Chapter – 113
“မြေကြီးအဆင့်လေး”
ရဲရှောင်သည် သူ၏ ပါးစပ်ကို ဖွင့်၍ ပါးစပ်အတွင်းရှိ စွမ်းအင်များအား လွင့်ပျံခွင့် ပြုလိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ လုပ်လိုက်ပါက ဖြုန်းတီးသလိုပင် ဖြစ်မည် မဟုတ်ပါလား။ ပါးစပ်အတွင်းရှိ ဝိညာဉ်တော် ချီဓာတ်များအား မျိုချပစ်နေပြီး သူ၏ ဗိုက်ထဲသို့ ရောက်သွားသည့် အချိန်တွင် ချက်ချင်း ဆိုသလို ဗိုက်ထဲရှိ အစာအိမ် တစ်ခုလုံး ပြန့်ကားလာသလို ခံစားလိုက်ရလေသည်။
တချိန်တည်းမှာပင် သန့်စင်သော စွမ်းအင်လှိုင်းများသည်လည်း သွေးကြောများမှတဆင့် အရိုးထဲထိပါ စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ရိုးတွင်းချဉ်ဆီများ အထိပင် ဝင်ရောက်သွားခြင်း ဖြစ်သည်။
ရုတ်တရက် တစ်ကိုယ်လုံး နာကျင်မှု ဝေဒနာကို အလူးအလဲ ခံစားလိုက်ရပြန်သည်။
ထိုခံစားမှုသည် ဖော်ပြ၍ပင် ရမည် မဟုတ်ပေ။
အလွန်ပင် နာကျင်လှပြီး သူ့လို ခံနိုင်ရည်အား ရှိသူတစ်ယောက်ပင် အော်ဟစ်မိလုမတတ် ဖြစ်နေရပြီ ဖြစ်လေသည်။
“ဟင်း . . .”
ရဲရှောင် ညည်းသံ အနည်းငယ် ထွက်သွားပြီးနောက် ပါးစပ်ကို ပြန်၍ ပိတ်လိုက်သည်။ သူ၏ မျက်နှာ တစ်ခုလုံး ဖြူရော်ရော် ဖြစ်နေပြီး နဖူးမှလည်း ချွေးမျာမှာ ပဲစေ့အရွယ်လောက်ပင် ရှိနေကာ စီးကျလျက် ရှိနေ၏။ တစ်ကိုယ်လုံးတွင် ချွေးစက်များ ရေစက်ရေပေါက်များပမာ ချက်ချင်းကို ကျဆင်း လာပါတော့သည်။
စွမ်းအင်စီးဆင်းမှုမှာမူ မရပ်မနား ဆက်လက် စီးဆင်နေဆဲပင်။
ပြင်းထန်လှသော စွမ်းအင်များ အရိုးထဲထိ စိမ့်ဝင်သွားမှုကြောင့် တစ်ကိုယ်လုံး နာကျင်မှုနှင့်အတူ ပူလောင်မှုကိုပါ ခံစားနေရလေသည်။
တခဏမျှ အကြာတွင် အမည်းရောင်၊ စိမ်းပြာရောင်နှင့် ခရမ်းရောင် အညစ်အကြေးများ အရိုးများ အတွင်းမှ ထွက်လာသည်။ ပူလောင်မှု ဝေဒနာကိုတော့ ခံစားနေရတုန်းပင် ဖြစ်သည်။
အရိုးများမှ ကြွက်သားများထိ လောင်ကျွမ်းနေပြီး အညစ်အကြေးများသည်လည်း တဖြည်းဖြည်း ဖြင့် ချွေးပေါက်များမှတဆင့် ထွက်ကျ လာပါတော့သည်။
ရဲရှောင်အတွက် ယခုဖြစ်စဉ်သည် ငရဲသို့ အလည်သွားလိုက် ရသကဲ့သို့ ခံစားရခက်လှသည်။
အဆုံးမရှိသော နာကျင်မှုများအား ခံစားနေရသည်ဟုလည်း မှတ်ယူနေမိ၏။
အသံထွက်၍ပင် မအော်နိုင်တော့ဘဲ အညစ်အကြေးများသည် ခေါင်းမှ ခြေချောင်းများအထိ နေရာအနှံ့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆံပင်များတွင်ပင် ပေနေပြီ ဖြစ်၏။
နောက်ဆုံးတွင် . . .
သူ့ကိုယ်တွင်းရှိ မသန့်စင်မှု အညစ်အကြေးများ အားလုံး အပြည့်အဝ ထုတ်လိုက်ပြီးနောက် ပူလောင်မှု ဝေဒနာသည် ရုတ်တရက် ပျောက်ကွယ် သွားလေသည်။ ထို့နောက် နာကျင်မှု ဝေဒနာပါ ပျောက်ကွယ် သွားပါတော့သည်။
ထိုအချိန်တွင် ရဲရှောင်သည် သူ့ကိုယ်သူ အနည်းငယ် ကိုယ်ရည်စစ်သွားသည်ဟု ခံစားလိုက်မိသည်။
ဟာလာဟင်းလင်း ခံစားချက်မျိုး ဖြစ်ပေါ်နေပြီးနောက် တခဏအကြာတွင် ပင်ပန်း နွမ်းနယ်နေသည့်တိုင် စိတ်ထဲ သက်တောင့်သက်သာ ခံစားမှုမျိုး ဖြစ်ပေါ်နေလေ၏။
သူသည် သတိမေ့လုနီးပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူထိုအချိန်တွင် သတိလက်လွတ် နေ၍ မဖြစ်ပေ။ လတ်တလော ခန္ဓာကိုယ်ပေါ်တွင် ပေကျံနေသော အညစ်အကြေးများအား အမြန်ဆုံး သန့်စင်ပေးရန် လိုအပ်နေသည်။ ထိုအရာများသည် သူ၏ ခန္ဓာကိုယ် အတွင်းမှ ဖြစ်သဖြင့် သူ၏ အစိတ်အပိုင်းများ ကဲ့သို့ပင် ဖြစ်နေချေသည်။ အကယ်၍ သူသာ အချိန်မီ ဖယ်ရှားနိုင်ခြင်း မရှိပါက ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက် သွားနိုင်၏။ ထိုကဲ့သို့ ဖြစ်သွားပါက ယခုလုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်မှု ရှိမည် မဟုတ်ဘဲ အစက ပြန်စမှသာ ရပေလိမ့် မည်။
သူ၏ အားအင် ချိနဲ့နေသော ခန္ဓာကိုယ်ကို အားပြုရင်း စိတ်ကို ကြည်သွားအောင် ထားလိုက်သည်။ ထိုပနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည့်အခါ အနည်းငယ် သက်သာလာသလို ခံစား လိုက်ရလေ၏။ ထို့နောက် အလျင်အမြန်ပင် အညစ်အကြေးများအား ဖယ်ရှားရန် ပြင်လိုက်သည်။
သူ၏ နှာခေါင်းအား လက်ဖြင့် ပိတ်လိုက်ရင်း ရေဖြင့် ချိုးချလိုက်လေသည်။ ထို့နောက်တွင် သူသည် အရေပြားအသစ် လဲလှယ်လိုက်ရသလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် တစ်ခါမှ မဖြစ်ဖူးသလို တစ်ကိုယ်လုံး သန့်စင်သွားသလို ခံစားလိုက်ရပြန်သည်။
ခန္ဓာကိုယ်တွင်း သန့်စင်သွားမှုကြောင့်ပင် ဖြစ်လေ၏။
သူ့ထံတွင် မည်သည့် အညစ်အကြေး မသန့်စင်မှုမျှ မရှိတော့ချေ။
လက်ကို မြောက်လိုက်ရင်း လက်ခုံအား နမ်းကြည့်လိုက်သည်။ မွှေးရနံ့တစ်ခုခုပင် ရသလို ခံစားလိုက်ရပြန်၏။
“တကယ်ကို . . . ထူးဆန်းလှပါလား . . .”
ရဲရှောင်သည် တအံ့တသြ ဖြစ်နေလေသည်။
ခုနကတုန်းက အနံ့ဆိုးရွားနေသလောက် ယခုအခါတွင်မူ ကိုယ်သင်းနံ့မှာ မွှေးပြန့်နေပြီ ဖြစ်လေ၏။
အများသုံး သန့်စင်ခန်းထဲမှ ထွက်လာပြီးနောက် မွှေးပျံ့လှသော ပန်းခင်းထဲ ရသွားသလို ခံစားမှုမျိုးပင် ဖြစ်၏။
အရိုးသန့်စင်ဆေးလုံးသည် သူ့ကို များစွာ အထောက်အပံ့ ပေးသည်ဟု ခံစားလိုက်မိပြီး သူ၏ အရိုးများသည်လည်း ပိုမို သန့်စင် ကြံ့ခိုင်လာပါတော့သည်။
တစ်ကိုယ်လုံး လန်းဆန်းလာသလိုလည်း ဖြစ်လာ၏။
“အံ့သြစရာပဲ . . .”
ရဲရှောင် ရေရွတ်မိလိုက်ပြန်သည်။
သူသည် ယခင်က အရိုးသန့်စင်ဆေးကို မစားဖူးခဲ့ချေ။ သို့သော် ထူးခြားကောင်းမွန် လိမ့်မည်ဟု တွေးထင်ထား ခဲ့သော်လည်း ယခုလောက်ထိ အာနိသင် ရှိလိမ့်မည်ဟု မသိခဲ့ပေ။
အရိုးသန့်စင်ဆေးသည် လူတစ်ယောက်၏ အရိုးများအား သန့်စင်စေပြီး အညစ်အကြေးကို အပြင်ဘက်သို့ တွန်းပို့စေတာ ဖြစ်ပါသည်။ သို့သော် လုံးဝကြီး သန့်စင်သွားခြင်းတော့ မဟုတ်ပေ။ အညစ်အကြေး တဝက်လောက်ကိုသာ သန့်စင်ပေးလိုက်ခြင်း ဖြစ်သည်။ မည်မျှအထိ ကောင်းမွန်သည့် ဆေးလုံး ဖြစ်နေပါစေ အညစ်အကြေး အကုန်အစင်ကို သန့်စင်ပေးနိုင်ခြင်းတော့ မရှိနိုင်ပါချေ။
အဆိုပါ အညစ်အကြေးများသည်လည်း ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပင် ဖြစ်ပြီး ထိုအညစ် အကြေးများ စုစုလာသောအခါ ခန္ဓာကိုယ် တစ်ခုလုံး လေးလံလာပြီး မလှုပ်မရှားချင် ဖြစ်လာခြင်း ဖြစ်လေ၏။
အလွန် အဆင့်မြင့်မားလှသည့် ပညာရှင်များသာ သူတို့၏ အညစ်အကြေးများ အားလုံးကို သူတို့ကိုယ်တိုင် ထုတ်ယူနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ လုပ်နိုင်သည့် လူများ ဆိုသည်မှာ နတ်ဘုရားများနှင့်ပင် ခိုင်းနှိုင်း၍ ရနိုင်ပါသည်။
သို့သော် ရဲရှောင် ယခုအကြိမ် ကြုံတွေ့လိုက်ရခြင်းသည် သမိုင်းမှတ်တမ်းပင် တင်သင့်သည်ဟု မှတ်ယူလိုက်မိလေသည်။ ဆေးလုံးသည် အလွန်ကောင်းမွန်လှသည့် အာနိသင်ကို ပေးစွမ်းနိုင်ရုံမျှမက ခန္ဓာကိုယ်ကိုပါ လန်းဆန်းသွားစေ ပါသေးသည်။
မည်မျှအထိ သန့်စင်သွားသလဲ ဆိုတာကိုတော့ ရဲရှောင် မပြောတတ်ချေ။ ယခုအကြိမ်သည် သူ့အတွက် ပထမဆုံး အကြိမ်ပင် မဟုတ်ပါလား။
သူအိမ်တော်ထိန်းကြီးအား ကုသပေးခဲ့စဉ်တုန်းက သူ၏ ရှေးဦးချီဓာတ်များ မည်မျှပင် အစွမ်းထက် နေပါစေ၊ ရွှေလက်တိုက်ကွက်အကြောင်း မည်မျှထိ သိရှိနေပါစေ အရိုးသန့်စင်ဆေးလုံး၏ အကူအညီ မပါဘဲ တစ်ညတည်းဖြင့် ကုသပေးနိုင်မည် မဟုတ်ပေ။
မတူညီသော ကိစ္စများအတွက် မတူညီသော ဆေးလုံးမျာားး အသုံးပြုရမည်ဖြစ်ပြီး အကယ်၍ အိမ်တော်ထိန်းကြီးကိုသာ ချိုးဖျက်ဆေး သို့မဟုတ် ပင်လယ်ဖယ် ဆေးလုံးများ ကျွေးလိုက်မည် ဆိုပါက မည်သို့မျှ သက်သာလာနိုင်မည် မဟုတ်ပေ။
ရွှေလက်တိုက်ကွက် ဟူသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်း ရွှေဓာတ်များ ချန်ထားခဲ့ခြင်း ဖြစ်ပြီး ယေဘူယျအားဖြင့် အဆိုပါ ရွှေဓာတ်များသည် မသန့်စင်မှု အညစ်အကြေးများပင် ဖြစ်ပေသည်။ ထို့ကြောင့် အိမ်တော်ထိန်းကြီးအတွက် အရိုးသန့်စင်ဆေးလုံးသည်သာ အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်ပေ၏။
သို့သော် ထိုဆေးတစ်ခုတည်းဖြင့် ရွှေလက်တိုက်ကွက်၏ ဒဏ်ရာများအားလုံးကို သက်သာ စေနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။
အိမ်တော်ထိန်းကြီးအား ကောင်းစွာ ကုသပေးနိုင် လိုက်ခြင်းမှာ အိမ်တော်ထိန်းကြီးအား ရွှေလက် တိုက်ကွက်ဖြင့် တိုက်ခိုက်ခဲ့သည့် လူသည် အလွန်အမင်း အစွမ်းထက်နေခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် အိမ်တော်ထိန်းကြီး အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်ကာ အကယ်၍ အစွမ်းထက် အဆင့်မြင့် ပညာရှင်၏ ရိုက်နှက်ခြင်းကိုသာ အိမ်တော်ထိန်းကြီး ခံခဲ့ရမည် ဆိုပါက အသက်ရှင်နိုင်စရာ အကြောင်း မရှိချေ။
ရဲရှောင်သည် သူ၏ ရှေးဦးခရမ်းရောင်ချီဓာတ်များနှင့် ထိပ်တန်းအဆင့် အရိုးသန့်စင်ဆေးလုံးကို အသုံးပြုခဲ့သည့်တိုင် အညစ်အကြေး အနည်းငယ်မျှသာ ဖယ်ရှားနိုင်ခဲ့ပါသည်။ အိမ်တော်ထိန်းကြီး၏ ခန္ဓာကိုယ် အတွင်းဆုံးပိုင်း၌ အညစ်အကြေး ဒဏ်ရာအချို့ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ ကျန်ရှိ နေရခြင်းမှာ ဆေးလုံး၏ အာနိသင် ကုန်ခမ်းသွားသည့်အပြင် ရဲရှောင်သည်လည်း အားနည်းနေသေး၍ ဖြစ်ပါသည်။
မည်သို့ပင် ဖြစ်ပါစေ ယခုအချိန် အရိုးသန့်စင်ဆေးလုံးသည် ရဲရှောင်အတွက် အလွန် အသုံးဝင်ခဲ့သည်ဟု ဆိုရမည် ဖြစ်ပေသည်။ ရဲရှောင်မျှော်မှန်း ထားသည်ထက်ပင် ပို၍ အကျိုးထူးခဲ့ရလေ၏။
အနည်းငယ် အနားယူပြီးနောက် ရဲရှောင်သည် ဆက်လက် အားထုတ်ရန် ပြင်လိုက်သည်။ ချက်ချင်းပင် ရှေးဦး ခရမ်းရောင် ချီဓာတ်များအား လည်ပတ်စေ၍ ထိုကဲ့သို့ လည်ပတ်လိုက်သည့် အချိန်မှာပင် သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်းတွင် နေကဲ့သို့ အလုံးတစ်ခု ဖြစ်ပေါ်သွားသလို ခံစားလိုက်ရသည်။
ထိုခံစားမှုသည် တစ်စက္ကန့်လောက်သာ ကြာပြီး ရဲရှောင် သေချာ လေ့လာကြည့်ရန် ပြင်လိုက်စဉ်မှာပင် ပျောက်ကွယ်သွားလေ၏။
သူအမြင်မှားသလို ခံစားလိုက်ရပြီး တစ်ခါမှ မဖြစ်ပေါ်ဖူးသည့် ခံစားမှုမျိုးပင် ဖြစ်သည်။
ထို့နောက် ကောင်းကင်နှင့် မြေပြင်ကြားရှိ ခရမ်းရောင်ချီဓာတ်များသည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပြီး သွေးကြောများမှတဆင့် ဟင်းလင်းပြင်ကြီးများ အတွင်းသို့ စီးဝင်သွားလေသည်။ ရဲရှောင် မြေကြီးအဆင့် ၄ သို့ တက်လှမ်းနိုင်စေရန်အတွက် ဝိညာဉ်တော် စွမ်းအားများသည် အရှိန်အဟုန် ပြင်းစွာ စီးဆင်းလျက် ရှိနေပါတော့သည်။
ထိုအချိန် ရဲရှောင် ခေါင်းတစ်ချက် မော့လိုက်ရင်း ပင်လယ်ဖယ် ဆေးလုံးအား စားလိုက်ပြန်သည်။
သူ၏ ဝိညာဉ်တော် စွမ်းအားများသည် အဆင့် ၄ အဖြစ် ရောက်ရှိစေရန် တရိပ်ရိပ် တက်လာနေပြီး သို့သော်လည်း ချိုးဖျက်နိုင်ခြင်းတော့ မရှိသေးချေ။
ခန္ဓာကိုယ်ရှိ သွေးကြောများသည်လည်း ခရမ်းရောင်ချီဓာတ်များ လျင်မြန်စွာ အရှိန်ဟုန်ပြင်းပြင်း စီးဆင်းမှုကြောင့် ဖိအားများ ခံစားနေရပါတော့သည်။
ရဲရှောင်သည် မကြာခင် အချိန်အတွင်း အဆင့်တက်တော့မည်ဟု သူ့ကိုယ်သူ ယုံကြည်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူ၏ ယခင်ဘဝတုန်းက ယခုကဲ့သို့ အခြေအနေမျိုးအား ဖြတ်သန်း ခဲ့ရစဉ်ကထက် များစွာ အခြေအနေ ကောင်းမွန်နေခြင်းကြောင့်ပင် ဖြစ်သည်။
ဆေးလုံးများ၏ အကူအညီသည် အလွန်ကို အံ့သြဖွယ် ကောင်းလှပြီး ယခုအခါ သူသည် ကောင်းကောင်းအသုံးချနိုင်နေပြီ ဖြစ်၏။
ပင်လယ်ဖယ်ဆေးလုံးကို စားလိုက်ပြီးနောက် ရဲရှောင်သည် ပြင်းထန်လှသော စွမ်းအားများသည် စီးဆင်းနေသော ဝိညာဉ်တော် စွမ်းအားများနှင့် ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ချွန်မြ လှသော အပ်တစ်ချောင်းကဲ့သို့ သွေးကြောများအတွင်း စူးခနဲ ဖြစ်သွားကာ ပေါင်းဆုံသွားခြင်းပင် ဖြစ်လေသည်။
တခဏအကြာတွင် ဝိညာဉ်တော် စွမ်းအားများ ရှိရာသို့ ရောက်ရှိသွားပြီး အေးစက်သော စွမ်းအား တစ်မျိုး ဖြစ်ပေါ်သွားပြန်ပါသည်။ အဆိုပါ စွမ်းအားကြောင့် နဂိုရှိနေသော စွမ်းအားများသည် ဝုန်းခနဲကို စီးဆင်းသွားရသည်။
အဆင့် ၄ သို့ ရောက်လုလု အခြေအနေမျိုး ဖြစ်နေပြီး အဆင့် ၄ ဟူသည့် တံခါးကို အက်ကွဲအောင် ပြုလုပ်နိုင်စ ဖြစ်လာပြီ ဖြစ်သည်။
အဆိုပါ အက်ကွဲကြောင်းများမှ စွမ်းအင်အချို့ပင် စီးဆင်းနေသလို ခံစားနေရသည်။
ရဲရှောင် ဝိညာဉ်တော်စွမ်းအားများအား ထပ်မံ၍ လည်ပတ်စေကာ ထပ်မံ၍ စီးဆင်းစေလိုက် ပြန်သည်။ အက်ကွဲရာများဖြင့် ပြည့်နေသော တံခါးသည် တစစီ ဖြစ်သွားပြီး စွမ်းအင်များလည်း အလျင်မပြတ် တိုးဝင် သွားပါတော့သည်။
များပြားလှသော ဝိညာဉ်တော် စွမ်းအားများသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်လိုက်ပြီ ဖြစ်လေ၏။
ရဲရှောင် စိတ်ထဲ ကျေနပ်သွားမိသည်။
“မြေကြီးအဆင့် ၄ ကို နောက်ဆုံးတော့ ရောက်လာခဲ့ပြီ . . .”
ဝိညာဉ်တော်စွမ်းအားများသည် ဒီရေများကဲ့သို့ တရိပ်ရိပ်ဖြင့် တက်လာပြီး သူ့ကိုယ်သူ ကောင်းကင်ဘုံအထိ မျောလွင့်သွားမတတ်ပင် ခံစားနေရလေ၏။
အလွန် ဖော်ပြရန် ခက်ခဲသော ခံစားမှုတစ်ခု ဖြစ်ပေသည်။
သူ၏ ကျင့်ကြံမှုများကို စိတ်လှုပ်ရှားစွာဖြင့် စစ်ဆေး ကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ ပြုံးလိုက်မိ သည်။
ရှေးဦးခရမ်းရောင် ချီဓာတ်များမှာမူ ပထမအဆင့်ပင် ရှိနေစဲပင် ဖြစ်၏။ ထူးခြားချက်မှာမူ သူ၏ စွမ်းအင်သိုလှောင်ရာ အနည်းငယ် ကျယ်ဝန်းသွားသဖြင့် ခရမ်းရောင် ချီဓာတ်များ ပိုမို ဆန့်လာခြင်း ဖြစ်ကာ ချီဓာတ် အရည်အသွေးမှာတော့ တိုးလာခြင်း မရှိကြောင်း တွေ့လိုက်ရပါတော့သည် . . .။