်းဟန်ဖြင့် မတ်တတ်ရပ်လိုက်ရင်း အုတ်ဂူကို ကြည့်ကာ –
“ဟန်လေး . . . မင်းနေကောင်းရဲ့လား . . . ငါမင်းကို တွေ့ဖို့ ပြန်လာပြီလေ။ အစ်ကို ဒယ်လုံ မင်းကို ကြည့်နေတယ်လေ . . .”
ပြောနေရင်းဖြင့် မျက်ဝန်းမှ မျက်ရည်များ စီးကျ လာပြန်လေ၏။
ရဲရှောင် ကြောင်ငေးနေမိ၏။ ဂုဂျင်လုံအား နားမလည်နိုင်အောင် ဖြစ်နေပြီး ထိုကဲ့သို့ အရှက်မရှိသည့် လူတစ်ယောက်မှ မည်ကဲ့သို့ မျက်ရည်များ စီးကျလာသလဲ ဆိုတာကို မသိ ဖြစ်နေပါတော့သည်။
ထို့အပြင် သူ့ကိုယ်သူ အစ်ကိုဒယ်လုံဟု ဆိုပြီး ဟန်လေး ဟန်လေးဟု ခေါ်နေပုံမှာ တကယ်ပင် မြင်ပြင်းကပ်စရာ ကောင်းလှသည်ဟု တွေးနေမိ၏။
သူ့ကိုယ်သူ ဟီရိသြတပ္ပတရား ရှိရဲ့လားဟုပင် ရဲရှောင် တွေးနေမိပါသည်။
သူသည် ဂုဂျင်လုံဟူသော အမည်ကို ခံယူကာ ကျင့်ကြံခြင်း လောကအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဂုဒယ်လုံ မဟုတ်တော့သည်ကို မေ့နေပုံပါပင်။
ဂုဂျင်လုံမှ –
“ညီလေးဖန် . . . ငါက အရမ်းစိတ်ခံစားမှု နုတဲ့ လူတစ်ယောက်ပါ။ ဟန်လေး ငါ့ကို မျက်ရည်တွေ ရွှဲနေပြီး ငေးကြည့်နေတာကို မေ့မရဘူး။ သူ့ရဲ့ လှပတဲ့ မျက်ဝန်းတွေ၊ ဆံပင်ရှည်ကြီးတွေကိုလည်း မေ့မရဘူး။ သူအဲဒီနေ့က ငါသူ့ကို လက်ဆောင်ပေးခဲ့တဲ့ ခရမ်းရောင် ဝတ်စုံလေးကို ဝတ်ထားတာလေ။ လေပြည်လေညှင်းလေးတွေ တိုက်ခတ်နေတဲ့ အချိန်မှာ သူ့ဝတ်စုံလေးကလည်း လေနဲ့ အတူ လွင့်နေခဲ့တယ်။ မျက်ရည်အပြည့်နဲ့ ငါ့ကို ကြည့်နေတဲ့ ပုံလေးကို ငါဘယ်တော့မှ မမေ့ဘူး . . .”
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်းဖြင့် –
“ငါအဲဒီအကြောင်းကို စဉ်းစားမိတဲ့ အချိန်တိုင်း ငါ့ရင်တွေ ကွဲမတတ် ခံစားရတယ် . . .”
(မင်းက ရင်ကွဲတယ် ဟုတ်လား . . . ဟုတ်ပါပြီ မင်းက အသည်းနုတဲ့လူကြီး ဆိုတော့ ရင်ကွဲခဲ့ ရတယ်ပေါ့ . . . ဟိုသနားစရာ မိန်းကလေးဆို ရင်ကွဲရုံတင် မဟုတ်ဘူး တစစီတောင် ဖြစ်လောက်ပြီ . . .)
ရဲရှောင် သက်ပြင်းချလိုက်သည်။
ဂုဂျင်လုံသည် အကြာကြီး ဝမ်းနည်းခဲ့ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် မြေပုံအား ကြည့်ရင်း –
“ဟန်လေးရေ . . . ငါသွားတော့မယ်နော်။ မင်းကို နောက်တစ်ခါ ထပ်တွေ့ဖို့ ပြန်လာပါဦးမယ်။ မင်းလည်း ကောင်းကင်ဘုံမှာ အေးအေးဆေးဆေး နေပါ။ ငါ့ကို စိုးရိမ်အောင် မလုပ်နဲ့နော် . . .”
ရဲရှောင်လည်း ဂုဂျင်လုံမှ ငွေစက္ကူများ မီးရှို့လျက် ရှိသည်ကိုလည်း မြင်တွေ့ လိုက်ရသည်။ ထိုအချိန် ရဲရှောင်သည် ရင်ထဲ ဘယ်လို ခံစားနေရသလဲ ဆိုတာကိုပင် ပြောရခက်နေပါသည်။
ရဲရှောင်အတွက် ဂုဂျင်လုံသည် ထူးဆန်း၍ အံ့သြဖွယ်ကောင်းသော လူတစ်ဦးဟု ထင်မြင်နေမိသည်။
ရဲရှောင်လည်း ဂုဂျင်လုံထံမှ ငွေစက္ကူအချို့ ယူဆောင်လိုက်ရင်း ကူ၍ ရှို့ပေးလိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော သေဆုံးခဲ့သည့် အမျိုးသမီးအား လေးလေးနက်နက် ဦးညွှတ် အရိုအသေ ပေးလိုက်မိသည်။
သူ့စိတ်ထဲမှာလည်း –
(မင်းနာမည်က ဟန်လေး လို့ခေါ်တဲ့ လီမင်းဟန်နော် . . . မင်းအစား ငါကိုယ်တိုင် ကလဲ့စား ချေပေးပါ့မယ်လို့ ကတိပေးပါတယ်။ ဒီမိစ္ဆာကို ငါကိုယ်တိုင် ကလဲ့စားချေပေးပါ့မယ်။ ငါ့အတွက်တင် မဟုတ်ဘူး မင်းတစ်ဘဝလုံး ခံစားခဲ့ရတဲ့ အတွက်ပါ ကလဲ့စားချေပေးမှာပါ . . . ဘယ်လိုပဲဖြစ်ဖြစ် ဂုဂျင်လုံ သေကို သေရမယ် . . .)
ရဲရှောင်လည်း စိတ်ထဲ ကျိန်ဆိုနေမိလေသည်။
သူသည် လူတစ်ဦးအား သတ်ဖြတ်ရန်အတွက် ထိုမျှလောက်ထိ တစ်ခါမျှ စိတ်အား မထက်သန် ဖူးပေ။
သူ့စိတ်ထဲမှ ပြင်းပြလှသော စိတ်ဆန္ဒကို အလွန်ချိုးနှိမ်ထားရခြင်း ဖြစ်လေ၏။
သူ့စိတ်ထဲ ပြောဆိုပြီးသည့် အချိန် ရုတ်တရက် ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်လာ လေ၏။
မြေပုံရှေ့တွင် လေပွေ အသေးလေးတစ်ခု ဖြစ်ပေါ်လာပြီး သစ်ရွက်များ အမှိုက်များသည် လေပွေ လေးအတွင်း လည်နေလျက် ရဲရှောင်အနား ရောက်လာလေသည်။
ကြည့်ရသည်မှာ အမျိုးသမီးကြီး၏ ဝိညာဉ်တော်မှ သူ့ကို အသိအမှတ် ပြုနေခြင်းပင် ဖြစ်မည်ဟု တွေးလိုက်မိလေ၏။
လေတိုက်ခြင်း ရပ်သွားသည့်အခါ အရာအားလုံး တည်ငြိမ်သွားခဲ့သည်။
ဂုဂျင်လုံ ရဲရှောင်အား ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်ရင်း –
“ညီလေးဖန် . . . ကျေးဇူး တင်ပါတယ်။ မင်းက ဟန်လေးအတွက် ငွေစက္ကူတွေကိုပါ မီးရှို့ပေးတဲ့ အတွက် ငါ့ရဲ့ ညီအစ်ကို ပီသပါပေတယ် . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ဒါပေါ့ဗျာ . . . ညီအစ်ကိုတွေပဲ . . .”
ဂုဂျင်လုံသည် မျက်နှာကို မော့၍ လေပြည်လေညှင်းများအား ခံစားရင်း ပြုံးကာ –
“ကြည့်လေ . . . ဟန်လေး ပျော်နေပြီ၊ ငါသူ့ကို လာတွေ့တဲ့ အတွက် သူပျော်နေတာ တွေ့လား၊ သူ့ဘဝစောင့်ရကျိုး နပ်သွားလို့ပေါ့ . . .”
ရဲရှောင်သည် အထင်သေးသွားမိပြီး လုံးဝ ဆွံ့အသွားမိလေ၏။
ဂုဂျင်လုံသည် အတွေးပင်လယ်တွင် မျောပါနေပုံပါပင်။ ထို့နောက် နူးညံ့သော လေသံဖြင့် –
“ဒီနှစ်တွေထဲမှာ ဒီအကြောင်းတွေကို ငါဘယ်သူမှ မပြောပြ ဖြစ်ခဲ့ဘူး။ မင်းအမြင်မှာတော့ ငါက ရူးသွပ်သလို ဖြစ်ချင် ချင်နေမှာပေါ့လေ . . .”
ရဲရှောင်မှ –
“ခင်ဗျားက ခံစားလွယ်တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ မထင်ထားခဲ့မိဘူးဗျာ . . .”
တကယ်တော့ ရဲရှောင်သည် ပြောင်းပြန် ပြောလိုက်ခြင်းပင် ဖြစ်သည်။
ဂုဂျင်လုံသည် အတွေးနယ်ချဲ့နေမိသဖြင့် ရဲရှောင်ပြောလိုက်ခြင်းမှာ သူ့ကို ရွဲ့ပြောနေမှန်း သတိ ထားမိလိုက်ပုံ မရချေ။ သူ့မျက်နှာပေါ်မှ မျက်ရည်စမျာအား သုတ်လိုက်ရင်း –
“ငါ့ဘဝမှာ အားနည်းချက် ဆိုလို့ အဲဒီ ခံစားလွယ်တဲ့ စိတ်တစ်ခုပဲရှိတယ် . . .”
ရဲရှောင်သည် ဂုဂျင်လုံ၏ စကားများကြောင့် အတော်ကို အော့နှလုံးနာနေမိလေ၏။
(တော်တော် အရှက်မရှိတဲ့လူပဲ . . .)
ဂုဂျင်လုံမှာ သူ့လောက် ရက်စက်သည့်သူ မရှိအောင် ယုတ်မာလှသော်လည်း ခံစားချက် လွယ်သူဟု ဆိုနေသည် မဟုတ်ပါလား။
သူတို့သည် မြေပုံမှ ထွက်ခွာလာခဲ့ကြပြီး တောင်ခြေသို့ ရောက်လာကြသည်။ ဂုဂျင်လုံသည် ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေဟန်ပါပင်။ ခြေလှမ်းများအား လေးကန်စွာ လှမ်းနေမိလေ၏။
အပြင်ပန်းသာ သိသည့် လူအများမှာ သူ့အား တကယ်ပင် ထိလွယ်ရှလွယ်သည့် ခံစားချက် ရှိသူဟု ထင်မိမည်မှာ အသေအချာပါပင်။
ရဲရှောင် သက်ပြင်းချ၍သာ သူ့ရင်ထဲရှိ ဒေါသများအား ချိုးနှိမ်နေမိ၏။ ရုတ်တရက် ဒေါသများ ပေါက်ကွဲထွက်သွားမည်ကိုပင် စိုးရိမ်မိနေပါတော့သည်။
သူတို့သည် တောင်မှ ထွက်ခွာလာခဲ့ပြီး မြို့ထဲဘက်သို့ လျှောက်လာကြလေ၏။ မြို့တံခါးဝသို့ ရောက်သည့်အခါ လမ်းခွဲထွက်လိုက်ကြလေ၏။
ဂုဂျင်လုံသည် ရဲရှောင်အား လေလံခန်းမသို့ လိုက်လည်ရန် ဖိတ်ခေါ်သော်လည်း ရဲရှောင်မှ မလိုက်ချင်သဖြင့် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ဂုဂျင်လုံ၏ ဇာတ်လမ်းအား နားထောင်ပြီး ဂုဂျင်လုံအား မသတီသလို ဖြစ်နေသဖြင့် သူနှင့်အတူ မလိုက်ချင်တော့တာလည်း ပါပါသည်။
ရဲရှောင်၏ ကျင့်ကြံမှုများသည်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ ဖြစ်လေသည်။
ထိုကဲ့သို့ ပိုမို တိုးတက်လာစေရန်အတွက် ရဲရှောင်သည် ဝိညာဉ်တော်ကျောက်ပြားများကို ဟင်းလင်းပြင်ကြီးအတွင်းသို့ ထည့်ထည့်နေမိလေ၏။ ထိုကဲ့သို့ ထည့်သွင်းလိုက်သည့်အခါ မရဏကျောက်တုံးမှ အေးစက်သော ရေခဲချီဓာတ်များ ထွက်လာကာ ထိုချီဓာတ်များအား ဖိနှိပ်ရင်း သူ၏ ရှေးဦး ခရမ်းရောင် ချီဓာတ်များလည်း တိုးတက်ကောင်းမွန် လာခဲ့ရတာ ဖြစ်ပါသည်။ အန္တရာယ်ကြားမှ လေ့ကျင့်ခြင်းပါပင်။
သူထိုကဲ့သို့ လုပ်လိုက်သည့် အခါတိုင်း အန္တရာယ် ကျရောက်သကဲ့သို့ ဖြစ်လာခဲ့ပြီး သို့သော်လည်း သူသည် အနာခံပြီးကို လေ့ကျင်နေခြင်းပင် ဖြစ်သည်။ ထိုသို့ လေ့ကျင့်ချိန်တိုင်းလည်း ပြုံးလျက်သာ ရှိနေလေ၏။
ထိုအပြုံးသည် အေးစက်၍ သတ်ဖြတ်လိုသော အပြုံးမျိုး ဖြစ်သည် ဆိုတာကိုတော့ မည်သူမျှ သိနိုင်မည် မဟုတ်ပါတော့ချေ . . .။