Switch Mode

Chapter – 36

Chapter – 36

လှောင်ပြောင်ခြင်းဟူသော စကားလုံးသည် နွားဝါ၏ အပြုံးမျက်နှာပေါ်တွင် အပြည့်ရေးထားသည်။ သူဓာတ်ပုံတင်ခြင်းကြောင့် ရရှိသော ရယ်ရသည့်မှတ်ချက်အချို့နှင့်ပတ်သတ်၍ ဂုဏ်ယူဝင့်ကြွားလျက်ရှိသည်။ လွယ်လွယ်ဖြင့် လူအများစည်ကားကာ အံ့သြသည်ကို တွေ့ရသဖြင့် နွားဝါသည် အတိုင်းမသိ ဂုဏ်ယူနေသည်။
အခြားတစ်ဖက်ရှိ ကျိုးကွမ်သည် နွားဝါကြောင့် အရှက်ကွဲရခြင်းမှ ပြန်လည်မကောင်းလာသေးချေ။
“လူတွေက ဘယ်တော့မှ သိမှာမဟုတ်ဘူး၊ ဖုန်းမျက်နှာပြင်နောက် ပုန်းနေတာက လူလား၊ နွားလား၊ အခြားကမ္ဘာက အကောင်လားဆိုတာ သိကြမှာမဟုတ်ဘူး”
ဒါသည် ကျိုးကွမ်ကိုယ်တိုင် သူ၏အရှက်ရစရာ ဓာတ်ပုံများအောက်မှတ်ချက်နေရာတွင် ချန်ခဲ့သော နောက်ဆုံးစကားများဖြစ်သည်။ စကားတစ်လုံးချင်းစီတွင် နာကျည်းမှုနှင့် မကျေနပ်မှုတို့ ပါဝင်သည်။ အားလုံးစုပေါင်း၍ သူ၏ဝမ်းနည်းမှုဇာတ်လမ်းပုံပြင်ကို ဖော်ပြလျက်ရှိသည်။
“မြင်ရစိတ်မကောင်းလိုက်တာ”
တစ်စုံတစ်ယောက်က သူ၏မှတ်ချက်ကို ခုလို ပြန်ဖြေလိုက်ကာ ကျိုးကွမ် ငိုမတတ်ဖြစ်သွားသည်။ နောက်ဆုံးတော့ နားလည်ပေးသူရှိသောကြောင့် ပျော်၍ငိုမတတ်ဖြစ်သွားသည်။
သို့သော် သူသည် ဤမှတ်ချက်ရေးသူအမည်ကို သတိထားမိလိုက်သည်၊ နာမည်မှာ “နွားဝါလူကြီးမင်း”
“ချီး”
ကျိုးကွမ်သည် ဆက်လက်မသည်းခံနိုင်တော့ပါ။ စိတ်တိုလွန်း၍ မသိစိတ်ဖြင့် ပါးစပ်မှ မီးတောက်များထွက်လာသည်။ သူ့အတွက် နွားတစ်ကောင်ထံမှ အဆုံးမရှိ လှောင်ပြောင်မှုများကို မခံရပ်နိုင် ဖြစ်နေသည်။
ကျိုးကွမ်သည် ဒေါသဖြင့် တောက်လောင်လျက်ရှိသည်။
ထိုမှတ်ချက်မှာ နွားဝါရေးသည်ဖြစ်၍ မကြာခင် ထိုမှတ်ချက်သည် အလိုအလျောက် နာမည်ကြီးသွားသည်။ လူများစွာက ထိုမှတ်ချက်အောက်တွင် မှတ်ချက်များထပ်ပေးကြကာ ကျိုးကွမ်နှင့် နွားဝါကြား အပြန်အလှန်လှောင်ပြောင်မှုမှာ ထိပ်ဆုံးမှတ်ချက်ဖြစ်သွားသည်။
“ရှက်ဖို့ကောင်းလိုက်တာ၊ အတော် ရှက်ဖို့ကောင်းတာပဲ” ကျိုးကွမ်သည် ခေါင်းလှည့်သွားကာ ဒေါသဖြင့် အော်ဟစ်နေသည်။
ချူဖုန်း လန့်သွားသည်။ “မင်းပါးစပ်က ထွက်လာတဲ့ မီးတောက်က ပိုအားပြင်းလာသလိုပဲ၊ မင်းအစွမ်းအား မသိမသာတိုးတက်လာတယ်လို့ ခံစားရလား” ချူဖုန်းမေးလိုက်သည်။
သူ့တို့ပတ်ဝန်းကျင်ရှိ နေရာမှာ အရည်ပျော်ကာ ချော်ရည်ပင်လယ်ဖြစ်သွားပြီဖြစ်သည်။ ချော်ရည်များ ပွက်ပွက်ဆူကာ ဆာလာဖာတုံးအရည်ပျော်သကဲ့သို့ အနံ့ပြင်းထွက်လာသည်။
ကျိုးကွမ်သည် တောင်နက်ပိုင်းတွင် လက်တစ်ဖက်တည်းဖြင့် ချော်ရည်ကန် ပြုလုပ်လိုက်သည်ဖြစ်သည်။
နွားဝါလည်း ချူဖုန်းပြောသည်ကို သဘောတူ၍ ခေါင်းငြိမ့်ပြသည်။
ဒါ ဘယ်လိုလုပ်ဖြစ်သွားတာလဲ။ ချူဖုန်း အံ့သြနေသည်။ ကျိုးကွမ်ပါးစပ်မှ ထွက်သော မီးတောက်သည် သူစိတ်တိုဒေါသထွက်ပြီးနောက် သိသိသာသာတိုးတက်လာပုံရသည်။
နွားဝါသည် မြေကြီးပေါ်တွင် ရေးလိုက်သည်။ နွားနတ်ဆိုးမျိုးရိုး၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ကျိုးကွမ်၏ တကယ့်အတွင်းအားသည် သူဒေါသထွက်သည့်အဆင့်အပေါ် မူတည်ကြောင်း ပြောသည်။ သူ ပို၍စိတ်ဆွခံရလေ စိတ်ဆိုးလေလေ သူ့အစွမ်းသည်လည်း ပိုထွက်လာသည်။
“ဒါကို တည်မြဲပြီး ပိုအင်အားကြီးလာအောင် လုပ်လို့ရလား” ချူဖုန်း မေးလိုက်သည်။
“ရတယ်၊ ဒါပေမဲ့ စိတ်ကို ထပ်ဆွဖို့ လိုတယ်” နွားဝါ ပြန်ဖြေလေသည်။
စိတ်ထပ်ဆွရမယ်ဟုတ်လား။ ချူဖုန်းးက ဒါပြီးရင် ကျိုးကွမ် လုံးဝရူးသွားမည်ကို စိုးရိမ်သည်။
နွားဝါသည် ဘာကိုမျှဂရုစိုက်ပုံမပေါ်ချေ။ အစကတည်းက နွားပေါက် ဂရုစိုက်သည့်အရာ မရှိခဲ့ချေ။ သူသည် သူနှင့် ဒေါသထွက်နေသည့် ကျိုးကွမ်အနားကပ်ကာ သူ့ဘေးတွင် ခြေချိတ်ထိုင်ပြီး ရယ်ရွှင်ဖွယ်ကောင်းသော ပုံစံဖြင့် သူ့ပုံစံအတိုင်း အတုခိုးနေသည်။ နွားဝါ၏ ပေါ်တင်ယုတ်တိမရှိလုပ်ရပ်ကြောင့် ကျိုးကွမ် ဒေါသမီးတောက်လောင်ကာ သူ့လည်ပင်းမှ သွေးကြောပြာများကို အရေပြားပေါ်တွင် မြင်နေရသည်။
ထို့နောက် နွားဝါသည် ကျိုးကွမ်ကို လက်ဖြင့်ပုတ်လိုက်ကာ သူ့ဓာတ်ပုံများ၏ ကြည့်ရှုသူအရေအတွက်ကို ကြည့်ရန် အချက်ပေးလိုက်သည်။
“၈သန်း” ကျိုးကွမ် ကျယ်လောင်စွာ အော်ရွတ်လိုက်သည်။ “နောက်နေတာလား၊ ထိပ်ဆုံးအကြောင်းအရာဖြစ်တာ မိနစ်ပိုင်းပဲ ရှိသေးတာကို ၁၀သန်းပြည့်တော့မယ်ဟုတ်လား”
ဒါသည် အကျိုးသက်ရောက်မှုရှိသော လှုံ့ဆော်ခြင်းဖြစ်ကြောင်း သက်သေပြသည်။ အခုအချိန်တွင် သူ့ပါးစပ်သာလျှင် မီးတောက်များ၏ ထွက်ပေါက်ဖြစ်သည်။ သူ့မျက်လုံး၊နားရွက်နှင့် နှာခေါင်းပေါက်များတွင်လည်း မီးတောက်များ ဖွဲ့စည်းနေပုံကို တွေ့ရသည်။
“အား…”
ကျိုးကွမ် အော်ဟစ်ကာ သူ့စိတ်ထဲရှိ ဒေါသမီးများကို ထုတ်လွှတ်လေသည်။
အချိန်ခဏကြာသော် ဤဒေါသအိုးပေါက်ကွဲ၍ အော်ဟစ်သံမှာ ငြိမ်သက်စပြုလာသည်။ တောင်တန်းကြီးမှာ ကြည့်မြင်မကောင်းသည့် အသွင်ပြောင်းလဲမှု ကြုံတွေ့လိုက်ရသည်။ တစ်ချိန်က စိမ်းစိုအုပ်မှိုင်းလျက်ရှိသော တောအုပ်ကြီးမှာ ယခုဆိုလျှင် စိုက်ပျိုးရေးမဖြစ်ထွန်းသော မြေရိုင်းဖြစ်သွားပြီဖြစ်သည်။ ကျောက်တုံးကျောက်ဆောင်များမှာလည်း ချော်ရည်များဖြစ်ကာ အမဲရောင်ချော်ရည်ကျောက်တုံးများအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြသည်။
ချူဖုန်းသည် ကျိုးကွမ်အနားလာကာ ပုခုံးပုတ်ပြီး အခုသွားချိန်တန်ပြီ ဖြစ်ကြောင်း ပြောလေသည်။
“မင်းလုပ်တာကောင်းနေပြီ၊ ဆက်ကြိုးစားထား” ချူဖုန်းက ကျိုးကွမ်၏အတွင်းအားမှာ သိသိသာသာ တိုးတက်လာကြောင်း ပြောသည်။
နွားဝါသည် သူ့တို့ဆီ အေးဆေးလမ်းလျှောက်လာကာ ပြုံးပြလေသည်။ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်မှုမရှိပဲ ပြုံးပြခြင်းမှာ ရှားပါးသည်။
ရှေးဟောင်းတောင်တန်းများမှ ထွက်လာပြီးနောက် မကြာခဏကြားရသည့် တောရိုင်းကောင်များ၏ သည်းထိပ်ရင်ဖိုဖွယ်အော်သံများလည်း တဖြည်းဖြည်းမှေးမှိန်သွားသည်။ ကောင်းကင်တွင် ဧရာမငှက်များပျံဝဲခြင်းလည်း မတွေ့ရတော့ချေ၊ တောအုပ်အတွင်းရှိ လေထုမှာလည်း မြူခိုးငွေ့များပျောက်ကွယ်ကာ ရှင်းလင်းလာသည်။
ကမ္ဘာကြီးမှာ ရုတ်တရက် ပြန်လည် တိတ်ဆိတ်သွားပုံရသည်။
သူတို့ ၃ယောက်၏အိမ်ပြန်ခရီးမှာ ရုတ်တရက် ရပ်တန့်သွားသည်၊ နွားဝါသည် အဝေးရှိ အသံတစ်ခုကို နား‌ထောင်ကာ တောအုပ်ဘက်သို့ စိုက်ကြည့်လိုက်သည်။
“ရပ်”
ချူဖုန်း၏ ပင်ကိုအသိစိတ်မှာလည်း လေထုထဲရှိ အခြေအနေပြောင်းလဲချက်ကို သတိထားမိလေသည်။ သူ့မျက်နှာအမူအရာပြောင်းသွားကာ ကျိုးကွမ်ကို အကျီကော်လံမှ ဆွဲလိုက်ပြီး သူ့အနားခေါ်လိုက်သည်။ သူတို့အားလုံး ကျောက်ဆောင်ကြီးတစ်ဆောင်နောက်တွင် ပုန်းလိုက်ကြသည်။
“ဘာဖြစ်လို့လဲ” ကျိုးကွမ်သည် အတွေးကမ္ဘာရောက်နေပြီး ကျန်တဲ့၂ယောက်ဘေးတွင် ဦးတည်ရာမဲ့ လျှောက်နေခဲ့သည်။ ချူဖုန်း၏ ရုတ်တရက်ဆွဲရမ်းမှုကြောင့် လန့်သွားကာ ဘာဖြစ်သွားမှန်းမသိ ဖြစ်နသည်။
“အရှေ့မှာ အန္တရာယ်ရှိတယ်၊ မင်း ဒီမှာ ပုန်းနေဖို့ လိုတယ်” ချူဖုန်းပုန်းခိုင်းသည်။ အရှေ့ရှိ တောအုပ်ကြီးသို့ စိုက်ကြည့်ကာ သူ့မျက်လုံးများမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ကျိုးကွမ်သည် အန္တရာယ်ရှိသည်ကို စတင်သဘောပေါက်လာသည်။ ချူဖုန်းမျက်နှာအမူအရာသည် လေးနက်သဖြင့် ရန်သူမှာ ကြောက်မက်ဖွယ်ကောင်းမည်ဖြစ်ကြောင်း သိရ၍ တုန်လှုပ်သွားသည်။
“ငါ မင်းနဲ့လိုက်ပြီး ကူညီမယ်” သူသည် ကြောက်ရွံ့သော်လည်း ပုန်းနေပြီး သူ့သူငယ်ချင်းများ သွားတိုက်ခိုက်ကာ အသေခံမည်ကို မကြည့်လိုပါ။
“မဖြစ်ဘူး၊ မင်းရှိရင် ငါအာရုံလွင့်လိမ့်မယ်၊ ဒီမှာပဲ နေခဲ့၊ မလှုပ်နဲ့” ချူဖုန်းပြောလေသည်။
သူ့အသံမပျောက်သွားခင် ချူဖုန်းသည် လေထဲသို့ ပျောက်သွားနှင့်ပြီဖြစ်သည်။ သူ၏သဘာဝလွန်အရှိန်ကြောင့် အလွန်မြန်ဆန်စွာ သွားနိုင်ပြီး မီတာရာကျော်ကို စက္ကန့်ပိုင်းအတွင်း ရောက်သွားသည်။
နွားဝါ၏ အဖော်ပြုမှုမပါပဲ စစ်မြေပြင်သို့ တစ်ယောက်တည်း သွားသည်။
သူ့မျက်လုံးထဲတွင် အေးစက်မှုပေါ်ပေါက်လာသည်။ သူ့အရှိန်ဖြင့် တိုးတိုးတိတ်တိတ်ဖြင့် တောအုပ်ရှိ စိုစွတ်သော မြေကြီးပေါ်တွင် လျှောက်လှမ်းနေသည်။ ကျားသစ်တစ်ကောင်ကဲ့သို့ တောထဲတွင် ပုန်းကာ သူ၏ရန်သူပုန်းနေနနိုင်သည့် နေရာအားလုံးကို သေချာစစ်ဆေးလျက်ရှိသည်။
ထို့နောက် သူသည် တောအုပ်အပြည့် နေရာယူထားသည့် လူအုပ်ကြီးကို သတိထားမိလိုက်သည်။ ထိုလူများသည် သူ့အိမ်ပြန်ခရီးလမ်းတစ်လျှောက် ဝန်းရံထားသည်။ သူ့ကို ဝိုင်းရံရန်အတွက် နေရာကောင်းအားလုံးတွင် နေရာယူထားပြီးဖြစ်သည်။
ထိုလူများသည် သေနတ်များဖြင့် တပ်ဆင်ထားကြသည်။ ထိုသေနတ်များ၏ အမဲရောင်ကျည်ဆန်မှာ ညှာတာမှုမရှိကာ အေးစက်လျက်ရှိသည်။ ထိုကျည်ဆန်များက လက်ချောင်းဖြင့် နှိပ်လိုက်ရုံဖြင့် သူ့အသက်ကို နုတ်နိုင်သည့် လက်နက်များဖြစ်သည်။
“သူတို့ ရောက်လာပြီ”
ချူဖုန်း၏သွေးများ အေးစက်လာသည်။ ဤအခြေအနေမျိုး ထင်မှတ်ထားသော်လည်း လုပ်ကြံသမားများက တံခါးပေါ်တွင် အမှုမဲ့အမှတ်မဲ့ ချန်ထားခဲ့သော စာတို၏ လမ်းညွှန်ချက်အတိုင်း လိုက်လာကြသည်ကို အံ့သြဆဲဖြစ်သည်။ သူ့ကို ဝိုင်းရံရန်အတွက် ခုလို လူအင်အားများများသုံးကာ စောင့်ဆိုင်းနေကြသည်။
အနည်းဆုံး၁၀ယောက်ရှိသည့် လူအုပ်စုဖြစ်သည်။ အားလုံးမှာ လက်နက်အကောင်းစားများဖြင့် တပ်ဆင်ထားကြသည်။ သေနတ်အားလုံးမှာ အဆင့်မြင့်သေနတ်အမျိုးအစားဖြစ်သည်။ လူတစ်ယောက်၏ လက်နှင့် ခြေထောက်ကို တစ်ချက်တည်းဖြင့် အလွယ်တကူ ပစ်ခတ်ထိခိုက်နိုင်စေသည်။
နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကျေးဇူးကြောင့် ချူဖုန်း၏ အန္တရာယ်ကို ကြိုသိနိုင်သည့် ပင်ကိုအသိစိတ်မှာ ပို၍ စူးရှလာသည်။ သူသည် လေထုထဲတွင် ပြည့်နှက်နေသည့် လူသတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိသည်။ အကယ်၍ ဤကြိုတင်ကြံစည်ထားမှုအတွင်းသို့ မသိပဲ တိုးဝင်လိုက်လျှင် သေချာပေါက် သူ၏အဆုံးသတ်ဖြစ်မည်ဖြစ်သည်။
ထိုအချိန်တွင် လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်ခြင်းဖြင့် ရရှိသောအကောင်းဆုံးအရာမှာ အဆက်အပြတ်တိုးတက်လာသည့် သူ၏စူးရှသော ပင်ကိုအသိစိတ်ဖြစ်ကြောင်း သူခံစားရသည်။ ဒါက သူ့ကို အန္တရာယ်ကြိုမြင်စေပြီး သင့်တော်သည့် ဆုံးဖြတ်ချက်များကို လုပ်နိုင်စေသည်။
ထိုလက်နက်ကိုင်လူများသည်လည်း သာမန်မဟုတ်ချေ။ မြက်ပင်များကြားတွင် ပုန်းကာ ကျောက်ရုပ်ကဲ့သို့ မလှုပ်မယက်နေနေကြသည်။ သူတို့၏ ကျောက်ရုပ်ခန္ဓာကိုယ်မှာ ရွှံ့ဖြင့်လုပ်ထားသကဲ့သို့၊ သစ်သားဖြင့် ထုထွင်းထားသကဲ့သို့ ရှိပြီး မျက်လုံးများမှာလည်း အေးစက်နေသည်။ သေချာသည်မှာ ဒါသည် ရက်စက်ကြမ်းကြုတ်ပြီး သေချာလေ့ကျင့်ထားကြသည့် လူသတ်သမားအုပ်စု ဖြစ်သည်။
“အမြောက်သေနတ်ကြီး? မင်းတို့က ငါ့ကို တော်တော်အထင်ကြီးတာပဲနော်”
သူသည် အမြောက်သေနတ်ပေါ်တွင် လင်းလက်သွားသည် သတ္တုအစကို တွေ့သွားသည်။ အကယ်၍ ဒါဖြင့် အပစ်ခံရလျှင် အဆုံးသတ်သွာမည်ဖြစ်ကြောင်း သူသိသည်။
ရန်သူများအနောက်ရှိ အမှောင်ထုထဲတွင် ဆက်လက်ပုန်းအောင်းနေသည်။ သူသည် ရန်သူ၏ အခြေအနေကို သေချာ ရှင်းရှင်းလင်းလင်းမြင်ရရန် ထိုနေရာတွင် သေချာလေ့လာနေသည်။
ခေတ်မီသေနတ်များတပ်ဆင်ထားသည့် အဖွဲ့တစ်ဖွဲ့ရှိသည်။ ထိုအုပ်စုတွင် လူစုစုပေါင်း ၄၂ယောက်ရှိသည်။ အဆင့်မြင့်ရိုင်ဖယ်သေနတ်များသာမက အမြောက်သေနတ်များစွာလည်း သယ်ဆောင်လာသည်။ ထိုကျည်တောင့်များသည် စစ်တပ်သုံးတင့်ကားများကိုတောင် ထိုးဖောက်နိုင်ချေရှိသည်။
ဤကဲ့သို့သော သေနတ်များက သာမန်လူသားမပြောနှင့်၊ ဆင့်ကဲပြောင်းလဲပြီးသူကိုတောင် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်နိုင်သည်။
“သူတို့မှာ ရှိတာအကုန်သုံးတာ ဖြစ်ရမယ်” ချူဖုန်း သက်ပြင်းချလေသည်။
ထိုအုပ်စုထဲတွင် ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်ရှိသည်ကိုလည်း သတိထားမိသည်။ ထို၂ယောက်လုံး၏လက်မောင်းတွင် ရွှေမှုန်များကပ်နေသည်။ ၂ယောက်လုံးမှာ တူညီသည့် အသွင်အပြင်ရှိသည်ဖြစ်၍ ဆင်တူသည့်အစွမ်းအားနှင့် အရည်အချင်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။
ထိုလုပ်ကြံသူအုပ်စုအကြောင်း သေချာသိရှိပြီးနောက် ချူဖုန်း၏စိတ်ထဲတွင် လူသတ်လိုစိတ် ဖြစ်ပွားလာသည်။ ဒါသည် သူဖုန်းပြောခဲ့သော ဟိုအမျိုးသမီး၏လက်ချက်ဖြစ်ရမည်ဟု သူသေချာသည်။ သူမ၏ရည်ရွယ်ချက်မှာ ထင်ရှားသည်၊ သူသေသည်ကို လိုချင်ခြင်းဖြစ်သည်။
တစ်ခေါက်ပြီးတစ်ခေါက် တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ကြံမှုများနှင့် အရှက်ခွဲမှုတို့က သူ့အား သွေးအေးသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားစေသည်။
“သူတို့လာတဲ့အခါ ခင်ဗျားရဲ့ ရွံမုန်းစရာ လက်အောက်ငယ်သားတွေကို တစ်ယောက်ချင်းစီ ဂရုစိုက်ပေးမယ်၊ ခင်ဗျား ငါ့ကို ကြောက်လန့်ပြီး ငါ့ရှေ့ ဒူးထောက်စေရမယ်” ချူဖုန်း ရေရွတ်လိုက်သည်။
ထို့နောက် သူ၏ ပြန်လည်တိုက်ခိုက်မှု စစ်ဆင်ရေးအတွက် ထွက်ခွာလေသည်။
သူသည် တောင်တစ်လျှောက် တစ်ပတ်ပတ်ကာ ရန်သူချုံခိုရာအနောက်ဘက်သို့ ရောက်လာသည်။ ကျွမ်းကျင်သော လုပ်ကြံသမားတစ်ယောက်အနေဖြင့် သူ၏ လက်သီးကို စနိုက်ပါသမား၂‌ယောက်၏ လည်ပင်းအား ထိုး၍ သတိမေ့သွားအောင် လုပ်ရန်သာ လိုအပ်သည်။
ချူဖုန်းသည် တောအုပ်ထဲသို့ တိုးတိုးတိတ်တိတ် စိုက်ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ သွေးအေးပုံပေါက်သည်။
စက္ကန့်ပိုင်းအတွင်း သူသည် ရန်သူ၂၁ယောက်အား ချောမွေ့စွာဖြင့် ရှင်းလင်းလိုက်သည်။ ဖြစ်စဥ်တစ်ခုလုံးမှာ အသံတိတ်ကာ မသိကြချေ။
သို့သော် ရန်သူ၂၂ယောက်မြောက်ဆီ သွားသည့်အခိုက်တွင် အားလုံးက ရုတ်တရက် ဘယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူအံ့သြသွားသည်မှာ ထိုရန်သူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရန် စက္ကန့်ပိုင်းအလိုတွင် နောက်လှည့်ကြည့်လေသည်။ ထိုလူသည် အလွန်သတိရှိကာ သူ့သူငယ်အိမ်များက ရွှေရောင်အလင်းဖြင့် တောက်ပလျက်ရှိသည်။
ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်သည်။
အဆင့်မြင့်သေနတ်များဖြင့် တပ်ဆင်ထားသော ဤလက်နက်ကိုင်စစ်သားသည် ရုပ်ဖျက်ထားသော ဆင့်ကဲပြောင်းလဲပြီးသူ ဖြစ်နေသည်။ သူသည် နောက်ဆုံးအခိုက်အတန့်တွင် အန္တရာယ်ကို ကြိုမြင်လိုက်သည်။
“မင်း…” ထိုလူသည် ချူဖုန်း၏ အသံတိတ် သူ့အနားရောက်လာနိုင်သည့် အရည်အချင်းကြောင့် လန့်သွားသည်။
ဘွန်း!
ချူဖုန်းသည် သူ့လက်သီး၂ဖက်လုံးဖြင့် ထိုးလိုက်သည်။ သူ့ကို ရှင်းလင်းရန် အလျင်လို၍ ဖြစ်သည်။
ထိုအချိန်တွင် ထိုဆင့်ကဲပြောင်းလဲပြီးသူ၏ မျက်လုံးထဲရှိ ရွှေရောင်အလင်းတန်းမှာ သူ့ခန္ဓာကိုယ်အနှံ့ ချက်ချင်း ပျံ့နှံ့သွားသည်။ ရွှေရောင်အကြေးခွံအလွှာသည် သူ့ခန္ဓာကိုယ်နှင့် မျက်နှာကို ဖုံးကာလိုက်သည်။ ထိုအကြေးခွံများမှာ ပိုက်ဆန်လယ်ခင်းထဲရှိ ရိုးတံရှည်များကဲ့သို့ ထူထပ်များပြားစွာ ရှိသည်။
သူသည် လုံးဝ ဧရာမမိစ္ဆာကောင်ကြီးဖြစ်သည်။
သူ၏တုန့်ပြန်နိုင်စွမ်းမှာ ချူဖုန်းလုပ်ရပ်၏ အရှိန်ဖြင့် ညီမျှသည်။ သူ၏ လည်ပင်းသို့ ကျရောက်မည့် ချူဖုန်း၏ သေစေနိုင်သည့် ထိုးချက်နှင့် သူ့ဗိုက်ကို ထိုးမိတော့မည့် အမဲရောင်ဓားမြောင်ကိုပါ ရှောင်လိုက်နိုင်သည်။ သို့သော် အချိန်က သူ့ကို ချူဖုန်း၏ ဘယ်ဘက်လက်သီးအား ရှောင်ရန် ခွင့်မပြုချေ။ သူ့ရင်ဘတ်ကို ထိုးမိသွားသည့် သေစေနိုင်သော ထိုးချက်ပင် ဖြစ်သည်။
အသံကျယ်ဖြင့် ဆင့်ကဲပြောင်းလဲပြီးသူသည် လေထဲသို့ လွင့်ထွက်သွားသည်၊ သို့သော် သူ့ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်လာသည့် အကြေးခွံများက သူ့အား ချူဖုန်း၏သေစေသည့် ထိုးချက်မှ ချက်ချင်းမသေသွားအောင် ကာကွယ်ပေးလိုက်သည်။
“ပစ်မှတ်ရောက်လာပြီ” သူ့အော်ဟစ်သံမှာ တောအုပ်တစ်ခုလုံးကို နိုးကြားသွားစေသည်။
ထိုးစစ်သည် အကောင်းဆုံးခုခံခြင်းဖြစ်သည်။ ဒါသည် ချူဖုန်း ပြုလုပ်လိုက်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။ လျင်မြန်စွာဖြင့် ချူဖုန်းသည် သားကောင်ကို လိုက်ဖမ်းသည့် ငှက်ကဲ့သို့ ဆင့်ကဲပြောင်းလဲပြီးသူနောက် လိုက်လေသည်။
ရုတ်တရက် တောထဲတွင် သေနတ်သံများဖြင့် ဆူညံသွားသည်။ ချူဖုန်းရှိရာဘက်သို့ တစ်ညီတစ်ညာပစ်ကြသည်။ ကျည်ဆံများကြောင့် သူ့‌အနားရှိ မြက်ပင်နှင့် သစ်ပင်တို့ ပျက်စီးကုန်သည်။
တစ်ချိန်တည်းမှာပင် ချူဖုန်းသည်လည်း သူ့ပစ်မှတ်ကို ဖမ်းမိသွားသည်။
ကျယ်လောင်သော အသံဖြင့် သူ၏လက်သီးသည် ပစ်မှတ်ပေါ်သို့ တိကျစွာနှင့် အားအပြင်းဆုံးဖြင့် ကျရောက်သွားသည်။ သူ့လက်သီးအနီးနားရှိ လေထုသည် မိုးကြိုးသံများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် ပေါက်ကွဲသွားသည်။
ဘွန်း!
ဆင့်ကဲပြောင်းလဲပြီးသူသည် မြေကြီးပေါ် မကျရောက်မီ ချူဖုန်း၏ အားပြင်းသောလက်သီးသည် ဆင့်ကဲပြောင်းလဲပြီးသူ၏ ကျောပေါ်ရှိ မာတင်းသော အကြေးခွံပေါ်သို့ ထိုးလိုက်ပြီဖြစ်သည်၊ ထိုအကြေးခွံများမှာ မာကျောတောင့်တင်းကာ သံချပ်ကာကဲ့သို့ ရှိသော်လည်း ချူဖုန်းအားအပြည့်ဖြင့် လွှဲလိုက်သည့် ထိုးချက်ကို မခုခံနိုင်ချေ။
ဆင့်ကဲပြောင်းလဲပြီးသူ၏ အရိုးများ အပိုင်းပိုင်းကျိုးသွား၍ အော်လိုက်သည်။ သို့သော် သူ၏ခုခံနိုင်စွမ်းမှာ အခြားဆင့်ကဲပြောင်းလဲပြီးသူများထက် ပို၍သန်စွမ်းသည်။ ချူဖုန်း၏ သေစေနိုင်သည့် ထိုးချက်များက သူ့ကို တန်းပြီး မသန်စွမ်းမဖြစ်သွားချေ။ ဆင့်ကဲပြောင်းလဲပြီးသူသည် မြေကြီးပေါ်လဲပြီးနောက် လိမ့်သွားသည်၊ ထို့နောက် ခြေတစ်ပေါင်ကျိုးခုန်ကာ ထ၍ ပြေးရန် ကြိုးစားလေသည်။
ထိုအချိန်တွင် ချူဖုန်း၏ အမဲရောင်ဓားမြောင်သည်လည်း လေထဲတွင် မိုးကြိုးနက်ကဲ့သို့ ဖြတ်သန်းသွားသည်။ ဆင့်ကဲပြောင်းလဲပြီးသူသည် ဓားမြောင်ပျံကို အလျင်အမြန် ရှောင်လိုက်နိုင်သော်လည်း ဓားမြောင်၏ အစွန်းဖြင့် ထိသွားသည်။
သူသည် ဓားမြောင်ကို အရေးကြီးအစိတ်အပိုင်းသို့ ထိုးမိခြင်းမှ ကာကွယ်နိုင်သော်လည်း သူ့လက်မောင်းမှာ သွေးထွက်ဆဲဖြစ်သည်။ ဓားမြောင်၏ ဓားသွားမှာ အလွန်ချွန်ထက်သည်ဖြစ်သောကြောင့် သူ့လက်မောင်းတစ်ခုလုံးသည် ခန္ဓာကိုယ်မှ လုံးလုံးပြုတ်ထွက်မတတ်ဖြစ်သွားသည်။ လက်မောင်းမှာ သူ့ပုခုံးတွင် ကြွက်သားမျှင်အနည်းငယ်ဖြင့်သာ တွဲလောင်းဖြစ်နေကာ ပြုတ်ကျခြင်းမှ ကာကွယ်ထားသည်။
ဒါသည် ဆင့်ကဲပြောင်းလဲပြီးသူအတွက် အပြင်းစားဒဏ်ရာဖြစ်သည်။ နာကျင်လွန်း၍ အော်မြည်လျက်ရှိသည်။ သူ့မျက်နှာအမူအရာမှာ အလွန်အမင်းစိတ်တိုသော ပုံစံပြောင်းသွားသည်။ နာကျင်မှုမှာ သူ၏ရွှေရောင်အကြေးခွံများအား အရောင်မှိန်သွားစေသည်။
ဖုန်း!
ချူဖုန်းသည် အချိန်မဖြုန်းပါ။ ခြေထောက်တွင် အားကုန်လွှဲကာ ချူဖုန်းသည် ထိုလူ၏ ခေါင်းကို ကန်လိုက်သည်။ ချူဖုန်း၏ ပြင်းထန်သောအတွင်းအားဖြင့် ဆင့်ကဲပြောင်းလဲပြီးသူကို လွင့်ထွက်သွားစေသည်။ ထို့နောက် ကျောက်ဆောင်ကြီးကို တိုက်မိကာ အသက်ပျောက်သွားသည်။
ချူဖုန်းသည် သူရပ်နေသောနေရာမှ စက္ကန့်ပိုင်းအတွင်း ပျောက်သွားသည်။
ကျည်ဆန်များသည် မိုးရွာချသကဲ့သို့ ပစ်ခတ်ကြသည်။ ချူဖုန်းရပ်နေသည့်နေရာရှိ ကျောက်တုံးနှင့် သစ်ပင်များကို တိုက်ခိုက်သည်။
ကျောက်တုံး၏ မျက်နှာပြင်ပေါ်သို့ ကျည်ဆန်များ ပြင်းထန်စွာ ကျရောက်ကာ မီး‌တောက်များ ထွက်ပေါ်လာသည်။ အချို့မှာ အားပြင်းသည့် မီးလုံးများကြောင့် တစ်စစီ ကွဲထွက်သွားသည်။ သစ်ပင်မြင့်ကြီးများမှာ ပြိုလဲကာ သစ်ရွက်များကြွေကြလာသည်။
တစ်ယောက်သည်လည်း အမြောက်သေနတ်ကို သုံးကာ ဤနေရာကို ဖျက်ဆီးနေသည်။
ချူဖုန်းသည် အိပ်ချင်မူးတူးဖြစ်နေသော ‌တောဗိုဆောရပ်စ်ဒိုင်နိုဆောကဲ့သို့ လမ်းကြောင်းများကို ဖြတ်သွားပြီး မြင်ကွင်းမှ ဝင်လိုက်ထွက်လိုက်ဖြင့် တောအုပ်အနှံ့ ပြေးလွှားလျက်ရှိသည်။ လျင်မြန်ဖျတ်လတ်စွာပြေးရင်း ကျည်ဆန်များကိုလည်း ဘယ်ညာရှောင်လွှားသည်။ ထိုဖြစ်စဥ်အတွင်း သူသည် နောက်ထပ်ရန်သူ၃ယောက်ကို အလဲထိုးနိုင်ခဲ့သည်။
“သူ ဟိုမှာ၊ ပစ်” တစ်ယောက် အော်လိုက်သည်။
ဘွန်း!
ရုတ်တရက် တောအုပ်ကြီးမှာ ငရဲမီးလောင်နေသကဲ့သို့ မှောင်မိုက်သော မြင်ကွင်းဖြစ်သွားသည်။ လုပ်ကြံသမားအဖွဲ့သည် ချူဖုန်းအား သူတို့၏ ပြင်းထန်သောသေနတ်အင်အားဖြင့် ဖိနှိပ်ရန် ကြိုးစားသည်။ သစ်ပင်နှင့် မြက်ပင်တို့မှာ မီးတောက်ကြောင့် ပြာကျသွားကာ တစ်ချိန်က စိုပြေခဲ့သော တောအုပ်ကြီးသည် လောင်ကျွမ်းသော မြေရိုင်းလွင်ပြင်အဖြစ် ပြောင်းသွားပြီဖြစ်သည်။
အမြောက်သေနတ်များမှာ အလွန်အားပြင်းသည်။
အဝေးရှိ ကျိုးကွမ်တောင် အံ့သြသွားသည်။ သူသည် ချူဖုန်းနှင့် သူ၏ရန်သူကြား လက်နက်အင်အားမမျှတမှုကြောင့် လုံးဝကြောက်လန့်သွားသည်။ တစ်စက္ကန့်အတွင်း အမြောက်ပေါင်းရာကျော်နှင့် ကျည်ဆန်ပေါင်းထောင်ကျော်များ ပစ်ခတ်ပြီး ထိုအရာအားလုံးသည် ချွန်ထက်သည့်ဓားမြောင်တစ်ခုတည်းသာ ကိုင်ဆောင်ထားသည့် လူတစ်ယောက်ကိုသာ ပစ်ခတ်ကြသည်။
ဖုန်း!
တိုက်ပွဲဖြစ်နေသည့် တောင်ကုန်းထိပ်မှာ ရက်စက်ကြမ်းကြုတ်သော ပစ်ခတ်မှုများကြောင့် လုံးဝပြားသွားသည်။
ကျိုးကွမ်သည် ဒီနေ့အတွက် အတော်များများ တွေ့ကြုံပြီးပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော တောရိုင်းကောင်များကို မျက်နှာချင်းဆိုင်ရင်ဆိုင်ရသည်မှစ၍ ယခုဆိုလျှင် လက်နက်ကိုင်စစ်သားတစ်ဖွဲ့နှင့် ကွန်ဖူးဆရာတစ်ဦးတို့ တိုက်ပွဲဖြစ်နေသည်ကိုပါ မျက်မြင်တွေ့ရကာ ကျိုးကွမ်သည် တုန်လှုပ်ချောက်ချားနေသည်။
“အမြန် ချူဖုန်းကို သွားကူညီရအောင်” ကျိုးကွမ်သည် နွားနတ်ဆိုးကို အော်ပြောလိုက်သည်။
နွားဝါသည် တည်ငြိမ်အေးဆေးစွာဖြင့် အခုသွားရန် အချိန်မတန်သေးကြောင်း ပြောလေသည်။
တောအုပ်ထဲတွင် ဤစစ်ပွဲ၏ ထိခိုက်ဒဏ်ကြောင့် မြေရိုင်းကွက်များ ဖြစ်သွားသည်။ သေစေနိုင်သည့် အမြောက်များအား နေရာအနှံ့ဆက်တိုက်ပစ်ခတ်ခြင်းကြောင့် သစ်ပင်နှင့်ချုံပုတ်များပျက်စီးကုန်ကာ အပင်သေများဖြစ်ကုန်သည်။
သို့သော် သူတို့၏ပစ်မှတ်ကို မသတ်နိုင်သေးချေ။ ကြောက်မက်ဖွယ်အော်ငိုသံများအား တစ်သံပြီးတစ်သံကြားရသည်။ တဖြည်းဖြည်းဖြင့် လုပ်ကြံသမားများ၏ သေနတ်အင်အားမှာ ကျဆင်းသွားပြီးနောက် မကြာခင် အသံအားလုံး တိတ်ဆိတ်သွားသည်။
သေနတ်အဖွဲ့၏လူအားလုံး ကျရှုံးသွားပြီဖြစ်သည်။
“ဘယ်ကိုပြေးချင်နေတာလဲ” ချူဖုန်း အော်လိုက်သည်။ ချူဖုန်းသည် မီတာရာကျော်ကို စက္ကန့်ပိုင်းအတွင်း ရောက်သွားပြီး ထွက်ပြေးရန်ကြိုးစားနေသော ရန်သူ၃ယောက်ကို ဖမ်းမိလိုက်သည်။
ထို၃ယောက်လုံးမှာ ဆင့်ကဲပြောင်းလဲပြီးသူများဖြစ်ပြီး ထို၃ယောက်လုံးတွင် တူညီသောအစွမ်းအား ပိုင်ဆိုင်ပုံရသည်။ သူတို့၏လက်ဖဝါးများသည် ရွှေရောင်မှိန်မှိန်တောက်ပလျက်ရှိသည်။
ရုတ်တရက် ရွှေရောင်ရောင်ခြည်မှာ သူတို့ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားပြီး စက္ကန့်ပိုင်းအတွင်း ၃ယောက်လုံး၏ ခန္ဓာကိုယ်ကို ရွှေရောင်အကြေးခွံများဖြင့် ဖုံးသွားသည်။
အခု ချူဖုန်းသည် သဘောပေါက်သွားသည်၊ ဒီတစ်ခါ သူ့ကို လုပ်ကြံရန်အတွက် ဆင့်ကဲပြောင်းလဲပြီးသူ၄ဦး ရောက်လာသည်၊ ၂ယောက်မှာ သာမန်စစ်သားအယောင်ဆောင်ထားသည်။ ခုနက သူသည် သူတို့ထဲက နောက်၁ယောက်ကို ရှင်းလင်းပြီးဖြစ်သည်။
သူတို့၏ အကြေးခွံမှာ အားအပြင်းဆုံးသော အဆင့်မြင့်ကျည်တောင့်များကို ခံနိုင်ရည်ရှိပြီး လက်နက်အများစုအား ခုခံနိုင်စွမ်းရှိသည်။
သို့သော် ချူဖုန်းနှင့် မျက်နှာချင်းဆိုင်တွေ့သောအခါ သူတို့အားလုံး ကြောက်လန့်ကြသည်။ သူတို့‌တောင် အမြောက်နှင့် ကျည်ဆန်များ၏ ရက်စက်ကြမ်းကြုတ်သော ပေါက်ကွဲခြင်းကို မခံနိုင်သော်လည်း ချူဖုန်းသည် ထိုပစ်ခတ်မှုများကြား ရှင်သန်နိုင်၍ အံ့သြနေကြသည်။
ချူဖုန်း၏ အဝတ်မှာ စုတ်ပြဲကုန်သော်လည်း သူ့ခန္ဓာကိုယ်မှာ ပကတိအကောင်းတိုင်း ရှိဆဲဖြစ်သည်။
ဖုန်း!
ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်သည် ရန်သူကို အလစ်တိုက်ရန် ရုတ်တရက် သေနတ်ပစ်လိုက်သည်။ စိတ်မကောင်းစွာဖြင့် ကျည်ဆန်များသည် လျင်မြန်ဖျတ်လတ်သော ချူဖုန်း၏ အရိပ်ဖြင့်သာ ဆုံတွေ့လေသည်။ နောက်တစ်စက္ကန့်တွင် ချူဖုန်းသည် အံ့အားသင့်နေသည့် ဆင့်ကဲပြောင်းလဲပြီးသူနောက်တွင် ရုတ်တရက်ပေါ်လာကာ သူ့ဦးခေါင်းခွံကို လက်သီးဖြင့် ထိုးလိုက်သည်။ ဆင့်ကဲပြောင်းလဲပြီးသူသည် ထိုးချက်ကြောင့် သတိလစ်သွားလေသည်။ ထိုအကြေးခွံများမှာ ခုခံရန်အတွက် အကျိုးသက်ရောက်မှုရှိသောအလွှာအဖြစ် ဆောင်ရွက်ပေးသော်လည်း သူတို့လက်ခံရရှိသည့် ထိုးချက်၏အစွမ်းအားကို မတောင့်ခံနိုင်ချေ။ ဒဏ်ရာရသွားသူမှာ မမူးမေ့ခင် ပါးစပ်အပြည့်သွေးများ အန်ထုတ်လေသည်။
ဒါသည် ကျန်သည့် ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်အား စိတ်ပျက်အားငယ်သွားစေသည်။ သူတို့သည် ဆင့်ကဲပြောင်းလဲပြီးသူများထဲတွင် အင်အားကြီးသူများအဖြစ် သတ်မှတ်ခြင်းခံရသော်လည်း သူတို့ပူးပေါင်း၍ ဤလူငယ်ကို တိုက်ခိုက်ရာတွင် ထိုလူငယ်၏ ထိုးချက်တစ်ချက်ကိုတောင် မတောင်ခံနိုင်ကြချေ။
တကယ်တမ်း ချူဖုန်းလည်း ထိတ်လန့်သွားသည်။ သူသည် အစွမ်းကုန်ထိုးလိုက်သော်လည်း သူတို့ကို မေ့မျောစေရုံသာ ဖြစ်သွားသည်။ အကယ်၍ တူညီစွာအားပြင်းသော ထိုးချက်ကို အနည်းငယ်အားပျော့သည် ဆင့်ကဲပြောင်းလဲပြီးသူထံ ထိုးလိုက်လျှင် သူ့လက်သီးမှာ ရန်သူ၏ ဦးခေါင်းခွံကို ထိုးဖောက်သွားမည်ဖြစ်သည်။
“ချီတက်ကြမယ်”
ကျန်ရှိသည့်၂ယောက်သည် အစွမ်းကုန်တိုက်ခိုက်လေသည်။
တောအုပ်ထဲတွင် လေပြင်းတိုက်ခိုက်ကာ ရွှေရောင်အကြေးခွံရှိသည့် ဆင့်ကဲပြောင်းလဲပြီးသူ၂ယောက်သည် ချူဖုန်းနှင့် သေရေးရှင်ရေးရုန်းကန်တိုက်ခိုက်နေသည်။
ကံမကောင်းစွာဖြင့် အဆုံးတွင် ရုန်းကန်ခြင်းသည် အလဟဿဖြစ်သွားကြောင်း ပြသည်။ ထို၂ယောက်လုံးကို ချူဖုန်းသည် အလွယ်တကူ အနိုင်ပိုင်းလိုက်နိုင်သည်။ မြေကြီးပေါ်တွင် ကူရာမဲ့ရုန်းကန်နေပြီး မကြာမီ မေ့မျောသွဦးလေသည်။
ပြီးနောက် ကျိုးကွမ်သည် ချူဖုန်းရှိရာသို့ ရောက်လာသည်။ ညှိုးနွမ်းသွားသည့် တောအုပ်နှင့် မြေကြီးပေါ်တွင် အသက်မဲ့လဲလျောင်းနေသော ဒဏ်ရာအပြင်းအထန်ရထားသည့် ခန္ဓာကိုယ်တို့ကို ကြည့်ရင်း ကျိုးကွမ်၏မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖပ်သွားသည်။ “မင်း သူတို့အားလုံးကို သတ်လိုက်တာလား” သူမေးလိုက်သည်။
“ငါဘယ်လိုလုပ် အဲ့လောက် ရက်စက်မှာလဲ၊ ငါ သူတို့ကို မသတ်ပါဘူး” သူတို့ကို မသတ်မည့်ပုံဖြင့် ပြောလိုက်သည်။
ကျိုးကွမ်သည် တော်သေးသည်ဟုဆိုကာ သက်ပြင်းချလိုက်သည်၊ သို့သော် မကြာမီ ပိုခေါင်းကိုက်ရသည့် ပြဿနာကို သိသွားသည်။ ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ ဒီ‌လောက်လူအများကြီးက ချူဖုန်းကို သေစေချင်တာလဲ။ ထို့အပြင် သူတို့က အသက်ရှိနေသေးသည့် ထိုခန္ဓာကိုယ်များကို ဘယ်လို ဖြေရှင်းမလဲ။
ချူဖုန်းပြောလိုက်သော စကားကြောင့် ကျိုးကွမ် ကြောက်လန့်သွားသည်။
“ဒီကိုလာပြီး အဲ့လူတွေကို ဝိုင်းမပြီး ရှေးဟောင်းတောင်ကြားနက်ပိုင်းထဲ ပို့ပေး” ချူဖုန်းသည် နွားဝါနှင့် ကျိုးကွမ်ကို ခေါ်လိုက်သည်။
“သူတို့ အကုန်လုံးကိုလား” ကျိုးကွမ်သည် ဆွံ့အသွားသည်၊ ရယ်ရမလား ငိုရမလား မသိဖြစ်နေသည်။
“ဘာလဲ ငါ့ကို သူတို့နောက်တစ်ကြိမ်လာသတ်ခွင့်ပေးမယ်ထင်နေတာလား” ချူဖုန်းသည် ထိုခန္ဓာကိုယ်များကို ချည်နှောင်ရန်အတွက် နွယ်ပင်များနှင့် ကြိမ်ပင်များကို ရှာပြီးပြီဖြစ်သည်။
တောအုပ်ကြီးမှာ ပြန်လည်ငြိမ်းချမ်းသွားသည်။
သို့သော် ရှေးဟောင်းတောင်နက်ပိုင်းတွင် တောရိုင်းကောင်များနှင့် ငှက်များ၏ အော်ဟိန်းသံတို့ဖြင့် ပဲ့တင်ထပ်ဆဲဖြစ်သည်။
“ဒီပစ္စည်းတွေကိုကော ဘာလုပ်မှာလဲ” ကျိုးကွမ်သည် ကျန်ရှိသည့် အမြောက်သေနတ်များကို လက်ညှိုးထိုးပြလိုက်သည်။
“လောလောဆယ် ဒီမှာ ခဏဖွက်ထားလိုက်၊ နောင်ကျရင် အသုံးဝင်လာလိမ့်မယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။ ကျိုးကွမ်သည် ချူဖုန်း၏မျက်လုံးထဲရှိ လူသတ်လိုစိတ်ကို တွေ့လိုက်သည်။
နောက်ဆုံးတွင် သူတို့၏ အိမ်ပြန်ခရီးကို ဆက်သွားလေသည်။ ကျိုးကွမ်သည် တစ်နေကုန် စွန့်စားထားသောကြောင့် ခေါင်းမူးကာ နေထိုင်မကောင်းဖြစ်၍ သူ့မြို့ကို အရင်ဝင်ရန် ဆုံးဖြတ်လိုက်သည်။
“အိမ်မှာနေပြီး ရက်အနည်းငယ်လောက် ပြန်အားဖြည့်လိုက်၊ ဘယ်မှ လျှောက်မသွားနဲ့၊ အထူးသဖြင့် ငါ့ကို လာမရှာနဲ့” ချူဖုန်းသူ့ကို ပြောလေသည်။
ကျိုးကွမ်သည် ပလုတ်တုတ်ဗုံကဲ့သို့ ခေါင်းငြိမ့်လိုက်သည်။ ဒီနေ့ကြုံတွေ့ရမှုများမှ ပြန်လည်အားဖြည့်အနားယူလိုသည်။
ညဘက်တွင် ချူဖုန်းသည် တိတ်ဆိတ်စွာ စာအုပ်ဖတ်နေသည်။ သူ့ဖုန်းမှာ ၃ ၄ကြိမ်မြည်သော်လည်း လျစ်လျူရှုထားလိုက်သည်။
စာအုပ်ဖတ်ပြီးနောက် မြေပုံတစ်ခုကို ထုတ်ကာ ဖြန့်လိုက်သည်။ ကျွောကျွင်းဆီမှ ကူးယူထားသော မြေပုံမိတ္တူဖြစ်သည်။
ထိုမြေပုံကို သေချာလေ့လာပြီးနောက် နွားဝါကို လှမ်းခေါ်လိုက်သည်၊ “မနက်ဖြန်ကျ ဒီတောင်တွေဆီ သွားရအောင်၊ အဲ့မှာ အသီးရှာပေးမယ်”
သိပ်မကြာခင် ဖုန်းထပ်မြည်လာပြန်သည်။ ဖုန်းခေါ်သူမှာ တစ်ဦးတည်းဖြစ်သည်။ သူမသည် ညအချိန်ရောက်ကတည်းက ခေါ်ဆိုနေခြင်းဖြစ်သည်။
ချူဖုန်းသည် အိပ်ချင်နေပြီဖြစ်သည်။ သူ၏ညတာကို အနှောင့်အယှက်မခံချင်လို၍ ဖုန်းကိုင်လိုက်သည်။
“ချူဖုန်း” အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
“ဟုတ်တယ် ငါပဲ”
ချူဖုန်း၏ ပြန်လည်ဖြေဆိုမှုကို ကြားသည့် အမျိုးသမီးသည် စိတ်ပျက်သွားကာ တစ်ချိန်တည်းမှာပင် ကြောက်စိတ်ဝင်သွားသည်။ သူမ၏ စိတ်ပျက်မှုမှာ ချူဖုန်းသည် အခုထက်ထိ ကောင်းမွန်စွာ အသက်ရှင်နေသေးကြောင်း သိရှိရ၍ ဖြစ်ပြီး သူမကြောက်သွားရခြင်းမှာ သူမစေခိုင်းလိုက်သူများအားလုံးနှင့် အဆက်အသွယ်ပျက်သွား၍ ဖြစ်သည်။
လူသား၄၂ယောက်တင်မက ဆင့်ကဲပြောင်းလဲပြီးသူများပါ ဆုံးရှုံးလိုက်ရခြင်းသည် ကုမ္ပဏီအတွက် ဆုံးရှုံးမှုမသေးချေ။ သူမသည် ထိုကိစ္စအတွက် တာဝန်နှင့် အပြစ်တင်ဝေဖန်ခြင်းကို မခံလိုချေ။
“ဘာဖြစ်လို့လဲ” ချူဖုန်း မေးလိုက်သည်။
“ရှင့်အိမ်ကို တစ်ယောက်ယောက်လာတာ တွေ့သေးလား၊ ဒဏ်ရာရထားတဲ့ ဆင့်ကဲပြောင်းလဲပြီးသူတွေကိုကော လာခေါ်သွားပြီလား” အမျိုးသမီးသည် အတတ်နိုင်ဆုံး စိတ်တည်တည်ငြိမ်ငြိမ်ထားရန် ကြိုးစားသည်။
“အင်း ငါ့ခြံဝင်းရှေ့ကို အပေါ်ကနေ လူတွေအများကြီး သွေးသံရဲရဲနဲ့ .. ”
အပိုင်း ၃၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset