Switch Mode

Chapter – 116

သူမကိုသတ်တာသူကိုယ်တိုင်လား

Chapter – 116
“သူမကိုသတ်တာသူကိုယ်တိုင်လား”

ဖန်ဇီလင် ပါးစပ်အဟောင်းသားဖြင့် သူ့လက်များကို ခါယမ်းလိုက်ရင်း –
“ဘယ်လိုဖြစ်တာလဲ၊ ကျုပ်ရဲ့ အရိုးတွေတော့ အက်ကုန်ပြီ ထင်ပါတယ်ဗျာ၊ နောင်ကြီးဂု . . . ခင်ဗျားက ကျုပ်ကို အသေကိုင်ထားတာ ကျုပ်ဖြင့် လက်တောင် ပြုတ်ထွက်မတ် ခံစားလိုက်ရတယ် . . .”
ဂုဂျင်လုံလည်း မျက်လုံးပြူးလျက် ဆွံ့အလျက် ရှိနေမိ၏။
(ငါက မင်းကို အသေကိုင်ထားတော့ မင်းလက် ပြုတ်ထွက်မတတ် ဖြစ်တယ် ဟုတ်လား . . . ငါက ရူးနေတဲ့ လူမှ မဟုတ်တာ ငါဆွဲခေါ်တာ မဟုတ်ဘူး၊ မင်းကို ငါအပြင်ဘက်ကို ဆွဲခေါ်လိုက်တာ မဟုတ်ဘူး ဆိုတာ ငါနတ်ဘုရားတွေ ဆီမှာတောင် ကျိန်တွယ်ဝံ့တယ်။ မင်းလက်ကို ရိုးရိုးလေးပဲ ကိုင်ထားတာ အစီအရင်ကြောင့် လွင့်ထွက်သွားတာကွ . . .)
ဂုဂျင်လုံသည် တခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် –
“ကြည့်ရတာ ခရမ်းရောင် ကြာပန်းသခင်က ဒီတောင် လုံလုံခြုံခြုံ ရှိနေအောင်လို့ ထူးဆန်းတဲ့ အစီအရင်တွေ လုပ်ထားခဲ့တာ ထင်တယ်။ မင်းတစ်ယောက်တည်း ဒီတောင်ကို ဝင်ထွက် သွားလာနိုင် အောင် လုပ်ထားတာပဲ ဖြစ်ရမယ်။ မင်းဆရာတောင် ဆေးလုံးတွေ လုပ်ပြီးတဲ့ အချိန်ကျရင် ထွက်မရ ဖြစ်နေမှာ မြင်ယောင်မိနေသေး . . .”
ဂုဂျင်လုံသည် သူသာ ခရမ်းရောင်ကြာပန်းသခင် နေရာမှာ ဆိုလျှင်လည်း ထိုကဲ့သို့ပင် လုပ်မိမည် ဆိုတာ အသေအချာပါပင်။ ဖန်ဇီလင်၏ ဆရာဖြစ်သူ အနှောင့်အယှက် ဖြစ်သွားမည်ကိုလည်း သူစိုးရိမ် နေမိလေ၏။ ရဲရှောင်မှာမူ သူပြောစရာ မလိုအောင်ပင် ဂုဂျင်လုံ သဘောပေါက်သွားသည့်အတွက် ကျေနပ် သွားမိပါတော့သည်။
ဂုဂျင်လုံလည်း –
“ငါသွားတော့မယ်၊ နောက်ပိုင်း အခွင့်ကြုံမှ မင်းရဲ့ ဆရာနဲ့ တွေ့တာပေါ့ . . .”
ရဲရှောင်သည် ထပ်မံ၍ အားမလျော့သေးသည့် ဟန်မျိုးဖြင့် –
“လာပါ ထပ်ပြီး ကြိုးစားကြည့်ရအောင်ပါဗျာ။ နောင်ကြီးဂု . . . ခင်ဗျား ဒီတစ်ခါ ဆိုရင်တော့ အောင်မြင်မှာ သေချာပါတယ် . . .”
ဂုဂျင်လုံသည် မျက်စောင်းထိုး၍ ကြည့်လိုက်၏။
(ထပ်ကြိုးစားမယ် ဟုတ်လား . . . စောက်ရူးက စောက်မှတ် မရှိသေးဘူး၊ ငါဘယ်လိုလုပ်လုပ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား မရနိုင်ပါဘူး ဆိုမှပဲ . . .)
“မလိုတော့ပါဘူး၊ ငါကလည်း ဒီတောင်ကို လာတာ မဟုတ်ဘူးလေ . . .”
ဂုဂျင်လုံ ပြုံးလျက် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“ညီလေးဖန် . . . မင်းက အခု မင်းဆရာကို လိုအပ်တဲ့ ပစ္စည်းတွေ ပေးပြီးပြီ ဆိုတော့ သူလည်း လုပ်ငန်းစနေလောက်ပြီပေါ့။ ငါတို့ ဝင်မိရင်တောင် အနှောင့်အယှက် ပေးသလို ဖြစ်သွားဦးမယ်။ နောက်ပြီး ဒီမှာက အစွမ်းထက်တဲ့ အစီအရင်လည်း ရှိနေတဲ့အတွက် ငါထွက်သွားတာပဲ ကောင်းပါတယ်လေ . . .”
ဂုဂျင်လုံသည် လက်နောက်ပစ်လျက် တောင်ခြေနားတွင် ဟိုဒီကြည့်နေရင်း စိတ်ရှုပ်ထွေးမှုများ မျက်ဝန်းထဲတွင် ပေါ်လာလေသည်။ သို့သော်လည်း တခဏ အတွင်းမှာတင် ထိုကဲ့သို့ စိတ်ရှုပ်ထွေးသည့် အမူအယာများလည်း ပျောက်ကွယ် သွားလေတော့၏။
ထို့နောက် ရဲရှောင်အား ကြည့်လိုက်ရင်း –
“ညီလေးဖန် . . . မင်းငါနဲ့ ဟိုနားက တောင်ဘက်ကို လိုက်ခဲ့မလား . . .”
ရဲရှောင်လည်း ဂုဂျင်လုံ ညွှန်ပြရာသို့ ကြည့်ကြည့်လိုက်၏။ ပေ ၉၀၀ လောက်သာ မြင့်မားသော တောင်တစ်ခုဖြစ်ပြီး ယခုနေရာနှင့် ၁၀ မိုင်ကျော်လောက် ဝေးသည့် နေရာတွင် ရှိပါသည်။
သူတို့သွားမည် ဆိုပါက ဘယ်လောက်မှပင် ကြာမည် မဟုတ်ချေ။
ထိုတောင်ပေါ်ရှိ အရာများကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။ သိသာထင်ရှားစွာ ရှိနေသည့် အရာမှာ တောင်ပေါ်ရှိ သစ်ပင်ကြီး တစ်ပင်ပင် ဖြစ်၏။ ထိုသစ်ပင်ကြီးသည် ကြီးမားလွန်းလှ၍ တောင်ထိပ် တစ်ခုလုံးအား ဖုံးကွယ် ထားမတတ်ပင် ရှိနေပါတော့သည်။
“အဲဒီတောင်လေးလား . . . ဘာလုပ်ဖို့လဲ။ အဲဒီမှာ အပင်ကြီး တစ်ပင်ပဲ ရှိတဲ့ဟာကို၊ ဘာမှ ကြည့်နေစရာမှ မရှိတာ . . .”
ရဲရှောင် စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်၏။
ဘေးပတ်လည်ရှိ တောင်များနှင့် နှိုင်းစာပါက ထိုတောင်သည် တောင်ကုန်းလေး တစ်ခုမျှသာ ဖြစ်နေလေ၏။
“ဟဲဟဲ . . . ညီလေးဖန်၊ မင်းက ဒီနားမှာ နေပြီးတော့ ဘာမှ ထူးခြားတာ မခံစားရဘူး ဖြစ်နေတာကိုး . . .”
ထိုသို့ ပြောပြီးသည်နှင့် ဂုဂျင်လုံသည် ဝမ်းနည်းဟန် ပေါက်သွားပြီး –
“တကယ်တော့ . . . ဒီမော်တယ်ကမ္ဘာကို ငါရောက်လာရတယ် ဆိုတာ ဒီတောင်လေးကြောင့် ဆိုရင်လည်း မမှားဘူး . . .”
ရဲရှောင် ကြောင်ငေးမိသွားပြီး –
“ဘယ်လို . . . ခင်ဗျား ဒီလောက်ထိ ဂရုစိုက်နေရအောင် ဘာများပါလိမ့် . . . ဘာမှလည်း မရှိလောက်ပါဘူး၊ ထားလိုက်ပါတော့၊ ကျုပ်ခင်ဗျားနဲ့ လိုက်ခဲ့မယ်ဗျာ၊ ခင်ဗျားဆီက တစ်ခုခု သိရလည်း ကျုပ်အတွက် အကျိုးရှိနိုင်တယ်လေ။ ခင်ဗျားတောင် ဒီလောက်ထိ ဂရုစိုက်တဲ့ အရာဆိုတော့ ဘာများ ဖြစ်မလဲ သိချင်မိရဲ့ . . .”
ဂုဂျင်လုံလည်း ပြုံးလိုက်ပြီးနောက် စတင်ထွက်ခွာသွားလေသည်။
၁၀ မိုင်ကျော်လောက်သာ ဝေးကွာသည့်အတွက် တခဏချင်းပင် သူတို့ ရောက်ရှိလာကြလေ၏။
ဂုဂျင်လုံသည် တောင်ခြေမှ တောင်ပေါ်သို့ လှမ်းမျှော်၍ ကြည့်နေပြီး သူ၏ မျက်လုံးများတွင် ခံစားချက်များစွာ ပြောင်းလဲ နေသကဲ့သို့ပါပင်။ တကယ်ကိုပင် ဝမ်းနည်းနေသည့် ဟန်ပန်မျိုး ပေါက်နေပါ တော့သည်။ ထို့နောက် –
“သွားကြစို့ . . .”
သူတို့သည် တောင်ပေါ်သို့ ဖြည်းညင်းစွာပင် တက်လာကြလေ၏။
တောင်ပေါ်သို့ တက်ရာ လမ်းတစ်လျှောက်တွင် မြက်ပင်ရိုင်းများဖြင့် ပြည့်နေလေ၏။
ဂုဂျင်လုံ လျှောက်လိုက်သည့် ခြေလှမ်းတိုင်းတွင် အဆိုပါ မြက်ပင်များသည် လုံးဝ ပျောက်ကွယ် သွားရပါတော့သည်။
ဂုဂျင်လုံကတော့ အေးအေးဆေးဆေးဖြင့် တိတ်ဆိတ်စွာပင် လျှောက်လှမ်း နေသည်။
ရဲရှောင်မှာလည်း ဂုဂျင်လုံ နောက်မှ လိုက်လာရင်း –
(သူ့ကြည့်ရတာ ဝမ်းနည်း နေသလိုပဲ။ ဒီနေရမှာ သူ့အတွက် အရေးကြီးတဲ့ လူတစ်ယောက် ယောက်ကိုများ မြုပ်နှံထားတာများလား . . . ဇာတ်လမ်း တစ်ပုဒ် ရှိနေပြီ ဆိုတာတော့ သေချာတယ် . . .)
သူတို့သည် တောင်ထိပ်သို့ ရောက်ခါနီးတွင် ဂုဂျင်လုံမှ တစ်ချက်ခုန်လိုက်ရင်း သစ်ပင်ကြီးအောက် ရောက်ရှိသွားလေ၏။ သစ်ပင်ကြီး၏ အုပ်ဆိုင်းစွာ ရှိနေပုံမှာ တောင်တစ်ခုလုံးကိုပင် ဖုံးအုပ်မတတ် ရှိနေလေ၏။
သစ်ပင်ကြီးအောက်တွင် ဂူတစ်ခု ရှိလေသည်။ လူသူကင်းမဲ့လျက် ထီးထီးကြီး ရှိနေခြင်းပင်။
ဂူဟု ဆိုရာတွင် အုတ်ဂူပင် မဟုတ်ဘဲ မြေပုံမို့မို့သာ ရှိနေခြင်း ဖြစ်သည်။
ဂုဂျင်လုံသည် အဆိုပါ မြေပုံဘေးနားရှိ မြက်ပင်များ၊ အမှိုက်များအား စတင်၍ ရှင်းလိုက်လိုက်ပြီး သူ၏ စွမ်းအင်များကို အသုံးပြုကာ ရေများဖြင့် သစ်ပင်ကို လောင်းလိုက်သည်။ ထိုမျှသာမက ဘေးနားရှိ သစ်ပင်မှ ပိုးမွှား အကောင်များကိုလည်း သတ်ဖြတ်ပစ်လိုက်လေ၏။
ထို့နောက် ဂုဂျင်လုံသည် အလွန် အိုဟောင်းနေပြီ ဖြစ်သော မြေပုံမို့မို့အား စူးစိုက်၍ ကြည့်နေရင်း အချိန်အတော်ကြာ စကားသံ ထွက်မလာတော့ချေ။
အတန်ကြာမှသာ ဒူးထောက်၍ ထိုင်ချလိုက်သည်။ သူ၏ ခေါင်းမှာ ငိုက်စိုက်ကျလျက် ရှိပြီး တိတ်ဆိတ်စွာ ရှိနေပြန်၏။
ထို့နောက် ခေါင်းမော့ရင်းဖြင့် ရဲရှောင်အား –
“ညီလေးဖန် . . . မင်းလိုက်လာပေးတာ ကျေးဇူးတင်ပါတယ်။ ငါပြောပြမဲ့ ပုံပြင်လေး တစ်ပုဒ်ကို မင်းနားထောင်ချင်လား . . .”
ရဲရှောင်မှ –
“နားထောင်ချင်တာပေါ့ဗျာ . . .”
ဂုဂျင်လုံမှ နာနာကျင်ကျင်ဟန်ဖြင့် ပြုံးလိုက်ရင်း –
“ဟိုး . . . လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ဒီတောင်ရဲ့ အောက်ခြေမှာ ရွာလေး ၂ ရွာ ရှိတယ်။ ပထမရွာကိုတော့ လီရွာလို့ ခေါ်ပြီး နောက်တစ်ရွာကတော့ ဂုရွာတဲ့ . . . ဂုရွာမှာ ဂုဒယ်လုံလို့ခေါ်တဲ့ လူငယ်လေး တစ်ယောက်ရှိသလို လီရွာမှာလည်း လီမင်းဟန် လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက် ရှိခဲ့တယ်။ သူတို့ ၂ ယောက်ဟာ မောင်နှမတွေလိုပဲ အတူတူ ကြီးပြင်းခဲ့ကြတာပေါ့ . . . ဒါပေမဲ့လည်း အချိန်တန် အရွယ်ရောက်လာတဲ့အခါ နီးစပ်နေတဲ့အတွက် စေ့စပ်ကြောင်းလမ်းပြီးတာနဲ့ လက်ထပ် ခဲ့ကြတယ်လေ . . .”
“လီမင်းဟန်က ဒီရွာတွေနဲ့ မိုင်တစ်ရာ ပတ်လည် အတွင်းက ရွာတွေထဲမှာ အလှပဆုံး မိန်းကလေးပဲ၊ ဂုဒယ်လုံတစ်ယောက်ကတော့ အဲဒီလို မိန်းကလေးကို အပိုင်ရထားတဲ့အတွက် မြောက်နေခဲ့တာပေါ့ . . . မိန်းကလေးက သူ့ရဲ့ ဘဝလို့တောင် သူ့ကိုယ်သူ ခံယူထားခဲ့တယ်လေ . . .”
ရဲရှောင်သည် ဂုဂျင်လုံ၏ စကားအသွားအလာအရ ချက်ချင်းပင် ဇာတ်ရည်လည်သွားခဲ့သည်။
(ဂုဒယ်လုံဆိုတာ ဂုဂျင်လုံပဲ ဖြစ်ရမယ်။ ဒါဆိုရင် မော်တယ်ကမ္ဘာဆိုတာ သူ့ရဲ့ မွေးရပ်မြေပေါ့ . . .)
“သူတို့တွေ လက်ထပ်ပြီးလို့ တစ်နှစ်လောက် ကြာတဲ့အခါ ဂုဒယ်လုံဟာ သူ့ဘဝရဲ့ အရေးပါဆုံး လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ အဲဒီလူကတော့ အဆင့်မြင့် နယ်ပယ်တစ်ခုကနေ ဒဏ်ရာ အပြင်းအထန် ရလာတဲ့ သူဆရာပဲ . . . ဒီလူကြောင့်ပဲ ဂုဒယ်လုံဟာ ကျင့်ကြံမှုတွေကို စပြီး လုပ်လာခဲ့တယ်။ ကျင့်ကြံမှုမှာ ပါရမီ ထူးချွန်လာအောင် အပတ်တကုတ် ကြိုးစားတော့တာပေါ့ . . . အဲဒီလိုနဲ့ သူ့ဆရာ နေပြန်ကောင်း လာတဲ့အခါ ဂုဒယ်လုံကိုပါ သူ့ဂိုဏ်းမှာ ကျင့်ကြံမှုတွေ လုပ်ဖို့ ခေါ်သွားချင်နေတယ်လေ . . .”
“အဲဒီအချိန်တုန်းက ဟန်လေးဟာ ငါ့ရဲ့ ခြေထောက်ကို ဖက်ပြီးတော့ ငါမသွားဖို့ တောင်းပန်ခဲ့ တယ် . . .”
ဂုဂျင်လုံ၏ အသံသည် အလွန်ကို စို့နင့် ကြေကွဲနေဟန်ပါပင်။ ရုတ်တရက် စိတ်လွင့်သွားသဖြင့် ဇာတ်ကြောင်းကို ပြောပြရာတွင် ဂုဒယ်လုံ၏ ခြေထောက်ကို ဖက်ပြီး တောင်းပန်တယ် ဟု ဆိုရမည့် နေရာတွင် ငါ့ခြေထောက်ကို ဟူ၍ပင် စကားမှားသွားခဲ့လေ၏။
သူပြောခဲ့သည့် စကားကိုလည်း သူကိုယ်တိုင် သတိထားမိလိုက်သည့် ပုံမပေါ်ချေ။ ဆက်လက်၍သာ –
“ငါကတော့ အောင်မြင်မှုတွေ များကြီး ရဖို့အတွက် ကျင့်ကြံမှုမှာပဲ အာရုံစိုက်ချင်ခဲ့တယ်၊ အဲဒါကြောင့် ဟန်လေးရဲ့ ဝမ်းနည်းမှုတွေကို လျစ်လျူရှုရင်း အိမ်ကနေ ထွက်ခွာလာခဲ့တယ်။ ငါထွက်လာတဲ့ အချိန်မှာ ဟန်လေးဟာ သဲသဲမဲမဲကို ငိုနေတာပေါ့ . . . နောက်ဆုံး တားမရတော့တဲ့ အဆုံးမှာ သူက ‘ကျွန်မ ရှင့်ကို အမြဲတမ်း စောင့်နေမယ်၊ ရှင်ပြန်လာမယ်လို့ ကတိသာ ပေးပါ’ တဲ့ . . .”
“ဒီလိုနဲ့ ငါချင်းယန် နယ်ပယ်ကို ရောက်တဲ့အခါ ကျင့်ကြံမှုတွေကို အားစိုက်ခဲ့တယ်။ ငါ့လိုမျိုး ပညာရူးတစ်ယောက်အတွက် ချင်းယန် နယ်ပယ်ဆိုတာ နတ်ဘုံနတ်နန်း တစ်ခုလိုပဲ။ ဒီလိုနဲ့ အချိန်နာရီတွေကို ငါ မေ့လျော့ ခဲ့မိတာပေါ့ . . . ဒါပေမဲ့ ငါ့မွေးရပ်မြေကို ပြန်မယ်ဆိုပြီး ငါပြန်သတိရမိတဲ့ အချိန်မှာ နှစ်ပေါင်း ၅၀ တောင် ကြာသွားခဲ့ပြီလေ . . .”
ရဲရှောင် သက်ပြင်းချလိုက်သည်။
ရဲရှောင်သည် ဂုဂျင်လုံအား အလွန်မုန်းတီး နေသော်လည်း ယခု ဇာတ်ကြောင်းအား နားထောင်ရင်း ဂုဂျင်လုံအစား သက်ပြင်း ချမိခဲ့လေ၏။
ထို့အပြင် နှစ်ပေါင်း ၅၀ တိုင်တိုင် စောင့်နေခဲ့သော . . .
ကျန်ရစ်ခဲ့သူ မိန်းကလေးအတွက် . . .
လူတစ်ဦးကို နှစ် ၅၀ ကြာအောင် စောင့်နေခဲ့ရှာသည့် မိန်းကလေးတစ်ဦး . . .
သူမသည် လက်ထပ်ပြီး သိပ်မကြာခင်မှာပင် တစ်ခုလပ်ဘဝကဲ့သို့ ရောက်ရှိသွားရင်း အချိန်များ ကုန်ဆုံးစေရင်း စောင့်နေခဲ့သူ . . .
ဆယ်စု နှစ်ပေါင်း များစွာကို ဖြတ်သန်းခဲ့သူ . . .
သာမန်လူတစ်ဦး အနေဖြင့် ထိုကဲ့သို့ လုပ်ရန်မှာ မလွယ်ကူလှချေ။
မော်တယ်ကမ္ဘာမှ မိန်းကလေး . . .
အချစ်ကြီးလှသော မိန်းကလေး၏ သူမ၏ ယောကျာ်းအပေါ် ဂုဏ်သိက္ခာရှိရှိ စောင့်ဆိုင်းနေမှု . . .
“အဲဒါကြောင့် ငါလည်း ဒီကို ပြန်လာခဲ့တယ် . . .”
ဂုဂျင်လုံ ပြောလိုက်သည်။ ဆက်လက်၍ –
“ဒါပေမဲ့ ငါသူ့ကို တွေ့လိုက်ရတဲ့ အချိန်မှာ သူဟာ ငါ့ကို စောင့်နေတုန်းပါပဲ။ သူ ကတိပေးထား ခဲ့သလိုပဲပေါ့ . . . ဒါပေမဲ့လည်း အဲဒီအချိန် ငါက လူငယ်တစ်ယောက် ပုံစံပဲ ရှိသေးပေမဲ့ ငါလွမ်းဆွတ် တမ်းတနေတဲ့ မိန်းကလေးကတော့ ဆံပင်တွေ ဖြစ်နေတဲ့ အဖွားကြီး တစ်ယောက်အဖြစ် ငါ့ရှေ့မှာ ရှိနေခဲ့တယ်လေ . . .”
“ငါဟာ ဝမ်းနည်းမှုနဲ့အတူ နာကျင်မှုကိုပါ ခံစားခဲ့ရတယ် . . .”
ဂုဂျင်လုံသည် ထိုအကြောင်းကို ပြောနေချိန်တွင် အလွန် နာကျင်ဝမ်းနည်း နေဟန်ပါပင်။ သို့သော် ထိုဝမ်းနည်းမှုနှင့်အတူ ရက်စက်မှုကိုပါ ဂုဂျင်လုံ၏ မျက်နှာတွင် ရဲရှောင် ဖမ်းမိခဲ့သည်။
“နှစ် ၅၀ လောက် ခင်ဗျားကို စောင့်နေခဲ့ပြီး နောက်ဆုံးတော့ သူ့ယောကျာ်းဖြစ်တဲ့ ခင်ဗျားကို တွေ့လိုက်ရပြီပေါ့ . . .”
ရဲရှောင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ ဆက်လက်၍လည်း –
“နောက်ဆုံးတော့ သူ့ရဲ့ စောင့်ဆိုင်းမှုဟာ အလကား မဖြစ်တော့ဘူး . . .”
“ဟုတ်တယ် . . . သူ င့ါကို ပြန်ရခဲ့တယ်လေ . . .”
ဂုဂျင်လုံသည် ပြောနေရင်းဖြင့် အံတစ်ချက် ကြိတ်လိုက်ပြန်သည်။
“ဒါပေမဲ့ . . . သူက အဲဒီအချိန်မှာ အရမ်း အသက်ကြီးပြီးတော့ ရုပ်လည်း ဆိုးနေပြီကွ . . .”
ရဲရှောင်လည်း ဂုဂျင်လုံးအား လှမ်းကြည့်လိုက်မိသည်။
သူကြားခဲ့ရသည့် စကားကိုပင် သူမယုံနိုင်သလို ဖြစ်သွားမိလေ၏။
(မယုံနိုင်စရာပဲ . . . တဘဝလုံး ကတိအတိုင်း စောင့်နေခဲ့ရတဲ့ မိန်းကလေးကိုများ မင်းက အသက်ကြီးပြီး ရုပ်ဆိုးတယ်လို့ ပြောရက်တယ်ပေါ့ . . .
အသက်ကြီးတာ၊ ရုပ်ဆိုးတာက ဘာကြောင့်လဲ . . . မင်းကြောင့်ပဲ မဟုတ်လား . . .)
“ငါအဲဒီ အဖွားကြီးကို တွေ့တုန်းက သူ့ကို ‘ဟန်လေး’ လို့ ခေါ်ချင်ခဲ့တယ်။ ဒါပေမဲ့ မခေါ်နိုင်ခဲ့ဘူး”
ဂုဂျင်လုံသည် မျက်လုံးများကို မှိတ်လိုက်လေ၏။ ဆက်လက်၍ –
“နောက်ပြီး သူက ငါ့ကို မြင်တဲ့အခါ သူလည်း စိတ်လှုပ်ရှားနေတဲ့ ပုံပဲ။ အဲဒီအချိန် ငိုပါလေရော . . . သူငိုတဲ့ အသံက တော်တော်ကို နားဝင်ဆိုးတယ်ကွာ . . . ငါချစ်ရတဲ့ ဟန်လေး ရဲ့ အသံမျိုး မဟုတ်တော့ဘူး . . .”
ရဲရှောင်လည်း ထိုစကားကို ကြားသောအခါ တကယ်ပင် ဝမ်းနည်းသွားမိလေသည်။
(နှစ်ပေါင်း ၅၀ လောက် စောင့်ပြီး သူ့ယောကျာ်း ပြန်လာခဲ့တာကို သူတွေ့လိုက် ရတာလေ . . . သူ့ရဲ့ အလှတွေ၊ သူ့ရဲ့ ငယ်ရွယ်ပျိုမြစ်မှုတွေ အကုန်လုံး ဆုံးရှုံးခံခဲ့တယ်။ ဒီကိစ္စဟာ မိန်းမတစ်ယောက် အတွက်တော့ တကယ်ကို ဆိုးရွားတဲ့ ကိစ္စ တစ်ခုပဲ။ ဒါပေမဲ့ အဆိုးရွားဆုံးကတော့ သူစောင့်နေတဲ့ လူဟာ စောက်သုံးမကျ စောက်ရေးမပါတဲ့ ချီးထုပ် ဖြစ်နေတာပဲ . . .)
“နောက်တော့ ဘယ်လို ဆက်ဖြစ်လဲ . . .”
ဂုဂျင်လုံမှ တိတ်ဆိတ်သွားသဖြင့် ရဲရှောင် မေးမြန်းလိုက်သည်။
“နောက်တော့ . . .”
ဂုဂျင်လုံ မျက်နှာ မဲ့လိုက်သည်။ သူသည် စိတ်ရိုင်းဝင်သွားသော တိရစ္ဆာန် တစ်ကောင် ပုံစံ ကဲ့သို့ ဖြစ်နေလေ၏။
ရဲရှောင်မှာမူ ဂုဂျင်လုံအား ကြည့်ရင်း ကြောင်ငေး နေမိ၏။ ဂုဂျင်လုံနှုတ်မှ ကြောက်မက်ဖွယ်ရာ စကားလုံး တစ်ခုခု ထွက်လာမည်ဟုလည်း သူခံစားနေရသည်။ ထိုကဲ့သို့သော ခံစားမှုမျိုးကြောင့် ရဲရှောင် မွန်းကြပ်လာမိလေ၏။
(ဒီလူက မိစ္ဆာတစ်ကောင်လို ယုတ်မာခဲ့တာလား . . .)
“နောက်တော့ . . . ငါသူ့ကို သတ်လိုက်တယ်လေ . . .”
ဂုဂျင်လုံ မျက်နှာတစ်ချက်မဲ့ရင်း ပြောလိုက်၏။ သူ၏ ပုံစံမှာ နာကျင်မှုများစွာ ခံစားနေရသည့် ပုံလည်း ပေါက်နေပါသေးသည်။
“ခင်ဗျား သူ့ကို သတ်လိုက်တယ် ဟုတ်လား . . .”
ရဲရှောင် အလန့်တကြားပင် အော်ဟစ်မေးမြန်းလိုက်မိ၏။
(သူမကို သတ်တာ သူကိုယ်တိုင်လား . . .)
ရဲရှောင် တုန်လှုပ် အံ့သြသွားမိပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset