Switch Mode

Chapter – 115

တိုက်တိုက်ဆိုင်ဆိုင်ခင်ဗျားဖြစ်နေတာပဲ

Chapter – 115
“တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားဖြစ်နေတာပဲ”

ရဲရှောင်သည် ရှေးဦးခရမ်းရောင် ချီဓာတ်များကို လည်ပတ်စေ၍ အေးစက်သော ရေခဲချီဓာတ်များ အား စုပ်ထုတ်နေသည်။
သူ၏ သွေးကြောများအတွင်းမှ တဖျစ်ဖျစ် မြည်သံများကိုပင် သူပြန်ကြားနေရလေ၏။
သူ၏ စွမ်းအင်သိုလှောင်ရာအတွင်း အေးစက်သော ရေခဲချီဓာတ်များသည် အံ့သြစရာ နှုန်းဖြင့် စုစည်းလျက် ရှိနေကြသည်။
တချိန်တည်းမှာပင် အဆိုပါ ချီဓာတ်များသည် ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း ယန်စွမ်းအားအဖြစ် ပြောင်းလဲသွားကြလေသည်။ ကံကောင်းသည့်အချက်မှာ ရဲရှောင်၏ စုပ်ယူမှုနှုန်းနှင့် အေးခဲမှု နှုန်းတို့သည် အတူတူပင် ဖြစ်နေသောကြောင့် သူတစ်ကိုယ်လုံး မခဲသွားခြင်း ဖြစ်လေသည်။
ရှေးဦးခရမ်းရောင် ချီဓာတ်များသည် ယန်နှင့်ယန် စွမ်းအားများ အဖြစ် ကူးပြောင်းပေးရာတွင် အလွန်ကို မြန်ဆန်လှ၏။ ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်း သံသရာ စက်ဝန်းကဲ့သို့ အဝန်းအဝိုင်း ဖြစ်ပေါ်နေပြီး များပြား သိပ်သည်းလှသော ရေခဲချီဓာတ်များအား ချေဖျက်ပေးနေလေသည်။ အန္ဓာကိုယ် ဖြစ်စေသည့် အခြေအနေမျိုးမှ လျော့ချပေးပြီး စွမ်းအင်များကို ဖြစ်ပေါ်စေတာ ဖြစ်ပါသည်။
ရဲရှောင်သည် စိတ်နှစ်၍ ကျင့်ကြံမှုများ ပြုလုပ်နေပြီး သတိလက်လွတ် မလုပ်ဝံ့ချေ။
သူ၏ တစ်ကိုယ်လုံးတွင် ရေခဲအငွေ့အသက်များဖြင့် အေးစက်နေပြီ ဖြစ်၏။
နွေရာသီ ဖြစ်သည့်တိုင်း အေးစက်မှုကို ခံစားနေရလေသည်။
အလွန်ကို ကြောက်စရာ ကောင်းသည့် ခံစားမှုမျိုးပါပင်။
သူသည် ဟင်းလင်းပြင် ကိုးခုအတွင်း အေးစက်သော ရေခဲချီဓာတ်များအား အားသွန်ခွန်စိုက် ပြောင်းလဲမှုများ ပြုလုပ်နေသည့် အချိန်တွင် အချို့သော ရေခဲချီဓာတ်များသည့် စွမ်းအင်လှိုင်းများအဖြစ် အပြင်ဘက်သို့ လျှံကျလာလေသည်။
အေးစက်မှုများကတော့ လျော့ကျသွားခြင်း မရှိသေးချေ။
ရဲရှောင်သည် တစ်နေကုန် ထိုင်၍ စွမ်းအင်များအား ချေဖျက်နေလေ၏။
သူမတ်တတ်ရပ်လိုက်သည့်အခါ နာကျင်သလို ခံစားလိုက်ရပြီး အရိုးများမှ အသံများပင် မြည်နေလေ၏။
ဝိညာဉ်တော် ကျောက်ပြားလေး တစ်ချပ်မှ ယခုလောက်ထိ ဆိုးကျိုးများ ဖြစ်ပေါ်စေသဖြင့် ရဲရှောင်သည် အလွန် အံ့သြနေလျက် ရှိကာ သူ၏ အားသွန်ခွန်စိုက် ကြိုးပမ်းမှုကြောင့် ဟင်းလင်းပြင် ကိုးခုလုံးအတွင်းရှိ ရေခဲချီဓာတ်များသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။ မရဏကျောက်တုံးသည်လည်း ကောင်းကင်ဟင်းလင်းပြင်အတွင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။
ဟင်းလင်းပြင် ကိုးခုလုံး ပုံမှန် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတော့သည်။
အခက်အခဲများကြားတွင် အကျိုးအမြတ် ရရှိတတ်သည့် ထုံးစံအတိုင်း ရဲရှောင်သည် ယခု အဖြစ်အပျက်များ အပြီးတွင် သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်များ သိသိသာသာ တိုးတက်လာကြောင်း ခံစားသိရှိလိုက်လေ၏။
ပို၍ သေချာစေရန်အတွက် ဟင်းလင်းပြင်ကြီးများ အတွင်းသို့ ဝင်ရောက် စစ်ဆေးကြည့်လိုက် ပြန်သည်။ ဟင်းလင်းပြင် ကိုးခုလုံးတွင် အေးခဲမှု ရှိမနေတော့ဘဲ အနည်းငယ် ပျက်ဆီးမှုများ ဖြစ်သွားသည်ဟုသာ ဆိုနိုင်ပေသည်။ ဥပမာအားဖြင့် သစ်သားဟင်းလင်းပြင် အတွင်းရှိ အပင်အချို့၏ အရွက်များ အေးခဲခဲ့ပြီး ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းမျိုးပင် ဖြစ်သည်။ အလုံးစုံ ပြန်လည် ကောင်းမွန် လာစေရန်အတွက် အချိန်အတော်ကြာ လိုအပ်မည်ဖြစ်ပြီး သို့သော်လည်း ယခုလောက် ဖြစ်သည်ကိုပင် သူကျေးဇူးတင်နေမိလေသည်။ သူထင်ထားသလောက် မပြင်းထန်ခဲ့ပါချေ။
အကယ်၍ သူသာ အနည်းငယ် နောက်ကျသွားခဲ့မည် ဆိုပါက အဆိုပါ ဆေးဖက်ဝင် အပင်များ အားလုံး သေဆုံးသွားကြမည်မှာ အသေအချာပင်။ ယခုအနေအထားတွင် ရှင်သန်ကြီးထွားမှုနှုန်း အနည်းငယ် နှောင့်နှေးရုံလောက်သာ ဖြစ်သွားသည့်အတွက် စိတ်သက်သာရာ ရသွားမိပါတော့သည်။
မရဏကျောက်တုံးမှ ထွက်သော ရေခဲချီဓာတ်များ၏ ဒုက္ခပေးမှုကြောင့်သာ ဖြစ်ပေသည်။
ထို့အပြင် သူလွှင့်ပစ်လိုက်သည့် ဝိညာဉ်တော် ကျောက်ပြားလေး တစ်ချပ်ကြောင့်လည်း ယခုလို ဒုက္ခများစွာ ရောက်ခဲ့ခြင်းပင် ဖြစ်သည်။
ရဲရှောင် မရဏကျောက်တုံးအား ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေမိလေ၏။
(ကြည့်ရသလောက် ဒီလို စွမ်းအင်ပါတဲ့ ကျောက်ပြားတွေကို ဟင်းလင်းပြင် ကိုးခုထဲ ထည့်လို့ အဆင်မပြေဘူးထင်တယ် . . .)
သူမရဏကျောက်တုံးအား ထိတွေ့ရန် ကြိုးစားလိုက်သောအခါ ထူးဆန်းစွာပင် ထိ၍ ကိုင်၍ ရနေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုမရဏကျောက်တုံးမှာ မထိရ မကိုင်ရဟု တားမြစ်ထားသော ပစ္စည်းလည်း မဟုတ်ပါချေ။
(ဟာ . . .)
ရဲရှောင် ဟင်းလင်းပြင်အတွင်းမှ အပြင်ဘက်သို့ ဆွဲယူကြည့်လိုက်သည်။
ကျောက်တုံးသည် အပြင်ဘက်သို့ တကယ်ပင် ရောက်ရှိလာလေ၏။
ရဲရှောင်သည် ဟင်းလင်းပြင် ကိုးခုအတွင်းမှ အမှန်တကယ်ပင် ထုတ်နိုင်လိုက်ခြင်း ဖြစ်သည်။
မြေပြင်ပေါ်သို့ ချထားရင်း မရဏကျောက်တုံးအား ငေးစိုက်ကြည့်ရင်း ရဲရှောင် အံ့သြနေမိလေသည်။
ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို သူလုံးဝ စဉ်းစားမိခြင်း မရှိပေ။
ရဲရှောင်သည် ရှေ့ရေးနှင့် ပတ်သက်၍ စဉ်းစား အဖြေရှာကြည့်သည့် အခါတွင်လည်း တိကျ ရေရာသည့် အဖြေမျိုး မရရှိနိုင်သေးဘဲ စဉ်းစားခြင်းကို ရပ်နားလိုက်သည်။ ထို့နောက် ကျောက်တုံးအား ပြန်သိမ်းလိုက်ရင်း ရေခဲများ ဖုံးလွှမ်းနေသည့် ပြွန်တောင်မှ ထွက်ခွာ လာခဲ့လေသည်။ နဂိုကတည်းက တောင်၏ ပုံစံကို ပြောင်းလဲခဲ့ရန် စဉ်းစားခဲ့မိတာဖြစ်ပြီး ထိုအချိန်မှာပင် လျှပ်စီးတစ်ချက် လတ်လိုက်သကဲ့သို့ အလင်းတန်း တစ်ခုသည် ရောက်ရှိလာလေသည်။
ထိုကဲ့သို့သော နှုန်းထားသည် လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အလင်းတန်းမျိုး မဟုတ်ချေ။ မျက်စိတမှိတ် အတွင်းမှာပင် လူတစ်ဦး ရဲရှောင်၏ အရှေ့သို့ ရောက်ရှိလာပါတော့သည်။
ရဲရှောင်သည် ထိုလူကို မြင်သောအခါ အံ့သြတုန်လှုပ်ဟန်ဖြင့် –
“နောင်ကြီးဂုပါလား . . .”
ထိုလူသည် အမှန်တကယ်ကို ဂုဂျင်လုံ ဖြစ်နေခြင်း ဖြစ်ပေသည်။
ဂုဂျင်လုံသည်လည်း အံ့သြဟန်ဖြင့် –
“ဟာ . . . ညီလေးဖန်ပဲ၊ မင်းဒီမှာ ဘာလုပ်နေတာလဲ . . .”
ရဲရှောင်သည် စိတ်ထဲ မကျေမနပ်ဖြင့် ကျိန်ဆဲနေမိပြီး –
(စောက်သူတောင်းစားကောင် . . . ငါဒီမှာ ရောက်နေတာကို သိလို့ မင်းလိုက်တာကိုများ မသိသလို လုပ်နေသေးတယ် . . .)
ဂုဂျင်လုံ ထိုမျှအထိ မြန်ဆန်လွန်းသည့်အတွက် ရဲရှောင်သည် အလွန်အမင်း အံ့သြသွားမိလေသည်။
မရဏကျောက်တုံးအား ခဏမျှ ထုတ်ကြည့်မိရုံဖြင့် စက္ကန့်အနည်းငယ်အတွင်း ဂုဂျင်လုံ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ယခုနေရာနှင့် ဂုဂျင်လုံ နေထိုင်ရာသည် မိုရာနဲ့ချီရှိ ဝေးကွာလေ၏။
ကံကောင်းသည့် အချက်မှာ ရဲရှောင်သည် ကြယ်ဖုံးကွယ်ရေး အစီအရင်ကို လုပ်ထားပြီး ဖြစ်နေကာ ထိုကဲ့သို့သာ မဟုတ်ပါက အလိမ်ပေါ်သွားမည်မှာ သေချာလှပါသည်။
(ငါအခု ပိုပြီး ဂရုစိုက်မှ ရတော့မယ်။ ဒီလိုလူမျိုးနဲ့ တွေ့ရင် သတိထားနေတာ အကောင်းဆုံးပဲ)
“ကျုပ်က ကျုပ်ဆရာအတွက် ဆေးပင်အချို့ လာပို့ပေးတာပါ . . .”
ရဲရှောင် ပြောလိုက်သည်။ ဆက်လက်၍ –
“ကျုပ်ဆရာဆီက ထွက်လာပြီးပြီးချင်းပဲ ခင်ဗျားနဲ့ တွေ့တာပဲလေ။ တော်တော် တိုက်ဆိုင်တယ်ဗျာ၊ ခင်ဗျားနဲ့ကျုပ်ကတော့ ရေစက်ပါပဲ . . .”
ဂုဂျင်လုံသည် အာရုံခံမှု မြင့်မားလှသည့် လူတစ်ဦး ဖြစ်ပေသည်။ သူသည် အတွေ့အကြုံများသော လူတစ်ယောက် ဖြစ်သည့်တိုင် ထူးခြားမှုကို ဘာဆိုတာ သေချာ မသိရှိသေးပေ။
“ညီလေးဖန် . . . မင်းဆရာက ဒီမှာလား . . .”
ရဲရှောင် ခေါင်းညိတ်လိုက်ရင်း လက်ညိုးထိုးပြလိုက်ကာ –
“ဟုတ်တယ်။ ဟိုတောင်ပေါ်မှာပဲ အဲဒီတောင်ကို ပြွန်တောင်လို့ ခေါ်တယ် . . .”
“ပြွန်တောင် ဟုတ်လား . . .”
ဂုဂျင်လုံသည် ရဲရှောင် ညွှန်ပြသည့် နေရာသို့ ကြည့်လိုက်သော်လည်း ဘာမှ မတွေ့ရှိရချေ။
တိမ်များနှင့် မြူခိုး အချို့သာ ရှိနေပါသည်။
ရဲရှောင်မှ ဂုဂျင်လုံ အတွေးကို သဘောပေါက်လိုက် မိသဖြင့် –
“နောင်ကြီးဂု . . . ခင်ဗျားမြင်တာလည်း မမှားပါဘူး။ ဘယ်လို လုပ်ထားလဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး၊ ခရမ်းရောင် ကြာပန်းသခင် လာသွားပြီးကတည်းက တောင်ကြီးလည်း ပျောက်ကွယ်သွားတာပဲ။ ဒါပေမဲ့ ကျုပ်ကတော့ ဝင်နိုင်ထွက်နိုင်တယ်။ ဒီနေရာမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ အတွက်ကြောင့် မျက်စိမှိတ်သွားရင်တောင် လမ်းမှားမှာ မဟုတ်ဘူး . . .”
“ငါသိပါပြီ . . .”
ဂုဂျင်လုံသည် တိမ်များကို ငေးကြည့်ရင်း ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ –
(ငါဟာ ချင်းယန်နယ်ပယ်က ထိပ်သီးတွေထက် အများကြီး အားနည်း နေသေးတာပဲ။ ခရမ်းရောင် လသခင်က သေပဲ သေခါနီးနေပြီ သူလုပ်ခဲ့တဲ့ အစီအရင်က ငါ့ကိုတောင် အရူးဖြစ်စေတယ်။ တကယ် အံ့သြစရာ ကောင်းလိုက်တာ . . . အထင်လည်း ကြီးစရာပဲ။
ရှောင်ဧကရာဇ်နဲ့ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့တဲ့ လူလို့ မပြောရဘူး တော်တော်တော့ အစွမ်းထက်ပုံရ တယ်။ ဒါပေမဲ့ မကြာခင် သေရတော့မှာပါ ဟမ့် . . .)
ထိုကဲ့သို့ စဉ်းစားနေရင်းမှ ဖန်ဇီလင်၏ အသံကို ကြားလိုက်ရပြန်သည်။
“လာပါ နောင်ကြီးဂု၊ ကျုပ်နဲ့ လိုက်ခဲ့၊ ကျုပ်ဆရာဆီ ခင်ဗျားကို ခေါ်သွားပေးမယ် . . .”
ဂုဂျင်လုံမှာ နဂိုကတည်းက ရဲရှောင်၏ ဆရာအား သိချင်လွန်းလှသဖြင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း –
“ငါလည်း အဲဒါ မေးမလို့၊ ဆေးပညာရပ်ရဲ့ ဆရာသခင်အဆင့် ရှိတဲ့ လူတစ်ယောက်ကို တွေ့ချင်မိပါရဲ့ . . .”
ပြောနေရင်းဖြင့် ခြေလှမ်းလှမ်းလာသည်။
“နောင်ကြီးဂု ခင်ဗျား ကျုပ်နောက်က ထပ်ချပ်မကွာ လိုက်ခဲ့နော်၊ ဘာအမှားမှ မလုပ်မိစေနဲ့ . . .”
ရဲရှောင် ရှေ့မှ လျှောက်သွားရင်း ပြောလိုက်လေ၏။
ရဲရှောင်သည် တကယ်ကိုပင် ကျွမ်းကျင် သွက်လက်သည့် ဟန်ဖြင့် သွားနေသည်။ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည့်အခိုက် မြူခိုးများအတွင်း ဝင်ရောက် ပျောက်ကွယ် သွားပါတော့သည်။
ခြေလှမ်း ၂၀ လောက်ဖြင့် ရှေ့မှ ဦးဆောင်၍ သွားနေသော ဖန်ဇီလင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေသည်။
ဂုဂျင်လုံလည်း အစီအရင်တစ်ခုခုဖြင့် ကာရံထားသည်ကို သိလိုက်ပြီး ရဲရှောင်သွားသလိုပင် လှမ်းရင်း လိုက်လာခဲ့၏။
သူသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပါက ဖန်ဇီလင်ကို တွေ့မြင်ရမည်ဟု စိတ်ထဲ တွေးထင်ခဲ့သော်လည်း တကယ်တမ်းတွင်မူ –
“ဝုန်း . . .”
သူ၏ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားပြီး သူလည်း ခေါင်းထဲ ရီဝေဝေ ဖြစ်လာလေသည်။ သူ၏ စိတ်များ ပြန်လည် စုစည်းမိပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သည့် အခါတွင်မူ သူသည် မူလက ရပ်နေခဲ့သည့် နေရာသို့ ပြန်လည် ရောက်ရှိနေခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုအချိန် ဖန်ဇီလင်၏ အသံကို ကြားလိုက်ရပြန်၏။
“နောင်ကြီးဂု . . . နောင်ကြီးဂု . . . ခင်ဗျား ဘယ်မှာလဲ၊ ဘာလို့ ကျုပ်သွားတဲ့ နောက်က လိုက်မလာရတာလဲ၊ အခု ဘယ်မှာလဲဗျို့ . . .”
ဂုဂျင်လုံ ဆွံ့အသွားမိသည်။
(ငါလည်း မင်းသွားတဲ့ နောက်က လိုက်လာတာပဲ ဒါပေမဲ့ . . .)
ဂုဂျင်လုံသည် သူ့ကိုယ်သူ ခြေလှမ်း မမှားလောက်ဟု ယုံကြည်နေမိသည်။ သို့သော် အစီအရင်မှ သူ့အား အပြင်ဘက်သို့ ရောက်အောင် ပို့လွှတ်လိုက်ခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပဲ ဖန်ဇီလင် ပြန်လည် ထွက်လာခဲ့ပြီး ဂုဂျင်လုံအား ကြည့်ကာ –
“ခင်ဗျား အခုထိ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ . . .”
ဂုဂျင်လုံ မျက်မှောင်ကြုတ်လိုက်ရင်း နာကျင်ဟန်ဖြင့် ပြုံးကာ –
“ဒီအစီအရင်က တော်တော် ထူးဆန်းတာပဲ။ ငါမင်းနောက်က တစ်လှမ်းချင်း လိုက်လာခဲ့တယ်။ ဘာအမှားမှ မလုပ်မိဘူး ဆိုတာလည်း အသေအချာပဲ။ ဒါပေမဲ့ အခုလို လွင့်ထွက်သွားရတယ်လေ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘယ်လိုဖြစ်လို့လဲ၊ ကျုပ်ဆို ထွက်လိုက် ဝင်လိုက် လုပ်နေတာ ဘယ်နခေါက်မှန်းတောင် မသိတော့ဘူး၊ အေးအေးဆေးဆေးပါပဲ။ ဒီလို ဆိုရင်ရော . . . ခင်ဗျား မျက်လုံးတွေ မှိတ်ပြီး ကျုပ်လက်ကို ဆွဲပြီး လိုက်ခဲ့လိုက်။ ခင်ဗျားကို ကျုပ် ဆွဲပြီး ခေါ်သွားပေးမယ် . . .”
ဂုဂျင်လုံ ခေါင်းညိတ်လိုက်ရင်း –
“အကြံကောင်းပဲ . . . ကျေးဇူးတင်ပါတယ် ညီလေးဖန် . . .”
သူလည်း ရဲရှောင်၏ လက်အား ဆွဲထားလိုက်ရင်း မျက်လုံးများ မှိတ်လျက် ရဲရှောင်နောက်သို့ လိုက်လာခဲ့သည်။
ဂုဂျင်လုံသည် ဖန်ဇီလင်အပေါ် အလွန်ယုံကြည် စိတ်ချနေမိနေသဖြင့် ယခုလို စိတ်ချလက်ချ လိုက်လာခဲ့ခြင်း ဖြစ်၏။ သူ့အမြင်တွင် ဖန်ဇီလင် ဆိုသည်မှာ ပုရွတ်ဆိတ်လေး တစ်ကောင်သာသာပင် ဖြစ်၏ ထို့ကြောင့် သူ့ကို ချောင်းမြောင်း တိုက်ခိုက်လာမည်ကို သူထိတ်လန့်ခြင်း မရှိချေ။
ရဲရှောင်သည် ဖန်ဇီလင်၏ လက်အား ကိုင်ထားရင်း ရှေ့မှ သွားနေလေ၏။ အစပိုင်းတွင် အဆင်ပြေသော်လည်း မြူခိုးများအတွင်း လှမ်းဝင်လိုက်သည့် အချိန်တွင် ဂုဂျင်လုံသည် ယခင် ခံစားမှုမျိုး ပြန်လည် ခံစားလိုက်ရပြန်သည်။ သူသည် ရဲရှောင်၏ လက်အား ကိုင်ထားတုန်းပင် ဖြစ်ပြီး ဘာမှ တွေးမနေတော့ဘဲ ရဲရဲဝံ့ဝံ့ လှမ်း၍ ဝင်လိုက်လေ၏။
ထိုအချိန် ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲသွားပြီး ဖန်ဇီလင်၏ အော်ဟစ်သံကိုပါ ကြားလိုက်ရလေ၏။ ထိုအခိုက် သူသည် အစီအရင်၏ တွန်းကန်မှုကို ခံလိုက်ရပြီး ယခု အကြိမ်မှာတော့ ဖန်ဇီလင်ပါ လွင့်ထွက်လာခြင်း ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset