Switch Mode

Chapter – 114

ပြင်ဆင်မှုပြုလုပ်ခြင်း

Chapter – 114
“ပြင်ဆင်မှုပြုလုပ်ခြင်း”

“ဒါက ဘယ်လို တိုးတက်မှုမျိုးလဲ မသိဘူး၊ ငါအဆင့်တက်တာလည်း များပြီ၊ ဒါပေမဲ့ ရှေးဦး ခရမ်းရောင် ချီဓာတ်တွေကတော့ ပြောင်းလဲမှု မရှိသေးပါလား . . .”
ရဲရှောင် နာကျင်ဟန်ဖြင့် ရေရွတ်လိုက်သည်။
“ကြည့်ရတာ ငါအခုရတဲ့ အောင်မြင်မှုဆိုတာ ရှေးဦးခရမ်းရောင် ချီဓာတ် တိုးတက်လောက်အောင် ထိ အဆင့်မမီသေးလို့ ထင်တယ်။ မတန်သေးလို့ပေါ့ . . . ငါ့မှာ ဝမ်းသာရမလား၊ ဝမ်းနည်းရမလားတောင် မသိတော့ပါဘူး၊ ထားလိုက်ပါတော့ ငါဝမ်းသာရမှာပေါ့၊ ပျော်တယ်ကွာ . . .”
ရဲရှောင်လည်း သူ့စိတ်ကိုသူ အားပေးကာ အကောင်းဘက်မှ တွေးလိုက်ပါတော့သည်။
ထို့နောက် သူသည် ဟင်းလင်းပြင်ကြီးများ အတွင်းသို့ ဝင်ရောက်ခဲ့ပြန်သည်။
ကောင်းကင်ဟင်းလင်းပြင် အတွင်းရှိ မရဏ ကျောက်တုံးကို ကြည့်နေရင်း တွေးနေမိပြန်၏။
မရဏကျောက်တုံးမှ ထွက်နေသည့် အေးစက်သော ချီဓာတ်များသည် ကောင်းကင်ဟင်းလင်းပြင် တစ်ခုလုံးအား ပြည့်နေပြီး တခြားသော ဟင်းလင်းပြင်များကိုပါ လွှမ်းမိုးတော့မယောင် ဖြစ်နေသည်။ ထိုအချက်သည် ကောင်းသည့် အချက် မဟုတ်ကြောင်း ရဲရှောင် သိနေလေ၏။ သူ့အနေဖြင့် ထိုချီဓာတ်များကို စုပ်ထုတ်ပစ်ရပေမည်။
မရဏကျောက်တုံးအကြောင်း စဉ်းစားနေရင်းဖြင့် လက်ရှိ အကြပ်အတည်း ၂ ခုအကြောင်းကိုပါ ဆက်စပ် စဉ်းစားမိလိုက်သည်။
အတွင်းပြဿနာမှာ ဖြေရှင်းရလွယ်ကူမည် ဖြစ်ပြီး အေးစက်သော ရေခဲချီဓာတ်များအား သူစုပ်ထုတ်ရမည့် ပြဿနာပင် ဖြစ်သည်။ အရင်ကလည်း ထိုကဲ့သို့ လုပ်ဖူးခဲ့ပြီး ထို့ကြောင့်ပင် ယခုအကြိမ် ပိုမို လွယ်ကူမည်ဟု ယုံကြည်နေမိလေသည်။ သို့သော် အပြင်ပြဿနာကို ဖြေရှင်းရန်မှာမူ နည်းလမ်း မရှိချေ။
ဂုဂျင်လုံသည် သူ့အတွက် အလွန် အစွမ်းထက်လွန်းသော လူတစ်ဦး ဖြစ်လေသည်။ ဂုဂျင်လုံ၏ အစွမ်းကို တွေးမိလိုက်သဖြင့် ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ယခု သူသည် လိမ်လည်၍ လုပ်ဇာတ်ကြီးတစ်ခု ဖန်တီးလိုက်၍သာ အသက်ဘေးမှ လွတ်မြောက် လာခြင်း ဖြစ်လေသည်။ သို့သော် ဂုဂျင်လုံသည် သူ့ကို စောင့်ကြည့်နေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။ ဂုဂျင်လုံသည် မရဏကျောက်တုံးကို ပြန်မရမခြင်း ချင်းယန်နယ်ပယ်သို့ ပြန်မည့်ပုံ မရှိချေ။ သူသည် ရဲရှောင်၏ အနီးတွင် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ဗုံးတစ်လုံးကဲ့သို့ ရှိနေခြင်း ဖြစ်ပြီး ထိုပြဿနာ ပြီးဆုံးရန်မှာ တစ်နည်းသာ ရှိလေသည်။
ဂုဂျင်လုံ သို့မဟုတ် ရဲရှောင် သူတို့ နှစ်ယောက်ထဲမှ တစ်ယောက် သေသွားမှသာ ဇာတ်လမ်း ပြီးဆုံးမည် ဖြစ်သည်။
တစ်ဦးမဟုတ် တစ်ဦးတော့ သေမှ ဖြစ်ပေလိမ့်မည်။
ရဲရှောင်သည် ဂုဂျင်လုံအား အဆိပ်ဖြင့်ဖြစ်စေ၊ ဆေးလုံးဖြင့်ဖြစ်စေ၊ လက်နက်တစ်ခုခုဖြင့် ဖြစ်စေ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ ဂုဂျင်လုံအား သတ်ဖြတ်နိုင်မည့် အရာဆိုသည်မှာ ရဲရှောင်ထံတွင် ရှိမနေသေးချေ။
ရဲရှောင် သက်ပြင်းတစ်ချက် ချလိုက်ရင်း အပြင်သို့ ထွက်လာလေ၏။
ရဲရှောင် ထွက်လာသည်ကို မြင်လိုက်သည့် အိမ်တော်ထိန်းကြီးသည် ရဲရှောင် မျက်နှာ မသာမယာ ဖြစ်နေသည်ကို ကြည့်ရင်း စိုးရိမ်မိနေသည်။
သို့သော် ရဲရှောင်မှ အိမ်တော်ထိန်းကြီးအား အရေးမကြီးဟန်ဖြင့် အကျိုးအကြောင်း ပြောဆိုခဲ့ပြီး အိမ်ထဲမှ ထွက်လာခဲ့လေသည်။
တခဏအကြာတွင် သူသည် မြို့ပြင်ဘက်ရှိ တောထဲသို့ ရောက်လာခဲ့သည်။ သူသည် ယခုအခါ ဖန်ဇီလင် ပုံစံဖြင့် ရှိနေပြီး လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် အပြေးသွားနေခြင်း ဖြစ်သည်။
သူသည် သင့်တော်မည့် နေရာတစ်ခုအား ရှာဖွေနေခြင်းပင် ဖြစ်၏။
တောင်တစ်လုံးကို ရှာဖွေနေသည်ဟု ဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
အကယ်၍ ဂုဂျင်လုံ မေးမြန်းလာပါက ယုတ္တိရှိရှိ ဖြေနိုင်စေရန်ပင် ဖြစ်ပေသည်။
“လုံးဝ ပြီးပြည့်စုံတဲ့ လိမ်လည်မှု ဆိုရင်တောင် ဘယ်လောက်မှ ကြာကြာ လိမ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလုပ်ဇာတ် တစ်ခုလုံးကို အမြဲတမ်း ဖုံးကွယ်ထားနိုင်မှပဲ ရမယ်။ နောက်ပြီး အမှားသေးသေးလေး လုပ်မိရင်တောင်မှ သေလမ်း သွားရမဲ့ကိန်းပဲ . . .”
ရဲရှောင် ရေရွတ်နေမိသည်။
ထို့နောက်တွင်တော့ တောင်တစ်လုံးအား သူတွေ့ရှိလိုက်ရလေသည်။
ပြွန်ကြီးတစ်ခုနှင့်ပင် ဆင်တူနေပြီး တခြားသော တောင်များနှင့် ရောယှက်ခြင်း မရှိဘဲ သီးသန့် ဖြစ်တည်နေခြင်း ဖြစ်လေ၏။ တခြားသော တောင်များမှ အဆိုပါ တောင်အား ဝန်းရံထားသလို ဖြစ်နေပါတော့သည်။
တကယ်လည်း ထိုတောင်၏ အမည်မှာ ပြွန်တောင် ဖြစ်လေ၏။
မြင့်မား မတ်စောက်သည့် တောင်ကြီးတစ်လုံးပင် ဖြစ်သည်။
ရဲရှောင်လည်း တောင်အား ပတ်ပတ်လည်မှ ကြည့်ရှုရင်း ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက် မိသည်။ ထို့နောက် လက်စွပ်အတွင်းမှ ဝိညာဉ်တော်ကျောက်ပြား ၉၉ ပြားအား ထုတ်ယူလိုက်ပြန်၏။ အဆိုပါ ကျောက်ပြားများသည် သူ့ကို ဂုဂျင်လုံမှ သပ်သပ် ပေးခြင်း ဖြစ်သောကြောင့် ပြန်ပေးစရာ မလိုသည့် သူ့အပိုင်များပင် ဖြစ်သည်။
သူသည် တောင်ပတ်ပတ်လည်တွင် ဝိညာဉ်တော် ကျောက်ပြားများအား မရပ်မနား လမ်းလျှောက်ရင်း နေရာချနေပြန်သည်။ တောင်အောက်ခြေမှ တောင်တဝက်လောက်ထိကို တက်၍ ကျောက်ပြားများ ချထားပြီး နောက်ဆုံးတွင်တော့ သူသည် စုစုပေါင်းအားဖြင့် ကျောက်ပြား ၄၀၀ နီးပါး အသုံးပြုခဲ့ရလေသည်။
ယခုအခါ အခြေခံအားဖြင့် တည်ဆောက်ပြီး ဖြစ်သဖြင့် နောက်ထပ် ဝိညာဉ်တော် ကျောက်ပြား ၁၃ ပြားကို ထပ်မံ၍ ထုတ်ယူလိုက်ပြန်သည်။ ထို့နောက် တောင်ထိပ်သို့ ပျံသန်းသွားပြီး ထိုကျောက်ပြား ၁၃ ချပ်အား ၈ ပုံတစ်ပုံ ၅ ပုံတစ်ပုံ နေရာချပြန်လေသည်။ ၈ ပုံဆိုသည်မှာ ကျောက်ပြား ၈ ချပ်အား အဝိုင်းပုံစံစီထားသော အပုံကို ဆိုလိုခြင်းဖြစ်ပြီး ထို ၈ ပြား၏ အလယ်တွင် အဝိုင်းပုံစံ စီထားသော ကျောက်ပြား ၅ ပြားကို ထည့်သွင်း လိုက်ပြန်သည်။ အပေါ်စီးမှ ကြည့်မည် ဆိုပါက စက်ဝိုင်း ၂ ဝိုင်းကို မြင်တွေ့နိုင်မည် ဖြစ်လေသည်။
နောက်ဆုံးတွင် စက်ဝိုင်း ၂ ခု၏ အလယ်ဗဟို၌ ကျောက်ပြား ၁၀ ပြားကို နေရာချလိုက် ပြန်ပါသည်။
ထိုကဲ့သို့ ကျောက်ပြားများအား နေရာချပြီးသည့်အခါ သူ၏ လုပ်ငန်းလည်း ပြီးဆုံး သွားပြီ ဖြစ်ပါတော့သည်။
ထိုအချိန်မှာပင် တိမ်များ မြူခိုးများ ရုတ်တရက် ရစ်သိုင်းလာပြီး တောင်ကြီး တစ်ခုလုံးအား ဖုံးလွှမ်း သွားပါသည်။ မည်သည့် နေရာက ကြည့်ရှုပါစေ တောင်ကြီးအား လုံးဝ မြင်နိုင်မည် မဟုတ်တော့ချေ။
တောင်တစ်ခုလုံးသည် ကိုယ်ပျောက်သလို ပျောက်ကွယ်သွားခြင်း ဖြစ်၏။
ယခုအစီအရင်အား ကြယ်ဖုံးကွယ်ရေး အစီအရင်ဟု ခေါ်ပါသည်။
ရဲရှောင် လုပ်တတ်သမျှထဲမှ အခက်ခဲဆုံး အစီအရင် တစ်ခုဆိုလည်း မမှားချေ။ ယခုအခြေအနေ တွင် ဂုဂျင်လုံနှင့် မယှဉ်နိုင်သေးသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်သည် ဟမုတ်ပါလား။
ထို့နောက် သူစီရင်ထားသည့် အစီအရင်အား စိတ်ချသည်ထိ ကြည့်ပြီးနောက် ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပါသည်။ ထို့နောက် တောင်အောက်ခြေရှိ အစီအရင်၏ အဓိက နေရာကို သွားကာ လူမမြင်စေရန်အတွက် မြေကြီးတူး၍ မြုပ်နှံလိုက်ပါတော့သည်။
နောက်ဆုံးတော့ သူသည် အနည်းငယ် အသက်ရှူချောင်သွားသလို ခံစားလိုက်ရလေသည်။
ယခုကဲ့သို့ အစီအရင် အကာအကွယ် ပြုလုပ်ထားသဖြင့် လိုအပ်ပါက ဂုဂျင်လုံအား အရူးလုပ် နိုင်မည် ဖြစ်ပေသည်။
(ဂုဂျင်လုံရဲ့ ကျောက်ပြားတွေနဲ့ ဂုဂျင်လုံကို ထောင်ချောင်ပြန်ဆင်ရတာ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော် ဆိုတဲ့ စကားအတိုင်းပါပဲလား . . . ထူးဆန်းပါ့ ဟားဟား . . .”
ရဲရှောင် ကျေနပ်ဟန်ဖြင့် ပြုံးရင်း ရေရွတ်လိုက်ပြန်သည်။
အားလုံး ပြုလုပ် ပြီးစီးသွားသည့် အချိန်တွင် သူ့လက်ထဲ ကျောက်ပြားအနည်းငယ် ပိုနေပါသေးသည်။ သူသည် အဆိုပါ ကျောက်ပြားများအား ရေဟင်းလင်းပြင်အတွက် မိုးအတု ဖန်တီးရန် တွေးလိုက်မိသည်။ သို့သော် ဂုဂျင်လုံနှင့် ရင်ဆိုင်ရနေမည်ကို သိသောအအခါ ရဲရောင် နဂိုအကြံအား စွန့်လွှတ်လိုက်ရပါတော့သည်။ ဝိညာဉ်တော် ကျောက်ပြားများအား တခြားသော နေရာတွင် ဖြုန်းတီး၍ မဖြစ်နိုင်သေးဘဲ အစီအရင် ဆက်လက် အလုပ်လုပ်နေစေရန်အတွက် ထပ်မံ အသုံးပြုရမည် မဟုတ်ပါလား။
သူနှင့် ဂုဂျင်လုံတို့ကြားမှ ကိစ္စများ ပြီးပြတ်သွားမှသာ ထိုဟင်းလင်းပြင်များ ပိုမို တိုးတက်အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်၏။ ရဲရှောင်လည်း ချက်ချင်း ဆိုသလို သူ့လက်ထဲရှိ ကျောက်ပြားအား ဟင်းလင်းပြင်များထဲ ပစ်ထည့်လိုက်သည်။
သူထွက်သွားရန် ပြင်နေစဉ်မှာပင် ရုတ်တရက် တုန်လှုပ်သွားမိသည်။
ကောင်းကင်ဟင်းလင်းပြင် အတွင်းရှိ ရေခဲချီဓာတ်များ ရုတ်တရက် ပြည့်လျှံကျလာ မလို ဖြစ်လာခြင်းပင် ဖြစ်၏။
ရဲရှောင် စိတ်ကို ပြန်လည် စုစည်းလိုက်ရင်း ချက်ချင်း ဆိုသလို ဟင်းလင်းပြင်များ ရှိရာသို့ ဝင်လာခဲ့သည်။
ကောင်းကင်ဟင်းလင်းပြင်အား ကြည့်လိုက်သည့်အခါ မူလက ဝိညာဉ်တော်ဟင်လင်းပြင် အတွင်း ရှိနေသော ဝိညာဉ်တော်ကျောက်ပြားသည် ယခုအခါ မရဏကျောက်တုံး၏ မျက်နှာပြင်ပေါ်သို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရလေ၏။
မရဏကျောက်တုံးမှ အေးစက်သော ချီဓာတ်များသည် များပြားစွာ ထွက်ပေါ်လာပြီး ပြည့်လျှံလု နီးပါး ဖြစ်နေကာ သို့သော်လည်း ထိုကဲ့သို့ လျှံကျရန်အတွက် အချိန်အနည်းငယ်တော့ လိုပေဦးမည် ဖြစ်သည်။ ယခုအခါ မရဏကျောက် ကျောက်တုံးသည် အေးစက်သော ရေခဲချီဓာတ်မျာအား အဆက်မပြတ် ထုတ်လွှတ်လျက် ရှိသဖြင့် တခြားသော ဟင်းလင်းပြင် ၈ ခုလုံးပါ တုန်ခါ နေပါတော့သည်။
ထိုကိစ္စများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဝိညာဉ်တော် ကျောက်ပြားလေး တစ်ခုကြောင့်သာ ဖြစ်သည်။ အဆိုပါ ကျောက်ပြားလေးသည်လည်း တခဏချင်းမှာပင် နောက်ကျိကျိ အရောင် ဖြစ်လာလေသည်။ ကျောက်ပြား အတွင်းရှိ စွမ်းအင်များ ကျဆင်းသွားသည့် ပုံပါပင်။
ခဏအကြာတွင် ကျောက်ပြားလေးမှ စွမ်းအားများ စီးကျသလို ဖြစ်လာပြန်သည်။
ထိုအခိုက် ချက်ချင်း ဆိုသလိုပင် ကျောက်ပြား တစ်ခုလုံး အမှုန့်ဖြစ်သွား ပါတော့သည်။
တခဏအကြာတွင် မရဏကျောက်တုံးသည် ချက်ချင်းပင် ကောင်းကင်ဟင်းလင်းပြင်မှ လွင့်ထွက်လာသည်။ လွင့်ပျံလာရာ လမ်းတလျှောက် အေးစက်သော ချီဓာတ်များ ထွက်ပေါ်နေပြီး တချိန်တည်းမှာပင် ဟင်းလင်ပြင် ကိုးခုလုံးသည် တုန်ခါနေပါတော့သည်။
ဟင်းလင်းပြင် အားလုံးတွင် အခိုးအငွေ့များဖြင့် လွှမ်းခြုံသြွးပြီး သစ်သား ဟင်းလင်းပြင် အတွင်းရှိ အပင်များမှာလည်း ယိမ်းထိုးလျက် ရှိနေလေ၏။ အချို့ဆိုလျှင် သစ်ရွက်များပင် ကြွေကျနေချေပြီ။
ရဲရှောင် အတော်လန့်သွားမိသည်။
(ဘယ်လိုဖြစ်တာလဲ . . . ဘာတွေ ဖြစ်နေတာပါလိမ့်။ မရဏကျောက်တုံးက ကောင်းကင် ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်လျှံအောင် လုပ်ပေးနေရာကနေ အခု ဟင်းလင်းပြင် ကိုးခုလုံး ဗြောင်းဆန်ကုန်ပါလား။ ဟင်းလင်းပြင်တွေအားလုံး အခြေအနေ မကောင်းတော့ဘူး . . . )
ရဲရှောင်သည် ရှေးဦး ခရမ်းရောင် ချီဓာတ်များအား လည်ပတ်စေရင်း ချက်ချင်းပင် ထိန်းညှိရန် ကြိုးစားလိုက်သည်။ မရဏကျောက်တုံးအတွင်းမှ အေးစက်သော ချီဓာတ်များအား စုပ်ယူကာ ဟင်းလင်းပြင်များအပေါ် သက်ရောက်နေသည့် ဖိအားများကို လျော့ချစေလိုက်ပါသည်။ သို့သော်လည်း မရဏကျောက်တုံးအနားသို့ ရောက်ရှိသောအခါ ထိုကျောက်တုံးမှ သူ့ကိုပင် စုပ်ယူနေသလို ခံစားမှုမျိုး ခံစားလိုက်ရလေ၏။ ရဲရှောင်၏ ဝိညာဉ်တော် ချီဓာတ်များအား စုပ်ယူနေခြင်း ဖြစ်ပေသည်။
ဝိညာဉ်တော်ကျောက်ပြားလေး တစ်ချပ်ကြောင့် ယခုကဲ့သို့ ဒုက္ခများနေရခြင်း ဖြစ်သည်။
ရဲရှောင် အလွန်အမင်း အံ့သြနေမိ၏။ အကောင်းဆုံး ကြိုးစား၍ နောက်သို့ ပြန်ဆုတ်ခွာနေပြီး မရဏကျောက်တုံးမှ ပေ ၆၀ အကွာလောက်သို့ ဆုတ်ခွာခဲ့ပြီးသည့်အခါ စုပ်ယူမှုအားသည်လည်း လျော့ကျ သွားပါတော့သည်။ ထို့နောက် မရဏကျောက်တုံးမှ သူ့ကို ခနဲ့တဲ့တဲ့ဖြင့် လှောင်ရယ်နေလိမ့်မည်ဟုပင် တွေးမိနေလေ၏။
တစ်စုံတစ်ယောက်မှ သူ့အား “မင်းနုပါသေးတယ်ကွာ” ဟု ပြောနေသကဲ့သို့ ခံစားနေရလေ၏။
ရဲရှောင်သည် ယခုအခါမှသာ လုံခြုံသွားခြင်း ဖြစ်ပြီး ချွေးစေးများလည်း ထွက်လျက် ရှိနေ၏။ ယခုကဲ့သို့ ဟင်းလင်းပြင်များ မတည်ငြိမ် ဖြစ်သွားခဲ့မည်ဟု သူမထင်ထားခဲ့မိချေ။
(ငါက ကျောက်ပြားလေး တစ်ပြားလောက် ပစ်လိုက်တာ အခုလောက်ထိ ဖြစ်သွားရတယ်လို့ ဒီကျောက်ပြားက အဲဒီလောက်တောင် ဒုက္ခပေးတာလား . . .)
ဟင်းလင်းပြင် ကိုးခုလုံးသည်း လှုပ်ခါလျက် ရှိနေပြီး အရာရာတိုင်းသည် အေးခဲလာသလို ခံစားနေရပါတော့သည်။
သူသာ ရပ်တန့်နိုင်ခြင်း မရှိပါက ဟင်းလင်းပြင်များအားလုံး ပျက်ဆီးသွားမည်ဖြစ်ပြီး အဆိုပါ ဟင်းလင်းပြင် ကိုးခုလုံး ပျက်ဆီးသွားမည် ဆိုလျှင် သူလည်း အသက်ရှင်သန်နိုင်တော့မည် မဟုတ်ချေ။
ရဲရှောင် စိတ်ကို လျော့ချထားရင်း ဟင်းလင်းပြင်များ အတွင်းမှ ထွက်လာခဲ့ကာ သူပြုလုပ်ထားသည့် အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။ ထို့နောက် ရှေးဦးခရမ်းရောင် ချီဓာတ်များ အား အပြည့်အဝ လည်ပတ်စေလျက် အေးစက်သော ချီဓာတ်များအား စုပ်ယူလိုက်ပြန်ပါသည်။
ယခုအကြိမ်တွင်မူ အေးစက်သော ချီဓာတ်များသည် စုပ်ယူရ ခက်ခဲနေကာ သိပ်သည်းလျက် ရှိနေပြီး ထိုကဲ့သို့သော အခြေအနေမျိုးအား ရဲရှောင် မကြုံတွေ့ခဲ့ဖူးချေ။
ယခုအချိန် ရဲရှောင် သူလုပ်နိုင်မည် မလုပ်နိုင်မည်ကို မသေချာဘဲ ဖြစ်နေပြီး သို့သော်လည်း သူ့ဘက်ကတော့ အကောင်းဆုံး ကြိုးစားရမည် ဖြစ်လေသည်။
အေးစက်သော ချီဓာတ်များဟာ အလွန်ပြင်းထန်လှပြီး ယခင် သူယခုကဲ့သို့ ရင်ဆိုင်ခဲ့စဉ်တုန်းက ရင်ဆိုင်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ တစ်ကိုယ်လုံး ခဲသွားမတတ် ခံစားနေရပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset